သတိ ပျင်းတတ် သူများလည်း အောင်မြင်ခွင့် ရှိသည် (ဘ၀အောင်မြင်ရေး စာစု-၁)

အခုတင်ပြမယ့် Sure Methods for Lazy, Crazy Youth ရဲ့ အကြောင်း အရာတွေက ဘ၀မှာ အလွန် အင်မတန် အောင်မြင်ချင် ပါတယ် ဆိုတဲ့ လူငယ် တိုင်း အတွက် အကောင်းဆုံးနဲ့ အသေချာဆုံး နည်းလမ်းတွေ တင်ပြပေး မှာဖြစ်တယ်။ ဒါကြောင့် "သေချာတယ်၊ စိတ်ချလိုက် တို့လူငယ်" လို့ အမည်ပေးလိုက် ချင်ပါတယ်။

ရိုးသား ကြိုစားသော၊ ပညာတော် ပညာတတ်သော၊ ခိုင်လုံပေါများကြွယ်ဝတဲ့ မျိုးဆက်မိဘတွေက ပေါက်ဖွား လာသော စတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံပြီးသား လူငယ်တွေက ဘ၀ အောင်မြင်ဖို့ သူတို့ဘာသာ သူတို့ အသေအချာ ရှိနေပြီးသားပါ။ ဒါပေမယ့် ပျင်းတတ်တဲ့သူ၊ အချောင်ခိုတတ်တဲ့သူ၊ ပေါ့ပေါ့တန်တန်နေပြီး ဇိမ်ကျကျခံစားလိုသူ လူငယ်တွေမှာကျတော့ အောင်မြင်ဖို့ နည်းလမ်း မရှိသလိုလို၊ ဘ၀မှာ မအောင်မြင်နိုင် ဘူးလို့ ထင်စရာလိုလို ဖြစ်နေတယ်။

ဒီမိုကရေစီ ခေတ်ကြီးထဲမှာ လူတိုင်းမှာ အခွင့်အလမ်းရှိပါတယ်။ ပြီးတော့ တရက်မှာ ၂၄ နာရီ ပိုင်ဆိုင် တာခြင်းအတူတူ လူတိုင်းမှာ အောင်မြင်ခွင့် ရှိပါတယ်။ ပျင်းပါတယ်ဆိုတဲ့ လူငယ်မှာလည်း အောင်မြင် ရာ အောင်မြင်ကြောင်း နည်းလမ်းကောင်းတွေ အများကြီးပါ။ အဲဒီ နည်းလမ်းကောင်းတွေ အိတ်သွန် ဖာမှောက်၊ အကုန်အစင်၊ မချွင်းမချန် (ဆရာစားမချန်)ပြောပြမှာပါ။ နည်းနည်းပြောချင်တာက လူတွေဟာ အမြင်မတူနိုင်ကြတော့ ဒီနည်းတွေကို နှစ်သက်သူလည်း ရှိမယ်၊ နှာခေါင်းရှုံ့သူလည်း ရှိနိုင်တယ်။ ကမ္ဘာပေါ် မှာပဲ ကြည့်ကြည့်၊ မြန်မာပြည်တွင်းမှာပဲ ကြည့်ကြည့် အောင်မြင်ထင်ရှား၊ ကျော်ကြား ကြွယ်ဝသူ အများစု ဟာ အခုဖော်ပြမယ့် နည်းတွေကို ကျင့်သုံးနေကြတာကို ထင်ရှားစွာ တွေ့မြင်နိုင်တယ်။တခု သိစေချင်တာက ဒီနည်းလမ်းတွေဟာ အစဉ်အလာ ဘာသာရေး စည်းမျဉ်းတွေကို ဖောက်ဖျက်တာ မဟုတ်သလို၊ တည်ဆဲ ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တာလည်း မဟုတ်ပါဘူး။ တို့လူငယ်တွေအနေနဲ့ ကိုယ်တိုင် ရွေးချယ်ဖို့ပဲ။

ပျင်းတဲ့လူငယ်

“ခရုမှာလည်း အဆံနဲ့ ငပုမှာလည်း အကြံနဲ့” ဆိုသလို ပျင်းတတ်တဲ့ တို့လူငယ်တွေ အနေနဲ့ အကြံကောင်း တခု ပိုင်ဆိုင်ရင် ဘ၀မှာ အလွယ်လေးနဲ့ အောင်မြင်မှာပါ။ ပြီးတော့ အားကိုးစရာ “အကြံကုန် ဂဠုန် ဆားချက်” ဆိုတာလည်း ရှိသေး မဟုတ်လား။ ဒီတော့ ရဲရဲသာ ပျင်းပါ။ ဒါပေမယ့် ကိုယ့်ဘ၀ အောင်မြင်ချင် တာ၊ လိုချင် ရချင်တာကိုတော့ စိတ်ထဲက ပျောက်မသွားစေနဲ့ပေါ့။ ဆန္ဒရှိရင် နည်းလမ်းသိတယ်။ ဆန္ဒလေး ကို ထက်သန်လာအောင်မွေး။ အဲဒီ စိတ်ဆန္ဒပျောက်သွားရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးနော်။ ကဲပါလေ..၊ ပျင်းပျင်းနဲ့ ဆက်ပြောရရင်…။

