ကျော​င်း​ဆရာ​တို့​​၏ ပီ​တိ

Written by သန်း​လွ​င် (ေ​ခ​တ္တ-စင်ကာ​ပူ)

ခြင်္သေ့မ ကလေး မွေးရာသို့ မြေခွေးမက မီးနေသည် အမေး ရောက်လာသည်။ ‘ဟောတော့ ကလေးမွေး တာကလည်း တစ်ကောင်တည်း တော့’ ဟု ဝေဖန်လေသည်။ ‘ဟဲ့ ဒါက ခြင်္သေ့ဟဲ့ ခြင်္သေ့’ ဟု ခြင်္သေ့မ က ပြန်ပြောလေသည်။ လူထု ဦးလှ ရေးသော ကျေးလက် ပုံပြင်များထဲမှ ပုံပြင် တစ်ပုဒ်ဖြစ်ပါသည်။

မိမိသည် ရေနံလုပ်ငန်းတစ်ဖက်နှင့် သုံးလတစ်ကြိမ် အိမ်သို့ခွင့်ပြန်ရသောအခါ ၁၀ တန်းကလေးတွေ ကို စာသင်ပေးရပါသည်။ တစ်ကြိမ်တွင် ကျွန်တော့် ကျောင်းသားမှာ တစ်ယောက်တည်းဖြစ်နေသည်။ စာမေးပွဲ ထိုင်ရင်း မျက်နှာချင်းဆိုင် သင်ပေး ရခြင်းဖြစ်သည်။ ၁၀ တန်းစာ သင်ရိုးကုန်အောင် တက် သုတ်ရိုက် သင်ပေးရခြင်းဖြစ်သည်။ ကျွန်တော့် ကျောင်းသားမှာ တစ်ယောက်တည်းဖြစ်သောကြောင့် ‘ဟင်’ ကျောင်းသား ကလည်း တစ်ယောက်တည်းနော်’ ဟုပြောကြသည်။

ထိုအခါ မိမိက ‘ဒါက ခြင်္သေ့ဟဲ့’ ဟု ပြောလိုခြင်းပဲဖြစ်ပါသည်။ ဤပုံပြင်မှ မန္တလေးတွင် ဟံသာဝတီ သတင်းစာတိုက်ဖွင့်စဉ်က ဆရာဦးဝင်းတင်ပြောသွားသော ပုံပြင်ကလေးဖြစ်သည်။ ရန်ကုန်မှာ သ တင်း စာတွေများပြီး မန္တလေးမှာ တစ်စောင်တည်းသာ ရှိသောကြောင့် ဦးဝင်းတင်က ခုခံပြောဆိုသွားခြင်း ဖြစ် ပါသည်။ တစ်ယောက်တည်းသော ကျွန်တော့်တပည့်မှာ ခြင်္သေ့ကဲ့သို့ရဲရင့် တည်ကြည်ပါသည်ဟု ပြော လိုက်ခြင်းပါပေ။ ယခုကျွန်တော့် တပည့်မမှာ အင်္ဂလန်နိုင်ငံတွင် ဆရာဝန်မကြီးဖြစ်နေပါပြီ။

မိမိ၏ဖခင်မှာ မူလတန်းကျောင်းအုပ် ဆရာကြီးဖြစ်ပြီး မိခင်မှာ မူလတန်းပြဆရာမဖြစ်သည်။ ငယ်စဉ် ဘဝမှာ ကျောင်းဆရာ၊ ဆရာမတွေကြားမှာ ကြီးပြင်းခဲ့ရသည်။ ပတ်ဝန်းကျင်မှာ စာသင်ကျောင်း၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေနှင့်သာ ပြည့်နှက်နေခဲ့ပါသည်။ မိမိနားလည် သော အသက်မွေးဝမ်းကျောင်းအလုပ်မှာ ကျောင်းဆရာ အလုပ်သာဖြစ်ပြီး ထိုအလုပ်သည်သာ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသည့်အထဲတွင် ဂုဏ်အရှိဆုံး အလုပ်ဟု ယူဆခဲ့ပါသည်။

