ဘယ် Mode နဲ့ ရိုက်ရမလဲ....?

စလိုက်ရအောင်ဗျာ...

ကျွန်တော်တို့ ဒီနေ့တော့ ဓာတ်ပုံရိုက်နည်းအသစ်တွေ အကြောင်း မဆွေးနွေးခင်...။ သွေးပူလေးလုပ်တဲ့ အနေနဲ့ ဘယ် Mode နဲ့ ရိုက်ရမလဲဆိုတဲ့အကြောင်းကို အရင်ဆုံးစပြီး ဆွေးနွေးလိုက်ရအောင်...။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းနဲ့ပါတ်သတ်ပြီး ကျွန်တော့်ဆီကို မေးခွန်းတွေ ခဏခဏဝင်လို့ပါ...။ ဘယ် Mode နဲ့ ရိုက်တာ အကောင်းဆုံးဖြစ်မလဲ...? Manual လား...? Aperture လား... ? Shutter လား...? ဆိုပြီးတော့ပါ...။

အမှတ်တမဲ့ ကြည့်ရင် ဘာမဟုတ်တဲ့ Topic လို့ထင်စရာရှိပေမယ့် ...။ ဒီ Topic နဲ့ ပါတ်သတ်ပြီး အခုချိန်အထိ ငြင်းကြခုန်ကြ ဝိဝါဓ ကွဲပြားနေကြတုန်း ရှိပါတယ်...။ အထူးသဖြင့် " Manual Mode နဲ့ ရိုက်မှ ဆရာကြတာကွ... Pro ဖြစ်တာကွ " ဆိုတဲ့အစွဲအလမ်းနဲ့ အတိမ်အနက်ကို ကျွန်တော်ဆွေးနွေး ချင်လို့ပဲ ဖြစ်ပါတယ်...။

Manual Mode နဲ့ ရိုက်လိုက်တိုင်း ပုံတွေက သူမတူအောင် ကောင်းသွားပါသလား...? Manual နဲ့ ရိုက်လိုက်တာနဲ့ Professional ကြီး လုံးလုံး ဖြစ်သွားပါသလား...? တစ်ခြား လူများအတွက်တော့ မသိပါ...။ ကျွန်တော့်အတွက်ကတော့ အခုချိန်ထိ AV/A (Aperture Priority) နဲ့ TV/S (Shutter Priority) တို့က မဖြစ်မနေ အရေးကြီးနေတုန်းပဲဖြစ်ပါတယ်။ ကျွန်တော်ပဲ Camera နဲ့ Photography အပိုင်းမှာ မကျွမ်းကျင်သေးလို့လားတော့ မပြောတတ်ပါ...။

ကျွန်တော်လေ့လာဖူးသလောက် မည်သည့် Camera Company သော်လည်းကောင်း Pro တစ်ယောက်ယောက်ကသော်လည်းကောင်း ပုံအားလုံးကို Manual နဲ့ပဲ ရိုက်ရမယ်..။ Manual နဲ့ ရိုက်မှ ပုံကောင်းရမယ်လို့ ပြောခဲ့ဖူးတာ သို့မဟုတ် အဆိုအမိန့် ပြုခဲ့ဖူးတာ မတွေ့ဖူးပါ...။ ကျွန်တော်လေ့လာ အား နည်းလို့လဲ ဖြစ်မယ်ထင်ပါတယ်...။တစ်ကယ်လို့သာ Manual Mode တစ်ခုထဲနဲ့ ပဲ ရိုက်ရမယ် ဆိုရင်...။ ကျွန်တော့်အထင်တော့...။ High End/Semi Pro/Pro DSLR တွေမှာ ဘယ် Camera Company တွေကမှ အလုပ်အရှုပ်ခံပြီး ဒီ Mode တွေကို ထည့်ပေးတော့မယ် မထင်ပါ...။

