အမျိုးသား မော်ဒယ်လ်ဈေးကွက် ပြောင်း မပြောင်း

မြန်မာနိုင်ငံတွင် မော်ဒယ်လ် ယဉ်ကျေးမှု ထွန်းကား လာသည်မှာ ဆယ်စုနှစ် နှစ်ခုပင် မရှိသေး။ မြန်မာ့ ခရီးသွားနှစ်အဖြစ် သတ်မှတ်ခဲ့သည့် ၁၉၉၆ ခုနှစ်တွင် ကျင်းပခဲ့သော Carrie Asia မော်ဒယ်လ်ပြိုင်ပွဲက စတင်၍ မြန်မာ လူငယ်များမှာ မော်ဒယ်လ် ဆိုသည့် ဝေါဟာရ၏ အနက် အဓိပ္ပာယ်၊ သဘောသဘာဝ များနှင့် ထိတွေ့ ရင်းနှီးခွင့် ရခဲ့ခြင်း ဖြစ်သည်။ ယင်း ကာလ မှသည် ယခုအချိန်အထိ မော်ဒယ်လ် ရေစီးကြောင်း မှာ မြန်မာနိုင်ငံတွင် အရှိန်အဟုန်နှင့် ဆက်လက် စီးဆင်းနေဆဲ။

မော်ဒယ်လ်အလုပ်မှာ အနုပညာလောကတွင် အောင်မြင်ချင်သော လူငယ်များအတွက် အခွင့်အလမ်းများ ဆီသို့ ပို့ဆောင်ပေးနိုင်သော လှေကားထစ် တစ်ခု ဖြစ်နေသောကြောင့်လည်း မော်ဒယ်လ်လောကမှာ ယခုအချိန်အထိ ခိုင်မာအားကောင်းနေခြင်း ဖြစ်သည်။ အောင်မြင်သော မော်ဒယ်လ် တစ်ယောက် ဖြစ် လာပါက အခွင့်အလမ်းများနှင့် ခံစားခွင့်များက အသင့်စောင့်ကြိုလျက် ရှိသည်။ စီးပွားရေး လုပ်ငန်းရှင် များအတွက် ကုန်ပစ္စည်းကြော်ငြာများ ရိုက်ကူးခွင့် ကုန်ပစ္စည်း အမှတ်တံဆိပ် တစ်ခု၏ သံတမန် အဖြစ် ဆောင်ရွက်ခွင့် တိုးရလာမည် ဖြစ်သလို ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရန်အတွက် ကမ်းလှမ်းမှုများလည်း ရှိလာနိုင်သည်။

သို့သော် မြန်မာနိုင်ငံမော်ဒယ်လ် လောက၏ လက်ရှိအခြေအနေအရ အမျိုးသား မော်ဒယ်လ်များနှင့် အမျိုးသမီး မော်ဒယ်လ်များအတွက် အခွင့်အလမ်းနှင့် ရပိုင်ခွင့်များကတော့ ကွာခြားမှုရှိသည်။ စီးပွားရေး လုပ်ငန်းရှင်များက ၎င်းတို့၏ ကုန်ပစ္စည်းကြော်ငြာများကို အမျိုးသမီး မော်ဒယ်လ်များနှင့်သာ ပိုမိုရိုက်ကူး လိုကြသလို ဖက်ရှင်ရှိုးပွဲများတွင်လည်း အမျိုးသမီး မော်ဒယ်လ်များကိုသာ အတွေ့ရများလေ့ ရှိသည်။ အောင်မြင်မှုအတွက် လမ်းစတစ်ခု ဖြစ်သည့် မော်ဒယ်လ်ပြိုင်ပွဲများမှာလည်း အမျိုးသမီးများအတွက် ရည်ရွယ်သည့် ပြိုင်ပွဲများက ပိုများပြီး အမျိုးသားများအတွက် ပြိုင်ပွဲများမှာ အနည်းငယ်မျှသာ ရှိ သည်။ ဈေးကွက် အတိုင်းအတာနှင့် ပြောရလျှင် အမျိုးသားမော်ဒယ်လ် ဈေးကွက်မှာ အမျိုးသမီးမော် ဒယ်လ် ဈေးကွက်လောက် ခိုင်မာအားကောင်းမှု မရှိသေး။

