လိပ်ပြာ...

Money dishonestly acquired is never worth its cost, while a good conscience never cost as it is worth. - J.P.Senn

မရိုးသားသော နည်းဖြင့်ရသော ငွေကြေးသည် ရင်းရသည်နှင့် မကာမိသည်ချည်း ဖြစ်၏။ လိပ်ပြာ သန့် ရခြင်းကား အရင်းနှင့်မမျှသော အကျိုးပေ တည်း။ - ဂျေ၊ ပီ၊ ဆင်း

'ဂျေ၊ ပီ၊ ဆင်း' ဆိုသည်မှာ 'ဆွစ်' လူမျိုး စာပေပညာရှင် တစ်ယောက် ဖြစ်ပါသည်။

"မရိုးမသား နည်းဖြင့်ရသော ငွေကြေးသည် အရင်းကြီးသလောက် အမြတ်နည်းသော်လည်း လိပ်ပြာ သန့်ရခြင်းကား အမြတ်ကြီး သလောက် အရင်းနည်းလှသည်" ဟူသော စကားကိုလူတိုင်း လိုက်နာကျင့် သုံးနိုင်ရန် ခက်ခဲလှသော်လည်း လူတိုင်းကြိုက် နိုင်ကြမည်ဟုထင်မိသည်။ မိမိကိုယ်တိုင်က မရိုးဖြောင့် စေကာမူ ရိုးဖြောင့်သူများနှင့်သာ ပေါင်းသင်း ဆက်ဆံမှု ပြုလိုသည်မှာ လောကဓမ္မတာ ဟုသာ ဆိုရပေ တော့မည်။

လိပ်ပြာသန့်ရခြင်း၊ စိတ်လုံရခြင်းကို ကျွန်တော် အလွန်တန်ဖိုး ထားမိသည်။ အထူးသဖြင့် ငွေရေးကြေးရေးနှင့် ပတ်သက်လာလျှင် ပိုပြီးတန်ဖိုး ထားမိသည်။ ကိုယ်မရသင့် မရထိုက်သော ငွေကြေးကို တစ်ပြား တစ်ချပ်မျှ မယူမိအောင် ကျွန်တော် သတိထားသည်။ တင်းတင်း ကျပ်ကျပ် သီလစောင့်သည်။ ကျောင်း ဆရာ၊ စာရေးဆရာ အလုပ်နှင့် အသက်မွေးခွင့်ရသည်။ ထို အလုပ်နှစ်မျိုးလုံးကလည်း ကျွန်တော့်အား သင့်တင့်လျောက်ပတ်စွာ နေထိုင် စားသောက်နိုင် လောက်အောင် စောင့်ရှောက်သည်။ ကျောင်းဆရာ ဘဝတွင် ချို့ချို့ငဲ့ငဲ့နေရသည့် အခါများ ရှိခဲ့ဖူးပါသည်။ အိမ်ရှင်မ၏ ရွှေဘိုငွေစများကို ပြေးပြေးပြီး ပေါင်ခဲ့နှံခဲ့ရသည့် ကာလများကို အတော်ကြာကြာ ကြုံခဲ့ဖူးပါသည်။ သို့သော် သီလကျိုး ပေါက်သွား လောက်သည်အထိ တစ်ခါမျှ ကျပ်တည်းကျဉ်းမြောင်းခြင်း မဖြစ်ခဲ့။

မိသားစုတစ်စုလုံ အငတ်ငတ်အပြတ်ပြတ် ဖြစ်နေသောကြောင့် သီလပျက်ရသည်ကို နားလည်ရန် လွယ်ကူ ပါသည်။ သို့သော်လည်း ကျွန်တော့်လောက် မကျပ်တည်း၊ မကျဉ်းမြောင်းပါပဲလျက် မိမိ လိပ်ပြာကိုနင်းချေပြီး သိက္ခာကိုငွေကြေးနှင့် လဲပစ်လိုက်သောလူအများကို တွေ့လိုက်မိသောအခါ အံ့သြခြင်းမဖြစ်မိသော်လည်း ထိုသိုသောသူတို့၏ သီလကျိုးပျက်ရခြင်းအကြောင်းကို စဉ်းစားကြည့်မိ သည်။ ဘာကြောင့် ဒီလိုဖြစ်သွား ရသလဲဆိုတာမျိုးကို တွေးနေမိတတ်ပါသည်။