ကျွန်တော်အဓိက ပြောချင်တာကတော့...။ ဘယ် Mode/Priority နဲ့ ရိုက်ရိုက် အဓိကက Man Behind The Camera ပါပဲ...။ Photographer ရဲ့ အနုပညာမြောက်အောင် တင်ဆက်နိုင်မှု၊ စိတ်ကူး စိတ်သန်းကောင်းမှု၊ ဓာတ်ပုံပညာရပ် အခြေခံသဘောတရားနဲ့ မိမိရဲ့ Gear များကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချနိုင်မှုတို့ကသာအဓိက ကျမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...။ Manual, Aperture, Shutter Mode တွေဟာ သူ့နေရာနဲ့ သူအားလုံးအသုံးဝင်ကြပါတယ်...။ အဓိက အဲ့ဒီ့ အမျိုးအစားသုံးခုထဲက ဘယ်တစ်ခုကိုမှ ကျွန်တော့်အတွက်တော့ ဖယ်ထုတ်/ဖဲ့ထုတ်လို့မရပါဘူး...။

ကျွန်တော့်အနေနဲ့ကတော့ ဒီ Post မှာ ဘာ Mode နဲ့ ရိုက်မှ ဆိုတဲ့ ခေါင်းစဉ်အစား...။ ဘယ်နေရာ/ ဘယ်လို အခြေအနေမျိုးမှာတော့ ဘယ်လို Mode မျိုးနဲ့ ရိုက်သင့်တယ်ဆိုတာကို ကျွန်တော်လေ့လာ မိသလောက် ဆွေးနွေးပေးသွားချင်ပါတယ်...။

Manual (M)

လူပြောအများဆုံး Mode ပါပဲ...။ ကျွန်တော့် အမြင်အရတော့ Manual Mode ဟာ နေရာတိုင်းအချိန်တိုင်း အတွက် အသုံးမဝင်ပါဘူး...။ သူအသုံးဝင်တဲ့အချိန်တွေမှာဆိုရင် Aperture Mode တို့ Shutter Mode တို့ နဲ့ ဘယ်လိုမှ လိုက်မမှီအောင် ကောင်းပေမယ့်...။ မလိုအပ်တဲ့ အချိန်မှာ သွားသုံးမယ်ဆိုရင်တော့ အချိန်တွေ ကုန်ပြီး Shutter Count တွေ တက်သွားတာသာ ရှိပါလိမ့်မယ်...။ ပုံကောင်းတစ်ပုံတော့ ရလိုက်မယ် မထင်ပါ...။

ကျွန်တော့်အတွက်ကတော့ Manual Mode ကို Landscape မှာပဲ ဖြစ်ဖြစ် Portrait (Indoor/Outdoor Model Shot) လိုမျိုး..။ သေသေချာချာ Tripod တွေ ဘာတွေချ...။ Setting တွေ ဘာတွေ ပြင်...။ Meter တွေ ဘာတွေ သေသေချာချာတိုင်းပြီး...။ အချိန်ယူရိုက်ကူးနိုင်တဲ့ အခါမျိုးမှာ အသုံးပြုဖြစ်တာများ ပါတယ်...။ ကျွန်တော်ဆိုလိုတာက Landscape မှ Manual သုံးရမယ်လို့ပြောတာမဟုတ်ပါဘူး..။

သေသေချာချာ အလင်း/အမှောင် ကြိုတင်ပြင်ဆင်ခွင့်/ ပြန်လည်ပြင်ဆင်ခွင့် ရှိတဲ့ အခါမျိုးမှာ သုံးတယ် လို့ဆိုလိုတာ ဖြစ်ပါတယ်..။ ဥပမာ Model/Portrait ရိုက်တယ်ပေါ့ဗျာ...။ Studio ထဲမှာပဲ ဖြစ်ဖြစ် Outdoor မှာပဲ ဖြစ်ဖြစ် Model က ကိုယ့်အတွက် သီးသန့် Pose လုပ်ပေးတယ်...။ ဒါမျိုးဆိုရင်တော့ ကျွန်တော်လည်း Manual နဲ့ပဲ ရိုက်ဖြစ်မှာ ဖြစ်ပါတယ်...။