မော်ဒယ်လ် ခေတ်ဦးကာလကမူ မြန်မာနိုင်ငံတွင် မော်ဒယ်လ်များ စတင်ပေါ်ပေါက်ခါစ အချိန်ဖြစ်သည့် အတွက် အမျိုးသားနှင့် အမျိုးသမီး မော်ဒယ်လ်များမှာ ပရိသတ်များ၏ အာရုံစိုက်မှုနှင့် လက်ခံအားပေးမှုကို တန်းတူရရှိကြသလို အမျိုးသား မော်ဒယ်လ်များအတွက် ဈေးကွက်တစ်ခု သီးသန့်ရှိခဲ့ကြောင်း၊ လက်ရှိ အချိန်တွင်မူ ဈေးကွက်၏ တောင်းဆိုမှုအရရော ပရိသတ်အားပေးမှု အတိုင်းအတာအရပါ အမျိုးသမီး မော်ဒယ်လ်ဈေးကွက်မှာ အမျိုးသား မော်ဒယ်လ်ဈေးကွက်ထက် ပိုမိုအားကောင်းနေကြောင်း Excellent Models Agency ၏ အုပ်ချုပ်သူ၊ သင်တန်းနည်းပြဆရာ ဦးသျှင်နေမင်းက ပြောကြားသည်။

“ကျွန်တော်တို့ ခေတ်တုန်းကတော့ မော်ဒယ်လ်တွေထဲမှာဆို ညီညီတာတို့၊ ပိုင်ဇေရဲထွန်းတို့၊ နိုင်းနိုင်းတို့ဆို ပရိသတ်အားပေးမှုလည်း တော်တော်ရခဲ့တယ်။ အလုပ်တွေလည်း တော်တော်လုပ်ခဲ့ကြရတယ်။ အခုနောက်ပိုင်းမှာ လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကိုက ကြော်ငြာတွေ ရိုက်မယ်ဆို မိန်းကလေးတွေ ပိုထည့်ပေးဖို့ ပြောကြတယ်။ အချိုရည်လို ကြော်ငြာမျိုးဆို ယောက်ျားလေး၊ မိန်းကလေး တွဲသုံးလို့ ရပေမယ့် လုပ်ငန်းရှင်တွေက မိန်းကလေးနဲ့ပဲ ရိုက်ချင်တယ်။ ယောက်ျားလေးတွေ ရိုက်လို့ရတဲ့ ဆေးလိပ်တို့၊ အရက်တို့လို ကြော်ငြာမျိုးကကျတော့ ဒီမှာ ရိုက်ခွင့်မရှိဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း မရိုက်ချင်ဘူး” ဟု ၎င်းကဆိုသည်။

စီးပွားရေး လုပ်ငန်းရှင်များမှာ ဈေးကွက်၏ တောင်းဆိုမှုနှင့် ရောင်းအားအပေါ်တွင် မူတည်ကာ ကုန်ပစ္စည်းကို ကြော်ငြာပေးမည့် မော်ဒယ်လ်ကို ရွေးချယ်လေ့ ရှိကြပြီး ဈေးကွက်တွင် အမျိုးသားသုံး ပစ္စည်းများ ရောင်းအားကောင်းပါက အမျိုးသားမော်ဒယ်လ်များမှာ ကြော်ငြာများ ပိုမိုရိုက်ခွင့်ရမည် ဖြစ်ပြီး အမျိုးသမီးသုံးပစ္စည်းများ ရောင်းအားကောင်းပါက အမျိုးသမီး မော်ဒယ်လ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုများပြားမည် ဖြစ်သလို နိုင်ငံ၏ စီးပွားရေး အခြေအနေအရလည်း ကြော်ငြာရိုက်သင့်၊ မရိုက်သင့်ကို ဆုံးဖြတ်ကြမည်ဟု ထင်ကြောင်း Myanmar Models Management အေဂျင်စီမှ အုပ်ချုပ်သူ ဦးဌေးမင်းထွန်းက ပြောကြားသည်။

