Latest Updates:

ကုလားအုတ်နဲ့ ဝံပုလွေ

Friday, October 31, 2014
အပြောကျယ်တဲ့ သဲကန္တာရ လွင်ပြင်မှာ ကုလားအုတ်ရဲ့ အကြီးမားဆုံး ရန်သူဆိုလို့ ဝံပုလွေပဲ ရှိတယ်။

ကုလားအုတ်က ဝံပုလွေရဲ့ ပြိုင်ဖက် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကုလားအုတ်မှာ ပရိယာယ် တစ်မျိုးရှိတယ်။ ကုလားအုတ် ရဲ့ပရိယာယ်က ရင်ဆိုင် တိုက်ခိုက်တာ မဟုတ်ဘဲ ထွက်ပြေး တာဖြစ်တယ်။

ကုလားအုတ်နဲ့ ဝံပုလွေ ရင်ဆိုင်တိုးတဲ့ အခါ ဝံပုလွေက တိုက်ခိုက်ဖို့ပဲ အလျင်လိုတယ်။ ကုလားအုတ်ကို ချက်ချင်း တိုက်ခိုက် အပိုင်စားဖို့ ကြိုးစားတယ်။ ကုလားအုတ်က ဝံပုလွေကိုတွေ့တာနဲ့ နှစ်ချက် သုံးချက် လောက်အော်ပြီး သုတ်ခြေတင် ပြေးတော့တယ်။

ပါးစပ်နား ရောက်ခါနီးတဲ့ အစာကို ဝံပုလွေက ဘယ်လက်လွတ်ခံမလဲ၊

ကုလားအုတ်ကပြေးရင် သူနောက်က လိုက်တယ်။ ဒီလို နောက်က အပြေးလိုက်တာဟာ ကုလားအုတ်ရဲ့ ပရိယာယ်ကွက်ထဲ ရောက်သွားပြီဆိုတာကို ဝံပုလွေ မသိခဲ့ရှာဘူး။

ပြေးစမှာ ကုလားအုတ်က ဝံပုလွေလောက် အပြေးမသန်ဘူး။ ပြေးရင်းရှောင်ရင်း ဝံပုလွေရဲ့အပြေး တဖြည်းဖြည်းနှေးလာတယ်။ ဝံပုလွေနှေးရင် ကုလားအုတ်လည်း လိုက်နှေးတယ်။ ဒါဟာ ဝံပုလွေ ကို မျှော်လင့်ချက်လေးပေးတာဖြစ်တယ်။ ကုလားအုတ်နှေးတာကိုတွေ့တော့ ဝံပုလွေက ဆက်လိုက်တယ်။ ကုလားအုတ် ဆက်ပြေးတယ်။ အားကုန်လုဟန်ဆောင်ပြီး ပြေးတယ်။ တကယ့် အားကုန်နေတာက ဝံပုလွေပါ။ သဲကန္တာရမှာကျင်လည်တဲ့ ကုလားအုတ်က လွယ်လွယ်နဲ့ ဘယ်အားကုန်ခမ်းနိုင်မလဲ...။

ဒါဟာ ကုလားအုတ်က ဝံပုလွေကို သဲကန္တာရ နက်နက် ထဲရောက်အောင် မျှားခေါ်သွားတာဖြစ် တယ်။ နောက်ဆုံးမှာ ဝံပုလွေခမျာ ခြေကုန်လက်ပန်းကျပြီး ပါးစပ်အမြုပ်ဖြူထလို့ ကန္တာရ လွင်တီးခေါင်ခေါင် မှာ အားပြတ်လဲကျရတယ်။ ဒါဟာ ရန်သူကိုအလဲဖြိုတဲ့ ကုလားအုတ်ရဲ့ပရိယာယ်ဖြစ်တယ်။

တကယ်တော့ ကုလားအုတ်က ရန်သူကိုလက်ရုံးအားနဲ့ တိုက်ခိုက်အနိုင်ယူလိုက်တာ မဟုတ်ဘူး။ ဉာဏ်အား၊ သည်းခံနိုင်အားနဲ့ အလဲဖြိုအနိုင်ယူလိုက်တာဖြစ်တယ်။

မူရင်း--- http://www.gushi365.com/info/6459.html

နိုင်းနိုင်းစနေ(Sunday, April 08, 2012)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု

Friday, October 31, 2014
ပုံပြင်လေး တစ်ပုဒ်က ဒီလို ဆိုပါတယ်။

တစ်ခါက ဘဲအုပ်စုနှစ်စု ရှိသတဲ့။ အုပ်စု တစ်စုက ဘဲတွေဟာ ဥအရမ်း ဥတတ်ပြီး နေ့တိုင်း ဥလုံး ကြီးတွေ ဥတယ်။ ကျန်တဲ့အုပ်စုက ဘဲတွေဟာ ဥ ဥရမှာ အရမ်းပျင်းပြီး ၃,၄ ရက်နေမှာ ဥသေးသေးလေး တစ်လုံး ဥတယ်။ ဒီဘဲအုပ်စုနှစ်စု ဟာ သီးသန့်နေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို မနှောက်ယှက် ကြဘူး။ ကိုယ်ပိုင် သီးသန့်ရေကန်၊ မြက်ခင်းတွေ နဲ့ ကိုယ့်ဥကို ဥကြတယ်။

ဒီလိုနဲ့ နေ့တစ်နေ့မှာ ပျင်းတဲ့အုပ်စုထဲက ဘဲတစ်ကောင်ဟာ ဥ,ဥတတ်တဲ့ ဘဲအုပ်စုထဲ မျက်စိလည်ရောက် လာခဲ့တယ်။ ဒီအုပ်စုထဲမှာ ဘဲငပျင်းအတွက်မြင်မြင်သမျှ ထူးဆန်းလို့နေတယ်။ ဘဲတွေဟာ သူ့ထက်ငါ အလုအယက် ဥ,ဥကြတယ်။ ဥ,ဥဖို့ကို စိတ်အား ထက်သန်ကြတယ်။ သွက်လက်နိုးကြား ကြတယ်။ ဥတွေ ကြီးနိုင်သမျှ ကြီးအောင် ကြိုးစားဥကြသလို ဥအမွှာလေးတောင် ဥလိုက်ချင်ကြတယ်။ ဘဲငပျင်းအတွက် ဒါဟာ အထူးအဆန်းဖြစ်လို့ နောက်ဆုံးမှာ ဒီအုပ်စုထဲ သူနေခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး တခြားဘဲတွေလို နေ့ တိုင်း ဥ,ဥဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ တစ်လအကြာမှာ သူလုပ်နိုင်ခဲ့ပါတယ်။ နေ့တိုင်း ဥလုံးကြီးတွေ ကို သူဥနိုင်ခဲ့တယ်။

နှစ်လရက်တွေ အလီလီပြောင်းခဲ့တယ်။ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုနဲ့ ပျင်းတဲ့ဘဲအုပ်စုရဲ့ဘဝက မပြောင်းခဲ့ ဘူး။ ဒီလိုနဲ့ တစ်နေ့မှာ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုထဲက ဘဲတစ်ကောင်ဟာ လမ်းမှားပြီး ဘဲငပျင်း အုပ်စုနား ရောက်သွားခဲ့တယ်။ ဒီအုပ်စုရဲ့ဘဝဟာ ဘာတိုးတက်မှုမှမရှိခဲ့ဘူး။ အစာတွေ သွားမရှာချင်ခဲ့ဘူး။ ဥ,ဥဖို့ကိုလည်း သူတို့စိတ်မဝင်စားကြဘူး။ အစားကောင်းမစားရရင် ဒါမှမဟုတ် အစာရှာမရရင် သူတို့ဟာ ဥ မဥကြတော့ဘူး။ ပျင်းပျင်းရိရိနဲ့ ဥ,ဥချင်တဲ့အခါမှ ဥပြီး မဥချင်တဲ့အခါ ၃,၄ရက်နေတာတောင် တစ်လုံး မဥကြဘူး။ ဒါကြောင့် ဒီအုပ်စုရဲ့ ဥ,ဥနှုန်းက အရမ်းကျဆင်းခဲ့တယ်။ ဥ,ဥတတ်တဲ့ဘဲက ဒါတွေကိုကြည့်ပြီး အရမ်းတုန်လှုပ်သွားခဲ့တယ်။ ဒါပေမဲ့ သူ့အုပ်စုထဲ သူချက်ချင်းမပြန်နိုင်ခဲ့တော့ ဒီဘဲငပျင်းအုပ်စုထဲမှာပဲ ခဏတာနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဘဲငပျင်းတွေနဲ့ နေရင်းနေရင်း အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ အကျင့် ဟာလည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့တော့တယ်။ တစ်လအကြာမှာ နေ့တိုင်း ဥတစ်လုံးကျ ဥတတ်တဲ့ သူဟာ နေ့တိုင်းဥမဥတတ်ခဲ့တော့ဘူး။

လူတွေလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အကျိုးဖြစ်ထွန်းမှုကို ပြောင်းလဲနိုင် ပါတယ်။ တကယ်လို့ နှိုးကြားတက်ကြွတဲ့အုပ်စုထဲ သူနေရင် သူ့ဘေးပတ်ဝန်းကျင်က လူတွေရဲ့ ကူးစက် မှုကြောင့် သူဟာ ကြိုးစားတက်ကြွစိတ်တွေ ဝင်လာတယ်။ ကိုယ်ရဲ့အကောင်းဆုံးကို သူလုပ်လာနိုင် တယ်။ အောင်မြင်သူ ဒါမှမဟုတ် ဦးဆောင်သူ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတွေကို သူတည်ထောင် လာနိုင်ပါတယ်။ တကယ်လို့ ပျင်းရိတဲ့အုပ်စုထဲ ရောက်သွားရင်တော့ တော်ထက်တဲ့ လူတစ်ယောက် ကိုတောင် လူပျင်းတစ်ယောက် ဖြစ်သွားစေနိုင်ပါတယ်။ တကယ်လို့ ဒီအုပ်စုကို သူ မပြောင်းလဲနိုင်ရင် အုပ်စုနောက် သူလိုက်ပြောင်းသွားပါတယ်။ လူဆိုတာ ပျင်းရိတတ်တဲ့အမျိုးပါ။ ကိုယ့်ဘေးပတ်ဝန်းကျင်က တိုးတက်လိုစိတ်မရှိဘူး၊ အပျော်အပါးထဲမှာပဲ နစ်နေမယ်၊ အလုပ်လုပ်ရာမှာလည်း ပြီးရင်ပြီးရော သဘော ထားမယ်။ ဘာစီမံကိန်းမှ မရှိဘူး။ အကောင်အထည်မရှိဘူး။ ဖွဲ့စည်းမှုတွေကလည်း လျော့ရဲနေတယ်ဆိုရင် ဒီလိုဝန်းကျင်ရဲ့ကူးစက်မှုအောက်မှာ အလုပ်ကြိုးစားတဲ့လူတစ်ယောက်ဟာလည်း ကြာလာတော့ သာမန်နဲ့ပဲ ပြီးသွားနိုင်ပါတယ်။

တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်တိုင်တိုးတက်လိုစိတ်လည်း မရှိဘူးဆိုရင် ပတ်ဝန်းကျင်ကြောင့် အထူးသဖြင့် ပျင်းရိတဲ့ပတ်ဝန်းကျင်ရဲ့ကူးစက်ခြင်းကို အလွယ်တကူခံရတတ်ပါတယ်။ ကိုယ်တိုင် လည်းပြောင်းလဲဖို့ မကြိုးစားတော့ဘဲ ရေလိုက်ငါးလိုက်ပဲ နေလိုက်တတ်ကြတယ်။

လူတွေက ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူကိုပြောင်းလဲနိုင်တယ်။ ပတ်ဝန်းကျင်ကို ကိုယ်မပြောင်းလဲနိုင်တဲ့အခါ ကိုယ်ကိုယ်တိုင် ပြောင်းလဲကြရတယ်။

လူတွေမှာ အဆုံးအစမဲ့ လုပ်နိုင်စွမ်းတွေရှိပါတယ်။ ကြိုးစားတိုးတက်လိုစိတ်ရှိသူတွေက တက်တက်ကြွကြွနဲ့ ကိုယ့်ဘေးပတ်လည်က ပတ်ဝန်းကျင်ကို အသုံးပြုပြီး အကျိုးဖြစ်ထွန်းစေမယ့် ကိုယ့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ကြတယ်။ ကိုယ့်လုပ်နိုင်စွမ်းကို တူးဆွကြတယ်။ တင့်သင့်တဲ့အခွင့်အရေးကြားမှာ လုပ်နိုင်စွမ်းကို တကယ့်ခွန်အားအဖြစ် ပြောင်းလဲကြတယ်။

တကယ်လို့ လူတစ်ယောက်ဟာ အလုပ်တစ်ခုမှာ သာမန်အဆင့်လောက်ပဲရှိတယ်။ အခြေအနေ တိုးတက်မှု မရှိဘူးဆိုရင် သူ့ကိုတခြားအလုပ်အတွက် အခွင့်အရေးတစ်ခု ပေးလိုက်ကြည့်ပါ။ အဲဒီအလုပ်မှာ သူ့ရဲ့ လုပ်နိုင်စွမ်းတွေ တွေ့ကောင်းတွေ့နိုင်ပြီး အရင်ကထက် ပိုကောင်းမွန်အောင်၊ ပိုတိုးတက်အောင် သူ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။

လူတိုင်းရဲ့ လုပ်နိုင်စွမ်းက အဆုံးအစမဲ့ပါတယ်။ တူးဆွနိုင်ဖို့ပဲ လိုပါတယ်။

မူရင်း-- http://www.rs66.com/a/1/87/huanjingduirendeyingxiang_78803.html

နိုင်းနိုင်းစနေ(Monday, December 05, 2011)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

သားသမီးကို ဖျက်ဆီးလိုက်သော ဖခင်၊ သင်ပါဝင်နေ ပါသလား

Friday, October 31, 2014
၁။ အိမ်ထောင်ရေး ဖောက်ပြန် တတ်သော ဖခင်

ဖခင်က အိမ်ထောင်ရေး ဖောက်ပြန်တော့ မိခင်နဲ့ ခဏခဏဲပဿနာ တက်တယ်။ အိမ်မှာ နေ့တိုင်းဆိုသလို တိုက်ပွဲ ဖြစ်နေတော့ ဘယ်သူ့မှ သားသမီးကို မကြည့်အားဘူး။ သားသမီးတွေရဲ့ စိတ်ကို အရမ်း ထိခိုက် စေပါတယ်။ ကိုယ့်အဖေကို ကြည့်ပြီး အိမ်ထောင်ပြုမဲ့ အရွယ် ရောက်နေတဲ့ မိန်းခလေး တစ်ယောက် အိမ်ထောင်ရေး အကြောင်း လုံးဝ မစဉ်းစား ရဲတာကို တွေ့ဖူးတယ်။

၂။ စိတ်ကြီးတဲ့ဖခင်

နည်းနည်းဆို ဆူပြီ၊ ထစ်ကနဲဆို လက်ပါပြီ၊ ( ၆ ) နှစ်အောက် ခလေး ဒီလိုဖခင်မျိုးနဲ့ တိုးရင် ချစ်စရာ အမူအကျင့်လေးတွေ ပျောက်ဆုံးပြီး ထုံထုံအအ ဖြစ်သွားမှာပဲ။ ကလေးရဲ့စိတ်ဟာ အလွန်နုနယ် လွန်းလှ ပါတယ်။ ကလေးတွေ အတွက် အယုံကြည်ရဆုံးနဲ့ အားအကိုး ရဆုံးဆိုလို့ မိဘပဲ ရှိပါတယ်။

၃။ ဆေးလိပ် သောက်တတ်သော ဖခင်

အချို့ကသားသမီးရှေ့မရှောင် ဆေးလိပ်သောက်တတ် ကြပါတယ်။ ဆေးလိပ်ဆိုတာ သောက်တဲ့ လူတင် မကပဲ ဘေးမှာရှိတဲ့ လူတွေကိုပါ ကျန်းမာရေး ထိခိုက်စေပါတယ်။ ဆေးလိပ် သောက်တတ်သော ဖခင်ဟာ ဆေးလိပ် သောက်တတ်သော သားကို ပိုမိုမွေးထုတ် တတ်ပါတယ်။ ဖခင်ကို အထင်ကြီးတော့ အတုမြင် အတတ်သင်တော့ တာပါပဲ။

၎။ ဂိမ်းဆော့ ၀ါသနာပါသော ဖခင်

ဖခင်က ဂိမ်းဆော့ ၀ါသနာပါရင် သားသမီးကို တိုက်ရိုက် ကူးစက်တတ်ပါတယ်။ သားသမီးတွေဟာ ဂိမ်းရဲ့ ဆွဲဆောင်မူကို ငြင်းဆန်နိုင်စွမ်း မရှိပါဘူး။ ဖခင်က ဂိမ်းဆော့နေမယ်။ သားသမီးက လိုက်ဆော့မယ်။ ကလေးရဲ့ ပညာရေး ဘယ်လောက် ထိခိုက်တယ်ဆိုတာ ပြောနေစရာတောင် မလိုတော့ပါဘူး။

၅။ အမြဲ ပျက်ကွက်တတ်သော ဖခင်

မိဘဆရာတွေ့ဆုံပွဲ၊ အားကစားပွဲ၊ ကျောင်းအကြိုအပို့၊ ကလေးမွေးနေ့ စသည်တို့မှာ ဖခင်ကခဏခဏ ပျက်ကွက်နေရင် ကလေးကို စိတ်ထိခိုက်စေတတ် ပါတယ်။ အတန်းဖေါ်တွေက အဖေ အမြဲလာကြိုပြီး ကိုယ့်အဖေကျတော့ အမြဲအမအားဘူးလို့ပဲ ပြောနေတယ်။ ဖခင်မေတ္တာနဲ့ မိခင်မေတ္တာ ဟာ တခါတလေမှာ ကွာခြားတတ်ပါတယ်။ ဖခင်မေတ္တာဟာ ကလေးတွေ မိမိကိုယ်မိမိ ယုံကြည်ချက် တည်ဆောက်တဲ့ နေရာမှာ အလွန်အထောက်အကူ ဖြစ်ပါတယ်။

ကျွန်တော် အပါအ၀င် ဖခင်များ ဆင်ခြင်နိုင်အောင် Wechat မှ ကောက်နုတ် ဘာသာပြန် ထားပါသည်။

Aung Ko Latt
https://www.facebook.com/aung.k.latt.5?hc_location=timeline
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ကျွန်တော် စိတ်ဝင်စားသည့် ကင်မရာတစ်လုံး (Canon 7D Mark II)

Friday, October 31, 2014
စကားဦး

ဤ မှတ်စု ကို ကနဦး တွင် “ အတော် အသုံး တည့်သည့် ကင်မရာ တစ်လုံး “ စသည့် သဘော ဆောင် သော ခေါင်းစဉ် ပေး ရန် စိတ်ကူး ခဲ့ မိပါသည်။ သို့ ရာ တွင် ကင်မရာ ကို သုံးစွဲ ရာ တွင် အထူး ပြု ရိုက်ကြသည့် အပေါ် မူ တည်၍ တစ်ဦး နှင့် အကြိုက်ခြင်း မတူနိုင်သော ကြောင့် ကျွန်တော် စိတ်ဝင်စားသည့် ကင်မရာ တစ်လုံး ဟူ၍ ပြောင်း ကာ အမည် ပေး လိုက် ခြင်း ဖြစ်ပါသည်။

အဆိုပါ ကင်မရာမှာ လာမည့် နိုဝင်ဘာ လအတွင်း ထွက် မည် Canon 7D Mark II ဖြစ်သည်။ ဤ ကင် မရာ လာမည့် နိုဝင်ဘာလ တွင် ထွက် မည့် အကြောင်း ကို ကျွန်တော် နှင့် ငှက် များကို အတူ တစ်ကွ ဓါတ်ပုံ ရိုက် သည့် Canon ကင်မရာ သုံး သူ မိတ်ဆွေ တစ်ဦး ပြောမှ ကျွန်တော် သည်လည်း သိရ ခြင်း ဖြစ်ပါသည်။ သူက လည်း အဆိုပါ Canon 7D Mark II ကိုဝယ်ရန် တာစူနေသူ ဖြစ်သည်။

အဆိုပါ မိတ်တွေ အပါအ၀င် ကျွန်တော် တို့ ကဲ့ သို့ ငှက် ရိုက်သူများ ကြိုက် ရ ခြင်း မှာ အဆိုပါ ကင်မရာ သည် APS-C ကင်မရာ ဖြစ်ပြီး 22.2 Megapixel ဖြစ်ကာ Frame Advance Rate – 10 Frame/Sec ဖြစ် သောကြောင့် ဖြစ်ပါသည်။

ကျွန်တော်တို့သည် ပျံ နေသော ငှက် ၊ အထူး သဖြင့် အမြင့် မှ ရေထဲသို့ ဒိုက်ဗင် ထိုးကာ ငါးဖမ်းသည့် Kingfisher များကို ဓါတ်ပုံ ရိုက် နေကြသူများ ဖြစ်သော ကြောင့် ဖြစ်ပါသည်။

