အခြေခံပညာ ကျောင်းများနှင့် အင်္ဂလိပ်စာ

Written by မြင့်အောင်လေး

ပညာရေးနဲ့ ပတ်သက်ပြီး ရေးခဲ့ကြ၊ ရေးနေကြ၊ ရေးကြဦး မှာတွေ အမြောက်အမြားပါ။ ဘယ်လောက်ပဲ ရေးပြီးရေးပြီး ရေးလို့ ဆုံးနိုင် လိမ့်မယ် မဟုတ်ပါ။ ကျွန်တော့်အနေနဲ့ အခြေခံ ပညာအဆင့် ကျောင်းတွေက ကျောင်းသားတွေ အင်္ဂလိပ်စာ ဘာကြောင့်အားနည်း၊ ညံ့ဖျင်းဖြစ်ကြ ရသလဲဆိုတာ ကိုယ်တွေ့၊ ကိုယ်သိတာလေးတွေ တင်ပြလိုခြင်းပါပဲ။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ရွှေဘိုမြို့ရှိ D-ပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်းကနေ ခုနှစ် တန်း (Grade-8) နဲ့ရှစ်တန်း (Grade-9) အင်္ဂလိပ်စာသင်ပေးဖို့ ကျွန်တော့်ကို ကမ်းလှမ်းလာခဲ့ပါတယ်။ ကျွန်တော်လဲနေ့ခင်းပိုင်းတွေ အားလပ်နေတဲ့အတွက် ကမ်းလှမ်းတာကို လက်ခံပြီးသင်ကြားပေးခဲ့ပါ တယ်။ အဲဒီလိုနဖူးတွေ့၊ ဒူးတွေ့သင်ကြားကြည့်လိုက်တော့မှ အလယ်တန်းဆင့်ကလေးတွေရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းကို ထဲထဲဝင်ဝင် သိခွင့်ရလိုက် ပါတော့တယ်။

ကျွန်တော်တာဝန်ယူသင်ရတဲ့ ခုနှစ်တန်းမှာကျောင်းသား ၄၁ ယောက်ရှိပြီး၊ ရှစ်တန်းမှာ A နဲ့ B နှစ် တန်းပေါင်း ၅၄ ယောက်ရှိပါတယ်။ အဲဒီထဲမှာ အင်္ဂလိပ်စာလုံးကို အကြီးစာလုံး (Capital Letter) နဲ့ အသေးစာလုံး (Small Letter) ကွဲအောင် စနစ်တကျမရေးတတ်တဲ့ကျောင်းသား ၁၀ ယောက်ကျော်ပါ ရှိပါတယ်။ နောက်ပြီး ဝါကျရဲ့အစစာလုံးနဲ့ နာမည်တွေရဲ့အစစာလုံးကို အကြီးစာလုံးနဲ့ စရေးရမှန်းမသိ တဲ့ကျောင်းသားက ခုနှစ်ယောက်လောက် တွေ့ရပါတယ်။ အသေးစားလုံးနဲ့ အကြီးစာလုံး (အကြီးစာ လုံးနဲ့ အသေးစာလုံးမဟုတ်ပါ။) ရောရေးတဲ့ကျောင်းသား သုံးယောက်လောက် တွေ့ရပါသေးတယ်။ ဥပမာ-my1Nt ဆိုတာမျိုးပါ။ တော်တော်လေးကိုဆိုးဆိုးရွားရွားတွေ့ရပါတယ်။ အင်္ဂလိပ်စာလုံးကို ရေး နည်းမှန်မှန်ကန်ကန်နဲ့ ရေးနိုင်/ရေးတတ်တဲ့ ကျောင်းသားတစ်ဝက်လောက်ပဲရှိတာကိုလဲ တွေ့ရပါ တယ်။ ကျွန်တော်ထိတွေ့သင်ကြားပေးနေရတဲ့ ကလေးတွေဟာ ကျေးလက်မြို့ပြကျောင်းစုံက ရောက်လာကြတဲ့ ကလေးတွေပါ။ အဲဒီကလေးတွေဟာ အတန်းစဉ်ကျောင်းပြင်ပသင်ကြားမှု (ကျူရှင်) ကိုလဲယူခဲ့ကြသူတွေ များပါတယ်။ အဲဒီလိုကျောင်းတွင်းရော၊ ကျောင်းပြင်ပပါသင်ယူမှု ခံယူခဲ့ကြတဲ့ ကလေးတွေဘာလို့များ အဲဒီလောက်အဘက်ဘက်မှာ နိမ့်ကျနေရသလိုဆိုတာ စဉ်းစားစေ့ငု ကြည့်ဖြစ် ပါတယ်။