ဈေးကွက်တွင်လည်း ပရိသတ်အားပေးမှု အနေအထားနှင့် အောင်မြင်မှု အတိုင်းအတာပေါ်တွင် မူတည်ပြီး အမျိုးသား မော်ဒယ်လ်များအတွက် အနုပညာကြေးမှာလည်း ကွာခြားမှု ရှိသည်။ မြန်မာနိုင်ငံ တွင် မော်ဒယ်လ်အေဂျင်စီနှင့် လက်တွဲကာ စာချုပ်ချုပ်ဆိုပြီး အလုပ်လုပ်သည့် မော်ဒယ်လ်များ ရှိကြသလို လွတ်လပ်စွာ ရပ်တည်ပြီး ငှားရမ်းလာသည့် မော်ဒယ်လ်အေဂျင်စီများနှင့် လက်တွဲ အလုပ်လုပ်ကိုင်ကြ သည့် မော်ဒယ်လ်များလည်း ရှိကြသည်။ အနုပညာကြေးမှာမူ ငှားရမ်းသည့် ပွဲအနေအထားပေါ်တွင် မူတည်ပြီး ကွဲပြားမှုရှိသည်။

မော်ဒယ်လ်လောကတွင် လက်ရှိ ကျင်လည်နေကြသော မော်ဒယ်လ်အများစုမှာ စာချုပ်ချုပ်ဆို လုပ်ကိုင်ခြင်း ထက် အေဂျင်စီများနှင့် လက်တွဲကာ တစ်ပွဲချင်းစီအလိုက် အနုပညာကြေးယူပြီး အလုပ်လုပ်ကြသည်က ပိုများကြောင်း၊ ထိပ်တန်း မော်ဒယ်လ်များမှာ ရှိုးပွဲတစ်ပွဲအတွက် ကျပ်သုံးသိန်းမှ လေးသိန်းကြား ရရှိပြီး အလယ်အလတ် မော်ဒယ်လ်များမှာ တစ်သိန်းမှ နှစ်သိန်းကြား ရရှိကြကြောင်း၊ တက်သစ်စ မော်ဒယ်လ် များမှာမူ ရှစ်သောင်းမှ တစ်သိန်းကြား ရရှိကြောင်း ဟောင်ကောင်တွင် ယခုလအတွင်း ကျင်းပခဲ့သည့် Mr.Asia ပြိုင်ပွဲတွင် တတိယဆုနှင့် Title လေးဆု ရရှိခဲ့သူ မော်ဒယ်လ်ခါရာက ပြောကြားသည်။

“ပြည်ပနိုင်ငံတွေမှာဆို မော်ဒယ်လ်တွေရဲ့ အနုပညာကြေးကို နာရီနဲ့တွက်ပြီး ပေးရတာတွေ ရှိတယ်။ စင်ကာပူလို နိုင်ငံမျိုးမှာဆို ရှိုးပွဲတစ်ပွဲကို ဒေါ်လာခုနစ်ရာနဲ့ ရှစ်ရာကြား ရတယ်။ ကျွန်တော် ဗီယက်နမ်မှာ ရှိုးသွားလျှောက်တုန်းက ဆိုလည်း အနုပညာကြေးက နာရီနဲ့တွက်ပြီး ရခဲ့တယ်။ ဒီမှာက မော်ဒယ်လ်ဈေး ကွက်က အောက်ဆုံးမှာပဲ ရှိနေသေးတယ်။ ဒီလို နာရီနဲ့ပေးဖို့ မပြောပါနဲ့၊ အလုပ်အပ်တဲ့သူ တော်တော် များများက မော်ဒယ်တွေကို ပံ့ပိုးချင်တာထက် အသုံးချသွားပြီး သူတို့အကျိုးကို ကြည့်သွားကြတာ များတယ်” ဟု မော်ဒယ်လ်မာကိုက ဆိုသည်။