Wildlife ရိုက်ရာ တွင် APS-C ၏ အားသာချက်။

ငှက် အပါအ၀င် Wildlife ရိုက် ရာ တွင် Long Tele Lens များ သုံးကြ ရပါသည်။ သာမန် အပျော် ထမ်း ရိုက် သူများ အနေနှင့် ဒေါ်လာ သောင်း ဂဏန်း ကျော် ဈေးကြီးလှ သည့် Nikon, Canon စသည့် နံ မည် ကြီး Original Lens များကို မသုံးနိုင် ကြဘဲ Sigma, Tamron စသည့် Third Party Long Tele Lens များကို သုံး ကြရပါသည်။ Tamron 150-600mm မပေါ် မှီ က အဖိုးနည်း ၀န်ပါ အများဆုံး သုံးကြ သည်မှာ Sigma 150-500mm ဖြစ်သည်။

သို့ သော် ငှက် လှုပ်ရှားသည့် နေရာသည် ကင်မရာ နှင့် အလှမ်း ဝေး သည့် အချိန် မျိုး တွင် မူ Focal Length 500mm သည် သိတ် အဆင်မပြေလှ ။ Subject သည် ပုံထွက် သေး နေ သည်။ အမြင့်တန်း ကင်မရာ များ ဖြစ်သည့် Full Frame ဖြင့် ရိုက်သူများ မှာ တစ်ခါ တစ်ရံ တွင် ၄င်း တို့၏ Prime Focal Length 600mm Lens သည်ပင် မမှီ သဖြင့် 1.4X မှ 2X အထိ တပ် ရိုက် ရသည် အခါများ လည်း ရှိပါ သည်။

အဆိုပါ အခြေ အနေ မျိုး တွင် Full Frame ကင်မရာ အစား APS-C ကင်မရာ ကို သုံးပါက Crop Factor ကြောင့် Focal Length ပို ရှည်ရှည် ရလာသည်။ Full Frame နှင့် APS-C တို့၏ ပုံ ထွက် ကွာ ခြားချက် များ မှာ မူ ရှိသင့် သလောက် တော့ ရှိပါသည်။ သို့ သော် ပုံ ကြီးကြီး ရ သဖြင့် Crop လုပ်ရန် သိပ် မလိုလှ။

ဥပမာ အား ဖြင့် Focal Length 500mm ကို Canon APS-C ကင်မရာ တွင် တပ်လိုက် ပါက Canon Crop Factor သည် ( 1.6 X ) ဖြစ်သောကြာင့် Focal Length 500mm သည် ( 500mm X 1.6 = 800mm ) ဖြစ်လာသည်။ Nikon တွင် မူ Nikon Crop Factor သည် ( 1.5 X ) ဖြစ်သည့်အတွက် Focal Length သည် ( 500mm X 1.5 = 750mm ) ဖြစ်လာသည်။

ကျွန်တော်သည်လည်း ငှက် နှင့် အလှမ်း ဝေးသည့် နေရာ များတွင် Full Frame အစား APS-C ဖြစ်သည့် Nikon D 7100 တွင် Tamron 150-600mm ကို တပ် ရိုက်ရပါသည်။ ထိုအချိန် တွင် 600mm သည် 35mm ( Full Frame ) equivalent ( 600mm X 1.5 = 900mm ) ဖြစ်လာသည်။ Frame Advance Rate သည် 6-Frame/ Sec ဖြစ်သည်။

သို့ သော် ပုံ ကို ပို ကြီးကြီး ရလာပြီး ပို မြန်မြန် ရိုက် ရန် လိုသည့် အခြေ အနေ မျိုး တွင် D 7100 ၏ 1.3 Crop Option ကို သုံး ပါသည်။ အဆိုပါ အချိန် တွင် Focal Length သည် ( 900mm X 1.3 = 1170mm ) သည်။ Frame Advance Rate သည် 7-Frame/ Sec ရလာသည်။

အမြန် ပျံသန်း လှုပ်ရှားနေသည့် ငှက်များကို ရိုက် ကြသည့် ကျွန်တော် တို့ တစ်တွေ သည် Focal Length ရှည် ရှည် ၊ Frame Advance Rate မြန်မြန် နှင့် အလင်းရောင် နည်း ပါက Shutter Speed မြန်မြန် တင်ရိုက် နိုင်ရေး အတွက် ISO မြင့် မြင့် တင်နိုင်သည့် ကင်မရာများ ကို လို ခြင်ကြပါသည်။

အကြောင်း မှာ သာမန် အားဖြင့် Shutter Speed 1/2000 အထက် နှင့် တစ်စက္ကန့် (၉) ပုံ ခန့် ရိုက်လို ကြသည့် အတွက် ဖြစ်ပါသည်။

အောက်ဖေါ် ပြ ပါ Canon EOS 7D Mark II key specifications များကို ကြည့် ခြင်း အားဖြင့် ကျွန်တော် အပါအ၀င် လျှင်မြန်စွာ ပျံနေသည့် ငှက်များ ကို ရိုက်နေသူ များ အတော် သဘောကျ သည် ကင်မရာ ဖြစ်နေ ပါသည်။

လျှင်မြန်စွာ ပျံနေသည့် ငှက်များ ကို ရိုက်နေသူ များ - ဟု ဆိုခြင်း မှာ အချို့ သော ငှက် ကို ဓါတ်ပုံ ရိုက်သူ များသည် များသောအားဖြင့် ပျံ နေသည့် ငှက် ကို ရိုက် ခြင်း နည်း ကာ နားနေသည့် ငှက် ကို မှတ်တမ်း ( Documentary ) အဖြစ် အဓိက ထား ရိုက် နေသူများ လည်း ရှိသောကြောင့် ဖြစ်ပါသည်။

အဆိုပါဓါတ်ပုံ သမား များ အနေနှင့်မူ Frame Advance Rate နည်းနေစေကာမူ Nikon D 800 ကဲ့ သို့ 36 MP ရှိသော Pixels များများ ဖြင့် ရိုက် ကြသည့် အတွက် ဖြစ်ပါသည်။

The Canon EOS 7D Mark II

The Canon EOS 7D Mark II သည် ၂၀၀၉ ခု နှစ်က ထုတ် ခဲ့သော Canon 7D ကို တစ်ဆင့် တက် ကာ အစားထိုး ထုတ် ခြင်း ဖြစ်သည်။ Nikon APS-C တွင် D 7100 သည် Flagship ဖြစ်သကဲ့ သို့ Canon APS-C တွင် 7D Mark II သည် Flagship ဖြစ်သည်။



Canon EOS 7D Mark II



Back View.



Side View


Side View





Canon EOS 7D Mark II key specifications:

20MP Dual-Pixel AF CMOS Sensor
10 fps continuous shooting with autofocus
65 all cross-type autofocus sensor
150,000 RGB + IR pixel metering sensor
Dual Digic 6 processors
Enhanced environmental sealing
Compact Flash (UDMA) and SD (UHS-I) slots
USB 3.0
Built-in GPS
Larger-capacity LP-E6N battery
Shutter speeds up to 1/8000th seconds
Shutter rated to 200,000 cycles (vs 150,000 on 7D)

ကျွန်တော် တို့ ကြိုက်သည့် အဓိက အချက်များ။

20 MP သည် ကျွန်တော် တို့ အတွက် အတော် လုံလောက် သည့် Pixels Count ဖြစ်ပါသည်။ Frame Advance Rate 10-Frame/Sec သည် ကျွန်တော် တို့ ငှက် Tracking တွင် လည်း အတော် လုံလောက် Continuous High Speed Rate ဖြစ်ပါသည်။

အခြား အချက် တစ် ရပ်မှာ APS- C ဖြစ်သည့် အတွက် Crop Factor အရ Teleconverter ခံ ရန် မလိုဘဲ Focal length ပို ရှည် ရှည် ရ သောကြောင့် ဖြစ်ပါသည်။

ကျွန်တော် တို့ အတွက် အမြန်ပျံ နေသည့် ငှက် ကို Tracking လုပ်ရာ တွင် Focus မြန်မြန် မိ ရန်လိုသည်။ Lens ၏ Focusing မြန်ရန် လိုသကဲ့ သို့ ကင်မရာ တွင် တပ်ဆင်ထားသည့် Focus Processing ဆိုင်ရာ အပိုင်း များကလည်း မြန်မြန် Process လုပ် ပေးရန် လိုသည်။

အခြား အချက် တစ်ချက် မှာ ISO မည် မျှ ထိန်း နိုင် သနည်း ဆိုသည့် အချက် ဖြစ်သည် ။ Canon EOS 7D Mark II သည် ISO 100 မှ 16,000 and expandable to 51,200 ဖြစ်သည် ဟု Specification များ တွင် တွေ့ရသည်။ သည်လောက် ဆိုလျှင် ကျွန်တော် တို့ အဆင်ပြေပြီ ဖြစ်သည်။

Canon EOS 7D Mark II ၏ Autofocus Module သည် Center double-cross -Type 65-Point AF –Module ဖြစ်သည်။ အဆိုပါ Module သည် 150,000-Pixel RGB IP Metering Sensor ဖြင့် ချိတ်ဆက် ထားသည်။ Intelligent Tracking and Recognition' (iTR) ဖြစ်သည့် Cross-Type 65-Point AF System သည် ကျွန်တော် တို့ ရိုက် သည့် အမြန် လှုပ်ရှားနေသည့် Subject ကို Tracking လုပ်ရာ တွင် များစွာ အထောက် အကူ ဖြစ်စေသော စနစ် ဖြစ်သည်။

Shutter Release Bottom ကို တစ်ဝက် နှိပ်ပြီး Initial Focus Point ကို ဖမ်း လိုက်သည်နှင့်သာမန် စနစ် များထက် Frame အတွင်း ရွှေ့ လျှား နေမည့် Subject ကို ပို၍ တိကျစွာ Focus ဖမ်း နိုင် မည် ဖြစ်သည် ဟု Review များတွင် ဖတ်ရ သည်။

Review များ တွင် အခြားသော အားသာ ချက် များစွာ ရေးသား ထားသည်ကို ဖတ် မိ ပါသော်လည်း ကျွန်တော် ကြိုက် သည့် အချက် များကိုသာ ထုတ် ကာ ဖေါ်ပြ ထားခြင်း ဖြစ်ပါသည်။