ကျောင်းတွေမှာ (အစိုးရ/ကိုယ်ပိုင်) ဇွန်လတစ်လ စာသင်ကြားပြီးတဲ့အခါ သတ်မှတ်သင်ရိုး (Monthly Syllabus) ကိုစစ်ဆေးတဲ့ စာမေးပွဲပြုလုပ်ကြရပါတယ်။ ကျောင်းအခေါ် အခန်းသုံးစစ်ဆေးခြင်း (Chapter End Test/CET) လို့ဆိုပါတယ်။ သို့ပေမယ့် တစ်လတစ်ကြိမ်စစ်ဆေးတဲ့ လပတ်စာမေးပွဲလို့ ပဲကျွန်တော် နားလည်ပါတယ်။ အဲဒီအခန်းဆုံးစစ်ဆေးမှုမှာ ၂၅ မှတ်ဖိုးမေးခွန်းကို ဖြေဆိုစေပါတယ်။ အောင်မှတ်က ၁၁ မှတ် သတ်မှတ်ပါတယ်။ ဒါပေမဲ့အမှတ်စာရင်းသွင်းတဲ့အခါ ခုနှစ်တန်းဆိုရင် ရမှတ် ကို လေးနဲ့မြှောက်ပေး ရပြီး၊ ရှစ်တန်းဆိုရင် နှစ်နဲ့မြှောက်ပေးရပါတယ်။ ဘယ်လိုအကြောင်းမျိုး၊ ရည် ရွယ်ချက်မျိုးနဲ့ အဲဒီလိုမြှောက်ပေး ရသလဲဆိုတာ မေးကြည့်တော့လဲ လုံလောက်တဲ့အကြောင်းပြချက် မရှိပါ။ ဘယ်လိုအရည်အချင်းမျိုးရရှိစေချင်လို့ဆိုတာကိုလဲ ဂဃနဏမသိရှိရပါ။ သတ်မှတ်အောင်မှတ် မရတဲ့ ကျောင်းသားတွေကို ပြန်လည်ကုစားဖို့ဆိုပြီး ပြန်လည်လေ့ကျင့်သင်ကြားပေးပြီး ဖြေဆိုစေပြန် ပါသေးတယ်။ အဲဒီမှာအမှတ်ဘယ်လောက်ပဲရရ ၁၀ မှတ်ထက်ပိုပြီး ပေးပိုင်ခွင့်မရှိပြန်ပါဘူး။ အဲဒီကု စားမှုမှာ ထပ်မံကျရှုံးနေပြန်ရင် ထပ်မံလေ့ကျင့်ဖြေဆိုစေရဦးမယ်ဆိုတဲ့သဘောပါ။ အဲဒီတော့ သင်တဲ့ ဆရာ/ဆရာမတွေက မေးခွန်းကိုချသင်ပေးပြီး ဖြေဆိုစေပါတော့တယ်။ ဝိနည်းလွတ် သဘော လေ့ကျင့် ဖြေ ဆိုစေရုံမျှသာပါ။ အဲဒီလိုသာ အကြိမ်ကြိမ်လေ့ကျင့်ဖြေဆိုခိုင်းနေရမယ်ဆိုရင်လဲ စာသင်နှစ်တစ်နှစ် သာကုန်သွားမယ် သတ်မှတ်သင်ရိုးကို တစ်ဝက်ပြီးအောင်တောင် သင်လိုက်ရမှာမဟုတ်ပါဘူး။ သတ် မှတ်လပိုင်း မာတိကာမပြီးပြန်ရင်လဲ ကျောင်းစစ်ဆေးရေးလာတဲ့အခါ ပြစ်တင်ကြိမ်းမောင်းခြင်းခံရပြန် ပါသေးတယ်။ ကျောင်းစစ်ဆိုတာ အပြစ်လာရှာတာလို့လဲ ဆရာ/ဆရာမအများစုမြင်နေကြပါတယ်။ ဒါလဲမဆန်းပါ။ ဟုတ်နေလို့ပါ။ စစ်ဆေးရေးလာတဲ့သူတွေက ဘာလိုအပ်လဲ၊ ဘာအခက်အခဲရှိလဲ၊ ဘယ်ပြဿနာကို ဘယ်လိုရှင်းပါလား၊ ဘယ်လိုလေးသင်ကြည့်လိုက်ပါလားလို့ အကြံပေးတာ။ လမ်း ညွှန်တာမျိုးလုပ်တာ လုံးဝမတွေ့ရပါဘူး။ ကျောင်းတွေမှာသင်ကြားရေးနဲ့ပတ်သက်ပြီး အမှန်တွေ့ကြုံ နေရတဲ့ အခက်အခဲကို ဘာသာပြဆရာ/ဆရာမတွေနဲ့တွေ့ပြီး မေးမြန်းအကြံပြုတာမျိုး၊ အထက်ကို ပြန်လည်တင်ပြပေးတာမျိုး အလျဉ်းမပြုလုပ်ဘဲ သင်နေတဲ့ဆရာ/ဆရာမတွေ ညံ့ဖျင်းလို့လိုလို၊ ဂရုမ စိုက်လို့လိုလို အပြစ်ဖို့ပြီးပြန်သွားကြတာပဲ များပါတယ်။ ဒီတော့ကျောင်းစစ်ဆေးရေး လာမှာကို ကျောင်းတိုင်းက ငြိုငြင်တတ်ကြပါတယ်။ ဒီတော့ကျောင်းအများစုက တတ်မြောက်မှုထက် အောင် ချက် မြင့်မားရေးကိုပဲ အလေးထားနေကြရပါတယ်။ အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးလေ့ ကျင့်နေရတဲ့သဘောပါ။ အဲဒါကြောင့် အင်္ဂလိပ်စာသင်တဲ့ ဘာသာရပ်ခေါင်းဆောင်က ကျောင်းသား တွေ အတွက် ဘာလုပ်ပေးရမယ်၊ ဘာလုပ်ပေးသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး စည်းဝေးကြရာမှာ ဆရာမကြီး က ခေါင်းစဉ်နှစ်ခုနဲ့ပဲ ဆွေးနွေးပါတယ်။ သူဆွေးနွေးတဲ့ခေါင်းစဉ်နှစ်ခုက အောင်ချက်မြင့် မားရေးနဲ့ မေးခွန်းကို လွယ်လွယ်မေးဖို့ပါပဲတဲ့။ စဉ်းစားသာကြည့်ပါတော့၊ အောင်ချက်မြင့်မားရေးဆိုတာ ရဲ့ဂယက် ဘယ်လောက်ထိကြီးမားတယ်ဆိုတာ။ မေးခွန်းလွယ်တယ်ဆိုတာ သိရမယ်၊ တတ်ရမယ့်စာ ကို သိထား၊ တတ်ထားလို့မဟုတ်လား။

