Depth Of Field Preview Button ဆိုတာဘာလဲ…?

ကျွန်တော်ရေးမယ် ရေးမယ်နဲ့….။ ကြားဖြတ် Post တွေ ပေါ်ပေါ်လာတာနဲ့ မရေးဖြစ်တဲ့ အကြောင်းလေး တစ်ခုပါ…။

Camera မှာ ပါတဲ့ ခလုပ်တွေထဲက အရေးကြီးတဲ့ ခလုပ်လေးတစ်ခုအကြောင်းပါ…။

ခလုပ်တွေ အများကြီးပါတဲ့ အထဲက ဘာလို့ ဒီခလုပ်အကြောင်းကို ရေးကြီးခွင်ကျယ် လုပ်ပြီးရေးရသလဲ ဆိုရင်…။ အဲ့လိုရေးရလောက်အောင်..။ အရေးပါတာကတစ်ကြောင်း…။ တော်တော်များများက ဘာမှန်း မသိကြလို့ သိစေချင်တာ တစ်ကြောင်းမို့ပါ…။

တစ်ခြား Button တွေကတော့ ဓာတ်ပုံရိုက်တိုင်း တစ်နည်းမဟုတ် တစ်နည်းနဲ့ အသုံးပြုနေရတဲ့အတွက် ဘယ် Button က ဘာအတွက်ဆိုတာ တော်တော် များများက သိထားကြပါတယ်…။ ဒီ ခလုပ်လေးကတော့ ဘာမှန်းမသိတဲ့အတွက် ဘယ်သူမှ အသုံးပြုလေ့မရှိကြပါဘူး..။

အမှန်ကတော့ ဒီ ခလုပ်ဟာ တကယ့် Serious Photographer တိုင်းလိုလို အတွက် အရေးကြီးတဲ့ ခလုပ်တစ်ခုဖြစ်ပါတယ်…။

များသောအားဖြင့် ဒီ ခလုပ်လေးဟာ Lens နဲ့ Body ဆက်စပ်နေတဲ့ နေရာနားမှာရှိပါတယ်…။ Camera Brand နဲ့ Model အပေါ်မူတည်ပြီး..။ ခလုပ်အထား အသိုကွာပါတယ်…။ အဆင်အပြေဆုံး ခလုပ်အထားအသိုကိုတော့ Nikon က ပိုင်ဆိုင်ထားပါတယ်…။

ဒီ ခလုပ်လေးရဲ့ အဓိက ရည်ရွယ်ချက်က ကိုယ်ရိုက်မယ့်ပုံရဲ့ Depth Of Field ကို ဘယ်လောက်အထိ ရနိုင်မလဲဆိုတာကို မရိုက်ခင်ကြိုတင်ပြီးတော့ ကြည့်နိုင် ခြင်းပဲဖြစ်ပါတယ်…။

ဥပမာ ဆိုကြပါတော့..။ ကျွန်တော်တို့က f/8 နဲ့ ရိုက်မယ်ဆိုပြီး Camera မှာ Setting လုပ်လိုက်တယ်..။ ပြီးတော့ View Finder ကနေ ကြည့်လိုက်တယ်..။ ကျွန်တော်တို့က f/8 လို့ Camera ကို ပြော လိုက်ပေမယ့်..။ TTL ( Through The Lens) က တစ်ဆင့် View Finder မှာ မြင်ရတဲ့ ပုံရိပ်ကတော့ ဒီအတိုင်းပဲ ဘာမှ ပြောင်းလဲမသွားပါဘူး..။ ကြည်လင်ဆဲပါပဲ…။ ဒီတော့ ကျွန်တော်တို့က ကိုယ်ရိုက်မယ့်ပုံဟာ ဘယ်လောက် အကွာအဝေးကနေ ဘယ်လောက် အကွာအဝေးထိ “Focus ပြတ် “ မလဲဆိုတာကို မခန့်မှန်း နိုင်တော့ပါဘူး..။ (နောက်ပိုင်းအတွေ့အကြုံများ လာရင်တော့ ခန်းမှန်းနိုင် ပါတယ်..။)

