ငါးခြောက်လှန်းရာ၌ ယင်မနားဆေး သုံးမှုကို အရေးယူရန် အစီအစဉ်ရှိ

ရန်ကုန်မြို့ရှိ ငါးခြောက် ရောင်းဝယ်ရေး လုပ်ငန်း တစ်ခုတွင် နေလှန်း ထားသည့် ငါးခြောက်များ ကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

ရေချို၊ ရေငန် ငါးခြောက် အဓိက ထုတ်လုပ် ရောင်းချ ရာဒေသဖြစ်သည့် ဧရာဝတီတိုင်း ဒေသကြီး၌ ငါးခြောက် လှန်းရာတွင် ယင်မနားစေ ရန်နှင့် လောက်ကောင်များ မတက်စေရန် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများ သုံးစွဲနေခြင်း ကို နောက်ပိုင်းတွင် အရေးယူ သွားမည်ဟု ဧရာဝတီ တိုင်းဒေသကြီး အစားသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာပြည့်စုံ က မြန်မာတိုင်း(မ်)ကို ပြောသည်။

"လတ်တလောတော့ ပိုးသတ်ဆေးသုံးတဲ့ သူတွေကို အရေးမယူသေးပါဘူး။ ဥပဒေထွက်လာမှ အရေးယူလို့ ရမယ်။ လောလောဆယ်တော့ ရေချိုငါးခြောက်ခွဲဒိုင်တွေကို ပိုးသတ် ဆေးမသုံးဖို့ ပညာပေးလုပ်ငန်းတွေ လုပ်နေပါတယ်။ ဇန်န၀ါရီလကျရင်တော့ ပင်လယ်ပိုင်းဘက်ကို သွားပြီး ရေငန်ငါးခြောက်လုပ်ငန်း လုပ်တဲ့သူတွေကို ပညာပေးလုပ်ငန်းတွေ လုပ်မယ်" ဟု ၎င်းက ပြောသည်။

ပိုးသတ်ဆေးသုံးစွဲသူများကို ဒေသဆိုင်ရာ ပိုးသတ်ဆေး ဥပဒေဖြင့် အရေးယူသွားရန် ရှိသော်လည်း လက်ရှိတွင် အဆိုပါဥပဒေကို စိုက်ပျိုးရေးဌာနမှ တာဝန်ယူရေး ဆွဲနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။

ငါးပိငါးခြောက် လုပ်ငန်းတွင် ပိုးသတ်ဆေးများ သုံးစွဲခြင်းကို အင်တာနက် လူမှုကွန်ရက်တွင် စတင်ပေါ်ပေါက် လာခဲ့ပြီးနောက် သက်ဆိုင်ရာဌာနက ကွင်းဆင်းလေ့လာခဲ့ပြီး ဓာတ်ခွဲစစ်ဆေး တွေ့ရှိ ခဲ့ခြင်းဖြစ်သည် ဟု ဒေါက်တာပြည့်စုံ က ပြောသည်။

"အခုငါးခြောက်လုပ်ငန်း သုံးနေတဲ့ ထရိုင်ကလိုဖောင်း ပိုးသတ်ဆေးက မျက်လုံးထဲ မ၀င်ရဘူး။ ၀င်ရင် အန္တရယ်ရှိတယ်။ သောက်မိရင်လည်း မူးတာအန်တာ၊ အမြင်အာရုံေ၀၀ါးတာတို့အပြင် အသက်ရှူရပ် သေ ဆုံးနိုင်ပါတယ်။ ဆေးပမာဏ နည်းနည်းနဲ့ အကြာကြီး သုံးမိရင်တော့ ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ စားသုံးသူများ ကာကွယ်ရေးအသင်းမှ ဦးဗအုပ်ခိုင်က အဆိုပါပိုးသတ်ဆေးကို မြစ်ဝကျွန်းပေါ်၊ ရခိုင်၊ တနင်္သာရီ ကမ်းရိုးတန်းဒေသများရှိ ငါးခြောက်လုပ်ငန်းများတွင် အများစု အသုံးပြုနေကြကြောင်း ပြော သည်။

"ကျွန်တော်ဆီမှာ ငါးခြောက်မှာ ပိုးသတ်ဆေးသုံးတာကိုတွေ့လို့ တိုင်ထားတဲ့ စားသုံးသူတွေ အများကြီးပါပဲ။ အဲဒါကြောင့် ကျွန်တော်တို့နဲ့ စီးပွားကူးသန်းဌာနတို့ ပေါင်းပြီးတော့ နန္ဒ၀န်ဈေးက ငါးခြောက်တွေကို စိုက်ပျိုးရေး ဌာနဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးနောက်ပိုင်းမှာ ထရိုင်ကလိုဖောင်း ပိုးသတ်ဆေး စတင် တွေ့ရှိ ခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ငါးရံ့ခြောက်လုပ်ငန်းပိုင်ရှင် ဒေါ်ကြည် က ၎င်းတို့ အနေဖြင့် ယင်မနားဆေးကို ငါးခြောက် ဒိုင်ကြီးများက ၀ယ်ယူသုံးစွဲခြင်းဖြစ်ပြီး စားသုံးသူများကို မထိ ခိုက်စေကြောင်း ပြောရောင်းသဖြင့် ၀ယ်ယူသုံးစွဲမိကြောင်း ပြောသည်။

"ငါးခြောက်ဒိုင်တွေက လူတွေ မထိခိုက်နိုင်ဘူးပြောလို့ ကျွန်မတို့လည်း သုံးစွဲမိပါတယ်။ ကျွန်မတို့ အနေနဲ့ ငါးခြောက်လှန်းဖို့ ငါးခွဲပြီးတဲ့အခါမှာ အရောင်လှအောင် ယမ်းစိမ်းလေး နည်နည်းနဲ့  ဆားနဲ့ ထည့်စိမ်တယ်။ ပြီးရင်လှန်းတယ်။ လှန်းလို့ မခြောက်ခင်မှ ငါးညှိနံ့တွေကြောင့် ယင်ကောင်အများကြီး လာတယ်။ မလာအောင် ယင်မနားဆေးနည်းနည်းကို ရေအများကြီးနဲ့ ရောပြီးတော့ ငါးတွေပေါ်မှာ ဖြန်းထားလိုက် တယ်" ဟု ၎င်းက ပြောကြားသည်။

Myanmar Times
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...