ဆံပင်နှင့် လက်သည်းကို ကောင်းမွန်စွာ ရှင်သန်ဖို့ အထောက်အကူပြုသည့် အစားအစာ ၆ မျိုး

လူတစ်ဦးရဲ့ အလှကို တန်ဖိုးဖြတ်ရာတွင် ဆံပင်နှင့် လက်သည်းတို့ရဲ့ အလှတရား ဟာလည်း အခန်း ကဏ္ဍ တစ်ခုမှ ပါဝင်လျက် ရှိပါတယ်။ သို့သော် မျိုးရိုးဗီဇ အရသော် လည်းကောင်း၊ ထိန်းသိမ်းနည်း လွဲမှား၍ သော်လည်းကောင်း ယနေ့ခေတ် အမျိုးသား၊ အမျိုးသမီး အများစုဟာ ဆံပင်ပါးခြင်း၊ ဆံပင် ကျွတ်ခြင်းနှင့် လက်သည်း အလှအပ ထိန်းသိမ်း သင့်သည့် အမျိုးသမီးများတွင် လက်သည်း ဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် ခိုင်ခံ့မှု မရှိခြင်း စတဲ့ အလှပပြသနာ များကို ရှင်ဆိုင်ရလျက် ရှိပါ တယ်။

ဆံပင်နှင့် လက်သည်း အလှအပပြသနာ များကို ဖြေရှင်းဖို့ရန်အတွက် အမျိုးအမည် စုံလင်လှတဲ့ အလှပြင်ပစ္စည်းတွေ စူပါမားကတ် အသီးသီးမှာ ရှိနေကြပေမယ့် အချို့အလှပြင်ပစ္စည်းများက အသုံးပြုသူများကို အထောက်အပံ့ မပြုနိုင်တာကြောင့် သုံးစွဲသူများကိုယ်တိုင် သဘာဝကျကျ မိမိတို့ရဲ့အလှအပများကို ထိန်းသိမ်းနိုင်ဖို့ အရေးကြီး လှပါတယ်။

ယခုတစ်ပါတ် NewsWatch ဂျာနယ်ပရိတ်သတ်များကို ဖော်ပြပေးမည့် အစားစာ ၆ မျိုးက အသားရည် လှပစိုပြေစိုဖို့ ထိရောက်စွာ အထောက်ကူ မပြုနိုင်သော်လည်း ဆံပင်နှင့် လက်သည်းကို ကျန်းမာသန်စွမ်းပြီး လှပစိုပြေနေစေဖို့ လိုအပ်သည့်ဓါတ်များမှာ အမျိုးမည် တစ်မျိုးတည်း ဖြစ်တာကြောင့် ဖော်ပြပါ အထောက် ကူပြုအစားစာများက ပရိတ်သတ်များ၏ ဆံပင်နှင့် လက်သည်းကျန်းမာရေးကို ထိရောက်စွာ အထောက် ကူပြုပါလိမ့်မယ်။

၁။ ဒိန်ချဉ်

အလွယ်တကူ ၀ယ်ယူရရှိနိုင်ပြီး ပရိတ်သတ် အများစုလည်း ကြိုက်နှစ်သက်ကြတဲ့ ဆံပင်နှင့်လက်သည်း ကျန်းမာရေးကို အထောက်ကူပြုတဲ့ အစားစာကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်မှာ ဆံပင် ကျန်းမာစွာရှင်သန်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ကာရာတင်(keratin) လို့ခေါ်တဲ့ ပရိုတိန်းဓါတ်တွေ ပါဝင်ပါတယ်။ ဆံပင်ဟာ လုံလောက်တဲ့ ပရိုတိန်းဓါတ်ကိုမရရှိပါက ဆံပင်ကျွတ်ခြင်းဆိုတဲ့ ရလဒ်ဆိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် မိမိတို့နေ့စဉ် စားသောက် နေတဲ့ မနက်စာထဲမှာ ဒိန်ချဉ်တစ်ဇွန်းခန့် ပါဝင်အောင်စားသောက်နိုင်ပါက ကျန်းမာသန်စွမ်းပြီးလှပတဲ့ ဆံပင်နှင့် လက်သည်း ပိုင်ရှင်များဖြစ်လာနိုင်ကြမှာပါ။