ထိုစဉ်က ပညာအုပ်ရုံးဆိုတာ မပေါ်သေး၊ လကုန်၍ဆရာတွေ လခထုတ်ပြီဆိုလျှင် နယ်ကျောင်းတွေက လာကြသော ဆရာ၊ ဆရာမတွေမှာ ကျွန်တော်တို့အိမ်တွင် စုကြပါသည်။ ခင်ဦးမြို့နယ်တစ်မြို့နယ်လုံး ဆိုလျှင် ကျောင်းဆရာ၊ ဆရာမပေါင်း ၁၀၀ ကျော်မျှရှိပါသည်။ ကျေးရွာအုပ်စု ၅၀ ကျော်ရှိပြီး၊ တစ်အုပ် စုလျှင်ကျောင်းတစ်ကျောင်း အနည်းဆုံးရှိရာ လကုန်ရက်တွင်မြို့ကိုတက်ပြီး လခထုတ်ကြရသော ဆရာ၊ ဆရာမပေါင်းမှာ ရာကျော်ရှိ တတ်ပါသည်။

သူတို့သည်မြို့ပေါ်ရှိ ကျွန်တော်တို့အိမ်ကို ဦးတိုက်လာကြပါသည်။ မနက်ပိုင်းမှာ ကိုယ်စားလှယ်ဆရာ များက ငွေတိုက်သို့သွား၍ ငွေထုတ်ကြပြီး ညနေပိုင်းမှာကျောင်းအလိုက် လစာငွေကို ခွဲဝေထုတ်ယူ ကြ ခြင်းဖြစ်ပါသည်။ ပညာအုပ်လုပ်သူက ဆရာတွေကို ပြောစရာရှိပြီဆိုလျှင် မိမိတို့အိမ်မှာပင် စည်းဝေး ပြောဆိုလေ့ ရှိပါသည်။

မြို့ကိုတစ်လတစ်ကြိမ်တက်လာကြသော ဆရာတွေအဖို့ ဤခရီး၊ ဤသို့လာဖို့အရေးသည် အလွန်အ ရေးကြီးသည်။ ရွာအတွက် လိုတာတွေ ဝယ်ကြမည်။ ကြွေးဟောင်းပေး၍ ကြွေးသစ်ယူကြ မည်။ တွေ့စ ရာရှိသူကို တွေ့၍လုပ်စရာရှိသည်ကို တက်သုတ်ရိုက် လုပ်ကြရသည်။ မိုးမချုပ်မီ ရွာကိုပြန်ကြ ရမည်။ ကျောင်းဆရာဆိုသော လူတန်းစားသည် အလွန်ရိုးသားသလို အလွန်ပွင့်လင်းကြသူတွေလည်းဖြစ်ပါ သည်။ အရွယ်မရွေး၊ အချိန်မရွေး တစ်ပါးသူကိုကူညီရန် ဝန်မလေးကြပေ။ ဂါရဝတရား၊ နိဝါတ တရား နှင့်ပြည့်စုံကြပြီး မြန်မာတို့၏ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက် နေသူတွေလည်း ဖြစ်ပါသည်။ ဆရာလူတန်းစာကို တပည့်တွေကလည်း ချစ်ကြောက်ရိုသေကြပြီး သူတို့ကို သွန်သင် ဆုံးမပေးခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုကို လက်ဆင့်ကမ်း သယ်ဆောင်ပေးသူတွေလည်း ဖြစ်ကြပါသည်။

သူတို့သည် သူတို့ဘဝများအတွက် ဘာတွေဖြစ်ရမည်ဟု မျှော်မှန်းနေကြသူတွေမဟုတ်၊ ရသည့်လစာ ကို အလျဉ်မီအောင်သုံးစွဲပြီး အသက်စေ့လျှင် ပင်စင်သွားနိုင်ဖို့ပဲ သူတို့ရည်ရွယ်ကြပါသည်။ မိမိတွင် အစ်ကို ငါးယောက်ရှိရာ ၁၀ တန်းအောင်လျှင်အောင်ချင်း မူလတန်းကျောင်းဆရာဝင်လုပ်ကြပါသည်။ ထိုစဉ်က သူတို့ကို ဆွဲခန့်ဟုခေါ်ပြီး မြို့နယ်ပညာအုပ်လုပ်သူက အလုပ်ခန့်ပေးနိုင်ပါသည်။ ကျောင်းဆ ရာဆိုသော လူတန်းစားနှင့်တစ်ချိန်လုံးနေလာပြီး ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်လာသော ကျွန် တော့် အဖို့ ကျောင်းဆရာသာဖြစ်ချင်ခဲ့သည်မှာ မဆန်းပါ။ မိမိ၏ ရင်ထဲမှာမွေ့ပျော်ဖွယ်အကောင်းဆုံး အလုပ်မှာ ကလေးတွေကိုစာသင်ပေးရသော အလုပ်ဟုဆိုချင်ပါသည်။