မော်ဒယ်လ်များနှင့် အလုပ်လုပ်ရာတွင် ရှိုးပွဲတစ်ပွဲချင်းစီအလိုက် အနုပညာကြေး ပေးကာ ငှားရမ်း လုပ်ကိုင်ပြီး နိုင်ငံတကာတွင်ကဲ့သို့ နာရီအလိုက် ငှားရမ်းပြီး အနုပညာကြေးပေးသည့် ပုံစံနှင့် အလုပ် လုပ်ရန်မှာ အဆင်မပြေနိုင်ကြောင်း၊ ပြည် ရှိ မော်ဒယ်လ်များမှာ ၎င်းတို့ကို ငှားရမ်းထားသည့် အချိန်အတွင်း လုပ်ရမည့် အလုပ်ကို အာရုံစူးစိုက်မှုအပြည့်နှင့် လုပ်ကြသည့်အတွက် နာရီအလိုက် အနုပညာကြေး ပေးခေါ်ယူရန်မှာ အဆင်ပြေနိုင်သော်လည်း မြန်မာနိုင်ငံရှိ မော်ဒယ်လ်အများစုမှာ၊ အလုပ်အပေါ် လေးစားမှု မရှိသလို၊ အချိန်လေးစားမှုလည်း မရှိကြသည့်အတွက် အဆင်မပြေနိုင်ကြောင်း ဦးဌေးမင်းထွန်း က ပြောကြားသည်။

“ရှိုးပွဲအတွက် အစမ်းလေ့ကျင့်ဖို့ ခေါ်ရင်တောင် မော်ဒယ်လ်တွေကို တစ်ယောက်ပြီး တစ်ယောက် စောင့်နေ ရတာနဲ့ လုပ်ရမယ့် အလုပ်တွေ နှောင့်နှေးကုန်ရော။ ပြောရရင် ဒီနိုင်ငံက မော်ဒယ်လ်တွေက အလုပ် လုပ်တဲ့နေရာမှာ Professional သိပ်မဆန်ကြသေးဘူး” ဟု ၎င်းကဆိုသည်။

မော်ဒယ်လ်လောကတွင် အမျိုးသမီး မော်ဒယ်လ်များမှာ အမျိုးသား မော်ဒယ်လ်များထက် ဈေးကွက်တွင် ပိုမိုနေရာရနေကြသလို ယခုနှစ်များအတွင်း ကျင်းပလာသည့် နိုင်ငံတကာအဆင့်မီ Miss ပြိုင်ပွဲ များကြောင့်လည်း ပရိသတ်များ၏ အာရုံစိုက်မှု၊ ချစ်ခင်အားပေးမှုကို ပိုမိုရရှိလာကြသည်။ နိုင်ငံကိုယ်စားပြု အလှမယ်ဟူသည့် ခံယူချက်ကြောင့် ပရိသတ်များက နိုင်ငံတကာအလှမယ် ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်သည့် အလှမယ်တိုင်းကို စောင့်ကြည့်အားပေးကြသည်။ နိုင်ငံတကာအဆင့်ပြိုင်ပွဲ အချို့သို့ သွားရောက်ယှဉ်ပြိုင်သည့် အမျိုးသား မော်ဒယ်လ်များမှာမူ အလှမယ်များကဲ့သို့ ထင်သလောက် ပရိသတ် စိတ်ဝင်စားမှု မခံရသေး။