၂။ အသား

အနီရောင်အသားလို့ အနောက်တိုင်းမှာ ခေါ်ဝေါ်ကြတဲ့ အမဲသား၊ ဆိတ်သား အစရှိတဲ့ အသားတွေဟာ ဆံပင်နှင့် လက်သည်း ကျန်းမာရေးမှာ အရေးပါတဲ့ ပရိုတိန်းဓါတ် နှင့် သံဓါတ်များ ကြွယ်ဝစွာပါဝင်တဲ့ အစားစာတွေဖြစ်တာကြောင့် အခါအားလျော်စွာ စားသုံးပေးသင့်ပါတယ်။ လေ့လာဆန်းစစ်ချက် များအရ သံဓါတ်ချို့တဲ့ အားနည်းသူများဟာ ဆံပင်ပါးခြင်းနှင့် ကိုင်လွန်နီချီယား(koilonychia) လို့ခေါ်တဲ့ လက်သည်းရောဂါ တစ်မျိုးနှင့်ဆက်စပ်မှုရှိနေတာကိုတွေ့ရပါတယ်။ သို့သော် အမဲသားနှင့် ဆိတ်သားတို့ကို မိမိတို့ ရဲ့နေ့စဉ်ပုံစဉ် အစားသောက်ထဲ ထည့်သွင်း စားသောက်ဖို့တော့ မလိုအပ်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် ၎င်းအသားတွေမှာ ကျန်းမာရေးနှင့် မသင့်တော်သည့် ပြည့်ဝဆီများနှင့် အခြားဓါတ်များ ပါဝင် တာကြောင့် အလွန်အကျွံစားသုံးပါက နှလုံးရောဂါ အန္တရာယ်နှင့် အခြားရောဂါများ ကိုဖြစ်ပွားစေနိုင် တာကိုတော့ သတိပြုသင့်ပါတယ်။

၃။ မက်မွန်သီး

မက်မွန်သီးဟာ ပရိုတိန်း ဓါတ်ကြွယ်ဝသော သဘာဝအသီး တစ်မျိုးဖြစ်ရုံသာမက မဂ္ဂနီဆီယန်ဓါတ်များ ကြွယ်ဝစွာပါဝင်နေတာကြောင့် ဆံပင်နှင့် လက်သည်း ကျန်းမာ လှပရေးအတွက် အထောက်ကူပြုပါတယ်။ မဂ္ဂနီဆီယမ်ဆိုတာ စိတ်ဖိအားများကို တွန်းလှန် တိုက်ခိုက်နိုင်တဲ့ အဓိက ဓါတ်တစ်မျိုးဖြစ်ပြီး ဆံပင် ကျွတ်ခြင်း သည် လူတစ်ဦး၏ ခံစားနေရသော စိတ်ဖိအားများပေါ်တွင် အဓိက မူတည်တာကြောင့် မက်မွန်သီးက ဆံပင် ကျန်းမာရေးအတွက် အထောက်ကူပြုပါတယ်။ ဒါ့အပြင် လက်သည်းများပေါ် တွင်ဖြစ်ပေါ် တတ်တဲ့ ဒေါင်လိုက် အရေးကြောင်းများဟာ ခန္ဓာကိုယ်အတွင်း မဂ္ဂနီဆီယမ်ဓါတ် မလုံလောက်ခြင်းရဲ့ လက္ခဏာများဖြစ်ပါတယ်။ မဂ္ဂနီဆီယမ် ဓါတ်ကို အစိမ်းရောင်အရွက်များနှင့် ပဲအချို့ မှလည်း ရရှိနိုင်ပါတယ်။