Sensor

Review တစ်ချို့၏ အဆိုအရ ကင်မရာ များ အဆင့် တစ်ဆင့် တိုး ထုတ် လျှင် လုပ်လေ့ ရှိသည့် အတိုင်း The Canon EOS 7D Mark II တွင် ဆင် ထားသည့် 150,000-Pixel RGB + Infrared Metering Sensor သည် Zone ပေါင်း 252 ခွဲ ကြောင်း နှင့် ဤ ယခင်က ဤ Sensor မျိုး တပ်ဆင် ခဲ့သော EOS-1DX ထက် ပင် ပို၍ ကောင်းသည် ဟု ရေးထားသည် ကို တွေ့ရ သည်။ EOS-1D X ၏ RGB + Infrared Metering Sensor သည် 100,000-pixel ဖြစ်သည်။

Canon EOS 7D Mark II တွင် Image Processing ကို တစ်ဆင့် ပို လိုက်သည်မှာ ပုံ ရိပ်ဖမ်း ပို မြန်၍ အလင်း တုန့် ပြန်မှု ပို ဖြစ်လာစေရန် Dual Digic 6 processing engines ဖြင့် မောင်းပေးသည် ဟု Review များတွင် ရေး ထားသည် ကို တွေ့ ရသည်။

ယင်း Engine ၏ စွမ်း အားကို အတိအကျ မသိရသော်လည်း Nikon D 4s ၏ နောက်ဆုံး ပေါ် Expeed 4 Image Processing Engine ကဲ့ သို့ ဖြစ်မည် ဟု ထင် သည်။

Canon EOS 7D Mark II ၏ နမူ နာ ပုံများ။

နမူ နာ ပုံများ မှာ Size အသေးများ ဖြစ်နေ သဖြင့် ကြည့် ၍ အဆင် ပြေ ဆုံး ဖြစ်စေ ရန် ရ နိုင်သမျှ Large Size ကို ပြထားခြင်း ဖြစ်ပါသည်။





































Nikon, Canon စသည့် leading Camera များသည် အသစ် ထုတ်လုပ်သည့် ကင်မရာ များ ၏ အားသာချက် များကို မီးမောင်း ထိုး ကြော်ငြာ စေကာမူ တကယ် စမ်း ကြည့် မှ ကမောက် ကမ ဖြစ် စေမည့် အချက် များ အား ချဲ့ ကား ကြော်ငြာ ခြင်း များကို ၄င်း တို့ ၏ Company နံမည် အပျက် ခံ ကာ ကြော် ငြာ လိမ့် မည် မဟုတ် ဟု ကျွန်တော် ထင်ပါသည်။

ကျွန်တော် ယခု ရေးသည့် မှတ်စု သည် အဆိုပါ ကင်မရာ နှင့် ပတ်သက် ၍ ရေးထားသည့် သုံးသပ်ချက် ( Review ) ဆောင်းပါးအချို့ ကို ကိုးကားရေးသား ခြင်း ဖြစ်ပါသည်။

Canon က ဤကဲ့သို့ အမြင့်တန်း APS-C ကင်မရာ ထုတ်သကဲ့သို့ Nikon သည်လည်း အလားတူ ကင်မရာ မျိုးကို မကြာမှီ ထုတ်လုပ်လာ နိုင်ခြေရှိသည်ဟု ထင်ရပါသည်။

ကျွန်တော်သည် Nikon သုံးနေသည်မို့ အဆိုပါ အချိန်ကို စောင့်ရပါလိမ့်မည်။


Credit; ဆရာဦးစိုးလှိုင် (Country Road)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

မိန်းမဂုဏ်ရည်

Friday, October 31, 2014
ရှေးခေတ် ကျောက်စာများတွင် “ ယောက်ယာ၊ မိမ ” ဟူ၍ တွေ့ ရပြီး ယောက်ယာကို ယောက်ျား ဟု ခေါ်ဆို၍၊ မိမ ကို မိန်းမ ဟု ခေါ်ဆိုခြင်း ဖြစ်ပါ တယ်။ ပေါရာဏ ကျမ်းဆရာတို့ က နူးညံ့ သိမ်မွေ့ စွာ သွားလာခြင်း၊ စားသောက်ခြင်း၊ နေထိုင်ခြင်း ဆိုသည့် အမူ အရာတို့ ကို မြင်တွေ့ ရတဲ့အတွက် မိန်းမောနိုင် သည်ဖြစ်၍ “ မိန်း ” ဟုခေါ်ဆိုပြီး၊ လင်သား စသည့် အဆွေအမျိုးတို့ ကို စောင်မ ကြည့်ရှုတတ်သည့် အတွက် “ မ ” ဟု ခေါ်ဆိုပါတယ်။ ထို မိန်း နှင့် မ ကို ပေါင်း၍ မိန်းမ ဟူ၍ ခေါ်ဆို ညွှန်ပြကောက်ယူ ခဲ့ပါတယ်။

ရှေးပညာရှိ နီတိဆရာများက “ ရဟန်းတို့ သည် အကျင့်သီလ နှင့်ပြည့်စုံရမည်၊ မင်းတို့ သည် စစ်သည် အင်္ဂါနှင့် ပြည့်စုံရမည်၊ မိန်းမတို့ သည် အဆင်းအင်္ဂါနှင့် ပြည့်စုံရမည် ” ဟု ဖွင့်ဆို ခဲ့ပါတယ်။ မိန်းမ တစ်ယောက်မှာ ခန္ဓာကိုယ် ရုပ်ရည်လှပမှုအဆင်း သာမက၊ စိတ်နေစိတ်ထား လှပမှု အဆင်းနှင့်ပါပြည့်စုံနေ ပါမှ ထူးချွန်ပြည့်ဝတဲ့ မိန်းမကောင်း မိန်းမမြတ် ဖြစ်ပါမယ်။ ရှေးပညာရှိ က၀ိ အကျော်အမော်တို့ က မိန်းမ အမျိုးအစား နှင့် အဆင့်အတန်းတို့ ကို အောက်ပါအတိုင်း ခွဲခြားရေးသား ထားကြပါတယ်။

(က) **ပဒုမ္မနီ* *မိန်းမတို့* *၏* *လက္ခဏာ*
(၁) လ၀န်းကဲ့သို့ သော် မျက်နှာရှိ၏ (၂) ညက်ညောသည့် အသားအရေရှိ၏ (၃) တောက်ပဖြူစင်သော သွားရှိ၏ (၄) ခြေဖ၀ါး၊ လက်ဖ၀ါး ပြည့်ဖြိုး၏ (၅) ဆံပင်နက်မှောင် ရှည်လျားကောင်းမွန်၏ (၆) လည်ပင်း တွင် အရေး အရစ် သုံးခုရှိ၏ (၇) သားမြတ်ကြီး ၏ (၈) ဟင်္သာကဲ့သို့  သွားလာတတ်ခြင်းမျိုး ရှိ၏ (၉) အသံသြဇာ သာယာမှုရှိ၏ (၁၀) မိဘဆရာတို့ အား ရိုသေလေးစားမှုရှိ၏ (၁၁) လင်ယောက်ျားကို ချစ်ခင် ရိုသေ၏ (၁၂) မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကို ပြုတတ်၏ (၁၃) အရှက်တရား ကြီး မား၏ (၁၄)
ကြောက်ရွံ့ လေးစားထိုက်သူကို ကြောက်ရွံ့ ၏ (၁၅) ပညာအရည်အချင်းနှင့် ရုပ်ရည်ချောမော လှပမှု တို့ နှင့် ပြည့်စုံ၏ (၁၆) ပဒုမ္မာကြာကဲ့သို့ သော ကိုယ်နံ့ရှိ၏ (၁၇) ကိုယ်အရသာ ချို၏ (၁၈) မာတင်္ဂကဲ့သို့  ကြည့်ခြင်းမျိုးရှိ၏ (၁၉) ကိုယ်သည် ချမ်းသော အခါတွင် နွေး၍၊ ပူသော အခါတွင် အေး၏။

(ခ) **စိတ္တရနီ* *မိန်းမတို့* *၏* *လက္ခဏာ*
(၁) ရယ်ရွှင်မြူးတူးခြင်းများ ရှိ၏ (၂) ခိုပေါက်ကဲ့သို့ သော အသံရှိ၏ (၃) လိပ်ကဲ့သို့ သွားလာ မှုမျိုး ရှိ၏ (၄) အသားအရေ ပျော့ ပျောင်းမှု ရှိ၏ (၅) မိဘဆရာတို့ အား ရိုသေလေးစားတတ်၏ (၆) ကြာညိုနံ့ ကဲ့သို့ သော ကိုယ်နံ့ ရှိ၏ (၇) လင်ကို ရိုသေ တတ်၏။

(ဂ) **သင်္ခနီ* *မိန်းမ* *တို့* *၏* *လက္ခဏာ*
(၁) ဆံပင် ရှည်လျားကောင်းမွန်၏ (၂) ပျားအနံ့ ကဲ့သို့ သော ကိုယ်နံ့ ရှိ၏ (၃) သားမြတ်သည် သလဲသီးနှင့် တူ၏ (၄) ခါးစင်း၍ ရင်ကော့၏ (၅) ကိုယ်ဟန်သွင်ပြင် ပြေပြစ်၏ (၆) ယစ်မငယ်၏ သွားလာပုံမျိုး ရှိ၏ (၇) အမွှေးအကြိုင် ပန်း နံ့ သာ မက်မော၏ (၈) မကောင်းသော အရသာကို စား၏ (၉) ရာဂ ရမ္မက်ကြီး၏ (၁၀) ယောကျာ်းနှင့် ခဏတာလေးတောင် ကင်းကွာနေလိုစိတ် မရှိခြင်း ဖြစ်၏ (၁၁) ရသေ့ ရဟန်းကို
မြင်လျှင်ပင် မက်မော၏။

(ဃ) **ဟတ္တနီ* *မိန်းမတို့* *၏* *လက္ခဏာ*
(၁) တင်ပါးဆုံကြီးပြီး တင်ပါးမြင့်၏ (၂) နားရွက် တိုပြီးနှုတ်ခမ်းကြီး၏ (၃) နှာခေါင်းပိပြား၏ (၄) မျက်စိ သည် လောက်စာလုံးကဲ့ သို့ ဝိုင်း၏ (၅) ခါးတုတ်၏ (၆) ပေါင်ရင်း တုတ်၏ (၇) ခြေသလုံးကြီးပြီး ခြေဖ၀ါး တို၏ (၈) လက်ချောင်း ခြေချောင်းတို၏ (၉) သားမြတ်သေး၍ ချက်ကြီး၏ (၁၀) ကိုယ်အရသာ ငံ၏ (၁၁) ဆင်မကဲ့သို့ သော သွားလာခြင်းမျိုးရှိ၏ (၁၂) ဆင်မုန်နံ့ ကဲ့ သို့  သော ကိုယ်နံ့ ရှိ၏ (၁၃) အမျက်ဒေါသ ကြီး၏ (၁၄) လောဘရမ္မက် ကြီး၏ (၁၅) ရာဂရမ္မက် ကြီး၏ (၁၆) ယောကျာ်းမြင်လျှင် တိမ်းညွှတ်လွယ်၏။