“အမျိုးသားမော်ဒယ်လ်တွေ အောင်မြင်ဖို့၊ တိုးတက်ဖို့၊ တက်လမ်းရှာတဲ့အခါမှာ ပြိုင်ပွဲကြီးတွေ ကျင်းပတာ နည်းတဲ့အတွက် အခက်အခဲတွေ အများကြီး တွေ့ကြရပါတယ်။ ဒီလိုပြိုင်ပွဲကြီးတွေ ကျင်းပနိုင်ဖို့က စပွန်ဆာ ကုမ္ပဏီတွေရဲ့ ပံ့ပိုးမှုလိုသလို ပရိသတ်တွေရဲ့ အားပေးမှုလည်း အများကြီး လိုအပ်ပါတယ်။ နိုင်ငံ ကိုယ်စားပြုပြီး သွားပြိုင်တာချင်း တူရင်တောင် အမျိုးသားမော်ဒယ်လ်တွေနဲ့ အမျိုးသမီး မော်ဒယ်လ်တွေ အပေါ် ပရိသတ်တွေရဲ့ အားပေးမှု ရာခိုင်နှုန်းက အရမ်းကွာနေသေးတယ်” ဟု မော်ဒယ်လ်မာကိုက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံရှိ မော်ဒယ်လ်အေဂျင်စီများကို နိုင်ငံတကာတွင် ကျင်းပနေသည့် Beauty Pageants ပြိုင်ပွဲများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဆက်သွယ်ပြီး ပြိုင်ပွဲများ ကျင်းပနိုင်ရန် ကြိုးပမ်းစေလိုကြောင်း၊ အရည် အချင်း ရှိသော်လည်း အောင်မြင်မှုရစေမည့် အခွင့်အလမ်းများ နည်းပါးသည့် အတွက် မော်ဒယ်လ်လောကနှင့် ဝေးရာသို့ ထွက်ခွာသွားသည့် လူငယ်များလည်း ရှိကြောင်း မော်ဒယ်လ်ခါရာ က ဖွင့်ဟသည်။

“မော်ဒယ်တွေထဲမှာ Gym ကို သွားပြီး ခန္ဓာကိုယ် အချိုးအစားကျဖို့အတွက် နေ့တိုင်း ပုံမှန်လေ့ကျင့်နေတဲ့ မော်ဒယ်လ်တွေ ရှိတယ်။ သူတို့ရဲ့ ကြိုးစားမှုတွေ အဆင်သင့်ဖြစ်တဲ့ အချိန်မှာ အစွမ်းပြခွင့်ရမယ့် ပြိုင်ပွဲတွေနဲ့ ထိပ်တိုက်တိုးဖို့တော့ လိုတာပေါ့နော်။ ပြိုင်ပွဲတွေ ရှိမှလည်း သူတို့လည်း ပိုပြီး ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ်။ မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်လောကလည်း အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ တစ်ပြေးညီ တိုးတက်လာမယ်” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

နိုင်ငံတကာတွင်လည်း အမျိုးသား မော်ဒယ်လ်များထက် အမျိုးသမီး မော်ဒယ်လ်များအတွက် ရည်ရွယ် ကျင်းပသည့် ပြိုင်ပွဲများကသာ ပိုမိုများပြားပြီး မြန်မာနိုင်ငံတွင် အမျိုးသားများအတွက် မော်ဒယ်လ်ပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရန်မှာ နိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများ အပေါ်တွင် မူတည်ကြောင်း၊ သို့မှသာ လူငယ်များအတွက် အခွင့်အလမ်းများ ပိုမိုများပြားလာမည် ဖြစ်ကြောင်း၊ မိမိရွေးချယ်လိုက်သည့် အလုပ်တစ်ခုအတွက် အချိန်ပြည့် အကောင်းဆုံး ကြိုးစားနေရန်မှာ မိမိအပေါ် တွင်သာ မူတည်ကြောင်း ဦးဌေးမင်းထွန်းက အကြံပြုစကားဆိုသည်။

