အံ့ဘွယ် မိန်းမသား . . (၃)

လွီဇာ မေ အောလ်ကော့ @ Louisa May Alcott

“ရုန်းကန်မှု မရှိတဲ့ ဘ၀ဟာ တိုးတက်မှု မရှိတဲ့ ဘ၀ပါပဲ” တဲ့။

လူ့ဘ၀မှာ ကြုံတွေ့ရတဲ့ အကျဉ်းအကြပ်တွေ ကို အောင်မြင်စွာ ဖောက်ထွက်နိုင်ဖို့ ပါရှန်းတွေက ဒီစကား တစ်ခုကို ဆိုရိုးပြုခဲ့တာပါ။ လူတစ်ယောက် ရဲ့ ဘ၀မှာ မမြင်သာတဲ့ လှည့်စားမှုတွေ အများကြီး ရှိတယ်။ အကြွေစေ့ တစ်စေ့ကို ခေါင်းပန် လှန်ရ သလိုပဲ အောင်နိုင်မှု၊ ရှုံးနိမ့်မှုတွေဟာ မမြင်နိုင်တဲ့ ကံကြမ္မာတွေကို သယ်ဆောင် လာတတ်ကြတယ်။ ပျော် စရာတွေကို ခံစားနေရ တာကနေ ငိုကြွေးမှုတွေကို သယ်လာပေးတယ်။ မျက်ရည်စက်များ ကြား ကနေ အောင်မြင်မှုတွေ သယ်လာပေးတယ်။ အောင်မြင်မှုတွေကို ယစ်မူးနေလျက်က အနိမ့်ဆုံးကို မထင်မှတ်ဘဲ ပြုတ်ကျသွားတယ်။

ပျော်ရွှင်မှု၊ ကြည်နူးမှုတွေကို ပွေ့ပိုက်ထားရတဲ့ အချိန်မှာ ရှေ့အနာဂတ်ခရီးကို ထပ်မံ ချဲ့ထွင်းဖို့ မစဉ်းစား မိကြပေမယ့် မသိနိုင်ပေမယ့် အခက်အခဲတွေနဲ့ ကြုံတွေရတဲ့အချိန်မှာ ဘယ်သူမဆို နောက်တွန့် သွားချင်ကြ တာချည်းပဲ။ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ လျှောက်လက်စ ခရီးကို ရပ်တန့်လိုက်ဖို့၊ နောက်ကြောင်း ပြန်ခေါက်ဖို့ စိတ်ကူးမိတတ်ကြပါတယ်။ အဲ့ဒီ အထဲကနေ လောကကြီးရဲ့ စိန်ခေါ်မှုတွေကို နောက်မတွန့်ဘဲ သမိုင်းမှာ နာမည်တစ်လုံး ကျန်ရစ်အောင် ကြိုးစားခဲ့ကြတဲ့ သူတွေ အများ ကြီးပါပဲ။ အဲ့ဒီလို စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ရင်ဆိုင်ခဲ့တဲ့သူတွေရဲ့ သမိုင်းကိုစာမျက်နှာကို လှပ်ကြည့်လိုက်ရင် ကျွန်မတို့တွေ လွီဇာဖန်တီးထားတဲ့ စာပေကို တွေ့ရပါလိမ့်မယ်။