Landscape မှာကတော့ Manual က အသက် လို့တောင် ပြောလို့ရတဲ့ အနေအထား ရှိပါတယ်...။ စိတ်ကြိုက် Shutter Speed, Aperture, ISO တို့ကို ကစားခွင့်ရလို့ပဲ ဖြစ်ပါတယ်...။

ဒါပေမယ့် Candid Shot/Snap Shot လို နေရာမျိုးအတွက်တော့ Manual Mode က အခက်အခဲတွေ အများကြီးပေးနိုင်သလို...။ မလိုအပ်ပဲ အလှုပ်ရှုပ်မှုတွေကို ဖြစ်စေနိုင်ပါတယ်...။

Manual Mode မှာ Aperture, Shutter, ISO အားလုံးကို ကိုယ်က သတ်မှတ်ပေးရတာ ဖြစ်တဲ့အတွက် Candid လိုမျိုး ဘယ်လိုမှ နှစ်ခါ ပြန်မရနိုင်တဲ့ အခြေအနေမျိုးမှာ...။ ဒီ Setting တွေကို လိုက်ပြင်နေရ တာနဲ့တင် ဘာပုံမှ ရလိုက်မှာ မဟုတ်ပါဘူး...။

Candid Shot တွေ Snap Shot တွေဟာ ဘယ်လိုမှ နှစ်ခါ ပြန်မရနိုင်သလို...။ ဘယ်လိုအချိန်မှာ..။ ဘယ်နေရာကနေ..။ ဘယ်လိုအနေအထားမျိုးနဲ့ပေါ်လာမလဲဆိုတာ ကြိုတင် မှန်းဆထားလို့မရတဲ့ အရာတွေ ဖြစ်ပါတယ်...။

မြင်ကွင်းတစ်ခုကို မြင်လိုက်တဲ့ ခဏအတွင်းမှာ လျှပ်တစ်ပျက် အမြန်ဆုံး လှုပ်ရှားနိုင်မှသာ ရရှိနိုင်မှာ ဖြစ် ပါတယ်...။ ဘယ်လောက် Focusing မြန်တဲ့ Camera တွေ Lens တွေပဲ သုံးသုံး ကိုယ့်ဘက်က Ready မဖြစ်သေးရင်တော့ Sorry ပါပဲ....။ အခွင့်အရေးက နှစ်ခါမလာပါဘူး..။ နောက်တစ်ခါ လာချင်လာပါ လိမ့်မယ်..။ ဒါပေမယ့် အရင်လို အနေအထားမျိုးနဲ့တော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်...။

Aperture Priority (AV/A)

ကျွန်တော် အကြိုက်ဆုံး Mode ပါပဲ...။ ကျွန်တော် Camera စဝယ်တဲ့နေ့ကတည်းက အခုချိန်အထိ...။ ကျွန်တော့် Camera ကို တစ်ယောက်ယောက်ကများ ကျွန်တော့်ဆီက အမှတ်တမဲ့ ယူကြည့်လိုက်မယ် ဆိုရင်...။ AV/A (Aperture Mode) မှာ အမြဲတွေ့ရမှာ ဖြစ်ပါတယ်...။ ကျွန်တော် Landscape ပဲ ဖြစ်ဖြစ် Portrait ပဲ ဖြစ်ဖြစ် Macro ပဲ ဖြစ်ဖြစ်...။ ဘာပဲ ရိုက်ပြီးပြီး...။ အကျင့်တစ်ခုအနေနဲ့ အမြဲတမ်း Aperture Mode မှာ Setting ကို ပြန်ထားပြီးသားဖြစ်နေတတ်ပါတယ်...။

ဒီနေရာမှာ စကားစပ်လို့ ကျွန်တော့်ဆရာ (ဆရာဖေမြင့်ဦး) မှာထားတာလေး တစ်ခုကို ဖောက် သည်ပြန်ချခြင် ပါတယ်...။