ပျင်းတယ်ဆိုတာ ကြားရတာသာ မကောင်းတာ အင်မတန်ဇိမ်ရှိတဲ့အလုပ်။ ပျင်းတဲ့ တို့လူငယ် အနေနဲ့ အပျင်း တတ်ရမယ်။ ပျင်းတတ်အောင် ဘယ်ကျောင်းကမှ သင်မပေးဘူး မဟုတ်လား။ ဘယ်လို အပျင်း တတ်ရမယ် ဆိုတာ မသိကြလို့ပဲ။ တကယ်တော့ ပျင်းတဲ့သူဆိုတာ နည်းလမ်းကောင်းတွေ ရှိထားလို့ပါ။ ဥပမာ စာကျက် ရမယ်လို့ ဆရာမက ပြောတဲ့အခါ ပျင်းတဲ့လူငယ်က စာမကျက်ချင်ဘူး။ ပျင်းတယ်။ ဒါနဲ့ ကိုယ်တိုင် စာမကျက်ဘဲ စာကို အော်ကျက်တတ်တဲ့ အတန်းဖော်နား ထိုင်ပြီး အိပ်ငိုက်နေလိုက်တာနဲ့ သူကျက်တဲ့ စာတွေ ကိုယ်က အလိုလို ရပြီးသား ဖြစ်နေမှာလေ။ ဘယ်လောက်ကောင်းလဲ။ ပျင်းတာ ကောင်းတယ်။ လူသက်သာတယ်။ ကိုယ်သက်သာဖို့ နည်းလမ်းကောင်းတော့ ရှာရမှာပေါ့။ ကိုယ်က ပျင်းတာကိုး။

ပျင်းတာနဲ့ပတ်သက်ပြီး ပုံပြင်တွေ အများကြီးပါ။ ငပျင်းတယောက်ဟာ ပျင်းလို့ ဆိုပြီး အိပ်နေသတဲ့။ တခြား ငပျင်းတယောက်က “ဟေ့ကောင် မင်းနဲ့ငါ အပျင်းပြိုင်ရအောင်”လို့ ပြောတော့ “မပြိုင်ချင်ပါဘူးကွာ၊ ပျင်းလွန်းလို့” ဆိုပြီး ပြန်ပြောလိုက်သတဲ့။ ဘယ်လောက် ကောင်းလဲ။ ဒါပေမယ့် တို့လူငယ်တွေအတွက် ဟန်ကျပန်ကျ ပျင်းတတ်ဖို့ လိုတယ်။

ပျင်းတာနဲ့ မအောင်မြင်ချင်တာ မတူဘူး။ ပျင်းတာက ပျင်းတာပဲ။ သက်သက်သာသာ နေထိုင်အောင်မြင် ချင်တာ။ တို့လူငယ်က ပျင်းတော့ ပျင်းတယ် ၊ ဒါပေမယ့် အောင်မြင်ချင်စိတ်လည်း ရှိသေးတယ် ဆိုရင် သေချာပြီ တို့လူငယ်ရေ စိတ်ချ အောင်မြင်ချင်တဲ့အတိုင်း အောင်မြင်မှာပဲ။ ဘယ်လောက်ပဲ ပျင်းတဲ့ သူပဲ ဖြစ်ဖြစ် စိတ်ကူးတော့ ယဉ်မှာပဲ။ ဒီတော့ အပြုသဘောဆောင် စိတ်ကူးယဉ်ခြင်းကို လုပ်ကြစို့။ စိတ်ကူး သက်သက်ဆိုရင် ဘယ်လိုလုပ် အောင်မြင်မှာလဲ။ လက်တွေ့ပါမှ ဖြစ်မှာလေ။

အပြုသဘောဆောင် စိတ်ကူးခြင်း

ဥပဒေသ အမှတ် (၁) စိတ်ကူးထဲ ဘုရားတည် မငယ်စေနဲ့

တို့လူငယ်တွေ သေးသေးဖွဲဖွဲလေးတွေ မစဉ်းစားနဲ့။ ကြီးကြီးကျယ်ကျယ်ပဲ စဉ်းစားရမယ်။ ဥပမာ ထမင်းခဲလေး ယပ်ခတ်ပြီး ချို့ချို့ငဲ့ငဲ့ စားရမယ့်အနေအထားမျိုး လုံးဝ စိတ်မကူးပါနဲ့။ ခမ်းနားတဲ့ အဲကွန်းခန်း ထဲမှာ ကြက်ကြော်နဲ့ဘီယာသောက်ပြီး ဇိမ်ကျနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ကူးရမှာ။

