လုပ်ငန်းခွင်မှာ စိတ်အနှောက်အယှက် ပေးတတ်သူတွေကို ဘယ်လို ကိုင်တွယ်မလဲ

By သမန်းကျား

လုပ်ငန်းခွင် လောကထဲမှာ အဆိပ်ပြင်းသူတွေ ရှိတတ်ပါတယ်။ သူတို့ ဝင်လာ လိုက်တာနဲ့  စိတ်ညစ်စရာ အဆိပ် တိမ်တိုက် မည်းကြီးတွေ ဖုံးလွှမ်း သွားတတ် ပါတယ်။ တည်ငြိမ် အေးချမ်းနေတဲ့ အခြေအနေ တစ်ခုကို ခလောက် ဆန်သွားအောင် ပြဿနာတွေရှာလိုက်ရမှ၊ လူတွေ စိတ်ဆိုးဒေါသ ထွက်အောင် လုပ်လိုက်ရမှ သူတို့ နေသာထိုင်သာ ရှိသွားတတ် ကြပါတယ်။ တစ်ရုံးထဲ အလုပ်လုပ်နေရတော့ သူတို့ ကို လွတ်အောင် ရှောင်ဖို့ လည်း မလွယ်လှပါဘူး။ ဒီလို အဆိပ်ပြင်း တဲ့ သဘောထားအမြင်တွေနဲ့  စကားလုံးအစွယ်တွေသုံးပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ထဲကို အဆိပ် အတောက်တွေဖြန့် ကျက်ပေးနေတဲ့ သူတွေကို ဘယ်လိုဆက်ဆံ ရမှာပါလိမ့်။

‘အဆိပ်ပြင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေက အားလုံးနဲ့ လိုက်ပြိုင်တတ်ပါတယ်။ သူတို့ ကြောင့် တခြား လူတွေမှာ စိတ်ဖိစီးမှုဖြစ်ရပါတယ်။ စိတ်ဖိစီးမှုဟာ အောင်မြင်မှုအတွက်တော့ အန္တရာယ်ပါပဲ။ မထိန်းနိုင်ဘူး ဆိုရင် ဦးနှောက် နဲ့ လုပ်ဆောင်မှုတွေ အရည်အသွေးကျဆင်းသွားပါတယ်’ ‘အဆိပ်ပြင်းသော လုပ်ဖော် ကိုင်ဖက်များကို အောင်မြင်စွာ ကိုင်တွယ်နည်း’ စာအုပ်ကိုရေးသားခဲ့တဲ့ ကမ္ဘာကျော် စာရေးဆရာကြီး ဘရက်ဘယ်ရီက အဲဒီစာအုပ်ထဲမှာ ရေးသား ဖော်ပြထားပါတယ်။

ဘရက်ဟာ စိတ်ကူးတည့်ရာလျှောက်ရေးခဲ့တာ မဟုတ်ပါဘူး။ သူ့ ကုမ္ပဏီက လုပ်ငန်းခွင်မျိုးစုံထဲက ထိပ်တန်း ၀န်ထမ်း အမြောက်အများကို သုတေသနပြုလုပ်ခဲ့တာပါ။ ထိပ်တန်းဝန်ထမ်းတွေဟာ စိတ် ဖိစီးမှုဖြစ်နေရင်လည်း ခံစားချက်ကို ထိန်းချုပ်နိုင်ကြပါတယ်။ အလုပ်ကို တည်ငြိမ်သပ်ရပ်စွာ ဆက်လက် လုပ်ကိုင်နိုင်ကြပါတယ်။ ဒီလို အရည်အချင်းကြောင့်လည်း အဆိပ်ပြင်းသူတွေကို အဆိပ်ကင်းမဲ့အောင် လုပ်နိုင်ကြပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုအရည်အချင်းတွေရှိလာအောင် လေ့ကျင့်ယူလို့ ရပါတယ်။

အကန့် လေးတွေခွဲထားပါ။ သူများမကောင်း၊ကိုယ်ကောင်း လာပြောနေတဲ့ အဆိပ်ပြင်းသူကို အချိန်တွေ အများကြီး ပေးပြီး နားမထောင်ပါနဲ့ ။ လူတွေက ကိုယ်နားထောင်ဖို့ မလိုတာကို စိတ်မသက်မသာနဲ့  ဆက်နားထောင်တတ်ကြ ပါတယ်။ ဘယ်သူ့ အတွက်မှ အကျိုးမရှိဘဲ ကိုယ့်အတ္တကို ပုံဖော်နေတတ် သူတွေကို အချိန်ပေးနားထောင်နေရင် သင် ကိုယ်တိုင်လည်း အဆိပ်ဝဲဂယက်ထဲမှာ နစ်မွန်းသွားနိုင် ပါတယ်။ ဒီတော့ ကိုယ့်ကိုလာပြီး မျက်မှောင်ကြီးကုတ်၊ ပါးစပ် ကြီးမဲ့ပြီး မေးစေ့ဆတ်ခနဲ၊ဆတ်ခနဲထိုးလို့  အဆိပ်ပြင်းတဲ့စကားတွေ လာပြောနေပြီဆိုရင် ဆုံးအောင်နားထောင်မနေ တော့ဘဲ ‘အဲဒီကိစ္စကို ဘယ်လိုဖြေရှင်းမယ် စိတ်ကူးထားသလဲ’ လို့ မေးလိုက်ပါ။ သူတို့ အပြောရပ်သွားပါမယ်၊ ဒါမှ မဟုတ် အပြုသဘောဆောင်တဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ်။