ဓာတ်ပုံတစ်ပုံကို စိတ်ကြိုက် Customize (White Balance, Metering, Picture Style, Aperture, Shutter, ISO) လုပ်ပြီး ရိုက်ပြီးပြီးဆိုတိုင်း...။ အားလုံးကို Default လိုနေရာမျိုးမှာ အပျင်းမကြီးပဲ အမြဲတမ်း ပြန်ထားတဲ့ အလေ့အကျင့်လေးလုပ်ပါလို့ မှာဖူးပါတယ်...။ အကုန် ပြန်ပြင်ရတော့ အလုပ်ရှုပ်တာ မှန်ပေမယ့်...။ ကိုယ် ပထမ Customize လုပ်ထားတဲ့ Setting ဟာ နောက်ရိုက်မယ့် Condition အတွက် အသုံးတည့်ချင်မှ တည့်ပါလိမ့်မယ်...။

ဥပမာ လပြည့်ည တစ်ညဆိုပါတော့ဗျာ...။ ကျွန်တော်က လကို အလုံးလိုက်ကြီး ရိုက်ချင်တဲ့အတွက် Spot Metering ကိုရွေးပေးထားတယ်...။ လကိုရိုက်နေတယ်ပေါ့...။ ရိုက်ပြီးသွားတော့ ဆေးလိပ်လေး ဘာလေးသောက် ခဏနားနေတဲ့အချိန်...။ Setting တွေကိုလည်း ဘာမှ ပြန်မပြင်ထားပဲ စောစောက လကိုရိုက်တုန်းက အတိုင်း ထားထားတယ် ဆိုပါဆို့...။ အဲ့ဒီ့အချိန် မှာပဲ...။ အမှတ်မထင် မြင်ကွင်းလေး တစ်ခုကိုတွေ့လိုက်လို့ အားရဝမ်းသာနဲ့ ...။ ပုံကောင်းတစ်ပုံတော့ ရပြီဟဲ့ ဆိုပြီး...။ လှမ်းရိုက်လိုက်တဲ့ အချိန်မှာတော့...။ စောစောက ကျွန်တော်တို့ Over Expose အရမ်းဖြစ်တဲ့ လ အတွက်ပေးထားတဲ့ Spot Metering က မိတ်ဆွေရဲ့ ပုံကို ဘယ်လိုမှ အဖတ်ဆယ်လို့ မရအောင် ဖျက်ဆီးလိုက်ပါတော့တယ်...။

သွားပါပြီ...။ ပြန်ပြင်ပြီးတဲ့အချိန်မှာ စောစောက မြင်ကွင်းကလည်း ရှိလောက်တော့မှာမဟုတ်ပါဘူး...။ ဒီလို အခြေအနေမျိုးတွေ မဖြစ်ရအောင် Customize လုပ်ပြီး ရိုက်တိုင်း...။ Default Setting ကို ပြန်ထားတဲ့ အကျင့်လေး လုပ်ဖို့ ကျွန်တော်တို့ ဆရာက မှာခဲ့ခြင်း ဖြစ်ပါတယ်...။

ဒါက စကားစပ်လို့ပါ...။ ကျွန်တော်တို့ Aperture Mode အကြောင်း ပြန်သွားရအောင်...။ Aperture Mode မှာ ကိုယ့်စိတ်ကြိုက် f-number (Aperture) ကိုရွေးပေးထားမယ်..။ ISO ကို Auto ပေးထားမယ် ဆိုရင်...။ ကျန်တဲ့ Shutter Speed ကို Camera က သူ့ဘာသာသူ တွက်ချက်ပြီး လုပ်ပေးသွားမှာ ဖြစ်တဲ့ အတွက် ဘာမှ အလုပ်မရှုပ်တော့ပါဘူး...။ ကိုယ်ရိုက်ချင်တဲ့ မြင်ကွင်းတစ်ခုကိုတွေ့ ပြီဆိုရင်...။ Camera နဲ့ ချိန် Focus ဖြတ်ပြီး ရိုက်ယုံပါပဲ (Composition လေးတော့ ကောင်းအောင် ချဖို့ မမေ့နဲ့ပေါ့ဗျာ...။)