အကြောင်းကတော့…။ ကိုယ်က Camera ကို f/8 လို့ပြောလိုက်ပေမယ့်…။ Lens ကတော့ အမြဲတမ်းသူ့ရဲ့ အကျယ်ဆုံး Aperture မှာပဲ ရှိနေဆဲမို့ပါ..။ ဥပမာ f/2.8 ဆိုပါတော့..။ ကျွန်တော်တို့ View Finder က မြင်နေရတဲ့ မြင်ကွင်းဟာ f/8 နဲ့ရိုက်ရင် အမှန်တကယ် မြင်ရမယ့် မြင်ကွင်းမျိုးမဟုတ်ပဲ..။ f/2.8 အတွက် မြင်ကွင်းဖြစ်နေတဲ့အတွက်ပါ…။

ဘာလို့ Camera ကို f/8 လို့ ပြောလိုက်တာနဲ့ Lens ရဲ့ Aperture က f/8 ကို အလိုလို Down မပေးသွားတာလဲဆိုရင်..။ ကျွန်တော်တို့ မြင်ကွင်းကို သေသေချာချာ ရှင်းရှင်းလင်းလင်း မြင် ရအောင် ဖြစ်ပါတယ်..။ တစ်ကယ်လို့ ကျွန်တော်တို့က f/8 Down ပေးလိုက်တာနဲ့ Lens ကပါ f/8 ကို အလိုလို လိုက် Down ပေးလိုက်ရင်..။ View Finder ရဲ့ ဒေါင့်တွေမှာ အမဲတွေပေါ်လာပြီး မြင်ကွင်း ကို ကောင်းကောင်းမမြင်ရတော့ ပါဘူး..။

မြင်ကွင်းကို ကောင်းကောင်းမမြင်ရတော့တဲ့အတွက် Composition ကိုလည်း ကောင်းကောင်း ချလို့မရတော့ပါဘူး..။

ဒီလိုတွေ မဖြစ်အောင်..။ Camera Company တွေရဲ့ Engineer တွေက တွက်ချက်ထားခြင်းဖြစ်ပါတယ်..။

ကြည့်နေတုန်းမှာတော့ f/2.8 အတိုင်းပဲ မြင်နေရပြီး..။ ကိုယ်က တစ်ကယ် Shutter Release Button ကို နှိပ်လိုက်ပြီ (ရိုက်လိုက်ပြီ) ဆိုမှ သူက ချက်ခြင်း f/8 အဓိ Aperture ကို ဆွဲကျဉ်းပေးလိုက်ပါတယ်..။ အဲ့လို ဆွဲကျဉ်းပေးလိုက်တဲ့ တစ်ပြိုင်နက်မှာပဲ..။ Camera Body မှာရှိတဲ့ First Curtain နဲ့ Second Curtain က အလိုအလျှောက် လျှင်မြန်စွာ အလုပ်လုပ်ပါတော့တယ်..။ သူတို့ရဲ့ လှုပ်ရှားပုံတွေ လျှင်မြန်လွန်းတဲ့အတွက် ကျွန်တော်တို့ သတိမထားမိကြခြင်းပဲ ဖြစ်ပါတယ်…။

ဒီနေရာမှာ Lens မှာပါတဲ့ Aperture အကျဉ်းအကျယ်လုပ်ပေးတဲ့ Blade တွေနဲ့ Camera Body မှာပါတဲ့ Curtain တွေကို မရောထွေးမိစေဖို့ အရေးကြီး ပါတယ်..။ Aperture Blade တွေက Lens မှာ ပါတာပါ..။ Camera မှာ မဟုတ်ပါဘူး..။ Curtain တွေကတော့ Body မှာပါတာပါ..။ Lens မှာ ပါတာ မဟုတ်ပါဘူး…။

ဒီလောက်ဆိုရင် Lens နဲ့ Body ရဲ့ ပဏာမ အလုပ်လုပ်ပုံကို သဘောပေါက်လောက်ပါပြီ..။ ဒါဆိုရင် ကျွန်တော်တို့ Depth Of Field Preview Button အကြောင်းဆက်သွားရအောင်…။

မိတ်ဆွေရဲ့ Camera Setting မှာ Lens ရဲ့ အကျယ်ဆုံး Aperture (ဥပမာ f/3.5) ထားပြီး Depth Of Field Preview Button ကို နှိပ်ကြည့်ပါ..။