ကျောင်းသားတွေရဲ့ အရည်အချင်းကို နိမ့်ပါးစေတဲ့နောက်အချက်တစ်ချက်က စာမေးပွဲစနစ်ပါ။ အခန်း ဆုံးစစ်ဆေးပြီးတဲ့အခန်းတွေကို ကျောင်းသားတွေက လုံးဝကိုမေ့ပစ်လိုက်ကြခြင်းပါ။ ကျန်ဘာသာရပ် များအနေနဲ့ ပြောစရာမရှိပေမယ့် အင်္ဂလိပ်စာမှာ အဲဒီလိုမေ့ပျောက်ပစ်လိုက်တော့ တွေ့သမျှစာလုံး တွေ အသစ်ထင်မှတ်ပြီး ခဏခဏပြန်လည်ကျက်မှတ်နေရခြင်းပါပဲ။ Essay တို့ Letter တို့ကို အရေး လေ့ကျင့် ပေးရမယ့်အစား ရေးပေးတာ အလွတ်ကျက်မှတ် ပြန်လည်ရေးဖြေစေတာလောက်ပဲ လေ့ ကျင့်ပေးတာများလာပါတယ်။ ဒီတော့ အတန်းသာတစ်တန်းပြီးတစ်တန်း တက်လာတယ်။ အသိက ပါမလာဘူးဖြစ်နေတာပေါ့။ နောက်တစ်ချက်က ကျောင်းသားကို စာမေးပွဲမကျစေရဘူးဆိုတဲ့ကိစ္စပါ။ တတ်မြောက်မှုရှိရှိ၊ မရှိရှိ အချိန်တန်ရင်အအောင်ပေးလိုက်တာပါပဲ။ အဲဒါကြောင့်အတန်းနဲ့ အသိလုံးဝ မညီမျှခြင်းပါ။ ဆိုးသထက်အဆိုးဆုံးက ဉာဏ်ရည်လုံးဝနိမ့်ကျသူတွေနဲ့ မူမှန်စိတ်မဟုတ်တဲ့ ကျောင်း သားတွေကို အအောင်ပေးခဲ့ခြင်းပါ။ ကျောင်းသားကလဲ စာမေးပွဲဆိုတာလုံးဝမကျရဘူးလို့သိထား တော့ အားထုတ်ကြိုးပမ်းမှုကို အပြည့်အဝမပေးတော့ပါ။ ဒါကြောင့် အရည်အချင်းရှိပေမယ့် ထူးချွန်မှု မရှိတော့တာလဲ တွေ့ရပါတယ်။