၁၉၇၇ ခုနှစ်စက်မှုတက္ကသိုလ်ကကျောင်းပြီးသောအခါ မြို့တွင်ကျွန်တော်ကျူရှင်ကျောင်းဖွင့်ဖြစ်ခဲ့ပါ သည်။ မိမိတို့မြို့တွင် အလွတ်ပညာသင်ကျူရှင်ကျောင်းဟူ၍ မရှိ။ ကျွန်တော့်ကျောင်းမှာ ခင်ဦးမြို့အဖို့ ပထမဆုံး ကျူရှင်ကျောင်းဖြစ်ပါသည်။ စက်မှုတက္ကသိုလ်က ဘွဲ့ရခဲ့သော မိမိအတွက် ၁၀ တန်းစာ သည် မခက်ပါ။ တောမြို့မို့ကလေးတွေအဖို့မှာ ဘယ်မေးခွန်းလာလျှင် တစ်သဝေမတိမ်း ဘယ်လိုဖြေရ မည်ဟု မသိကြပါ။ ရန်ကုန်ကျူရှင်တွေမှာတော့ ဘာလာရင်ဘာဖြေဟု နည်းတွေပေါ်နေပါပြီ။ သူတို့အ ဖို့မပင်မပန်း အလွတ်တကူ ဖြေနိုင်ကြပါသည်။ အမှတ်တွေလည်း ကောင်းကြပါသည်။

ကျူရှင်ကျောင်းမှာ ကျောင်းသား ၄၀ ကျော် ၅၀ နီးပါးရှိသည်။ ကျူရှင်ခမှာ တစ်လလျှင်ခုနှစ်ကျပ်၊ ငွေ ကျပ် ၄၀၀ နီးပါးကိုင်မသုံးဖူးသော ကျွန်တော့်အမေမှာ ပထမဆုံးကလေးတွေက လခပေးတော့ တပြုံး ပြုံး၊ ထမင်းအိုးတည်ရင်းဖြစ်စေ၊ ငရုတ်သီးထောင်းနေရင်းဖြစ်စေ မိမိစာသင်နေသည်ကို စောင့်ကြည့် တတ် သည်။ မိမိအဖို့မှာကား ကျောင်းသားတွေရှေ့မှာရပ်ပြီး စာသင်ကြားပို့ချရသော အတွေ့အကြုံ သည်မေ့ မရနိုင်သော အတွေ့အကြုံများဖြစ်ပါသည်။ ကျူရှင်ကျောင်းမှာ တစ်နှစ်ကျော်သာခံသည်။ မိမိ ရေနံကော်ပိုရေးရှင်းတွင် အလုပ်ရသောအခါ ကျောင်းကို ပိတ်လိုက်ရပါသည်။ ကျောင်း ဆရာဖြစ်ချင်နေသော ပိုးကား ကျွန်တော့်နှလုံးသားမှာ အမြစ်တွယ်နေခဲ့လေပြီ။ ကျွန်တော့် ရေနံမြေ အင်ဂျင်နီယာအလုပ်မှာ ရေနံမြေတွင် တစ်လအလုပ်လုပ်ပါက တစ်ပတ်ခွင့်ရသည်။ အားရက်များကိုစုထားပြီး အလုပ်ခွင်မှာ သုံးလနေသော် အိမ်ကိုသုံးပတ်ခန့်ပြန်ပြီး နေခွင့်ရလေသည်။ တပည့်ဟောင်းတွေက ဆက်သွယ်ပြီး ကျွန်တော်အိမ်မှာ ရှိနေချိန်တွင် စာသင်ပေးရသည့် တပည့်တွေ ရှိနေပါသည်။

