Kegel Exercises အမျိုးသမီးများအတွက် လေ့ကျင့်ခန်း

လေ့ကျင့်ခန်း အမျိုးမျိုး ရှိသည့်အနက် အမျိုးသမီးများ လုပ်ဆောင် သင့်သော ဆီးခုံတွင်း ကြွက်သားများနှင့် ပတ်သက်သည့် Kegel Exercises အကြောင်း ဖော်ပြပေး သွားပါမည်။ Kegel Exercises မှာ အမျိုးသမီးများ လုပ်ဆောင် သင့်သော လေ့ကျင့်ခန်း တစ်ခုဖြစ်သည်။

Kegel Exercises မှာ ဆီးမထိန်းနိုင်ခြင်းနှင့် အခြားသော ပြဿနာအချို့အတွက် ကုစား ရန်ဖြစ်သော်လည်း လိင်ဆက်ဆံမှုနှင့် ပတ်သက်၍ အကျိုးရလဒ်ကောင်းများ ဖြစ် ထွန်းစေကြောင်း တွေ့ရ သည်။ ဆီးမထိန်းနိုင်သော အမျိုးသမီးများကို Kegel Exercises လုပ်ဆောင်စေခဲ့ရာတွင် လိင်ဆက်ဆံမှု ၌လည်း ပိုမိုကျေနပ်မှု ရရှိနိုင်ခဲ့သဖြင့် လိင်ဆက်ဆံမှု ပြဿနာများ အတွက်လည်း ကျွမ်းကျင် ပညာရှင်များက Kegel Exercises ကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြသည်။

အဆိုပါ လေ့ကျင့်ခန်းသည် သားအိမ်၊ ဆီးအိမ်နှင့် အူလမ်းကြောင်းတို့ကို ထိန်းသိမ်း ပေးထားသော ဆီးခုံတွင်း အောက်ခံကြွက်သားများ (Pelvic Floor Muscles) ကို သန်စွမ်းကြံ့ခိုင်စေသည်။ လေ့ကျင့်ခန်းကို အချိန်၊ နေရာမရွေး လုပ်ဆောင်နိုင်သည်။ ကားမောင်းရင်း၊ ထိုင်ခုံတွင် ထိုင်နေရင်း၊ လဲလျောင်းနေရင်း လေ့ ကျင့်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်စဉ်မှာပင် Kegel Exercises ကို လုပ်ဆောင်နိုင်သည်။

ဆီးခုံတွင်း အောက်ခံ ကြွက်သားများသည် အကြောင်း အမျိုးမျိုးကြောင့် အားပျော့ နိုင်သည်။ ကိုယ်ဝန် ဆောင်ခြင်း၊ သားသမီး မွေးဖွားခြင်း၊ အသက်အရွယ် ကြီးလာခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ကဲခြင်း စသည်တို့ကြောင့် ကြွက်သားများ အားနည်း လာနိုင်ပါသည်။ ဆီးခုံတွင်းရှိ အင်္ဂါ အစိတ်အပိုင်းအချို့ အောက်သို့ကျွံကျလာခြင်း သို့မဟုတ် နိမ့်ကျလာခြင်းကြောင့် နေထိုင်ရသည်မှာ မအီမသာဖြစ်ခြင်းမှ ဆီးမထိန်းနိုင်ခြင်းမျိုးအထိ ဖြစ်နိုင်သည်။

နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ လိင်ပိုင်းဆိုင်ရာ ကုထုံးနှင့် Kegel Exercises တို့ ပူးပေါင်း လုပ်ဆောင်ပေးခြင်းဖြင့် ဆန္ဒပြီးမြောက်မှု မရှိနိုင်ခြင်းကိုပင် ကုသမှုပေးနိုင်သည်။ Kegel Exercises ကို လုပ်ဆောင်ရန်အတွက် ဆီးသွားပါ။ ပြီးလျှင် ထိုင်လျက် သို့မဟုတ် လဲလျောင်းလျက် အနေ အထားတွင် နေပေးပါ။ ဆီးခုံတွင်း ကြွက်သားများကို ကျုံ့ညှစ်ပါ။ ညှစ်သည့် အနေအထားမှာပင် ငါးစက္ကန့် ကြာအောင် ထိန်းထားပေးပါ။ ပြီးလျှင် ကြွက်သားများကို လျှော့ဆန့်ပါ။ ငါးမိနစ် ကြာအောင် လျှော့ဆန်ပါ။

အထက်ပါအတိုင်း လေးငါးကြိမ် ဆက်လက်၍ ကျုံ့ညှစ်ခြင်းနှင့် လျှော့ဆန့်ခြင်းတို့ ပြုလုပ်ပါ။ နောက် တစ်ကြိမ်တွင် ကျုံ့ညှစ်ခြင်းကို ၁၀ စက္ကန့်ကြာအောင် ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်း လုပ်ဆောင်စဉ် အသက် ရှူ အောင့် မထားမိစေရန် လိုအပ်သည်။ အသက်ကို ပုံမှန်အတိုင်း ရှူသွင်းရှူထုတ် ပြုလုပ်နေရပါမည်။ တစ်နေ့လျှင် သုံးကြိမ်ခန့် လုပ်ဆောင် ပေးသင့်သည်။ အလုပ်လုပ်ရင်း၊ တီဗီကြည့်ရင်း၊ အခြားတစ်စုံ တစ်ရာ ပြုလုပ်နေရင်း ဤလေ့ကျင့်ခန်းကို အချိန်နေရာမရွေး လုပ်ဆောင် သွားနိုင်ပါသည်။

ဆီးမထိန်းနိုင်ခြင်းကို သက်သာ ပျောက်ကင်းစေရုံ သာမက လိင်ဆက်ဆံမှု၌ ကောင်းမွန်သော အခြေအနေ ဖြစ်ပေါ်စေနိုင်သည်။


Mg Mandalay
https://www.facebook.com/mg.mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...