ကျွန်မတို့ နိုင်ငံမှာ ဆရာမ မစန္ဒာရဲ့ ငယ် သရုပ်ဖော်ရေးသားတဲ့စာတွေက သဘာဝနဲ့ နီးစပ်ပြီး ပီပြင်လွန်း တာကြောင့် ဖတ်တဲ့သူတွေရဲ့ ရင်ထဲမှာ အမှတ်တရလေးတွေ စွဲကျန်ရစ်ခဲ့ရသလိုပါပဲ၊ လွီဇာ ရေးသားတဲ့ ငယ်ဘ၀အကြောင်း အရာတွေဟာ ပီပြင်သက်ဝင်ပြီး ဖတ်သူတွေ ရင်ထဲမှာ တသသ ဖြစ်ကျန်ရစ်ခဲ့ပါတယ်။ လွီဇာဟာ ဘ၀သရုပ်ဖော်တွေကိုသာမက ကလေးတွေအတွက် ပုံပြင်ပေါင်း များစွာကို ပြုစုခဲ့သူလည်းဖြစ် ပါတယ်။ ပျော်ရွှင်စရာ ကောင်းတဲ့ ငယ်ဘ၀ကို သဘာဝကျကျ သက်ဝင်အောင် သရုပ်ဖော် ရေးသားခဲ့ပေမယ့် သူမရဲ့ ငယ်ဘ၀ကတော့ ပျော်ရွှင်စရာတွေချည်း ရှိနေခဲ့တာ မဟုတ်ပါဘူး။

အမေရိကန် အမျိုးသမီး စာရေးဆရာမ တစ်ယောက်ဖြစ်လာမယ့် လွီဇာကို ၁၈၃၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မှာ ပင်ဆီလဗေးနီးယားပြည်နယ်၊ ဂျာမန်တောင်း မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမ လူ့ဘ၀ထဲ ကို ရောက်လာတဲ့နေ့ဟာ ဗရွှန်ဆွန်အောလ်ကော့ရဲ့ အသက် ၃၃ နှစ်မြောက်မွေးနေ့လည်း ဖြစ်နေခဲ့ တာကြောင့် နောက်ပိုင်း အထုပ္ပတ္တိရေးတဲ့သူတွေကတော့ လွီဇာဟာ သူမ အဖေဆီက ပညာအမွေတွေကို ရခဲ့တာလို့ ပြောကြပါတယ်။

ဗရွှန်ဆွန်အောလ်ကော့ဟာ ပညာတတ် မျိုးရိုးဖြစ်ပြီးတော့ ပညာဖြန့်ဝေပေးတဲ့ အလုပ်ကို လုပ်ကိုင်ကာ မိခင်ကတော့ လူမှုဝန်ထမ်း တစ်ယောက်ဖြစ်ပါတယ်။ ဗရွှန်ဆွန်ဟာ စာပေရေးသားပြုစုသူ တစ်ယောက် လည်း ဖြစ်ပြီး တော့ ပညာရေးနဲ့ ပတ်သက်တဲ့ သူ့အတွေးအမြင်တွေ၊ ခံယူချက်တွေဟာ လွီဇာရဲ့ နောက်ပိုင်း စိတ်နေ စိတ်ထားကို ပုံဖေါ်ပေးနေပါတယ်။ ဗရွှန်ဆွန်ဟာ သမီးလေးယောက်ရှိတဲ့ အထဲက ဒုတိယမြောက် သမီးဖြစ်တဲ့ လွီဇာကို သူ့ဆီက အမွေတွေကို ဆက်ခံစေချင်ပါတယ်။ ဒါကြောင့်မှာ ငယ်ဘ၀မှာ လွတ်လွတ် လပ်လပ်နေပြီး အရိုင်းဆန်ဆန်နေတတ်တဲ့ လွီဇာအပေါ်မှာ ဗရွှန်ဆွန်ဟာ အားမလို အားမရစိတ်တွေ ဖြစ်နေ ခဲ့တယ်။

