အိပ်မပျော်ဘူးဆိုရင်

www.businessnewsdaily.com
မအိပ်မနေ အသက်ရှည် ဆိုသော မြန်မာဆိုရိုး စကား ရှိသော်လည်း အနောက်တိုင်း ဆေးပညာ ကတော့ သည်အချက်ကို မထောက်ခံပါ။ မကြာသေးမီက ဆေးပညာရှင် များ၏ လေ့ လာတွေ့ ရှိချက် အသစ်တစ်ခုက အိပ်စက်ခြင်း သည် ကျန်းမာရေးနှင့် ဦးနှောက်အတွက် အလွန် အရေးကြီးသည် ဟု ဆိုပါသည်။ သူတို့၏ အဆို အရ အိပ်စက်ခြင်းသည် ဇိမ်ခံခြင်းမဟုတ်။ ခန္ဓာကိုယ် ကျန်းမာရေးနှင့် အသက် ရှည်ရေး အတွက် အရေးကြီးသော အရာတစ်ခု ဖြစ်သည် ဟု သိရသည်။

ညတိုင်းခေါင်းအုံးပေါ် ခေါင်းကိုတုံးခနဲ အိပ်ချလိုက်သောအခါ အားလုံးကို ခဏတာမျှ အလျှော့ပေးမေ့ထား လိုက်ခြင်းဟု လူတွေက ယူဆကြသည်။ အမှန်တကယ်တော့ စိတ်ကိုခေတ္တ အနားပေး လိုက်ခြင်းဖြစ်ပါ သည်။ အသံများ၊ အလင်းရောင်များ၊ အတွေးများ၊ အနံ့များအားလုံးဆီက ရှောင်ပုန်းခွင့် ယူလိုက်ခြင်းဖြစ် သည်။ ပြီးတော့ ကိုယ်၏ စွမ်းရည်များကို ခဏအနားယူ လိုက်ခြင်းလည်း ဖြစ်ပါသည်။

မကြာသေးမီက အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သော ရုပ်မြင်သံကြား စစ်တမ်းတစ်ခုအရ အမေရိကန်တွင် လူဦးရေ ၇၀ ရာခိုင် နှုန်းက အိပ်စက်ခြင်းကို ဘဝ၏ အရသာတစ်ခုဟု ဖြေဆိုခဲ့သော်လည်း လူ ၄၀ ရာခိုင်နှုန်း ကတော့ ကောင်းကောင်း အိပ်စက်ခွင့် မရပါဟု ဆိုပါသည်။ အမေရိကန် အိပ်စက်ခြင်းဖောင်ဒေး ရှင်းအဖွဲ့၏ အဆိုအရ အမေရိကန်နိုင်ငံသား သုံးပုံတစ်ပုံသည် တစ်ညလျှင် ခြောက်နာရီအောက်သာ အိပ်ရပြီး ၅၁ ရာခိုင်နှုန်းက တစ်ပတ်တွင် ရက်အနည်းငယ်လောက် အိပ်ရန်ခက်သည့် ပြဿနာကြုံရသည်ဟု သိရသည်။

မြန်မာပြည်တွင်တော့ သည်လို စာရင်းကောက်ယူမှုများ မရှိသော် လည်း အိပ်မပျော်သည့်ရောဂါကို ခံစားရ သူများ အတော်များများရှိ သည်ဟု ရန်ကုန်မြို့မှ ဒေါက်တာဇော်မင်း က ပြောပါသည်။

‘‘အသေအချာတော့ စာရင်းတွေ၊ ဘာတွေကောက်တာတော့ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဆေးခန်း မှာတော့ အိပ်မပျော်လို့ချည်းသက် သက်နဲ့ကို ဆေးခန်း လာပြရသူတွေ အတော်များများ ရှိပါတယ်။ များသော အားဖြင့် လူလတ်ပိုင်းအရွယ် စီးပွားရှာရသူတွေ ပိုများပါတယ်’’

မြန်မာတိုင်းရင်း ဆေးဆိုင်များတွင်လည်း အများဆုံးရောင်းချနေသည်က အိပ်လို့ကောင်းစေသော သွေးဆေး ကဲ့သို့သော ရိုးရာတိုင်းရင်း ဆေးများဖြစ်သည်ဟု တိုင်းရင်းဆေး ထုတ်လုပ်ရောင်းချ သူများထံမှ သိရသည်။