ဒီနေရာမှာ နဲနဲ ထပ်ဖြည့်ပြီး ပြောစရာရှိတာက ကိုယ့် Camera ရဲ့ အကြောင်းကို ကိုယ်သိထားဖို့ လိုပါတယ်....။ ကျွန်တော် Metering အကြောင်းရေးတုန်းက ပြောခဲ့သလိုပဲ..။ Camera က တစ်ကယ်ဆို ကျွန်တော်တို့ မျက်စိနဲ့ မြင်သလို မမြင်ပါဘူး..။ 18% Grey ကိုပဲ Standard အဖြစ် မြင်တာ ဖြစ်ပါတယ်...။

ဒီ့အတွက် ကျွန်တော်တို့ ရိုက်လိုက်တဲ့ ပုံတိုင်းဟာ မျက်စိနဲ့ မြင်နေရတဲ့ Exposure အတိုင်း ဖြစ်ဖို့ဆိုရင်တော့ ကိုယ့် Camera ရဲ့ အနေအထားကို သိထားဖို့လိုပါတယ်...။

ဥပမာ ကျွန်တော့် 7D ဆိုရင် Shadow မိနေတဲ့ အပိုင်းက အရာတွေကိုရိုက်မယ်ဆိုရင် မျက်လုံးနဲ့ မြင်ရတဲ့ Exposure နီးပါးရဖို့ 1/3 Stop လောက် တင်ပြီး ရိုက်ပေးရပါတယ်...။ Exposure 0 မှာ ထားရင် အပြင်မှာ မြင်နေရတာထက် Under ကျနေတတ်ပါတယ်...။ Highlight အရမ်းဖြစ်နေတဲ့ နေရာက ဟာမျိုးဆိုရင် 1/3 To 2/3 လောက် ချပြီး ရိုက်ပေးမှ အဆင်ပြေပါတယ်...။ ဒါက ဥပမာအနေနဲ့ ကျွန်တော့် 7D နဲ့ ယှဉ်ပြီး ပြောပြတာပါ...။ အသုံးပြုတဲ့ Brand နဲ့ Camera အမျိုးအစားအပေါ် မူတည်ပြီး Exposure အတင်/အချ က ပုံသေပြောလို့မရပါဘူး...။ ကိုယ်တိုင် Test Shot တွေ ရိုက်ပြီး စမ်းကြည့်မှ သိနိုင်ပါ လိမ့်မယ်...။

နောက်...။

ကျွန်တော် AV/A မှာ ရိုက်ရင် လုပ်လေ့လုပ်ထရှိတဲ့ အကျင့်တစ်ခုရှိပါတယ်...။ ဒါက အားလုံးအတွက် မရည်ရွယ်ပါဘူး..။ ကျွန်တော်နဲ့ စိတ်ကူးတူတဲ့ သူတွေရှိရင် သုံးလို့ရ အောင်ပါ...။ ကျွန်တော် AV/A မှာ ရိုက်ပြီဆိုရင် ISO ကို AUTO ထားခဲပါတယ်...။ ကိုယ်ရိုက်မယ့် Subject အပေါ်မူတည်ပြီး ကျွန်တော် ကိုယ့်ဘာသာ ISO ကို သတ်မှတ် ပေးထားလေ့ ရှိပါတယ်...။ ဘာလို့လဲဆိုတော့ Camera ရဲ့ သဘောတရားက အပြင်မှာ Lighting များမယ်...။ Daylight ဖြစ်မယ်ဆိုရင်...။ Canon တွေဆို ISO 100, Nikon တွေဆို ISO 200 ကို Auto ISO က ချပြီး ရိုက်ပေးလေ့ (Shutter ကို ကစားပေးလေ့ ရှိပါတယ်)