ဘာမှ မထူးခြားတာကိုတွေ့ရပါမယ်..။

အကြောင်းကတော့ Camera က အလိုလို Default အနေနဲ့ Lens ရဲ့ Aperture ကို အကျယ်ဆုံး ဖွင့်ထားပေးပြီးသား ဖြစ်တဲ့အတွက် ဘာမှ မထူးခြား ခြင်းဖြစ်ပါတယ်..။

အိုကေ…။ နောက်တစ်ခါ..။ f/8 လောက်ကို Down ပြီး View Finder ကိုကြည့်ပါ..။ ထုံးစံအတိုင်း ဘာမှ မပြောင်းလဲတာကိုတွေ့ရပါလိမ့်မယ်…။

အဲ့ဒီ့အခါကြမှ..။ DOF Button ကို နှိပ်ကြည့်လိုက်ပါ..။ View Finder ရဲ့ ဒေါင့် လေး ဒေါင့်မှာ အမဲရောင် Area တွေ စပြီးပေါ်လာမှာ ဖြစ်ပါတယ်..။ အဲ့ဒီ့လိုပေါ်လာခြင်းနဲ့ View Finder မြင်ကွင်းထဲမှာ မြင်နေရတဲ့ ကြည်လင်ပြတ်သားမှုကမှ မိတ်ဆွေ တစ်ကယ်ရိုက်တဲ့အခါရမယ့် DOF အစစ် ဖြစ်ပါတယ်…။

နောက်တစ်ခါ f/16 လောက်ထားပြီး ထပ်စမ်းကြည့်ပါ..။ ဒီတစ်ခါ စောစောက ကျွန်တော်ပြော တဲ့ ဒေါင့်တွေက ပိုပြီး များလာတာကိုတွေ့ရပါလိမ့်မယ်…။ အဲ့လို အမဲတွေ များလာတာနဲ့ အမျှ မိတ်ဆွေရဲ့ View Finder ထဲမှာ Focus ပြတ်နိုင်မယ့် Distance ဟာလည်း ပိုပြီး ပီပီပြင်ပြင် မြင်လာရမှာ ဖြစ်ပါတယ်..။

အမဲရောင် ဖြစ်သွားတာနဲ့…။ Focus ပြတ်မယ့် Depth Of Field Area များလာခြင်းကို မရောမိဖို့ အရေးကြီးပါတယ်…။

အမဲရောင်သာဖြစ်သွားပေမယ့် Aperture ကျဉ်းလိုက်တိုင်း ကျဉ်းလိုက်တိုင်းမှာ မိတ်ဆွေ Focus ဖြတ် ထားတဲ့ Area နဲ့ ကြည်လင်မှုဟာ သိသိသာသာ ကြီး ကြည်လင်လာမှာ ဖြစ်ပါတယ်..။

သိသာ ထင်ရှားတဲ့ စမ်းသပ်မှုမျိုး ပြုလုပ်ချင်ရင်..။ ဥပမာ ဆေးလိပ်ဘူးဖြစ်ဖြစ်..။ ရေခွက်တစ်ခွက် ဖြစ်ဖြစ်ကို ကိုယ်နဲ့ ခပ်ဝေးဝေးမှာ ချထားပါ..။

ပြီးရင် Camera ကို 55-250 / 55-200 လိုမျိုး Tele Lens တစ်ခုတပ်ပြီး အဲ့ဒီ့ ဆေးလိပ်ဗူး..။ ဒါမှ မဟုတ် ရေခွက်ကို …။ ပထမ အကျယ်ဆုံး Aperture နဲက focus ဖြတ်ကြည့်ပါ..။ ဥပမာ f/4 ပေါ့…။ အဲ့လို Focus ဖြတ်လိုက်တဲ့အခါမှာ အနောက်က Background ဝါးသွားတာကို သတိထားကြည့်ပါ..။

နောက်တစ်ခါ f/8 လောက် Down ပြီး Focus ထပ် ဖြတ်ကြည့်ပါ..။ ပြီးတော့ DOF Preview Button ကို နှိပ်ကြည့်ပါ…။ အနောက်က Background ဟာ View Finder ထဲမှာ ကြည်လင်လာတာ ကို မြင်ရမှာ ဖြစ်ပါတယ်..။