တစ်ဘက်မှာလည်း အသိဥာဏ် ပညာကြွယ်ဝပြီး ဘာသာရေးတရား ကိုင်းရှိုင်းတဲ့ အောလ်ကော့မိသားစုဟာ ကြွယ်ပိုး ကြွယ်ဝတော့ မဟုတ်ခဲ့ပြန်ပါဘူး။ အဖေက ပညာတွေကို မျှဝေဖို့နဲ့ စာပေရေးသား ဖို့ကိုသာ အာရုံ စိုက်တဲ့အတွက် သူတို့ မိသားစုတွေဟာ ငွေကြေး ကြပ်တည်းမှု ပြဿနာတွေကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရတယ်။ မိသားစုအတွက် တင့်တောင့်တင်တယ် မထားနိုင်တဲ့ စိတ်တွေကြောင့်ပဲ ဗရွှန်ဆွန့်နဲ့ သူ့ဇနီး၊ သူ့သမီးတွေ ကြားမှ ပဋိပက္ခတွေဟာ အမြဲတမ်းပဲ ဖြစ်ပေါ်နေခဲ့တယ်။ အိုးပိုင် အိမ်ပိုင် မရှိသေးတဲ့ အခြေအနေမျိုးမှာ သူတို့ မိသားစုဟာ အိမ်ငှားဘ၀နဲ့ပဲ လှည့်လည် နေထိုင်ခဲ့ရတယ်။

လွီဇာ ပညာသင်ယူနေတဲ့ ကျောင်းမှာ အခက်အခဲ၊ ပြဿနာ တစ်ချို့တ၀က်နဲ့ ကြုံတွေ့ပြီးချိန်နောက်ပိုင်းမှာ လွီဇာတို့ မိသားစုဟာ ကွန်ကော့ကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ လွီဇာဟာ ငယ်ငယ်တည်းက စာရေးတာ ၀ါသနာပါခဲ့ပြီး အသက် အသက်ရှစ်နှစ်မှာ ပြဇာတ်တွေကို စတင်ရေးခဲ့ပါတယ်။ အသက် ၁၆ နှစ်လောက် မှာတော့ လွီဇာရဲ့ ပုံပြင်တွေကို ပထမဦးဆုံး ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ မိမိတို့ မိသားစုမှာ ကြုံတွေ့နေရ တဲ့ ငွေကြေးကြပ် တည်းမှုတွေကို တစ်ဘက် တစ်လမ်းကနေ ဖြေရှင်းနိုင်ဖို့ ဆရာမ အလုပ်ကို လုပ်နေတဲ့ အချိန်မှာတောင်မှ လွီဇာဟာ စာရေးတဲ့ အလေ့ကို မပြတ်ခဲ့ပါဘူး။

၁၈၆၀ လောက်တဲ့ အချိန်မှာ လွီဇာဟာ အမေရိကန် မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Atlantic Monthly မှာ စာ စတင်ရေးသား ခဲ့ပါတယ်။ အမေရိကန်ပြည်တွင်းစစ်ကြီး ဖြစ်လာတဲ့ အချိန်မှာတော့ သူမဟာ သူနာပြု အဖြစ် ဆေးရုံ မှာ ၆ ပတ်လောက် ဆောင်ရွက် ခဲ့ပါတယ်။ အဲ့ဒီလိုဆောင်ရွက်နေချိန်မှာ သူမကြုံတွေ့ခဲ့ရ တဲ့ ဆေးရုံတွေရဲ့ အလွဲလွဲ အမှားမှား စီမံခန့်ခွဲမှုတွေ၊ တချို့ခွဲစိတ် ဆရာဝန်တွေရဲ့ လူနာတွေအပေါ်မှာ ခွဲခြား ဆက်ဆံတဲ့စိတ်၊ ကပျက်ကချော်နဲ့ အမှုမဲ့ အမှတ်မဲ့ထားတဲ့ စိတ်တွေကို သူမဟာ စာတွေထဲမှာ ရဲရဲဝင့်ဝင့်ပဲ ထုတ်ဖော်ပြောပြခဲ့တယ်။ ဒီအကြောင်းတွေကို ရေးသားခဲ့တဲ့သူမရဲ့ ဟော့စပီတယ် စကက်ချက် စာအုပ်ကြောင့်ပဲ လွီဇာရဲ့ နာမည်ဟာ ပိုပြီးတော့ ပေါ်လွင်လာ ခဲ့ပါတယ်။