ဥပမာ ကျွန်တော်က ဘောလုံးပွဲ တစ်ပွဲကို သွားရိုက်တယ်ဆိုပါတော့...။ Aperture ကိုလည်း f/2.8 အပြည့်ဖွင့်ပြီးရိုက်မယ်...။ ဒါမှ ကိုယ်ရိုက်ချင်တဲ့ Soccer Star က Stand Out ဖြစ်ပြီး အနောက်က Background တွေက Blur ဖြစ်ကာ ပုံက ကြွတက်သွားမယ်...။ အိုကေ...။ Aperture အတွက်ပြီးပြီ....။ ဘောလုံးပွဲ ရိုက်မှာ ဖြစ်တဲ့အတွက် Shutter Speed က မြန်လေ ကောင်းလေပဲ ဖြစ် ပါတယ်...။ ဒီနေရာမှာ တစ်ကယ်လို့သာ ISO ကို Auto ပေးထားတဲ့အတွက် ထုံးစံအတိုင်း သူက 100/200 လောက်မှာပဲ ထားပြီး Shutter ကို ကစားပေးနေရင် ကိုယ်လိုချင်တဲ့ High Shutter Speed မရနိုင်တော့ပါဘူး...။ High Shutter Speed မရနိုင်တော့တဲ့အခါမှာ...။ လျှင်မြန်တဲ့ အားကစားနည်း တစ်ခုဖြစ်တာနဲ့ အညီ ပုံတွေက Blur ဖြစ်တာတို့ Shake ဝင်တာတို့တွေ သေချာပေါက် ဖြစ်တော့ မှာ ဖြစ်ပါတယ်...။

ရိုက်နေရင်း နေစောင်းသွားလို့ အမှောင်များလာရင် ပိုဆိုးလာပါလိမ့်မယ်....။ ဒီလိုအခြေအနေတွေ ကို ရှောင် ရှားဖို့အတွက်....။ Sports တို့ Wild တို့ ကျွန်တော် သွားရိုက်ပြီဆိုရင် ISO ကို 400 သို့မဟုတ် 640 အမြဲထားပါတယ်...။ ဒါဆိုရင်တော့ သေချာပေါက် Shutter Speed 1/1000s အထက် မှာ ရနေမှာ ဖြစ်တဲ့အတွက် Shake ဝင်စရာ Blur ဖြစ်စရာ အကြောင်း မရှိတော့ပါဘူး...။ တစ်ကယ်လို့များ ISO ကို 400/640 ထားတဲ့အချိန်...။ Aperture (f-number) ကလည်း 2.8, 4 လောက်ဖွင့်ထားလို့ Metering က Over Expose ပြနေရင်တော့ ISO ကို ပြန်ချပေးလိုက်ပါ...။ ဒါမှမဟုတ် DOF (Depth Of Field) လိုချင်တယ်ဆိုရင် Aperture ကို Down ပေးလိုက်လို့လဲ ရပါတယ်...။ သေချာတာကတော့ တိကျ ပြတ်သားတဲ့ပုံတွေကို ရရှိမှာပဲ ဖြစ်ပါတယ်...။

ဒီလိုနေရာမျိုးတွေမှာ Aperture (AV/A) Mode က တကယ်ကို အသုံးဝင်လှပါတယ်...။

ကျွန်တော်ပြောတာကို မယုံရင် ဘောလုံးပွဲ တစ်ပွဲကို Manual (M) Mode နဲ့ သွားရိုက်ကြည့်ပါ...။ ဘာကြောင့် ဒါတွေကို ကျွန်တော် အရှည်ကြီး ရှင်းပြနေရသလဲဆိုတာ... နှစ်ချက် သုံးချက်လောက် ရိုက်ပြီးတာနဲ့ အဖြေထွက်သွားပါလိမ့်မယ်...။ ကျွန်တော့်အနေနဲ့ Aperture Mode (AV/A) နဲ့ အသင့်တော်ဆုံးလို့ ယူဆတဲ့ အခြေအနေတွေကတော့ Candid, Wild, Sports တို့ပဲ ဖြစ်ပါတယ်...။