ထောင်ချောက်ကိုရှောင်ပါ။ အဆိပ်ပြင်းသူတွေရဲ့  အပြုအမူအပြောအဆိုတွေဟာ ကျိုးကြောင်းဆီလျော်မှု မရှိပါဘူး။ ဒါကြောင့်လည်း သူတို့ ကိုမြင်လိုက်တာနဲ့ ကို စိတ်အနှောက်အယှက်ဖြစ်တာပါ။ ဒီတော့ အဓိပ္ပါယ်မရှိတာတွေကို လုပ်နေ၊ပြောနေတဲ့ သူတို့ ကို သင်ကလည်း နက်နက်ရှိုင်းရှိုင်းခံစားပြီး တုန့် ပြန်ပြောဆိုနေဖို့  မလိုအပ်ပါဘူး။ နား ထောင်ဖို့ ကို မလိုပါဘူး။ ကြည့်ပဲကြည့်နေလိုက်ပါ။ သူဆွဲသွင်း လိုက်တဲ့ ခံစားချက်ထောက်ချောက်ထဲကို ၀င်မသွား ဘဲ ကျော်ဖြတ်သွားနိုင်အောင် လေ့ကျင့်ပါ။

သင့်ခံစားချက်ကိုလည်း သတိနဲ့ ထိန်းပါ။ လူတစ်ယောက်ကိုနိုင်ချင်ရင် သူ့ ခံစားချက်တွေ အုံကြွလာအောင် လုပ် လိုက်ရုံပါပဲ။ အဆိပ်ပြင်းသူတွေက ဒီနည်းစနစ်တွေကိုသုံးပြီး သွေးခွဲပြောဆိုတတ်ပါတယ်။ သတိ ဘယ်လောက် ထားထား၊ သူတို့ က ကိုယ်အရှိုက်ထိမယ့်စကားတွေကို ရွေးပြီးပြောတတ်လေတော့ စိတ်ထဲထောင်းခနဲ ဖြစ်သွားပြီး သူတို့ ကို တုန့် ပြန်ပြောဆိုမိတတ်ပါတယ်။ ဒီလိုလုပ်လိုက်မိတာနဲ့  သင်ရှုံးပါပြီ။ ဒါကြောင့် ကိုယ်တစ်ယောက်တည်း ရှိနေတုန်း သူတို့ ပြောသွားတဲ့စကားတစ်ခွန်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ပြီဆိုရင် သင့်လုပ်ဖော်ကိုင်ဖက်တွေ ကို ချက်ခြင်းပဲ ပြောပြလိုက်ပါ။ သူက လျှို့ ဝှက်ပြောပေမယ့် ကိုယ်ကလျှို့ ဝှက်မထားဘူးဆိုတာကို ပြောင်ပြောင် တင်းတင်းပဲ လုပ်ပြလိုက် ပါ။ နောက်နောင် သင့်ကို သူတို့  ရှောင်ပါလိမ့်မယ်။

ဖြေရှင်းရမယ့်ပုံစံအပေါ် အာရုံစိုက်ပါ။ အတွေးရယ်၊ ခံစားချက်ရယ် နှစ်ခုပေါင်းမိသွားရင် သင့်အရည်သွေးတွေ အားလုံးနစ်မွန်းပျောက်ကွယ်သွားနိုင်တဲ့ ခံစားချက်ဝဲဂယက်ကြီး ဖြစ်ပေါ်လာပါတယ်။ ပြဿနာတစ်ခုပေါ်လာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပဲ အာရုံစိုက်ပါ။ ဒီပြဿနာကို လုံးလည်ချာလည် လိုက်နေအောင် တွေးမနေ ပါနဲ့ ။ အဆိပ်ပြင်းသူတွေကြောင့် သင်စိတ်အနှောက်အယှက်ဖြစ်သွားပြီး အဲဒီကိစ္စကိုပဲ ရင်ထဲမှာ တနုံ့ နုံ့  နဲ့ တွေးမိနေမယ်၊ ဒေါသထွက်နေမယ်ဆိုရင် သူတို့ ကိုအရှုံးပေးလိုက်တာနဲ့  အတူတူပါပဲ။ သင့်စိတ်ဓါတ် ကိုသူတို့ ရိုက်ချိုးနိုင်သွားပါပြီ။