မြန်မာမိန်းကလေးတို့ သည် မိန်းမကောင်း မိန်းမမြတ် ဂုဏ်ရည်နှင့်ပြည့်ဝသော မိန်းမ တစ်ယောက် ဖြစ် လာစေရန် အထက်ပါ (၄) မျိုးအနက် ပဒုမ္မနီ မိန်းမအမျိုးအစားနှင့် စိတ္တရနီ မိန်းမအမျိုးအစား စာရင်းမှာ ပါရှိအောင် မိမိကိုယ်ကို ပြုပြင်ထိန်းသိမ်း အပ်ပါတယ်။

ဖော်ပြပါ ကြန်အင် လက္ခဏာများအပြင် မိန်းမကောင်း မိန်းမမြတ်တို့ ၏ အရည်အချင်း (၁၂)ရပ်နှင့်အညီ ကျင့်ကြံ အားထုတ်နိုင်ဖို့  လိုအပ်ပါတယ်။ ၄င်းတို့ မှာ (၁) ရတနာသုံးပါး နှင့် မိဘဆရာသမားတို့အား ရိုသေ၍ ကုသိုလ်ကံ အကုသိုလ်ကံ တို့ ၏ အကျိုး အပြစ်ကို ယုံကြည့်ပြီးသဒ္ဒါတရားရှိဖို့ လိုပါတယ် (၂) မကောင်းမှု ဟူသမျှတို့ ကို ပြောဆိုပြုလုပ်ရမည် ကို အရှက် တရားရှိပြီး ရှောင်ကြဉ်တတ်ဖို့ လိုပါတယ် (၃) မကောင်းမှုဟူသော ကိစ္စရပ်များကို ကြောက် တတ်ပြီး ဝေးဝေးက ရှောင်ရှားသင့်ပါ တယ် (၄) ကိစ္စဟူသမျှ တို့ တွင် ဆတ်ဆတ်ထိမခံ အမျက်ဒေါသ ကြီးခြင်းမရှိဘဲ၊ စိတ်ရှည်ထား၍ သီးခံတတ်ရပါမယ် (၅) အသိ ပညာ၊ အတတ်ပညာတို့ ကို ရင့်သန်မှု ရှိအောင် ကြိုးစားရပါမယ် (၆) လူ့ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်း သည့် အနေဖြင့် သူတပါး၏ သိက္ခာဂုဏ်ကျေးဇူးတို့ ကို မဖျက်ဆီးသင့်ပေ (၇) သူတပါးအား မနာလို ၀န်တိုခြင်း မပြုရ၊ ငြူစူစောင်းမြောင်းခြင်းလည်း မပြုရ (၈) မိမိကဲ့သို့ လှလာမည် မိမိကဲ့သို့ ချမ်းသာလာ မည်ကို မကြိုက်သော သ၀န်တို စိတ်ထားမျိုး မထားရ (၉) ကိုယ်ကျင့်သီလကို ထိန်းသိမ်း စောင့်ရှောက်ရ ပါမယ် ( အနည်းဆုံး ၅ ပါးသီလကို လုံခြုံအောင် စောင့်ထိန်းရပါမယ်) (၁၀) အကြားအမြင် ဗဟုသုတ အတွေ့အကြုံများ ရှိအောင် ဆည်းကပ်လေ့လာ ရပါမယ် (၁၁) မိမိကိုယ်တွင် အပျင်းထူသော စိတ်များ မမွေးရ (၁၂) အရာရာတွင် သတိဝီရိယ ရှိနေရမှာဖြစ်ပြီး၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ တန်တန် နေထိုင်ပြော ဆိုခြင်း မပြုသင့်ပေ။

မိန်းမသည် ယဉ်ကျေးမှု၏ မိခင်ဖြစ်သလို၊ မိန်းမကောင်း မိန်းမမြတ်၏ ဂုဏ်ရည်ဟာလည်း တိုင်းပြည်နှင့် လူမျိုးဂုဏ်ရည်ကို မြင့်မား စေနိုင်မှာဖြစ်ပါတယ်။ သို့ ပါ၍ မြန်မာအမျိုးထု တစ်ရပ်လုံး မိန်းမဂုဏ်ရည် နှင့် ညီညွတ်စွာ ကျင့်ကြံကြိုးစား အားထုတ်ကြပါစို့ လို့  တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)

*promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

နှာခေါင်းသွေးလျှံခြင်း ပြဿနာအဖြေရှာ

Friday, October 31, 2014
နှာခေါင်း သွေးယိုခြင်းကို “နှာခေါင်း သွေးလျှံတယ်” လို့ ပြောလေ့ ရှိကြပြီး၊ နှာယောင်(nostrils) တလျောက် မှ သွေးတွေ စီးကျလာ တာပါ။ ယေဘုယျအားဖြင့် ကလေး သူငယ်များ၊ ဆယ်ကျော် သက်များနှင့် သက်ကြီး ပိုင်းတွေမှာ နှာခေါင်း သွေးလျှံ တတ်ကြပြီး၊ သက်လတ်ပိုင်း မှာတော့ မတော်တဆ ထိခိုက်ဒဏ်ရာ ရချိန်မှလွဲ၍ ထိုရောဂါပြဿနာမျိုး ဖြစ်ခဲပါတယ်။ တချို့  သူတွေမှာ ဆိုးဆိုး ရွားရွားသွေး များဟာ နှာခေါင်း အတွင်း မျက်ရည် လမ်းကြောင်းမှ တဆင့် မျက်စိထဲ ကနေ သွေးစိမ့် ထွက်လာတတ် ပါတယ်။ နှာခေါင်း သွေး လျှံခြင်းကြောင့် သေဆုံးမှု ရာခိုင်နှုန်း ရှားပါသော်လည်း၊ ထိုရှားပါး လူဦးရေစာရင်း မှာ မိမိမပါဖို့ လိုပါတယ်။ ပေါ့ပေါ့ဆဆ သဘောမထား သင့်ပါဘူး။ နှာခေါင်းသွေးလျှံရသည့် အကြောင်းများ မှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။

(ရာသီဥတု ပယောဂ) အထူးသဖြင့် ရာသီဥတု ပြင်းထန်သော အေးမြလွန်းတဲ့ ဆောင်းရာ သီ(သို့  မဟုတ်) ပူလွန်းတဲ့နွေရာသီတွေမှာ အဖြစ်များပါတယ်။ တခါတရံမှာတော့ အပြင်ဖက်အေးတဲ့ နေရာကနေ ပူနွေြးေ ခာက်သွေ့တဲ့ အိမ်အတွင်းဖက် ပတ်ဝန်းကျင်ကိုဝင် လာတဲ့အခါ အအေး အပူ ရုတ်ချည်းပြောင်းလဲ မှုကြောင့် နှာခေါင်းသွေးလျှံခြင်း ဖြစ်ပွားလာရပါတယ် ။

(နှာခေါင်းအတွင်းသို့ လက်နှိုက်ကလိခြင်း) ကလေးသူငယ်များ နှင့် ဆယ်ကျော်သက်များဖြစ်လေ့ ရှိပါ တယ်။ သဘာဝအားဖြင့် နှာခေါင်း ၂-ပေါက်ကြားရှိ နံရံ၏အရှေ့ ဖက်အပိုင်း(ခေါ်)Little Area နေ ရာတွင် အချွဲများခြောက်နေပြီး အမြှေးဖတ်လေး ရှိပါတယ်။ ထို Little Area အရှေ့ နားမှာ သွေးပြန် ကြောငယ် တစ်ခုရှိပြီး၊ ၄င်းနှင့်ကပ်လျက်မှာ သွေးလွှတ်ကြော ရှိပါတယ်။ နှာခေါင်းထဲ လက်နှိုက်ကလိ၍ ၄င်းအမြှေး ဖတ်ကို ခွာမိတဲ့အခါ အခမသင့်ဘဲ သွေးကြောတွေမှ သွေးယို စိမ့်ကျလာ ပါတော့တယ်။ (မကြာ ခဏ လက်နှိုက်ကလိခြင်းကြောင့်လည်း အသက်ရှု လမ်းကြောင်းမှာ ပိုးဝင်၍ ရောဂါရလာပြီး နှာခေါင်းသွေး ယိုနိုင်ပါတယ်)

(အသက်အရွယ် အိုမင်းလာခြင်း) သက်ကြီးပိုင်း နှာခေါင်းသွေးလျှံရခြင်းကို ဆေးသိပ္ပံနည်းဖြင့် ပြောရမ ည်ဆိုပါက၊ နှာခေါင်းအတွင်းရှိ သွေးကြော နံရံကြွက်သားတွေပေါ်မှာ အရွတ်များ နှင့် ထုံးကျောက် များ ဖြစ်ပေါ် လာခြင်းပါဘဲ။ ယင်းပြဿနာကြောင့် နှာခေါင်း သွေးလျှံတတ်ပါတယ်။

(နှာခေါင်းအတွင်းနံရံ အတက်ကလေးမှ သွေးထွက်ခြင်း) နှာခေါင်းနှစ်ပေါက်ကြားရှိ နံရံအရှေ့ ဖ က် အ ပိုင်း တွင် အသားပိုတက် ကလေးဖြစ်လာပြီး ထိုအတက်ကလေးကို ခပ်ကြမ်းကြမ်း ကလိ မိပါက သွေးထွက် တတ်ပါတယ်။ (သွေးကြောမျှင်များဖြင့် ဖွဲ့ စည်းထားသော ထိုအသားပိုအဖု အတက် ကလေး ကို ဖြတ် တောက်ပစ်ခြင်းဖြင့် ကုသနိုင်ပါတယ်)

(အကျိတ်အဖုများ) အကျိတ်အဖုတွေကို ပုံစံ ၃-မျိုးဖြင့် မြင်တွေ့ ရပါတယ်။ (၁) နှာခေါင်းထဲမှာဖြစ်စေ၊ နှာခေါင်းနှင့်ဆက်စပ်နေ သည့် အရိုးအတွင်း ခေါင်း(ခေါ်) Sinus မှာဖြစ်စေ ကင်ဆာရောဂါအဖုဖြစ်တဲ့အခါ နှာခေါင်းသွေးလျှံတတ်ပါတယ်။ ထိုရောဂါက သွေးစိမ်း ရှင်ရှင် မထွက်သော် လည်း သွေးနှင့်အတူ အချွဲတွေရော၍ ထွက်ကျလာတတ်ပါတယ်။
(၂) နှာခေါင်း၏နောက်ဖက်ရှိ အာခေါင်ပိုင်းမှာဖြစ်သော အဖုအကျိတ်ကင်ဆာကလည်း နှာခေါင်းသွေးလျှံ သည့် လက္ခဏာတစ်မျိုးပါဘဲ။
(၃) လူပျိုဖော်ဝင်စ အရွယ်မှာ ဖြစ်တတ်တဲ့ ရှားရှားပါးပါး အဖုအကျိတ်ကလည်း၊ ကင်ဆာ မဟုတ်သော်ငြား မကြာခဏဆိုသလို နှာခေါင်းသွေးများ လျှံကျလေ့ရှိပါတယ်။