ကျောင်းသားတွေ ကျောင်းစာအပေါ်မှာ လေးလေးနက်နက် သင်ယူဆည်းပူးလာကြစေဖို့ သင်ရိုးနဲ့ သင်နည်းတွေ၊ စာမေးပွဲစနစ်တွေ ပြန်လည်ဆန်းစစ်ပြုပြင်ဖို့ အလွန်တရာမှကို လိုအပ်နေပြီဖြစ်ပါတယ်။ အခြေခံအဆင့်အင်္ဂလိပ်စာသင်ကြားရေးဆရာကြီးများနဲ့ လက်တွေ့လေ့ကျင့်သင်ကြားပေးနေတယ်လို့ သိရတဲ့အတွက်တော့ဖြင့် ကျေနပ်မိပါရဲ့၊ ဒါပေမဲ့ဘယ်အတိုင်းအတာထိ လက်တွေ့အကောင်အထည် ဖော် သင်ကြားပေးနိုင်မလဲဆိုတာကိုတော့ဖြင့် စောင့်ကြည့်ကြရဦးမှာပါ။ အဲဒီလိုလေ့ကျင့်သင်ကြားပေး နေမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ညီမျှကျယ်ပြန့်မှုရှိဖို့တော့ လိုပါလိမ့်မယ်။

တစ်ဖက်မှာ အင်္ဂလိပ်စာသင်ကြားတတ်မြောက်မှု မြင့်မားစေရေးအတွက် ဆောင်ရွက်နေကြသလို တစ်ဖက်မှကျပြန်တော့ အထက်တန်းဆင့် သိပ္ပံဘာသာရပ်တွေကို မြန်မာလိုပြောင်းလဲသင်ဦးမယ်လို့ ဆိုပြန်ပါတယ်။ ဒါကိုကြည့်ရင် အင်္ဂလိပ်စာကို တတ်အောင်မသင်နိုင်တော့လို့လားလို့ တွေးစရာဖြစ်လာ ပါတယ်။ ဘာသာစကားအားနည်းချက်ကြောင့် ဘာသာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် မချဉ်းကပ်နိုင်တာ လို့ပဲယုံကြည်မိပါတယ်။ မြန်မာဘာသာနဲ့ ပြောင်းလဲပြဋ္ဌာန်းလဲပဲ ဘာသာရပ်ကို မေးခွန်းဘောင်ထဲက နေပဲ သင်ကြားပေးပြီး မေးခွန်းနဲ့အဖြေကို အလွတ်ကျက်မှတ်ဖြေစေနေဦးမယ်ဆိုရင်၊ တတ်မြောက်ရေး ထက်အောင်ချက် မြင့်မားရေးကိုပဲ ရှေ့တန်းတင်နေဦးမယ်ဆိုရင်၊ မအောင်မနေရစနစ်ကို ဆက်လက် ကျင့်သုံးနေဦးမယ်ဆိုရင် ပညာရေးရည်မှန်းချက်ပန်းတိုင်ဟာ မျှော်လေဝေးဝေး ပညာရေးပဲဖြစ်နေဦးမှာ မလွဲပါဘူး။ အောင်တဲ့ကျောင်းသားတိုင်း တတ်တာမဟုတ်ပါဘူး။ တတ်တဲ့ကျောင်းသားတိုင်း အောင် မြင်မှာ ပါ။ တတ်မြောက်ရေးထက် အမှတ်ရရေးကိုသာ အလေးထားသင်ကြားစေတာမျိုး မဖြစ်ကြစေ ဘဲ၊ သင်နိုင်အောင် တတ်ပြီး တတ်သလောက်သင်နိုင်အောင် ကြိုးပမ်း အားထုတ်နိုင်မှသာ အခြေခံ ပညာအဆင့် အင်္ဂလိပ်စာအဆင့်အတန်း အမှန်တကယ်မြင့်မားလာနိုင်မယ်လို့ ယုံကြည်မိပါကြောင်း . . . .။

Democracy Today Daily
အောက်တိုဘာ (၉) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...