ဖေ့စ်ဘွတ်ခ် ထူထောင်သူ ဇုကာဘတ်ခ် တရုတ်ဘာသာဖြင့် ဟောပြောဆွေးနွေး

ျဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို တည်ထောင်သူ တဦး ဖြစ်သော မတ်ခ် ဇုကာဘတ်ခ် သည် ဘေဂျင်းမြို့ရှိ ဆင်ဟွာ တက္ကသိုလ် တွင် အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့က တရုတ် ဘာသာဖြင့် ဟောပြောပြီးနောက် အမေးအဖြေ များကိုလည်း တရုတ် ဘာသာဖြင့်ပင် တောက်လျှောက် ပြုလုပ်ကာ ပရိသတ်က အထင်ကြီး လေးစားသွားအောင် လုပ်ပြခဲ့ပါသည်။

မတ်ခ် ဇုကာဘတ်ခ်အား ဆင်ဟွာ တက္ကသိုလ်၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးဌာန အကြံပေး ဘုတ်အဖွဲ့တွင် ထည့်သွင်း ခန့်အပ်ခဲ့ပြီးနောက် ဤကဲ့ သို့ ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ မိနစ် ၃၀ ကြာ ဆွေးနွေးပွဲတွင် တရုတ်ဘာသာ စကားဖြင့်သာ တောက်လျှောက် ပြောဆိုဖြေကြား သွားသော မတ်ခ်ဇုကာဘတ်ခ်အား တရုတ်ပြည်သူ များက ချီးကျူးကြရပါသည်။ မကြာခဏ နားပြီး ပြောရခြင်း၊ သဒ္ဒါ အမှား အချို့ရှိခြင်းတို့မှ အပ တချိန်လုံး တရုတ်စကားဖြင့် ပြောဆိုနိုင်သော သူ၏ စွမ်းရည်ကို ပရိသတ်က နှစ်သက် သဘောကျကြ၏။

ဇုကာဘတ်ခ်၏ တရုတ်စကားပြောပုံမှာ ၇ နှစ်အရွယ် ကလေးတယောက် ပြောသလို ဖြစ်နေပြီး၊ အချို့စကားလုံးများသည် ကြိုတင်၍ အလွတ်ကျက်ထားမှန်း သိသာသည်ဟု ဝေဖန်သူများလည်း ရှိသည်။ သို့သော် ယခုကဲ့သို့ မိနစ် ၃၀ လုံးလုံး တရုတ်စကားဖြင့် အမေးအဖြေလုပ်နိုင်သည်မှာ မဆိုးလှကြောင်း ပြောဆိုကြသည်။

အချစ်၏ တန်ခိုးသတ္တိ

ငယ်ရည်းစား တရုတ်အမေရိကန် အမျိုးသမီး ပရက်စီလာ ချန်းအား ၂၀၁၂ ခုနှစ်တွင် လက်ထပ်ခဲ့သော မတ်ခ် ဇုကာဘတ်ခ်သည် ရည်းစား၏ တရုတ်နိုင်ငံရှိ အဖိုးအဖွားများနှင့် စကားပြောဆိုကာ စေ့စပ်ကြောင်း လမ်းရေးအတွက် တရုတ်ဘာသာကို ၂၀၁၀ ခုနှစ်တွင် စတင် သင်ယူ လေ့လာခဲ့ပါသည်။

ဆင်ဟွာတက္ကသိုလ် ဟောပြောပွဲတွင် ဇုကာဘတ်ခ်က သူသည် တရုတ်နိုင်ငံသို့ လေးကြိမ် ရောက်ဖူး ၍ ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ဟန်ကျိုးကဲ့သို့ အဓိက မြို့ကြီးများကို သွားရောက်ခဲ့ကြောင်း ပရိသတ်အား ပြောပြ သည်။ သူသည် ဇနီးသည်၏ တရုတ်ဆွေမျိုး အသိုင်းအဝိုင်းနှင့် ပို၍ ပြောဆို ဆက်ဆံနိုင်အောင် တရုတ် စကားကို လေ့လာ သင်ယူလိုသော ဆန္ဒရှိကြောင်း ပြောကြားသည်။

ပြည်သူနှင့် တိုင်းပြည်တိုးတက်ရေးမှာ အင်တာနက် အရေးကြီး

ဇုကာဘတ်ခ်သည် အာရှတိုက်တွင် အင်တာနက်ကို ပြည်သူလူထု ပိုမို ကျယ်ပြန့်စွာ အသုံးပြုနိုင်အောင် လုပ်ဆောင်ရေးအတွက် ခရီးလှည့်လည်နေခြင်း ဖြစ်၏။

ဇုကာဘတ်ခ်၏ တရုတ်စကားဖြင့် ဟောပြောဆွေးနွေးမှု များကို တရုတ်ပြည်သူလူထုက နှစ်သက် သဘောကျစေကာမူ တရုတ်အစိုးရက ၎င်း၏ ဖေ့စ်ဘွတ်ခ်ကို တရုတ်နိုင်ငံတွင် ကန့်သတ် ပိတ်ပင်ထား သည်။ ဖေ့စ်ဘွတ်ခ် ဝင်တိုး၍ မရသော တရုတ်နိုင်ငံတွင် ဝေဘိုနှင့် ဝီချက်ကဲ့သို့ တရုတ်ဒေသခံ လူမှု ကွန်ရက်များ ခေတ်စားနေ၏။

ဤကိစ္စနှင့် ပတ်သက်သော မေးခွန်းများကို ဇုကာဘတ်ခ်က ရှောင်ရှားဖြေဆို သွားသည်။ “ကျွန်တော်တို့က တရုတ်ပြည်မှာ ရှိနေပြီးသားပါ။ တရုတ် ကုမ္ပဏီတွေ နိုင်ငံရပ်ခြားမှာ ဖောက်သည် တိုးပွားစေ ဖို့ ဖေ့စ်ဘွတ်ခ် ကြော်ငြာတွေကတဆင့် ကူညီပေးနေပါတယ်” ဟု ဇုကာဘတ်ခ်က ဖြေကြားခဲ့ပါသည်။

“အင်တာနက်ဟာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးပြီး၊ စီးပွားရေး ဖွံ့ဖြိုးတိုး တက်အောင် မြှင့်တင်ပေးနိုင်ပါတယ်” ဟူ၍ ဇုကာဘတ်ခ်က ဆင်ဟွာ တက္ကသိုလ်တွင် ပြောကြား သွားခဲ့ သည်။


ကမ္ဘာသစ် လူမှုစီးပွား မီဒီယာ
kabarthit.com
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...