ထပ်ပြီး Down ကြည့်ပါ..။ f/16 လောက်အထိ..။ ထပ်နှိပ်ကြည့်ပါ…။ ဒီအချိန်မှာဆိုရင်တော့ Background ဟာ Point & Shoot Camera တွေနဲ့ ရိုက်သလောက်ကို Focus ဖြတ်ထားတဲ့အရာနဲ့ ထပ်တူနီးပါး ကြည်လင်မှုရှိသွားမှာဖြစ်ပါတယ်…။

ဒါဟာ Depth Of Field Preview Button ရဲ့ အသုံးဝင်ပုံပါပဲ..။

စောစောက ကျွန်တော်ပြောသလို ရေခွက် ဒါမှမဟုတ် ဆေးလိပ်ဗူးကို ကိုယ်နဲ့ ခပ်ဝေးဝေးထား တဲ့ နေရာမှာ…။ နောက်ခံ Background ကို နံရံလိုမျိုး ပြောင်ချောနေတဲ့ အရာမျိုးမဟုတ်ပဲ..။ သစ်ပင် ခြုံပုတ်တွေလိုဟာမျိုးတွေ ထားပေးခြင်းက မိတ်ဆွေရဲ့ စမ်းသပ်မှုကို ပိုပြီး တိတိကျကျ ခံစား မိစေနိုင်ပါတယ်..။

အမြဲတမ်းသုံးဖို့လိုသလားဆိုတော့..။ အမြဲတမ်းတော့ သုံးဖို့မလိုပါဘူး..။ တစ်ပုံရိုက်ကာနီးတိုင်း တစ်ခါ DOF တိုင်းနေရရင်..။ ဘယ်လိုမှ ပုံကောင်းကောင်း ရိုက်ရမှာကို မဟုတ်တော့ပါဘူး..။ ဥပမာ Zoo Park လိုဟာမျိုးထဲမှာ Wild Life သွားရိုက်တဲ့အခါမျိုးမှာ DOF Preview Button သုံးဖို့ မိတ်ဆွေ အချိန်ရမှာ မဟုတ်ပါဘူး..။ အဲ့ဒါကြီးသုံးနေရင်လည်း ဘာပုံမှ ရိုက်လိုက်ရမှာ မဟုတ်ပါဘူး..။

ကျွန်တော်ဆိုလိုတာက…။ Landscape လိုမျိုး…။ Commercial Shot လိုမျိုး..။ Table Top, Macro အစရှိသဖြင့် သေသေချာချာ Tripod နဲ့ ထောက်ပြီး အချိန်ယူရိုက်ရမယ့်..။ Every Detail တိုင်းဟာ အရေးကြီးတဲ့ Photography မျိုးမှာ အသုံးပြုဖို့ ပြောခြင်းဖြစ်ပါတယ်…။

ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရဲ့ အလုပ်လုပ်ပုံနဲ့ အသုံးဝင်ပုံကို သိဖို့က အဓိကပါ..။

ကိုယ်သိပြီးသွားပြီဆိုရင် ဘယ်နေရာမှာတော့ဖြင့် သုံးဖို့လိုအပ်တယ်..။ ဘယ်နေရာမှာတော့ဖြင့် သုံးဖို့ မသင့်ဘူးဆိုတာကို..။ မိမိဘာသာ အတွေ့အကြုံ အပေါ်မူတည်ပြီး ဆုံးဖြတ်နိုင်ပါတယ်..။

ဘယ်အရာကိုမှ ပုံသေ မှတ်မထားဖို့ လိုပါတယ်..။

အားလုံးပဲ များများလေ့လာ များများရိုက်…။ များများရိုက် များများလေ့လာနိုင်ကြပါစေလို့ ဆုတောင်းရင်း..။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

P.S – Dedicated To Sayar Pe Myint Oo




Depth Of Field Area & Aperture Value…

Aperture f/1.4 လောက်တွင် Viewfinder တွင်မြင်ရမယ့် အမဲဝိုင်းလေးပါ…။

f/8 တွင်မြင်ရမယ့် Depth Of Field Preview ပါ…။ (ဥပမာ အနေဖြင့် ပြထားခြင်း ဖြစ်ပါသည်။ အတိအကျ မရည်ရွယ်ပါ)

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...