ဆက်လက်ပြီး ‘လုပ်ငန်းခွင်တွင် အနိုင်ကျင့်တတ်သူများနှင့် စေ့စပ်ညှိနှိုင်းနည်း’ စာရေးဆရာမကြီး ၀ိတိုးရီးယားရဲ့  အယူအဆတွေကို လေ့လာကြည့်ရအောင်ပါ။ အနိုင်ကျင့်တတ်သူတွေက ရန်လိုတတ်ပါ တယ်။ အဲဒီလိုရန်လိုတာကို ကိုယ်ကတုံ့ ပြန်လိုက်တာနဲ့ တပြိုင်နက် သူတို့ လိုချင်တာကို ပေးမိပြီး သားဖြစ် သွားတယ်လို့  ၀ိတိုးရီးယားက ဆိုပါ တယ်။

အနိုင်ကျင့်သူတွေက စွပ်စွဲမယ်၊ ခြိမ်းချောက်မယ်၊ ဒေါသထွက်အောင်လုပ်မယ်၊ နှောက်ယှက်မယ်၊ အရှက် ခွဲမယ်၊ အသံအကျယ်ကြီးနဲ့ ပြောမယ်၊ လက်သီးလက်မောင်းတန်းပြီးပြောမယ်၊ တစ်ခါတလေ ကိုယ်ထိ လက်ရောက်တောင် လုပ်တတ်ကြပါသေးတယ်။ သင့်ကိုယ်စိတ်နှစ်ခုလုံးကို ထိန်းပါ။ ဒါဟာ ကလေး ကစားကွင်းထဲက ကလေးကစားကွက် တွေပဲလို့  မြင်လိုက်ပါ။

အရေးကြီးတာက မှန်ရောင်မလိုက်ဖို့ ပါပဲ။ မှန်ထဲကိုကြည့်ပြီး ပြုံးမယ်ဆိုရင် မှန်ထဲက အရိပ်ကလည်း ပြုံးပါ တယ်။ ဒါပေမယ့် အနိုင်ကျင့်တတ်သူတွေနဲ့  မှန်ရောင်မလိုက်ပါနဲ့ ။ သူကအော်လို့  ကိုယ်ကပြန်အော်မယ်၊ သူကရိုင်းလို့  ကိုယ်ကပြန်ရိုင်းမယ်ဆိုရင် သူချချင်တဲ့ ကိုယ့်ဂုဏ်သိက္ခာလည်း အလွယ်တကူ ကျသွား မယ်ဆိုတာကို မမေ့ပါနဲ့ ။ အသံကျယ်ကျယ်ပြောသူကို အသံအေးအေးနဲ့ တုန့် ပြန်ပါ။ ဒေါသတကြီး ဆက်ဆံ လာသူကို အေးအေးဆေးဆေး တုန့် ပြန်ပါ။ အကောင်းဆုံးကတော့ လူမှုရေးဆန်တဲ့မေးခွန်းတွေ မေးပါ။ ကိုယ့်ကိုပြဿနာလာရှာသူကို ‘ဘယ်နှစ် နာရီထိုးပြီလဲ’ လို့  အေးအေးဆေးဆေး မေးကြည့်ပါလား။ ခင်ဗျားကို ကြည့်ရတာ စိတ်တိုနေတဲ့ပုံပဲ။ စိတ်နဲနဲအေးပြီ ဆိုတော့မှ ပြန်ပြောရအောင် လို့ ပြောပြီး ထိန်းတာလဲ အလုပ်ဖြစ်တတ်ပါတယ်။

လူရယ်လို့ ဖြစ်လာရင် လူတွေနဲ့ ဆက်ဆံရမှာပါပဲ။ နှစ်လိုဖွယ်ကောင်းသူတွေနဲ့  ကြုံရသလို အဆိပ်ပြင်း သူတွေနဲ့  လည်း မလွဲမသွေ ကြုံတွေ့ ရမှာပါပဲ။ သူတို့ က ပြေးလေ၊လိုက်လေ လုပ်ပါတယ်။ သူတို့ မျက်နှာ ကို လှည့်ကြည့်ပြီး ရင်ဆိုင်လိုက်ပါ။ မှန်ရောင်မလိုက်ပါနဲ့ ။ သင့်ဂုဏ်သိက္ခာကို ထင်ဟန်ပေါ်လွင်စေတဲ့ ကိုယ်နူတ်အမူအယာ၊ အသံ အနေအထား၊ စကားလုံးရွေးချယ်မှု အဆင့်အတန်းကနေ မဆင်းပါနဲ့ ။ သူဘယ်လိုဆွဲချချ၊ မကျဘူးဆိုတာ သိသွား ရင် ဒီအနိုင်ကျင့်တတ်တဲ့ အဆိပ်ပြင်းသူတွေဟာ သင်အဆိပ်ပြီး မှန်းသိသွားမှာဖြစ်ပြီး နောက်နောက်သင့်ကို ဒုက္ခ ပေးတော့မှာ မဟုတ်ပါဘူးလို့  လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...