နယူးယောက်မှာ သွားလာရသော အမျိုးသမီးတို့ဘဝ

နယူးယောက်မြို့တွင် သွားလာနေ ရသော အမျိုးသမီး များ၏ ဘဝကို လျှို့ဝှက် ကင်မရာဖြင့် ရိုက်ကူး တင်ပြ ထားသည့် မှတ်တမ်း ဗီဒီယိုသည် တရက်အတွင်း ကြည့်ရှုသူ ၁၀ သန်းကျော် ရှိပြီး၊ ပါဝင် လှုပ်ရှား ခဲ့သော အမျိုးသမီးကို မုဒိန်းကျင့်မည် ဟု ခြိမ်းခြောက်မှု များလည်း များစွာ ရှိခဲ့ပါသည်။

နယူးယောက်မြို့ ထဲရှိ လမ်းတခုတွင် ရှိုရှန်နာ ဘီ ရောဘတ်စ်ကို လိုက်စကားပြောနေသူ တဦးကို ဗီဒီယိုဖြင့် မှတ်တမ်း တင်ထားပုံ ဖြစ်ပါသည်။ အဆိုပါ မှတ်တမ်း ဗီဒီယိုကို လမ်းပေါ်တွင် မဖွယ်မရာ နှောင့်ယှက်မှုများ တားဆီးကာကွယ်ရေး တိုက် တွန်းနှိုးဆော်နေသော အဖွဲ့တခု ဖြစ်သည့် Hollaback က လျှို့ဝှက် ရိုက်ကူးခဲ့ခြင်း ဖြစ်၏။ အသက် ၂၄ နှစ် အရွယ် ရှိုရှန်နာဘီ ရောဘတ်စ် အမည်ရှိ အမျိုးသမီးသည် လုံလုံခြုံခြုံ သာမန် နေ့စဉ်ဝတ် ဂျင်းဘောင်းဘီ ရှည်၊ တီရှပ်အနက်ကို ဝတ်ဆင်၍ နယူးယောက်မြို့ လမ်းများပေါ်တွင် ၁၀ နာရီကြာ လမ်းလျှောက် သွားလာ စဉ် ဖြစ်ပျက်ခဲ့သော အတွေ့အကြုံကို မှတ်တမ်းတင်ခဲ့သည်။

ရုပ်ရှင်ရိုက်ကူးသူ ရော့ဘ် ဘလစ်စ်သည် ကျောပိုးအိတ်ထဲတွင် ကင်မရာကို လျှို့ဝှက် ထည့်ထားပြီး သူမ ၏ ရှေ့မှ လမ်းလျှောက်ရင်း ရိုက်ကူးထားပါသည်။ သရုပ်ဆောင် အမျိုးသမီး ရှိုရှန်နာသည် တချိန်လုံး မျက်နှာထား တည်တည်ဖြင့် စကားတခွန်းမျှ ပြန်မပြောခဲ့ပေ။

အမေရိကန် ပြည်ထောင်စု၏ အကြီးဆုံး မြို့ဖြစ်သော နယူးယောက်၏ လမ်းများပေါ်တွင် ရှိုရှန်နာ ရောဘတ်စ် လမ်းလျှောက်နေစဉ် နေ့အချိန်ရော ညမှာပါ မဖွယ်မရာ ပြောဆို နှောင့်ယှက်မှု ၁၀၈ ခု ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ ၎င်းမဖွယ်မရာ အပြုအမူများတွင် လေချွန်ခြင်း၊ မျက်စပစ်ခြင်း စသည့် အသေးအဖွဲ ကိစ္စများကို ထည့်သွင်းတွက်ချက်ခြင်း မရှိပေ။