လွီဇာ ရေးခဲ့တဲ့ ဇာတ်အိမ်တော်တော်များများဟာ သူမ ကြုံတွေ့ခဲ့ရတဲ့ ခါးသီးတဲ့ ဖြတ်သန်းမှု၊ ရုန်းကန် ရမှုတွေကို အဓိက အားပြုထားခဲ့ပါတယ်။ ၁၈၆၀ နောက်ပိုင်းတော့ လွီဇာဟာ အချစ်ဝတ္တု၊ စိတ်ခံစားမှုကို အသားပေးနိုင်တဲ့ ဇာတ်လမ်းတွေ၊ ပုံပြင်တွေကို ကလောင်ခွဲတစ်ခုနဲ့ ရေးသားခဲ့ပါတယ်။ အဲ့ဒီအထဲက A Long Fatal Love Chase၊ Pauline’s Passion and Punishment တို့ဟာ အခု အချိန်ထိ အောင်မြင်နေဆဲ ပါပဲ။ သူမရဲ့ ဇာတ်ကောင်တွေဟာ မျှော်လင့်ချက်နဲ့ ကျဆုံးခြင်း၊ ရုန်းကန်မှုနဲ့ အောင်မြင်မှု၊ ခွန်အားကနေ ထွက်လာတဲ့ အသီးအပွင့်တွေ အကြောင်းကို အလေးပေး ဖော်ပြခဲ့ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်း ဇာတ်ကွက်မျိုး တွေထက် သူမဟာ ကလေးတွေ အတွက်ကတော့ အကောင်းမြင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာစေ ဖို့ အဓိကထား ရေးသားခဲ့ပါတယ်။

လွီဇာရယ်ဆိုပြီး နာမည်တစ်ခု ခိုင်ခိုင်မာမာဖြစ်လာစေဖို့ အထောက်အကူပြုပေးတဲ့ စာအုပ်ကတော့ (Little Women ၁၈၆၈) အမည်ရတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ သူမတို့ ညီအစ်မတွေရဲ့ ကလေးဘ၀ အထုပ္ပတ္တိလို့ လည်း သတ်မှတ်လို့ ရပါတယ်။ ဒီစာအုပ်ရဲ့ နောက်ဆက်တွဲ (Good Wives – ၁၈၆၉) ကတော့ အရွယ်ရောက်ပြီးစ အချိန်မှာ ဖြစ်တတ်တဲ့ သဘောသဘာဝတွေ၊ သူတို့ မျှော်လင့်ထားကြတဲ့ အိမ်ထောင် ဘက်တွေ အကြောင်းရေးဖွဲခဲ့ပြီး သက်လတ်ပိုင်းအရွယ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ၁၈၇၁ ခုနစ်မှာ သူမ ရေးသားခဲ့တဲ့ Little Men မှာ ဇာတ်ကောင်ဟာ အိမ်ထောင်ပြုခဲ့ပေမယ့် တကယ်တမ်း လက်တွေ့မှာ လွီဇာဟာ အိမ်ထောင် မပြုခဲ့ပါဘူး။ သူဟာ ပိုလန်နိုင်ငံသား တစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ပေမယ့် ဘယ်သူနဲ့မှ လက်မထပ်ခဲ့ပါဘူး။

Little Women ဟာ ဝေဖန်ခံနိုင်တဲ့ အရေးအသားဖြစ်ပြီး အသက်အရွယ် အမျိုးမျိုးက စာဖတ်သူတွေဟာ လွီဇာရဲ့ ပရိတ်သတ်တွေဖြစ်ခဲ့ပါတယ်။ စာရေးသူ၊ စာအုပ်တွေကို စဉ်ဆက်မပြတ် စောင့်ကြည့်နေခဲ့တဲ့ Eclectic Magazine ကတော့ လွီဇာရဲ့ စာအုပ်တွေဟာ အသက် ၆ နှစ်မှ ၆၀ အထိ လူတွေရဲ့ နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်းဝင်စေတဲ့ အကောင်းဆုံး စာအုပ်များ လို့ သတ်မှတ်ခဲ့ကြပါတယ်။ သူစာအုပ်တွေဟာ လတ်ဆတ်တဲ့ စကားလုံးတွေနဲ့ လူတွေရဲ့ နေ့စဉ် လူမှုဘ၀တွေကို သဘာဝကျကျ ဖွဲ့နွဲ့ထားတဲ့ စာစုများလို့ပါ ချီးကျူးခဲ့ကြပါတယ်။