နိုင်ငံတကာအဆင့်မီ တန်းဝင်မော်ဒယ်လ် တစ်ယောက်ဖြစ်ရန်မှာ ခန္ဓာကိုယ်အချိုးအစား ကျနဖို့ လိုအပ်သလို အသားအရေ ကောင်းမွန်စေဖို့ အတွက်လည်း ဂရုတစိုက် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ နိုင်ငံတကာပြိုင်ပွဲ တစ်ခုသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် အများနှင့် လိုက်လျော ညီထွေ ဖြစ်အောင် ပေါင်းသင်းဆက်ဆံတတ်ဖို့ လိုအပ်သလို အချိန်ကိုလည်း တိတိကျကျ လေးစား လိုက်နာရန် လိုအပ်ကြောင်း ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် Mr. Global 2014 N ပြိုင်ပွဲတွင် Mr. Global ဆုရရှိခဲ့သူ မော်ဒယ်လ်မာကိုက ပြောကြားသည်။

“Mr. Asia ပြိုင်ပွဲမှာ ကျွန်တော် ကြုံခဲ့ရတာကတော့ ကိုယ်သွားပြိုင်မယ့် နိုင်ငံရဲ့ ဘာသာစကားကို ကျွမ်းကျင်မှု ရှိထားဖို့ လိုတယ်ဆိုတာ သိခဲ့ရတယ်။ ကျွန်တော်က ကမ္ဘာသုံး တရုတ်ဘာသာစကား ကို ပြောတတ်တယ်။ ဒါပေမဲ့ သူတို့ ဟောင်ကောင်မှာက တရုတ်စကားပေမယ့် ကွမ်းတုံလို ပြောတော့ ကျွန်တော်က နားမလည်တဲ့အတွက် သူတို့မေးခွန်းမေးတဲ့အခါ ပြန်ဖြေဖို့ အခက်တွေ့ရတယ်။ ကိုယ်သွားပြိုင်မယ့် နိုင်ငံရဲ့ ဓလေ့စရိုက်တွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေကို ကြိုပြီး လေ့လာ ထားရင် အကောင်းဆုံးပါပဲ” ဟု မော်ဒယ်လ်ခါရာက ဆိုသည်။

လိုအပ်ချက်များ၊ ပြင်ဆင်စရာများ၊ ဖြည့်ဆည်းဆောင်ရွက်စရာများ ရှိနေသေးသော်လည်း မြန်မာနိုင်ငံ တွင် မော်ဒယ်လ်ရေစီးကြောင်းက ဆက်လက်စီးဆင်းနေဦးမည် ဖြစ်သလို လူငယ်များကလည်း ယင်းရေးစီးကြောင်းနှင့်အတူ လိုက်ပါ စီးမျောနေကြဦးမည်ပင်။ ခိုင်မာအားကောင်းသည့် အနုပညာ နယ်ပယ်တစ်ခု ဖြစ်ရန်မှာ အမျိုးသားနှင့် အမျိုးသမီး မော်ဒယ်လ်များအတွက် အခွင့်အလမ်း ရပိုင်ခွင့်များ တူညီမှုဖို့ လိုအပ်သလို တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှု ရှိရန်လည်း လိုအပ်လှသည်။ မော်ဒယ်လ်လောကတွင် အမျိုးသား မော်ဒယ်လ်များအတွက် ခိုင်မာသည့် ဈေးကွက်တစ်ခု ပီပီပြင်ပြင် ပေါ်ထွန်းလာမှု ရှိမရှိနှင့် နိုင်ငံ တကာပြိုင်ပွဲများတွင် မည်မျှအထိ အောင်မြင်မှုများ ဆွတ်ခူးနိုင်မည် ဆိုသည်ကိုမူ စောင့်ကြည့် ရဦး မည် ဖြစ်သည်။

သန့်ဇင်ဦး
The Voice Journal
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...