(မျက်နှာပေါ် ထိခိုက် ဒဏ်ရာရခြင်း) မျက်နှာပေါ်ထိခိုက်ဒဏ်ရာ ရခြင်းကြောင့် အရိုးကျိုးဒဏ်ရာမှ နှာေ ခါင်းသွေတွေ ဆက်တိုက်လျှံ ထွက်တတ်ပါတယ်။ ၄င်းဒဏ်ရာ သက်သာလာတာနဲ့ အမျှ နှာခေါင်းသွေးလျှံ တာပါ သက်သာသွားပါလိမ့်မယ်။

(တခြားရောဂါများ) (က) သွေးတိုးရောဂါ နှင့် နှာခေါင်းသွေးလျှံခြင်းဟာ ပတ်သက်စပ်ဆက်မှုမရှိသော် လည်း၊ အကယ်၍ သွေးတိုး နေချိန်မှာ နှာခေါင်းသွေးလျှံတဲ့အခါ သွေးထွက်မှုပ မာဏများ တတ်၍ အသက် အန္တရာယ်ကို စိုးရိမ်ရပါတယ်။ (ခ) familial hereditary telangiectasia(ခေါ်) မျိုးရိုးလိုက် သည့် သွေးကြောရောဂါ တစ်မျိုးကတော့၊ သွေးကြောနံရံများ၏ အတွင်းဖက် အကျ ဆုံးအလွှာက ကြံ့ ခိုင်မှု အားနည်းလာ၍ အသက်ရှုလမ်းကြောင်းတလျှောက် နေရာ အနှံ့ အပြား မှာ သွေးယိုလာတတ်ပါတယ်။ ထိုပြဿနာအတွက် အရေပြားအစားထိုး ကုသခြင်း(သို့ မဟုတ်) အီစထရိုဂျင်ဟော်မုန်းပေး၍ ကုသနိုင်မှသာ သက်သာပျောက် ကင်းမှာပါ။ (ဂ) Platelets(ခေါ် )သွေးပ န်ကန်ပြားလို့ အမည်ရတဲ့ ပြန့် ကျဲနေသော သွေး ဆဲလ် အရေအတွက်နည်းခြင်း၊ လူကီးမီးယား(ခေါ်)သွေးဖြူဥကင်ဆာ၊ Aplastic anaemia(ခေါ်) ရိုးတွင်းခြင်ဆီ အလုပ်မလုပ် သည့် သွေးအား နည်းရောဂါ ...စသည့် သွေး ရောဂါ အမျိုးမျိုးတို့ ကြောင့် ခန္ဓာကိုယ်နေရာအနှံ့ အပြားမှာသွေးယိုစီးကာ အနီအစက်ပြောက် များဖြစ်ခြင်းနှင့်အတူ နှာခေါင်းသွေး လျှံ ကျလာ တတ်ပါတယ်။ (ဃ) ရောဂါ တစ်ခုခုကြောင့် Anti-coagulants(ခေါ်) သွေးခဲခြင်းကို ကာကွယ်တဲ့ ပဋိဇီဝဆေးများ၊ သွေး ကျဲဆေးများဖြစ်တဲ့ warfarin(သို့ မဟုတ်)aspirin နှင့် အခြားအရောင် ကျဆေးတွေ ကို မှီဝဲသောက်သုံးခြင်း၏ ဘေးထွက်ဆိုးကျိုး အဖြစ် နှာခေါင်းသွေးလျှံကျ တတ်ပါတယ်။

နှာခေါင်းသွေးလျှံခြင်းအတွက် ကာကွယ် ကုသနည်းများ။
(၁) နှာခေါင်းသွေးယိုတဲ့အခါ စိုးရွံ့ ထိတ်လန့် ခြင်းမဖြစ်မိပါစေနဲ့ ၊ ဦးစွာငြိမ်ငြိမ်လေးထိုင်ချလိုက်ပါ၊ ပြီးရင် ခန္ဓာကိုယ်ကို အရှေ့ ဘက်သို့ အနည်းငယ်ယိုင်ပေးပါ၊ အဲဒီလို အရှေ့ ဖက်ကို ယိုင်လိုက်ခြင်းက နှာခေါင်းထဲ မှသွေးများဟာ လည်ချောင်းထဲမ၀င်မိ တော့ဘဲ နှာခါင်းပေါက်ထဲက ထွက်ကျသွားစေ မှာဖြစ်ပါတယ်၊ ဒီနည်းက သွေးတွေကို မျိုမချမဖြစ်တော့တာမို့  ပျို့အန်ခြင်းတွေ မဖြစ် စေတော့ပါဘူး။
(၂) ထို့ နောက် နှာခေါင်းထိပ်ဖက် မာကျောတဲ့ အရိုးပုံစံနေရာကြားမှာ လက်မနဲ့ လက်ညိုးကို မပျောလွန်း မပြင်း လွန်းဖိ၍ သွေးများကို ဖြေးညှင်းစွာညှစ်ထုတ်ပါ။
(၃) ပြီးရင် လက်မနှင့်လက်ညှိုးတို့ ဖြင့် နှာခေါင်းပေါက်တွေကို ညှစ်ကာပိတ် ထားခြင်း အားဖြင့် နှာခေါင်းပေါက် ၂ -ပေါက်အကြား နံရံ၏သွေးကြောကို ဖိထားသကဲ့သို့ ဖြစ်ပြီး သွေးတိတ်သွားစေနိုင်ပါတယ်။
(၄) သွေးတိတ်သွားတဲ့အထိ အနည်းဆုံး ၈-မိနစ်ခန့် ကြာအောင် လက်ဖြင့် ဆက်၍ဖိပိတ်ထားဖို့ လိုပါ တယ်။
(၅) ဤကဲ့သို့  လက်ဖြင့် ပိတ်ညှစ်ထားစဉ် ပါးစပ်ဖြင့်သာ အသက်ရှုပါ။ (၆) ရေအေးရှုပါ(သို့ မဟုတ်)နှာခေါင်းကို ရေခဲဖြင့်အုံပေးပါ (သို့ မဟုတ်) ရေစို အ၀တ်ဖြင့်အုပ်ပါ။ (၇) သွေးတိတ်သွားပြီဆိုပါက ဦးခေါင်းကို ၃၀ မှ ၄၅ ဒီဂရီသို့ မြှင့်ထားပြီး အနားယူပါ၊ အကယ်၍ နှာချေ ချင်တယ်ဆိုပါက ပါးစပ်ကိုဟထားပါ။
(၈) အကယ်၍ သွေးပြန်ယိုလာခဲ့လျှင် နှာခေါင်းထဲက သွေးခဲတွေကို အမှတ်စဉ်(၂) တွင် ဖော်ပြထားသည့် အတိုင်း လက်မလက်ညှိုးနဲ့ ညှစ်ထုတ်ပါ။
(၉) ခေါင်း(နှာခေါင်း)ကို နှလုံးသားနေရာထက် မြင့်နေတဲ့အနေအ ထားမျိုးဖြင့် အနားယူပါ။
(၁၀) ၂၄-နာရီအတွင်း ပူ လွန်းတဲ့ အရည်တွေမသောက်ရ၊ အေးသောပျော့သော အစာများကိုသာ စား ပေးပါ။
(၁၁) အလေးအပင်မခြင်းမပြုရ (အပင်ပန်း ခံလွန်းမှရှောင်ကြဉ်ပါ)
(၁၂) ဆေးလိပ်မသောက်ပါနဲ့ ။
(၁၃) ၀မ်းမချုပ်ပါစေ နှင့်။
(၁၄) ယာယီအားဖြင့် Afrin(သို့မဟုတ်)Neo-Synephrine တို့ လို စပရေး(ဖြန်းဆေး)တွေကို သုံးနိုင် ပါတယ်။ (သို့ သော် သွေးတိုး၍ နှာခေါင်းသွေးလျှံခြင်းကိုတော့ စပရေး မသုံးသင့်ပေ)
(၁၅) အကယ်၍ သွေးမရပ်သေးပါက ဆရာဝန်ဖြင့် ကုသမှုခံယူ ပါ။
(၁၆) သွေးထွက်နေ သည့် သွေးကြောကို Silver Nitrate(သို့ မဟုတ်)လျှပ်စစ်ဓာတ်ကို အသုံးပြုကာ အပူပေး၍ ပိတ်ခြင်း၊ သွေးတိတ်စေသော ဆေးရည်ဆွတ်ထားသည့် အ၀တ်စကို နှာခေါင်းပေါက်တွင်း ဖိသိပ်၍ထည့်ပေးခြင်း၊ နှာခေါင်းအတွင်း ဘော လုံးငယ်ထဲ့၍ ဖိအားပေးထားခြင်း… စသည့်ဆေးသိပ္ပံ နည်းများဖြင့် ကုသပေးလေ့ရှိပါတယ်။
(၁၇) နှာခေါင်းသွေးယိုလေ့ရှိသူများ အဖို့  ဌက်ပျောပင်ကို ဓားနှင့် ပိုင်းခုတ်၍ ပင်စည်မှထွက်လာသော သတ္တုရည်ကို ရှုပေးပါ၊ မင်းကွတ်သီးစားပါ၊ မြင်းခွာရွက် များ များစားပါ၊ ကြက်သွန်မြိတ်ကိုကျိတ်ချေပြီး ရရှိလာသော သတ္တုရည်ကို ချည်သားအ၀တ်ဖြင့်တို့ ယူပြီးနောက် နှာခေါင်းဝတွင် အုပ်ပေးပါ၊ ပင်စိမ်းရွက် ခြောက်မှုန့် ကို ရှုပေးပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