အများအားဖြင့် လူတွေ မအောင်မြင်တာ စိတ်ကူးထင်မြင်မှု မရှိလို့ပဲ။ စိတ်ကူးထင်မြင်မှု မရှိတဲ့သူ အတွက် အောင်မြင်ခိုင်မာတဲ့ ဘ၀ မရှိတာ ဘာမှ မဆန်းဘူး။ အောင်မြင်ခိုင်မာတဲ့ ဘ၀ကို ပိုင်ဆိုင်တာရဲ့ အခြေခံ အကြောင်းရင်းဟာ အပြုသဘောဆောင် စိတ်ကူးခြင်းကြောင့်ပဲ။ တနည်းအားဖြင့် ကြီးကြီး ကျယ်ကျယ် စဉ်းစားလို့ပဲ။

စိတ်ကူးထင်မြင်မှု လို့ခေါ်တဲ့ (imagination) ဆိုတာ သက်ရှိအားလုံးထဲမှာ လူ၌သာလျှင် ပိုင်ဆိုင်တဲ့ မဟာစွမ်းအားကြီးပါ။ ဒီတော့ ပျင်းပျင်းလေးနဲ့ ကြီးကြီးကျယ်ကျယ်ကိုတွေး။ ကြွယ်ဝ ပြည့်စုံမှုတွေ စိတ်ကူး ထဲမှာ ထင်ထင်ရှားရှား မြင်အောင်ကြည့်။ ဒါဟာ တပြားတချပ်မှ မကုန်ဘဲ၊ ချွေးတစက် မကျဘဲ စိတ်ဆန္ဒ စွမ်းအားကို စုစည်းပွားများအောင် လေ့ကျင့်နေတာပါ။

ဥပဒေသ အမှတ် (၂) မဖြစ်နိုင်ဘူးဆိုတာ မတွေးနဲ့

လောကကြီးမှာ ကိုယ်ပိုင်ဆိုင် ထိန်းချုပ်နိုင်တာ ဘာမှ မရှိသလောက်ပါ။ ဥပမာ ရာသီဥတု၊ သဘာဝဘေး၊ ကုန်ဈေးနှုန်း၊ ခေတ်အပြောင်းအလဲ၊ ကိုယ့်ရဲ့ခန္ဓာကိုယ် ကျန်းမာရေး စသဖြင့်ပေါ့။ ဒါပေမယ့် အင်အားအကြီးမားဆုံး ပိုင်ဆိုင်မှုတခုတော့ ရှိပါသေးတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ စိတ်ပါပဲ။ အဲဒီ စိတ်ထဲမှာ အားငယ်ပျော့ညံ့တဲ့အတွေးတွေ၊ မဖြစ်နိုင်လောက်ဘူး ဆိုတဲ့ အတွေးတွေ မတွေးမိအောင်တော့ တို့လူငယ်တွေ သတိထား ထိန်းချုပ်လိုက်ပေါ့။ ပညာရှိကြီး တစ်ယောက်ရဲ့ စကားတခွန်းကို လက်ဆောင်ပေးလိုက်မယ်။

Act as a conqueror, you will be conqueror. မြန်မာလို ဘာသာပြန်ရရင် - “အောင်မြင်သူ တယောက် လို ကျင့်ကြံနေထိုင်ပါ၊ သင် အောင်မြင်သူ ဖြစ်လာလိမ့်မည်” တဲ့။ ဒီစကားကို ပြောင်းပြန်လှန် နားလည် ကြည့်ရင် ကလေကချေလို ကျင့်ကြံနေထိုင်ရင် ကလေကချေ ဖြစ်လာမည် လို့ အလွယ်ကလေး သဘောပေါက်နိုင်တယ်။

ဒီတော့ အမြဲတမ်း ရွှင်လန်းတက်ကြွအောင်စိတ်ကိုထား။ မရှိစကား မပြောကြားနဲ့။ ညှိုးညှိုးငယ်ငယ် မနေနဲ့။ အဆင်မပြေ တာတွေကို မတွေးနဲ့ မကြံနဲ့။ ကိုယ်ဖြစ်ချင် ရချင်တဲ့ ဘ၀ အနေအထားကို ရရှိပြည့်စုံနေပြီလို့ ဦးခေါင်းကိုမြှင့် ရင်ကိုပင့် ရဲရင့်တည်ကြည်တဲ့ အမူအကျင့်ကို လက်ကိုင်ထား။

ကဲ ပျင်းတဲ့ တို့လူငယ်တွေ အနေနဲ့ အခု ပြောပြခဲ့တဲ့ အချက်တွေကို နည်းနည်း စိတ်ဝင်စားတယ် ဆိုရင် နောက်လာမယ့် အချက်အလက်တွေကို ကိုယ့်မူကိုယ့်ဟန်အတိုင်း ပျင်းပျင်းရိရိဖတ်၊ အောင်မြင်ရေး လမ်းမပေါ် လျှောက်လှမ်းနေပြီလို့ ခိုင်ခိုင်မာမာယုံကြည်ထား။

ပျင်းတတ်တဲ့
နိုင်စွမ်း
Irrawaddy Blog
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...