Shutter Mode (TV/S)

ဒီ Mode ဟာလည်း Aperture Mode လိုပါပဲ အသုံးဝင်တဲ့ နေရာတွေ အများကြီး ရှိနေပါတယ်....။ ကိုယ်က Shutter Speed ကိုရွေးပေးလိုက်မယ်..။ ISO ကို Auto မှာ ထားမယ်ဆိုရင်...။ ကျန်တဲ့ Aperture ကို Camera က (ကိုယ်သတ်မှတ်ပေးထားတဲ့ Exposure အပေါ်မှာမူတည်ပြီး) သူ့ဘာသာသူ တွက်ချက်ပေးသွားပါလိမ့်မယ်...။

ဥပမာ အိမ်က မျောက်ရှုံးအောင်ဆော့တဲ့ တူလေးဖြစ်ဖြစ်/ တူမလေး ဖြစ်ဖြစ် /သားလေး ဖြစ်ဖြစ် / သမီးလေး ဖြစ်ဖြစ်ကို ရိုက်ချင်တယ်...။ Indoor ဖြစ်နေတဲ့အတွက် Aperture ကို ဖွင့်ပြီး ရိုက်သည့် တိုင်အောင် Shake တွေ ဝင်နေတယ်ဆိုရင်တော့ Shutter Mode လေးကို စမ်းကြည့်စေချင်ပါတယ်...။ လမ်းလျှောက်တတ်စ/ စပ်စုတတ်စ အလွန်ဆော့တဲ့ အရွယ် ကလေးတစ်ယောက်ကို Shake မဝင်အောင် ရိုက်ဖို့ အနဲဆုံး 1/200s နဲ့ 1/400s ကြားမှာ Shutter Speed ရှိနေဖို့ လိုပါတယ်...။

Manual Mode နဲ့ သာလိုက်ရိုက်နေမယ်ဆိုရင် Meter တိုင်းနေ Exposure ချိန်နေတာနဲ့တင် ဘာမှ ရိုက်လိုက်ရမှာ မဟုတ်ပဲ...။ ကိုယ် Ready ဖြစ်တဲ့အချိန်မှာ မျောက်လောင်းလေးက မောပြီး အိပ်မောကျနေလောက်ပါပြီ...။ ဒီလိုအခြေအနေမျိုးမှာ Shutter Priority/ Shutter Mode (TV/S) က အသင့်တော်ဆုံး ဖြစ်သွားပါတယ်...။

Sports တို့ Wild Life တို့မှာလည်း DOF (Depth Of Field) ကို အဓိက မထားပဲ Shake/Blur မဖြစ်ဖို့ ကို အဓိက ထားပြီး ရိုက်ချင်တဲ့အချိန်မျိုးမှာ Shutter Priority/ Shutter Mode (TV/S) က အသုံးဝင် ပါတယ်...။ (AV/A မှာ ထားပြီးရိုက်တာနဲ့ မရောစေလိုပါ...။ Aperture Priority မှာက Depth Of Filed ကို ဦးစားပေးပြီးတော့..။ Shake/Blur အတွက်ကိုတော့ ISO နဲ့ ထိမ်းပြီး ကစားသွားပါတယ်။)

နောက်ထပ် ထင်ရှားတဲ့ အခြေအနေတစ်ခုကတော့...။ Panning ပဲ ဖြစ်ပါတယ်...။

စက်ဘီးတစ်စီး ဒါမှမဟုတ် ဆိုင်ကယ်တစ်စီးသွားနေတာကို Pan ရိုက်ချင်တယ်ဆိုရင်...။ Manual နဲ့သာ ရိုက်မယ်ဆိုပါက Correct Exposure ရဖို့ Shutter, Aperture, ISO အကုန်လုံးကို လိုက်ပြီး ကစားရပါတော့မယ်...။ အဲ့လို လိုက်ညှိနေတာနဲ့ပဲ...။ ဂစ်တာသမားတွေ စကားနဲ့ ပြောရရင် ကြိုးညှိမိုးလင်း ဖြစ်သွားပါလိမ့်မယ်...။