လပ်ပ်တော့ပ် (Laptop) (ခေါ်) ခရီးဆောင် ကွန်ပြူတာ သုံးသူများ သတိထား

Friday, October 31, 2014
General Knowledge For All (ခေါ်)အင်တာနက် သတင်း လွှာမှာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၉ရက် သောကြာနေ့  က ဖော်ပြ သွားတဲ့ ကျမ္မာရေးပညာပေး သတင်းဆောင်းပါး တစ်ပုဒ်ကို ပြန်လည် မျှလိုက်ပါရစေ။

the University of Wisconsin-Madison မှ မကြာသေးခင် က MBA ဘွဲ့ ရထားသူ ၂၅ နှစ် အရွယ် လူရွယ်တစ်ယောက် ဟာ ၂၀၁၃ခု၊ ဇွန် လ ၄ရက်နေ့ တွင် သူ့ အိပ်ခန်းထဲမှာ မီးလောင် ဒဏ်ရာများဖြင့် ကွယ်လွန်နေ ခဲ့ပါတယ်။ သူ့ အခန်းမှ မီးခိုများ ထွက် နေတာကို အိမ်နီး ချင်း ကမြင်တွေ့ ပြီး ၉၁၁ ကို ဖုန်းဆက်ခေါ်တဲ့အခါ အသက်မမှီတော့ပါဘူး။ ဘာ့ကြောင့်မီးစလောင် တဲ့ ဇာစ်မြစ် ကို အဖြေရှာမတွေ့ ကြပါဘူးတဲ့။ ရက်အနည်းငယ်ကြာ သဲလွန်စများကို အသေးစိပ် စုံစမ်းပြီးနောက်မှာတော့ သူသုံးနေတဲ့ လပ်ပ် တော့ပ်(ခေါ်) ခရီးဆောင်ကွန်ပြူတာက မီးစလောင်ခဲ့တယ်လို့  အဖြေထွက်ရှိပါတယ်။ သူက လပ်ပ်တော့ပ်ကိုဖွင့်ပြီး အိမ်ယာပေါ် တညလုံး တင်ထားတာကြောင့် ပန်ကာလေပေါက်ပိတ်၍ စက်ပူလာပြီး မီးစလောင် ကျွမ်းပါတော့တယ်။ အိပ်ယာခင်း၊ ခေါင်းအုံးတို့ က ထိုမီးတောက် အတွက် လောင် စာ များဖြစ်စေကာ အိပ်ပျော်နေတဲ့ သူ့ ကို မီးစွဲလောင်သွားပါတော့တယ်။ ကာဗွန်ဒိုင်အောက် ဆိုဒ် မီးခိုးငွေကြောင့် အသက် ရှုမွန်းကြပ်ပြီး သေဆုံးတယ်လို့  ၉၁၁ က အတည်ပြုခဲ့ပါတယ်။

ယနေ့ အင်တာနက်နည်းပညာများ တိုးတက်ခေတ်မီ လာသည့်အလျှောက်၊ လူကြီးလူငယ် အားလုံး
အင်တာနက် စွဲလန်းလာကြရာ ညသန်းခေါင်ကျော်အထိ သယ်ဆောင်ရ လွယ်သော အပေါ့စား
လပ်ပ်တော့ပ် ကို အိပ်ယာထဲထဲ့သုံးလေ့ရှိသူများအတွက် ဖော်ပြပါ သေဆုံးမှုက သင်ခန်းစာလေးပါ။ လူကြီးမိဘများကလည်း ဘေးအန္တရာယ်မမှန်းဆတတ်သေးတဲ့ မိမိတို့ သားသမီးများကို လွန် ကဲစွာ မသုံး သင့်ကြောင်း နှိုးဆော်တိုက်တွန်းပေးကြစေလိုပါတယ်။

<< သူနာပြုအရေးပေါ်ကား မလာမှီ မီးလောင်ခံရသူကို ရှေးဦးပြုစုနည်း >>

(၁) မီးလောင်ထားသော အ၀တ်ကို အတင်း ဆွဲမချွတ်ပါနဲ့ (ကိုယ်အရေပြားနဲ့ အသားစများ အ၀တ်အထည် မှာ ကပ်ငြိပါသွားစေ တတ်လို့ ပါ)

(၂) လူနာရဲ့ ကိုယ်ပေါ် ၀တ်ဆင်ထားတဲ့ အ၀တ်အစားများမှာ မီးစမီးတောက် မမြင်သော်ငြား၊ အတွင်းလှိုက်၍ တဖြည်းဖြည်း လောင်ကျွမ်းနေခြင်း ရှိ/မရှိ သေချာ စစ်ဆေးပေးပါ။

(၃) ပြင်းပြင်းထန်ထန် လောင်ကျွမ်းတဲ့ ဒဏ်ရာကို ရေစိမ်/ရေလောင်းခြင်း မပြုပါနှင့်။ ရုတ်တရက် ရေအေးလောင်း လိုက်တဲ့အခါ ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ကျဆင်းသွားသည့် ကိုယ် အပူချိန်နှင့် သွေးဖိအားတို့  ရုတ်တရက် တွန်းကန်မှုကြောင့် လူနာကိုသတိလစ် မေ့မြောစေတတ်ပါတယ်

(၄) အသက်ရှုခြင်း/ ချောင်းဆိုးခြင်း/ ခန္ဒာကိုယ် အစိပ်အပိုင်းတစ်ခုခု လှုပ်ရှားခြင်း ရှိ/မရှိစစ်ဆေးပါ။ အကယ်၍ လုံးဝ လှုပ်ရှားမှုမရှိ ငြိမ်သက်နေပါက Cardio Pulmonary Resuscitation(CPR) (ခေါ်) နှလုံး/ အဆုပ်တို့ ကို ပြန်လည်အလုပ်လုပ်စေတဲ့ ရှေးဦး သူနာပြုနည်းဖြင့် ပြုစုပေးထားပါ။

(၅) သွေးလည်ပတ်မှု ကောင်းစေရန်အတွက် ဖြစ်နိုင်ရင် မီးလောင်ခံရသော ဒဏ်ရာကို နှလုံးထက်မြင့်သော ကိုယ်ဟန် အနေအထားဖြင့် အပေါ်သို့ မတင်ပေးထားပါ။

(၆) မီးလောင်ကျွမ်း ခံရသော ဒဏ်ရာပေါ်မှာ သန့် စင်သော အ၀တ်စကို ရေဆွတ်ပြီး အသာအယာ
တင်ထားပေးပါ။

(ရ) ဆေးရုံရောက်တဲ့အခါ ဒဏ်ရာများအတွက် မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးခိုင်းဘို့ မမေ့ပါနဲ့ ။


(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)

promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Dizziness အမူးရောဂါ

Friday, October 31, 2014
အသက်က ၅၉ နှစ်ရှိပါပြီ။ အမျိုးသမီးပါ။ စဖြစ်တာက လွန်ခဲ့တဲ့ ၉ နှစ်ကပါ။ မနက်အိပ်ရာ ထထချင်းမှာ ခေါင်းက ချာချာလည် မူးတာပါ။ ဘယ်ဘက်ကို ခေါင်းနဲနဲ စောင်းတာနဲ့ ချာလည် မူးပါ တယ်။ ညာဘက်တော့ စောင်းလို့ ရပါတယ်။ တပတ်ကြာ ပါတယ်။ နောက် ဖြေးဖြေးချင်း သက်သာပါတယ်။ ၂ နှစ်လောက် ကြာတော့ ပါရဂူနဲ့ပြပါတယ်။ အာရုံကြောရောဂါလို့ မပြောပါဘူး။ အရိုးကျီးပေါင်း နဲနဲတက်ပါတယ်။ နှလုံးသွေးကြောနဲနဲ ကျဉ်းချင် တယ်လို့ ပြောပါတယ်။ ဆေးကတော့ supravit ၊ B6 ပေးပါတယ်။ နေ့တိုင်းလိုလို မူးနေပါတယ်။ မထနိုင်အောင် မူးတာတော့ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဘယ်ဘက်နားက စီစီဆိုပြီး အသံလေး မြည်နေ ပါတယ်။ အိပ်မပျော်တာနဲ့ ရင်တုန်တာကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့ aprazolam 0.5 mg ကို တနေ့ ၁ လုံးသောက်ပါတယ်။ အိပ်ပျော်ပြီး မူးတာလဲ သက်သာလာပါတယ်။ စွဲမှာစိုးလို့ အပြင်သွားမှ သောက်ဖြစ်ပါ တယ်။ နေ့တိုင်းသောက်တာမဟုတ်ပါဘူး။၂ဝ၁၄ ခုနှစ်ထိ ၄ ကြိမ် မထနိုင်အောင်မူးပါတယ်။ ပထမ ၃ ကြိမ်ကတော့ ဘယ်ဘက်ကို စောင်းမှမူးတာပါ။ ၄ ကြိမ်မြောက်မှာတော့ ညာဘက်စောင်းမှ မူးပါ တယ်။၂ဝ၁၄ မှာ ၁လ လောက်မထနိုင်အောင်မူးပါတယ်။ မူးတိုင်း မနက် ၃ နာရီ၊ ၄ နာရီ အချိန်လောက် စမူးတာပါ။ ဦးနှောက် နဲ့ အာရုံကြောပါရဂူဆီမှာ ပြကြည့်ပါတယ်။ သူက မွေးရာပါ အာရုံကြောရောဂါလို့ပြော ပါတယ်။ အာရုံကြော၂ ချောင်းမှာ ၁ ချောင်းက ပျက်စီးနေတယ် လို့ပြောပါတယ်။ နိုင်ငံခြား သွားကုလဲ မရဘူးလို့ ပြောပါတယ်။ ပေးတဲ့ဆေးကတော့ aprazolam 0.5mg ပဲပေးပါတယ်။ တသက်လုံး သောက် ရမယ် လို့ပြောပါတယ်။ စာကို ၂ နာရီလောက် ဖတ်ရင် မူးလာပါတယ်။TV ကြည့်ရင်လဲ မူးလာပါတယ်။ ဘာလုပ်သင့်လဲဆရာ။

စာ (၃) ပုဒ်ပို့လိုက်ပါတယ်။
1. Dizziness အမူးရောဂါ
2. Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)
3. BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ

Dizziness အမူးရောဂါဆိုတာကို တိတိကျကျ ဖေါ်ပြရရင် Lightheadedness ခေါင်းထဲ ပေါ့နေတာ၊ Vertigo ခေါင်းထဲမှာ ဝိုင်းခြာလည်နေတာ၊ Nystagmus မျက်လုံးက စိတ်က လုပ်တာမလုပ်ဘဲနဲ့ အချက် ကျကျ မြန်မြန်လှုတ်နေတာ၊ Syncope သတိလက်လွတ် ဖြစ်တာတွေနဲ့ တွဲနေတယ်။ ဒီလက္ခဏာတွေ မပါဘဲ ခေါင်းမူးတာက စိုးရိမ်းစရာမရှိပါ။