လွီဇာဟာ ဦးခေါင်းခဲယဉ်းနာကို နှစ်ရှည်လများ ခံစားခဲ့ရပြီး အဲ့ဒီဝေဒနာနဲ့ပဲ အသက်ဆုံးရှုံး သွားခဲ့ပါတယ်။ သူမရဲ့ ကိုယ်ရေး အထုပ္ပတ္တိကို ရေးသားတဲ့ သူတွေကတော့ သူမခံစားခဲ့ရတဲ့ နာမကျန်းမှုတွေဟာ စစ်အတွင်း က ရလာတဲ့ ပြဒါးအဆိပ်သင့် မှုတွေကြောင့်လို့ ဆိုကြပါတယ်။ အမေရိကန် စစ်ပွဲအတွင်းမှာ သူမဟာ အူရောင် ငန်းဖျားကို ခံစားခဲ့ရပြီး အဲ့ဒါကို ကုသနိုင်ဖို့ ပြဒါးပါဝင်တဲ့ ဒြပ်ပေါင်းတွေကို အသုံးပြုခဲ့ရပါတယ်။ ဒါပေမယ့် သူမ သေဆုံးခါနီးမှာ သူမရဲ့ မျက်နှာမှာ အနီပြင်အကွက်တွေ ထွက်လာတာကြောင့် ကိုယ်ခံ စွမ်းအားစနစ် ဖောက်လွဲဖောက်ပြန်မှု ရောဂါကြောင့်လို့လည်း သတ်မှတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွီဇာဟာ သူမရဲ့ ဖခင် ကွယ်လွန်ပြီး ၂ ရက်မြောက်နေ့၊ သူမ အသက် ၅၅ နှစ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

၁၉ ရာစု အနှောင်းပိုင်း ကာလတွေထဲက ကျော်ကြားခဲ့တဲ့ စာရေးဆရာမ များကဲ့သို့ပင် အမျိုးသမီးတွေရဲ့ လွတ်လပ်မှု၊ လူတန်းစား ခွဲခြင်းတာကို ကန့်ကွက်မှုတွေကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် ခဲ့ခြင်းကြောင့်လည်း ဖြစ်ပါတယ်။ မိန်းကလေးတွေကို ဘယ်လိုမျိုး ထိန်းသိမ်း စောင့်ရှောက်သင့်တယ် ဆိုတာ ကို အင်အိုးဖက်ရှင်ဂဲ နှင့် အိတ်ကာဇင် စာအုပ်တွေမှာ ရှင်းရှင်း လင်းလင်း ဖော်ထုတ်ရေးသား ခဲ့ပါတယ်။ လွီဇာဟာ အရွယ်ကောင်းစဉ် အချိန်မှာ ကွယ်လွန် သွားခဲ့ပေမယ့် သူ့ရဲ့ နာမည်နဲ့ ဂုဏ်သတင်း ကတော့ ယနေ့ထက်ထိ ပြောစမှတ်ပြုနေရ ဆဲပါပဲ။

ရိုးသားစွာ ရုန်းကန်ခြင်းရဲ့ နောက်ဆက်တွဲ ဆုလာဘ်ဟာ အောင်မြင်မှုဖြစ်ကြောင်းကို လွီဇာက ကျွန်မတို့ကို သင်ပြခဲ့ပါတယ်။

နှင်းနုလွင်

Women’s World Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...