‘‘တိုင်းရင်းဆေးဈေးကွက်မှာ ‘အိပ်မပျော်ဘူးလား ရွှေပုပ္ပား သွေးဆေးကိုစား’ ဆိုတဲ့ ရွှေပုပ္ပား သွေးဆေးက အိပ်ကောင်းတယ်လို့ နာမည်ကြီးတယ်။ နောက် ရွှေမန်းတောင်သွေးဆေး။ ပြီးတော့ လူပျံတော်ပတ္တမြား။ အဲဒီလို အိပ်ကောင်း စားကောင်းစေတဲ့ ဆေးတွေက ခေတ်အဆက်ဆက် အရောင်းရဆုံးပါပဲ’’ဟု ရန်ကုန် ကြည့်မြင်တိုင်မှ တိုင်းရင်းဆေး ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ အိပ်ဆေးများကဲ့သို့ အိပ်လို့ကောင်းသည့် တိုင်းရင်းဆေးများ အရောင်းရ တွင်ကျယ်နေသည် မှာ မြန်မာပြည်မှာလည်း အိပ်မပျော်နိုင်တဲ့သူများ အတော်များများ ရှိနေပြီဆိုတာ သက်သေပင်ဖြစ်ပါသည်။

ထို့အပြင် အမေရိကန်နိုင်ငံ မစ်ချီဂန်တက္ကသိုလ်က အိပ်စက်ခြင်းဆိုင်ရာ သုတေသနတစ်ခုကို ပြုစုသော ပညာရှင်များက လူများ၏ အိပ်စက်ချိန်နည်းပါးခြင်းသည် ရက်စက် အနိုင်ကျင့်တတ်သော အကျင့်စရိုက်နှင့် ပတ်သက်ဆက်စပ်မှုရှိနေကြောင်း ပြောကြားလိုက်သည်။

ဥပမာ-ကျောင်းသားကလေး သူငယ်များသည် နေ့စဉ်အိပ်ချိန် ၁၀ နာရီကနေ ၁၂ နာရီအထိ မပြည့်ပါ က ကျောင်းမှာ စည်းကမ်း လိုက်နာမှုအားနည်းပြီး အတန်းဖော် သူငယ်ချင်းများကို ရန်လို အနိုင်ကျင့်တတ် သည်ဟု ဆိုပါသည်။ ထို့ကြောင့် ကလေးများကို အိပ်ချိန်များများ အိပ်စက်ခြင်းဖြင့် ရန်လိုမှုများကို မိဘများက နည်းပါးအောင် ပြုလုပ်ရမည်ဟု သူတို့က တင်ပြထားပါသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့က ပြည်ပအသံလွှင့်ဌာန၌ အလုပ်လုပ်နေသူတစ်ဦးက ထိုအယူအဆသည် မှန်ကန်ကြောင်း ထောက်ခံပါသည်။

‘‘အဲဒါဟုတ်တယ်။ ကျွန်တော်တို့ ရေဒီယိုတွေမှာ ညဆိုင်း ဆင်းပြီး အိပ်ရေးမဝတဲ့အခါမှာ စိတ်က အလကားနေရင်း မည်မည်ရရမရှိ စိတ်တိုနေတတ်တယ်။ တခြား လုပ်ဖော် ကိုင်ဖက်တွေလည်း အဲဒီလို ပဲ။ နေ့ဘက်ဆင်း ပြီး အိပ်ရေးဝတဲ့ အခါကျရင် အဲဒီ လိုမျိုးမဖြစ်ဘူး’’

တချို့ဆေးပညာရှင်များက တော့ အိပ်ရေးဝခြင်းသည် ရောဂါများကို မကုစားနိုင်ပါဟု ဆိုပါသည်။ သို့သော် လည်း အိပ်ရေးဝ ခြင်းက ခန္ဓာကိုယ်၏ လည်ပတ် လှုပ်ရှားမှုကို အထောက်အကူဖြစ် စေပါသည်။ အိပ်ရေး မဝဘဲ အအိပ်ပျက်မှု များလာပါက နောက်ဆက်တွဲ အစားပါ ပျက်လာမည်။ ထိုမှတစ်ဆင့် ကိုယ်ခံအားနည်း လာပြီး ကျန်းမာရေး ချို့ယွင်းလာ နိုင်ပါသည်။ တချို့ကတော့ အိပ်စက်ခြင်းသည် ကျန်းမာရေး အ တွက် ကောင်းသည် ဆိုသော်လည်း နှစ်နှစ်ခြိုက်ခြိုက်နေ့စဉ် အိပ်စက်ဖို့က လွယ်ကူသည့် အလုပ်မဟုတ်ဟု ဆိုသည်။

များသောအားဖြင့် ကလေး ငယ်တွေသာ အပူအပင်ကင်းစွာ အိပ်ပျော်ကြသော်လည်း လူအများမှာ အရွယ် ရလာ၊ အသက် ကြီးလာလေ အိပ်မပျော်မှုများလာ လေဖြစ်တတ်ပါသည်။

ယနေ့ခေတ်မှာ ရောဂါရှိသူ များကလွဲ၍ လူအတော်များများ အိပ်မပျော်ရသည့် အဓိက အကြောင်းရင်းမှာ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု များကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ခေတ်မှာ အိပ်ပျော်အောင် အိပ်ဆေးသောက်သည် ဆိုသည်က ပုံမှန်ထုံးစံလိုဖြစ် လာနေပါပြီ။

