တက္ကသိုလ်ဝင်ခွင့် အမှတ်များကို တက္ကသိုလ်အလိုက် သီးခြား သတ်မှတ်ခြင်းများ ရှိလာနိုင်ဟုဆို

တက္ကသိုလ် ဝင်ခွင့်အမှတ်များ သတ်မှတ်ရာ ၌နောင်တွင် တက္ကသိုလ် အလိုက် သီးခြား သတ်မှတ်ခြင်းများ ရှိလာနိုင်ကြောင်း သိရသည်။

လက်ရှိတွင် တက္ကသိုလ် ဝင်ခွင့်များကို သတ်မှတ်ရာတွင် အမှတ်ဖြင့် တက္ကသိုလ် အလိုက် ဝင်ခွင့်ပေး လျက်ရှိပြီး တက္ကသိုလ် အလိုက် သတ်မှတ်သော အမှတ်များကို တက္ကသိုလ် ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့များ၏ ဆုံးဖြတ်ချက်ဖြင့် အမှတ်များကို သတ်မှတ်လေ့ ရှိကြောင်း၊ နောင်တွင်မူ ဝင်ခွင့်များကို တက္ကသိုလ် အလိုက် သတ်မှတ် သွားနိုင်ဖွယ် ရှိကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။

“နောက်တစ်နှစ်အတွင်းတော့ ဝင်ခွင့်တွေက ပြောင်းနိုင်ဖွယ်မရှိသေးဘူး။ လက်ရှိအတိုင်းအမှတ်နဲ့ပဲ သွားနေဦးမယ်။ ဒါပေမဲ့ အဆင့်မြင့်ပညာပေါင်းစပ် ညှိနှိုင်းရေးကော်မတီပေါ်လာရင်တော့ တက္ကသိုလ် တွေလွတ်လပ်စွာ ရပ်တည်ခွင့်ရပြီ။ အဲ့ဒီအချိန်ကျရင် တက္ကသိုလ်ရဲ့ဝင်ခွင့်တွေကို ပညာရေး ဝန်ကြီးဌာ နက ဝင်သတ်မှတ်ပေးမှာ မဟုတ်တော့ဘူး။ ပြီးတော့အဆင့်မြင့် ပညာပေါင်းစပ်ရေး ကော်မတီ ကလဲ ဝင်ပြီးသတ်မှတ်ပေးမှာမဟုတ်ဘူး။ သူတို့တက္ကသိုလ်အလိုက် သတ်မှတ်မှုတွေဖြစ်လာလိမ့်မယ်။ ဥပမာ ရန်ကုန်ကဆေးတက္ကသိုလ်က ဝင်ခွင့်စာမေးပွဲနဲ့ ဝင်ခွင့်ပေးရင်၊ မန္တလေးဆေးတက္ကသိုလ်က အမှတ်နဲ့ ဝင်ခွင့်ပေးတာမျိုးတွေ တစ်ခုနဲ့တစ်ခုတူမှာမဟုတ်တော့ဘူး” အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေး မှူး တစ်ဦးကပြောသည်။

အမျိုးသားပညာရေးဥပဒေအရ အဆင့်မြင့်ပညာကဏ္ဍရှိလုပ်ငန်းများကို ငါးနှစ်အတွင်း အကောင်အ ထည်ဖော်ရမည်ဖြစ်သည့်အတွက် တက္ကသိုလ်များသည်လည်း လာမည့်ငါးနှစ်အတွင်း လွတ်လပ်စွာ ရပ်တည်ရလာနိုင်ကြောင်း သိရသည်။

“ဥပဒေအရ အမျိုးသားပညာရေး ကော်မရှင်ကို အရင်ဖွဲ့စည်းရမှာဖြစ်တယ်။ ပြီးတော့မှအဆင့်မြင့် ပညာပေါင်းစပ် ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းရမှာပါ။ အဲဒီအချိန်မှာ တက္ကသိုလ်တွေ အနေနဲ့ သီးခြား လွတ်လပ်စွာ ရပ်တည်ရတော့မှာဖြစ်ပါတယ်။ ကော်မတီကတော့ ဘာမှဝင်စွက်ဖက်မှာ မဟုတ်ပါဘူး။ တက္ကသိုလ်တွေမှာ ငွေလိုရင် ငွေ၊ လူလိုရင် လူပေးတာလောက်ပဲ ဖြည့်ဆည်းပေးတော့မှာပါ” ဟု ယင်း ညွှန်ကြားရေးမှူးက ဆက်လက်ပြောသည်။

တက္ကသိုလ်များလွတ်လပ်စွာ ရပ်တည်ခွင့်ပေးချိန်တွင် အဆင့်မြင့် ပညာပေါင်းစပ် ညှိနှိုင်းရေးကော် မတီ အောက်တွင်ရှိသော တက္ကသိုလ်ဒီဂရီကောလိပ်များသာ ရန်ပုံငွေထောက်ပံ့မှုများ ရရှိမည်ဖြစ်ပြီး သီး ခြား၊ လွတ်လပ်စွာရပ်တည်လိုသည့် ကျောင်းများမှာ အထောက်အပံ့ရရှိမည်မဟုတ်ကြောင်း သိရ သည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဒီဂရီကောလိပ်ပေါင်း ၁၆၉ ခုရှိကြောင်း သိရသည်။

Democracy Today Daily
အောက်တိုဘာ (၁၉) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...