၎။ ဘီယာ

ဘီယာကတော့ အမျိုးသား ပရိတ်သတ်များအကြိုက် ဆံပင်အထောက်ကူပြု အစားစာဖြစ်ပါလိမ့်မယ်။ အစားသောက်နှင့် သီးနှံဆိုင်ရာ သုတေသနပြုသည့် အဖွဲ့စည်းတစ်ခု၏ ထုတ်ပြန်ချက်အရ ဘီယာသည် ဆီလီကွန်ဓါတ်ကြွယ်ဝသည့် အစားစာ တစ်မျိုးဖြစ်ပါတယ်။ ဘီယာမှာပါဝင်သည့် ဆီလီကွန်ဓါတ်ဟာ သတ္တုဓါတ် တစ်မျိုးဖြစ်ပြီး ဦးရည်ပြား သွေးသား လည်ပတ်မှုစနစ်ကို ကောင်းစွာ အထောက်ကူပြု တာကြောင့် ဆံပင်ကျန်းမာရေးအတွက် လွန်စွာကောင်းမွန် တာကိုတွေ့ရတယ်ဟု ဝါရှင်အခြေစိုက်လေဆာ ကုထုံးကျောင်းနှင့် ဂျွန်ဟော့ကင်း တက္ကသိုလ် အရေးပြားရောဂါဗေဒ ဆိုင်ရာဌာန တို့မှ အကြီးကဲဖြစ်သူ ရီဘက်ကာခိုင်ဇင် က အတည်ပြုပြောကြားထားပါတယ်။ သို့သော်လည်း ဆံပင်ကျန်းမာရေး အကြောင်းပြ ကာ NewsWatch ဂျာနယ်အမျိုးသား ပရိတ်သတ်များ ဘီယာ အလွန်အကျူးသောက်သုံးမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျွမ်းကျင်သူများရဲ့ အဆိုအရ အမျိုးသမီးတစ်ဦးအနေဖြင့် တစ်ရက်လျှင် ဘီယာ တစ်ခွက်နှင့် အမျိုးသား တစ်ဦးလျှင် ဘီယာ ၂ ခွက်ခန့်သောက်သုံးပါက နေ့စဉ် လိုအပ်သော ဆီလီကွန်ဓါတ်များ လုံလောက်စေနိုင်သည်ဟု ထုတ်ပြန် ထားပါတယ်။

၅။ နွားနို့

နွားနို့ဟာ ဆံပင်ကျန်းမာရေးအတွက် အထောက်ကူပြုသည် ဆိုသည့်အချက်ကို သိရှိ၍များ သမ္မတကြီးက နိုင်ငံ သားများကို နွားနို့သောက်ခိုင်း သည်လားဆိုသည့် အချက်ကတော့ အတွေးပွားစရာပါ။ ဘာကြောင့်လဲဆိုရင် တိကျခိုင်မာသော သက်သေပြချက်များ ထုတ်ဖော်ပြောဆိုနိုင်ရန်လေ့လာ ဆန်းစစ်ချက်များပြုလုပ်ရန် လိုအပ်လျက် ရှိနေသေးသော်လည်း အချို့သော လေ့လာမှုများအရ နွားနို့တွင် ပါဝင်သော ဗိုက်တာမင်ဒီ နှင့် ဆံပင်ကျွတ်ခြင်း တို့ဟာ ဆက်စပ်မှုရှိနေတာကြောင့်ပါ။ ဆံပင်ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးအများ စုတွင် ရှိသော ဗိုက်တာမင် ဓါတ်ပမာဏသည် ဆံပင်ကျန်းမာရေး ကောင်းမွန်သည့် အမျိုးသမီးများထက် ချို့တဲ့သည်ဆိုသည့်အချက်ကိုတော့ အရေပြားလေ့လာရေး ဆေးအဖွဲ့များက အတည်ပြုချက် ရယူနိုင် ခဲ့ပြီးဖြစ်သော်လည်း နွားနို့အပြင် မိမိတို့၏ဆရာဝန်များနှင့်တိုင်ပင်ကာ အခြားသောဆေးဝါးနှင့် သဘာဝ ပစ္စည်းများမှလည်း ဗိုက်တာမင်ဒီ ဓါတ်ကို ရယူနိုင်ကြပါတယ်။

၆။ ဥများ

ကြက်ဥ၊ ဘဲဥ အစရှိတဲ့ ဥများမှာ ပရိုတိန်းဓါတ်နှင့် ဗိုက်တာမင်ဒီ ဓါတ်အချို့လည်း ပါဝင်သည့်အပြင် ဘိုင်အိုတင် လို့အမည်ရတဲ့ ဗိုက်တာမင်ဘီ အရောနှောတွေ ပါဝင်ပါတယ်။ ဘိုင်အိုတင် စဟာ ဆံပင် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကာရာတင် ဓါတ်ကို ဖြစ်ထွန်းစေနိုင်ပါတယ်။ ဘိုင်အိုတင်ဓါတ် ချို့ယွင်းသူ များဟာလည်း ဆံပင်ကျွတ်ခြင်းကို ခံစားရတတ်တာကြောင့် ဆံပင် ကျန်းမာရေးအတွက် ဥများ စားသုံး သင့်ပါတယ်။


အောင်ဟိန်းခိုင်
https://www.facebook.com/NewsWatchJournal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...