Shutter Speed မြန်သွားလို့ Pan မရပဲ အကုန်လုံး Focus ပြတ်သွားလိုက်...။ နှေးသွားလို့ Background တင် Pan ဖြစ်ရုံမကပဲ Subject ပါ ပျောက်သွားလိုက်...။ Aperture ကို ပြန်ချိန်လိုက်..။ ISO ကို တင်လိုက် ချလိုက်နဲ့ ပြီးတော့မှာ ကို မဟုတ်ပါဘူး...။ ဒီလိုအချိန်မျိုးမှာ အသာအယာပဲ Shutter Priority/ Shutter Mode (TV/S) ကို ရွေးပေးလိုက်...။ စက်ဘီးကို ရိုက်ချင်တယ်ဆို 1/20s ကနေ 1/30s , ဆိုင်ကယ်ကို ရိုက်ချင်တယ်ဆို 1/30s ကနေ 1/60s, ကားကို ရိုက်ချင်တယ်ဆိုရင် 1/120s ကနေ အထက်ကို လိုသလိုလေး သတ်မှတ်ပေးလိုက်ရုံနဲ့ ..။

ကျန်တဲ့ Aperture, ISO စတာတွေကို Camera က လုပ်ပေးသွားမှာ ဖြစ်တဲ့...။ လွယ်ကူအဆင်ပြေစွာ ရိုက်နိုင်မှာ ဖြစ်ပါတယ်...။

Shutter Priority မှာ လည်း Aperture Priority တုန်းကလိုပဲ...။ ISO ကိုတော့ Auto ပဲ ထားချင်သလား..။ မိမိ စိတ်ကြိုက်ပဲ သတ်မှတ်ပေးထားချင်သလား..။ ဒါကတော့ အခြေအနေနဲ့ အချိန်အခါပေါ် ကြည့်ပြီးဆုံးဖြတ်သင့်ပါတယ်...။

Aperture Priority မှာတုန်းက ပြောခဲ့တဲ့အတိုင်းပဲ Exposure နဲ့ ပါတ်သတ်လို့...။ 1/3 stop လောက် Under ပေးထားရမလား...။ Over ပေးထားရမလား...။ ဒါမှမဟုတ် Correct Exposure မှာပဲ ကိုယ့်ကင်မရာက အဆင်ပြေပြီးသားလား...။ ဒါလေးတွေကို တွက်ချက်ပြီးပြီဆိုရင် အိုကေပါပြီ...။

နိဂုံးချုပ်အနေနဲ့....။ ဘယ် Camera နဲ့ ရိုက်တယ်ဆိုတာ အရေးမကြီးသလိုပဲ...။ ဘယ် Mode နဲ့ ရိုက်တယ်ဆိုတာကလည်း အရေးမကြီးပါဘူး..။ အရေးကြီးတာက..။ ကိုယ်နဲ့ အဆင်ပြေဖို့ ..။ သင့်တော်ဖို့...။ ပုံကောင်းရဖို့က သာအဓိက ဖြစ်တာကြောင့်မို့....။ မလိုအပ်တဲ့ အစွဲအလမ်းတွေ မထားကြဖို့တိုက်တွန်းလိုပါတယ်...။

များများရိုက်ပါ...။ ရိုက်ရင်းလေ့လာပါ...။ လေ့လာရင်း ရိုက်ကြပါလို့ တိုက်တွန်းရင်း ကျွန်တော့်ရဲ့ Post မိုးခေါင်နေမှုကို အဆုံးသတ်လိုက်ပါတယ်...။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

http://www.aperture21.com



--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...