ကျွန်တော်တွေ့မိသလောက်မှာ မိသားစုများအနက် အိမ်ဦးနတ်ကဖြစ်စေ၊ အိမ်ရှင်မကဖြစ်စေ၊ သို့မဟုတ် မိသားစုဝင် တစ်ယောက်နှစ်ယောက်ဖြစ်စေ ဂုဏ်တုဂုဏ်ပြိုင်ပကာသနကို လိုက်စားလွန်း ခြင်း၊ အစား အသောက် အနေအထိုင်လော်လီခြင်းတို့ကြောင့် ဖြစ်လာတတ်သည်ဟု ထင်မိပါသည်။ အများဆုံးတွေ့ သည်မှာ ထိုသို့သောသီလပျက်မှုများသာ ဖြစ်ပါသည်။ ငယ်စဉ်က ဘာသာရေး၊ အဆုံးအမနည်းပါး ခဲ့သောကြောင့် သီလဆိုသည်ကိုပင်နှလုံးသားတွင် အရာမထင်ခဲ့သောသူများလည်း ရှိနိုင်ပါသည်။ သို့သော် ဘုရားကျောင်းကန်၊ ကြေးစည်သံများကြားတွင် ကြီးပြင်းလာခဲ့ရသော သူများ သည်ပင်လျှင်လည်း 'လိပ်ပြာပျောက်' သွားသည်ကို တွေ့လိုက်ရသောအခါ ပဓနာအချက်မှာ ကျွန်တော်အထက်တွင် ဆိုခဲ့သည့် အတိုင်း ဂုဏ်တုဂုဏ်ပြိုင် ပကာသနကို မတွန်းလှန်နိုင်ခြင်း၊ အစား အသောက် အနေအထိုင် တွင် လော်လီခြင်း တို့ကြောင့် သီလကျိုးပေါက်ရသည်က အများဆုံးဖြစ်သည် ဟု ထင်မိပါသည်။

မိသားစုဝင်တို့အနက် 'အိမ်ရှင်မ' သည်အလွန်ကို အရေးပါသည်ဟုလည်း ထင်မိပြန်ပါသည်။ အိမ်ရှင်မ ၏ ပကာသနမက်မောမှုကြောင့် ပျက်စီးသွားရသည့် သီလတွေကို တွေ့လိုက်ရသောအခါ ကျွန်တော့် ဇနီးကို အလွန်ကျေးဇူးတင်မိသည်။ သူသည် ကျွန်တော့်ကို လိပ်ပြာငယ်အောင် မလုပ်ခဲ့။

မရိုးမသားရသော ငွေကြေးသည် အရင်းအနှီးကြီးသလောက် အကျိုးအမြတ်နည်းသည် ဟူသောစကား ကို ကျွန်တော်အထပ်ထပ်သုံးသပ်ကြည့်မိသည်။ ထိုကဲ့သို့ မဟုတ်တမ်း တရားနည်းတွေနှင့် ငွေတွေ ကြေးတွေ အတောမ သတ်ရှာဖွေ၍ စည်းစိမ်ကြီးနှင့် ခဏတဖြုတ် ဟန်ဟန်ပန်ပန် နေလိုက်ပြီး ရှောင်တ ခင်ဆို သလို ထောင်တွင် အနားယူလိုက် ကြတာတွေကိုလည်း တွေ့ဖူးပြီး တမလွန်သို့ ခရီးရှည်ထွက် သွား ရတာတွေကိုလည်း တွေ့ဖူးပြီ။ သူရှာတာတွေကို သူဘယ်လောက်ခံစားလိုက်ရသလဲဟု တွေးဆ ချိန်ဆက် မိသောအခါ အရင်းအနှီးကြီးသလောက် အမြတ်နည်းလှချေတကားဟု အောက်မေ့လိုက်မိ သည်။ ထိုအခါ မျိုးတွင် Great is he who enjoys his earthenware as if it were plate, and not less great is the man to whom all his plate is no more than earthware. (မိမိစားနေသော မြေခွက်ကို ကြွေပန်းကန် ဟု သဘောထားနိုင် သူသည်ကား ကြီးမြင့်သော သူတည်း။ မိမိစားနေသော ကြွေပန်းကန်ကို မြေခွက်နှင့် မထူးဟု သဘောထားနိုင်သူလည်း ကြီးမြင့်သူပင်တည်း။) ဟူသောစကား လေးကို သတိရမိတတ်သည်။

ထမင်းကို မြေစလောင်းဖုံးတွင် ထည့်စားနေရပါလျက် မြိန်ယှက်ချမ်းမြေ့နေရသောသူကား 'လိပ်ပြာသန့်' နေသော သူသာ ဖြစ်နိုင်ပေလိမ့်မည်။ ရွှေပန်းကန် ရွှေခွက်နှင့် စားနေရစေဦးတော့ လိပ်ပြာမလုံနိုင်သော သူတို့ကား အတွင်းစိတ်တွင် ကျီးလန့်စာ စားသာ ဖြစ်နေပေလိမ့်မည်။

အောင်သင်း
သူ့အတွေး ကိုယ့်အမြင်
မောက္ခပညာရေးမဂ္ဂဇင်းမှ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...