စင်ကာပူကို ရောက်ချိန်တွင်တော့ လွန်ခဲ့သော နှစ် ၂၀ ကျော်ကလုပ်ခဲ့ဖူးသော ကျောင်းဆရာအလုပ် ကို မေ့နေခဲ့လေပြီ။ ဇနီးသည်ဦးစီးသောဆိုင်တွင် ကျွန်တော်ဈေးသည်လုပ်ရပါအသည်။ ဈေးမရောင်း တတ်သော ကျွန်တော့်မှာလူပိုလိုဖြစ်ခဲ့ရသည်။ ဖောက်သည်တွေကို ကောင်းကောင်းစကားမပြော တတ်သောကြောင့် ဈေးသည်အလုပ်တွင် မအောင်မြင်ခဲ့ပါ။

မိမိ၌သားနှစ်ယောက်ရှိရာ သူတို့ကိုမူ စာသင်ပေးသည်ဆိုခြင်းထက် သူတို့ကျောင်းစာမလုပ်တတ်တာ ကို ကူညီဖြေရှင်းပေးရတာမျိုးပဲ ရှိပါသည်။ စာတွေ များလာသောအခါ ဘယ်လိုလုပ်ပါလားဆိုပြီး အကြံ ပေးသည့် အလုပ်ကိုသာ လုပ်ရပါသည်။ သားနှစ်ယောက်စလုံးက ကျွန်တော် စာသင်မှာကို ကြောက်ကြ သည်။ မိမိစာသင်ဖြစ်သည့် အချိန်များလျှင် သူတို့စာမေးပွဲတွင် ဂရိတ်ကောင်းတတ်သည်။ ပစ်ထားမိ လျှင် ဂရိတ်က မကောင်းလာတော့ အကျိုးကျေးဇူးရှိတာကိုတော့ သိပါ၏။ သို့သော် ‘တစ်မနုတ်လောက် ကိုးလာ’ ဆိုတာတွေ ကို သူတို့လက်မခံပေ။ သူတို့ဆရာက ဘယ်လိုသင်ပေးလိုက်သည်ကိုလည်း ကျွန် တော်ကမသိနိုင်။ သူတို့ နည်းနှင့်သူတို့သာ ပေါင်းကြ၊ နုတ်ကြသည်ကို ကျွန်တော်ဝေဖန်နိုင်ခွင့်မရှိခဲ့။ အငယ်ကောင်က အင်္ဂလိပ်စာ အရေးအသားမှာ တော်သည်။ ကျွန်တော်ရေးထားသော စာကြောင်းတွေ ကိုဂရမ်မာနည်းမကျကြောင်း ခဏခဏပြောလေသည်။ ထိုကျောင်းသားမျိုးကို ဘယ်လိုကျွန်တော်စာ သင်ပေးရမည်နည်း။ ခေတ်ကပြောင်း သွားပေပြီ။

တစ်နေ့သော် စင်ကာပူအမျိုးသားတက္ကသိုလ်အာရှလေ့လာရေးဌာနကြီးမှာ ပါမောက္ခဦးမောင်မောင် သန်းက လွှတ်လိုက်သည်ဟုဆိုကာ အိန္ဒိယအမျိုးသမီးတစ်ယောက် မိမိထံပေါက်ချလာပါသည်။ သူက သူသည် မြန်မာနိုင်ငံ အကြောင်း စာတမ်းပြုစုနေပါသည်။ သူတို့မြန်မာပြည်အကြောင်း မသိတာလေး တွေ ကို မေးခွင့်ပြုပါဟုဆို၍ မိမိထံသို့တစ်ပတ်လျှင် နှစ်နာရီခန့်ကြာတတ်သည်။ သူကျေနပ်မှု မရှိမချင်း မေးခွန်းတွေကို ထိုင်ပြီး ဖြေပေးရပါသည်။ ထိုစာရေးဆရာမသည် ခေသူမဟုတ်။ မြန်မာပြည်ကို အ ခေါက်ခေါက် ရောက်ဖူးသည်။ မန္တလေးမှာ စာအုပ်ပွဲတော် ကျင်းပသည်ကိုပင် တက်ပြီး စကားပြောဖူး သည်။ မိမိနှင့်ငြင်းခုံစရာ ပေါ်လာလျှင် ဆရာကြီးဦးသော်ကောင်းကို ဖုန်းနဲ့ဆက်ပြီး အဖြေတောင်း သည်။ မြန်မာပြည်က စာရေးဆရာမတွေမှာ သူ့သူငယ်ချင်းတွေဖြစ်နေပေပြီ။ မြန်မာပြည်က မဂ္ဂဇင်း အတော်များများက အယ်ဒီတာတွေကိုလည်း သူသိသည်။ ဆရာတော်ကြီး ဦးပန္တိတထံ သွားပြီး မေးခွန်းတွေ လျှောက်ထားဖူးသည်။