ကနေဒါနိုင်ငံတွင် အသက် (၆၅)နှစ်လူကြီးတွေ အိပ်ဆေး သောက်မှုများလာကြသဖြင့် အိပ် ဆေး မသောက်ရေး လှုပ်ရှားမှုတစ် ခုကို သက်ဆိုင်ရာက ဆောင်ရွက် နေပါသည်။ သူတို့က သက်ကြီး လူနာတွေ ကို အိပ်ဆေးအစား ဘေးထွက်ဆိုးကျိုးနည်းပါးသော အိပ်ပျော်စေသည့် နည်းများသုံးရန် ပညာပေး လှုံ့ဆော်နေပါသည်။

အမေရိကန်နိုင်ငံ ပင်ဆာ ဗေးနီးယား တက္ကသိုလ်က ဆေး သုတေသနပညာရှင်များကမူ အိပ်ဆေးမပါဘဲ သဘာဝနည်း လမ်းဖြင့် အိပ်စေသောနည်းများ ကို တင်ပြခဲ့ပါသည်။

ထိုအထဲတွင် နည်းတစ်နည်း က အကယ်၍ ညအိပ်ရာဝင်ပြီး အိပ်ရာထဲတွင် မိနစ် ၂၀ လောက် ကြာသည့် တိုင် အိပ်မပျော်လျှင် အိပ်ရာကနေ ထွက်သွားပါဟု အကြံပြုထားပါသည်။ အိပ်ရာက နေထပြီး တစ်ခုခုကို မိနစ် ၃၀ လောက် မောပန်းသွားအောင် လုပ်ပါဟု ဆိုပါသည်။ သို့သော်လည်း မီးအရမ်းလင်းလင်းအောက် မှာ မလုပ်ပါနှင့်ဟု အကြံပေးထားပါသည်။

နောက်တစ်ခုကတော့ မြန်မာတွေနှင့်ရင်းနှီးသည့် တရား ထိုင်ခြင်းပင်ဖြစ်ပါသည်။ အိပ်ခါ နီးတိုင်း ဆောင်း တွင်းဆိုရေနွေး၊ နွေအခါရေအေးဖြင့် ရေစိမ်ချိုး ခြင်းကလည်း အိပ်ပျော်ရန် အထောက်အကူပြုပါသည်။ ထို့ အတူ နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ ကျင့်ခန်းလုပ်ခြင်း၊ ယောဂကစား ခြင်းတို့ကလည်း အိပ်ပျော်စေပါသည်။ ထို့အတူ ပန်းရနံ့များ၊ အမွှေးတိုင်များဖြင့် စိတ်ကို သက်သာအောင် လုပ်ပြီး အိပ်စက် အောင်ပြုလုပ်နိုင်သည်။

ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ် စသောကဖင်း ဓာတ်ပါသည့် အစားအသောက် များကို မွန်းလွဲ ပိုင်းကျော်သည်နှင့် ရှောင်လျှင် အကောင်းဆုံးဖြစ် သည်။ ထို့အတူ ဆေးလိပ်ဖြတ် ခြင်းကလည်း အိပ်ပျော်မှု ကို အထောက်အကူပေးသည်ဟု ဆိုပါသည်။

နောက်ဆုံးတစ်ခုက အိပ်ရာ ကို စစ်တလင်းလိုမဖြစ်ပါစေနှင့် ဟုဆိုပါသည်။ ဆိုလိုသည်မှာ အိပ်ရာကို တတ်နိုင်သမျှ သက် သောင့်သက်သာဖြစ်အောင် ပြုလုပ်ပါဟု ဆိုလိုခြင်းဖြစ်သည်။ အိပ်မည့်ခေါင်း အုံး၊ စောင်နှင့် မွေ့ရာ၊ အိပ်ရာခင်းတို့ကို တတ် နိုင်သမျှ သက်သောင့် သက်သာ ဖြစ်အောင် ရွေးချယ်ပြင် ဆင်ရမည်။ အပူအအေး မျှတစေရမည်။ အသံဗလံ ကင်းအောင်နှင့် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်း ကျင်လည်းဖြစ်ဖို့ လိုအပ်ပါသည်။

စမ်းချောင်းက ရပ်ကွက် အလှူခံမဏ္ဍပ်နှင့် မျက်နှာချင်း ဆိုင်မှာနေသူ၊ ညဘက်အိပ် မပျော်တတ်သူ မသီရိလွင် က အဆိုပါနောက်ဆုံးနည်းသည် သူ့အတွက်လိုက်နာရန်ခက်ပါ သည်ဟု ဆိုပါသည်။

‘‘ဘာလို့လဲဆိုတော့ အိမ် ရှေ့က အလှူခံမဏ္ဍပ်က တစ်ချိန် လုံးလော်စပီကာသံညံနေတာ။ ကိုယ်တွေမပြောနဲ့ ပုံပြင်ထဲက စလီပင်းဗြုတီးဆိုတဲ့ မင်းသမီး လေးတောင် ဒါမျိုးနဲ့ကြုံရင်လန့်နိုး သွားလောက်တယ်’’

7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...