စကားလိုက်ပြောခြင်း၊ လှမ်းခေါ်ခြင်း၊ မကြားတကြား ပြောဆိုခြင်း၊ နောက်မှ လိုက်ခြင်း စသည့် မဖွယ်မရာ အပြုအမူများကို နယူးယောက်တွင် နေထိုင်သူ အမျိုးသမီးများ အမြဲ ကြုံတွေ့နေရကြောင်း သက်သေ အထောက်အထားဖြင့် ဖော်ပြလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ “ကျွန်မတို့ ဒီလိုအဖြစ်မျိုး မကြုံတဲ့နေ့ တရက်မှ မရှိဖူးခဲ့ပါဘူး” ဟူ၍ ရှိုရှန်နာ ရောဘတ်စ်က အင်ဘီစီ ရုပ်မြင်သံကြား သတင်းဌာန သို့ ပြောကြား သည်။ အလုပ်ကို လမ်းလျှောက်သွားစဉ်မှာ ဖြစ်စေ၊ ပန်းခြံထဲမှာ ကျန်းမာရေး အပြေး ကျင့်နေစဉ် ဖြစ်စေ၊ ဈေးဆိုင်၊ ရှော့ပင်းမောလ်များမှာ ဈေးဝယ်သွားရင်း ဖြစ်စေ အမြဲ ကြုံတွေ့နေရသည်ဟု သူမက ပြောဆိုသည်။

သို့သော်လည်း ၎င်းမှတ်တမ်းဗီဒီယိုကို ပြစ်တင်ဝေဖန်သူများလည်း များစွာ ရှိသည်။ လမ်းပေါ်မှာ သူစိမ်း တယောက်က “ဟိုင်း”“ဟဲလို”“ဘယ်လိုလဲ” “ဂွဒ်မောနင်း” ပြောရုံမျှဖြင့် မဖွယ်မရာ နှောင့်ယှက်သည်ဟု မသတ်မှတ်နိုင်ကြောင်း၊ မိန်းမပျို တယောက်၏ အလှကို သဘောရိုးဖြင့် ချီးမွမ်းခြင်း လည်း ဖြစ်နိုင်ကြောင်း ထောက်ပြကြသည်။ “ကျွန်မရဲ့ ရင်သားကို စိုက်ကြည့်ပြီး ပြုံးစိစိနဲ့ ဟိုင်းလို့ ပြောတာ ကို ရိုးရိုးသားသား ပြောတယ်လို့ မထင်ဘူး” ဟု ရှိုရှန်နာက ချေပသည်။

ထို့ပြင်၊ အဆိုပါ မှတ်တမ်းဗီဒီယိုတွင် လူဖြူဟူ၍ မပါဝင်သလောက် ဖြစ်ကာ အခြားလူမျိုးများ ကိုသာ ရွေးပြီး ဖော်ပြပြီး လူမျိုးရေး ဘက်လိုက်မှု ရှိကြောင်းလည်း စွပ်စွဲကြသည်။

သို့သော်၊ ယခု မှတ်တမ်း ဗီဒီယိုသည် နယူးယောက်မြို့၏ လမ်းများ၊ ရပ်ကွက်များ၊ မြေအောက်ရထား ဘူတာ များတွင် အမျိုးသမီးများ အမြဲ ကြုံတွေ့နေရသည့် မဖွယ်မရာ ပြုမူနှောင့်ယှက်မှုများကို လက်တွေ့ ကျကျ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည် ဟူ၍ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ ဂူဂယ်လ်ပလပ်စ် စသော လူမှု ကွန်ရက်များတွင် ပျံ့နှံ့နေသည်။ ကွန်မန့်ပေါင်း ၂၈,၀၀၀ ကျော်ဖြင့် အချေအတင် ငြင်း ခုံ ဆွေးနွေးလျက် ရှိသော မျက်မှောက်ရေးရာ အမေရိကန် လူမှုဘဝ အတွေ့အကြုံလည်း ဖြစ်ပေသည်။

နယူးယောက်မြို့တွင် သွားလာနေသော အမျိုးသမီးများအား မဖွယ်မရာ ပြောဆိုနှောင့်ယှက်သော မှတ်တမ်း ဗီဒီယိုကို ကြည့်နိုင်ပါသည်။


 ref;kabarthit.com
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...