သူကစာရေးဆရာမကြီး လူထုဒေါ်အမာအကြောင်း၊ သူမရေးသော စာအုပ်တွေ အကြောင်းမေးသည်။ ကံအားလျော်စွာဒေါ်အမာ၏ မွေးရာဇာတိမှာ ခင်ဦးနယ်မူးသာရွာက ဖြစ်နေလေသည်။ သူမရွာကို အခေါက်ခေါက် ကျွန်တော်ရောက်ဖူးပါသည်။ စပါးတွေကို ပုတ်ကြီးတွေနှင့် သိမ်းသည်ဆိုတော့ ထိုစပါး ပုတ်ကြီးတွေထဲမှာ တူတူပုန်းတမ်းကစားခဲ့ဖူးသော ကျွန်တော့်အဖို့ သုတေသနပြုသူ ငေးနေလောက် အောင် ရှင်းပြနိုင်ခဲ့ ပါသည်။ မြန်မာကျေးလက်တောရွာတွေမှာ နိုင်ငံခြားသားမဆိုနှင့်၊ တော်ရုံမြန်မာတို့ အဖို့ပင် နားမလည်နိုင်သော ဓလေ့တွေ၊ ထုံးတမ်းစဉ်လာတွေရှိတတ်ပါသည်။ မိမိသည်သူမကို မမော နိုင်မပန်းနိုင် ရှင်းပြခဲ့ပါသည်။ သူပြောသောကြောင့်သာ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ကတည်းက ဆရာမကြီး ဒေါ်ခင်မျိုးချစ်သည် ‘မ’ ဆိုသော မိန်းမတို့၏ အခွင့်အရေးနှင့် ပတ်သက်သည့် စာအုပ်ရေးခဲ့ ဖူးကြောင်း မိမိသိရဖတ်ဖြစ်ခဲ့ရပါသည်။ မိမိဘာသာပြန်တာ ဟန်မကျလျှင် သူ့ကိုမြန်မာပြည်မှ ဘာသာ ပြန်ပေးနေသူ၏ အာဘော်နှင့်တိုက်ဆိုင်ပြီး ပေါက်ပေါက်ရှာရှာဝေဖန်ချက် ထုတ်တတ်ပါသည်။

ယခုအခါလွန်ခဲ့သော နှစ် ၃၀ ကျော်က တပည့်အများစုမှာ ဆရာကြီး၊ ဆရာမကြီးတွေ ဖြစ်နေကြပါပြီ။ အထက်တန်းပြဆရာ၊ ဆရာမတွေလည်း ပါသည်။ သူတို့ကသင်လိုက်သော ကလေးတွေပင်လုပ်ငန်း ခွင်အသီးသီးတွင် နေရာယူနေကြပါပြီ။ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်ကုန်ကြပါပြီ။ ကျောင်းဆရာတို့၏ ပီတိဆို သည်မှာ လွယ်လွယ်နှင့် ရှင်းပြရနိုင်သော အရာမဟုတ်ပေ။ ယခု ဘာသာပြန်ပေးနေရသော ကျောင်းသား အသစ်မှာ နောင်နှစ် ၂၀ တွင်ဘာာဖြစ်မည်ကို အပြတ်မပြောနိုင်။ သူရေးလိုက်သော စာအုပ်သည် ကမ္ဘာကျော်ကောင်း ကျော်သွားနိုင်သည်။ ဆုတွေအမျိုးမျိုးရကောင်းရမည်ကို ကျွန်တော်မသိ၊ ကျွန်တော် သိသည်မှာ ရင်ထဲကကျောင်းဆရာတို့၏ ပီတိပင်ဖြစ်ပါသည်။

စံတော်ချိန်သတင်းစာ
နိုဝင်ဘာ (၂) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...