Dizziness လဲခေါ် Giddiness လဲခေါ်တဲ့ ခံစားရမှုကို ဖြစ်စေတဲ့ အကြောင်းခံတွေ များတယ်။ ဦးနှောက် ကို အောက်စီဂျင် လုံလောက်အောင် မရလို့ ဖြစ်တာများတယ်။ နှလုံးခုန်မမှန်တာ ကနေလဲ ဖြစ်နိုင် တယ်။ ထိုင်ရာကနေ ရုတ်တရက် ထလိုက်ချိန်မျိုးမှာ ဖြစ်တာက သွေးဖိအား ယာယီကျသွားလို့ပါ။ သွေးအား နည်းနေသူ (ဟီမိုဂလိုဘင်) နည်းနေသူ၊ နောက်ပြီး Decongestants အအေးမိပျောက်ဆေး၊ Antidepressants စိတ်မကျဆေး၊ Antihypertensives သွေးဖိအားကျဆေး၊ Antihistamines (အင်တီဟစ်တမင်း) ဆေး နဲ့ Diuretics ဆီးသွားဆေးတွေ သောက်နေရင်လဲ ဖြစ်စေနိုင်တယ်။ ဝမ်းပျက်-ချွေးထွက်များသူတွေလဲ သွေး-အရည်ထုထည်ကျနေလို့ ဖြစ်နိုင်တယ်။

တကယ်လို့ ခေါင်းထဲမှာပေါ့နေပြီး သတိလစ်ချင် တာနဲ့တွဲနေရင် နှလုံး-သွေးကြောရောဂါ ရှိ-မရှိ စစ်ဆေး-ကုသရမယ်။ Diabetes mellitus ဆီးချို၊ Multiple sclerosis (မာလ်တီပယ်-စကယ်လ်ရိုးဆစ်) ရောဂါ နဲ့ Parkinson's disease (ပါကင်ဆိုနဇင်) ရောဂါနဲ့လဲ တွဲနေတတ်တယ်။

နားအတွင်းဆုံးထဲက Balance organs ကိုယ်ခန္ဓာမျှခြေကို ထိန်းပေးနေတဲ့ အင်္ဂါတွေမှာ ရောဂါရရင် ဥပမာ Labyrinthitis ရောဂါ၊ Ménière's disease နားအတွင်း ဖုံးလွှာရောင်ရောဂါ၊ Vestibular neuronitis နားအာရုံကြောရောဂါ၊ Tinnitus နားထဲမည်နေတဲ့ ရောဂါတွေမှာလဲ ဖြစ်နိုင်တယ်။ ဒါ့အပြင် Perforated eardrum နားစည်ပေါက်ခြင်း၊ Otitis media နားအလည်ခန်း ရောင်ခြင်းဖြစ်ရင်လဲ မူးနိုင်သေးတယ်။

Double vision ရုပ်၂ ခု မြင်နေတာနဲ့တွဲနေရင် Brain stem ဦးနှောက်-ပင်စည်နေရာမှာ ရောဂါရနေ သလား စစ်ဆေးရမယ်။ မူးတာက Slurred speech စကားပြော သိပ်နှေးလာတာနဲ့ တွဲနေရင် Atroke ဦးနှောက်လေဖြတ်တာနဲ့ Brain tumor ဦးနှောက်-အကျိတ် ဖြစ်နိုင်တယ်။

တခြား အကြောင်းခံတွေကတော့ Anxiety စိုးရိမ်စိတ်ကဲ၊ Stress စိတ်ဖိအားများ၊ Fatigue အားကုန်၊ High fever အပြင်းဖျား၊ Strenuous coughing ချောင်း အတင်းဆိုးတာ၊ Straining with defecation or urination ဆီးသွား-ဝမ်းသွားတာမှာ အားစိုက်ထုတ်ရတာ၊ Stomach flu အစာအိမ်ရောင်၊ Common cold အအေးမိ၊ Pressure on the neck လည်ပင်းမှာ ဖိအားသက်ရောက်ခံနေရတာ၊ Carnival rides ပတ်ခြာလည် ကစားစရာကို စီးတာ၊ Low blood pressure သွေးဖိအားကျတာ၊ Severe pain သိပ်နာ ကျင်တာ၊ Fright ကြောက်စိတ်ကြီးတာ၊ Standing rigidly at attention သတိဆွဲပြီး အကြာကြီး ရပ်နေ ရတာ၊ Alcohol intoxication အရက်သောက်များတာ၊ Illicit drugs မူးယစ်ဆေး၊ Hyperventilation အသက်ရှူ အလွန်မြန်တာ၊ Low blood glucose သွေးထဲသကြားဓါတ်နည်းတာ၊ Hysterical seizures (ဟစ်တီးရီးယား) အတက်ရောဂါတမျိုးတွေဖြစ်တယ်။

အသက် ၄ဝ ကျော်သူတွေမှာ ၄ဝ% ဖြစ်နိုင်ခြေရှိတယ်။ မိန်းမတွေက ယောက်ျားတွေထက် ၂ ဆ နည်းပါး ပိုဖြစ်တယ်။ (မိုင်ဂရင်း) ရောဂါရှိသူထဲက ၄ ယောက်မှာ ၁ ယောက်၊ Multiple sclerosis ရောဂါရှိသူတွေထဲ က ၃ ယောက် ၁ ယောက်၊ အမူးရောဂါ ခံစားနေရသူတွေထဲမှာ ၂၅-၄ဝ% ဟာ Benign paroxysmal positional vertigo (BPPV) ဆိုတာ ဖြစ်နိုင်တယ်။ ဒီရောဂါအကြောင်း သပ်သပ်ရေးထားပါတယ်။

• BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://dts-medicaleducation.blogspot.com/2011/04/bppv.html
• Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ) http://dts-medicaleducation.blogspot.com/2011/01/vertigo.html


Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)

Friday, October 31, 2014
1. ဆရာရှင့် သမီးလွန်ခဲ့တဲ့ ၂ လက ဘယ်ဖက် စောင်းလိုက် တာနဲ့ ခေါင်းက ချာချာလည်ပြီး လူပါပစ်ကျတာ ဆရာဝန်သွားပြတော့ တခုခုနဲ့ ကလော်လို့ဖြစ်တာဆိုပြီး ဆေးထိုး သုံးရက်၊ ဆေးသောက် ငါးရက် လုပ်လိုက်တာ သက်သာတယ်။ အရှင်းတော့ မပျောက်ဖူး။ အခု ၂ လကျော်ထိ အဓိဘ ယ်ဖက်ကို လုံးဝစောင်းအိပ်လို့ မရဖူး။ အရင်လို မဟုတ်ပေမဲ့ ချာချာလည် မူးမူးသွားတယ်။ သမီးလဲ သက်သာသွားမှာ ပါဆိုပြီး၊ ဆေးခန်း ထပ်မပြဖြစ်ဖူး။ ဘယ်လိုဆက်လုပ် ရမလဲရှင့်။ အိပ်ရေး မဝတဲ့ ရက်တွေဆို နည်းနည်းစောင်း တာနဲ့ကို မူးတာ။ ကျန်တဲ့ အချိန်တွေ ကတော့ ဘယ်ဖက်ကို လုံးဝစောင်းအိပ် ချမှဖြစ်တာပါ။
2. ကျမနာမည် (့) ပါ ။ Further study လုပ်နေပါတယ်။ ၃၉ နှစ် အပျိုပါ။ Migraine headache ဖြစ်တတ် ပါတယ်။ တခါတလေ ထိုင် လိုက်တာ။ လှဲချတာ။ ရပ်လိုက်တာ ရာသီ လာနေတုန်းနဲ့ လာပြီးစမှာ Dizzy ဖြစ်ပါတယ်။ အလွန်ဆုံး (၃) ရက်လောက်ပါ။ ဒီလတော့ Migraine ကလည်း အရမ်းခံရပြီး Dizzy ကလည်း (၆) ရက်လောက် ရှိနေပါပြီ။ ၂ဝဝ၆ တုန်းက ၁ဝ ရက်လောက် ကြာဖူးပါတယ်။ ခုက Thesis and papers တွေ အရေးကြီးနေလို့ ပါဆရာ။ အားဆေးတော့ Centrum သောက်နေပါတယ်။ ဘာလုပ်သင့်လဲ ဆိုတာလေး အကြံပြုပေးပါရှင်။

ဖြစ်နိုင်တာ ၂ မျိုးရှိနိုင်လို့ အရေးပေါ်ဆေးနည်း ၂ နည်း ပြောပါမယ်။

(၁) Migraine Emergency treatment (မိုင်ဂရင်း) အရေးပေါ် ဆေးများ (အန်တာကို သက်သာစေသည်။ အိပ်ချင်မည်။)
1. Ergotamine Inhalation and Rectal, Not for Coronary disease, Prgenancy and Hypertension (နှလုံး သွေးကြောကျဉ်း ရောဂါ၊ ကိုယ်ဝန်ဆောင်နှင့် သွေးတိုးရှိသူများမှအပ) ရှူဆေး၊ စအိုမှလည်းပေး သည်။
2. Chlorpromazine 0.1 mg/Kg IV, Excellent antiemetic သွေးကြော-ထိုးဆေး၊
3. Prochlorperazine 10 mg IV, Excellent antiemetic သွေးကြော-ထိုးဆေး၊
4. Metoclopramide 10-20 mg IV, Excellent antiemetic သွေးကြော-ထိုးဆေး၊
5. Dihydroergotamine (DHE) 0.75 to 1 mg Slow IV, Not for Coronary disease, Prgenancy and Hypertension (နှလုံး သွေးကြောကျဉ်း ရောဂါ၊ ကိုယ်ဝန်ဆောင်နှင့် သွေးတိုးရှိသူများမှအပ) သွေးကြော-ထိုးဆေး၊
6. Sumatriptan 6 mg S/C, Not for Coronary disease, Prgenancy and Hypertension (နှလုံး သွေးကြောကျဉ်း ရောဂါ၊ ကိုယ်ဝန်ဆောင်နှင့် သွေးတိုးရှိသူများမှအပ) အရေပြားအောက်-ထိုးဆေး၊
7. Ketorolac 60 mg IM အသားထဲထိုးဆေး၊

(၂) Acute Periphreral Vertigo Emergency treatment ရုတ်ရက် အပြင်းအထံ ခေါင်းမူးရောဂါအတွက် အရေးပေါ် ဆေးများ
1. Scopolamine 0.5 mg Intra-dermal patch 3-4 times a day (Behind ear) နားနောက်မှာ ကပ်ခွါဆေး၊
2. Dimenhydrinate 50-100 mg IM or PO 4 hourly အသားထိုးဆေး နဲ့ သောက်ဆေး၊
3. Diphenhydramine 25-50 mg IM or PO 6 hourly အသားထိုးဆေး နဲ့ သောက်ဆေး၊
4. Cyclizine 50 mg PO 4 hourly (200 mf.24 hours) သောက်ဆေး၊
5. Meclizine 25 mg PO 8-12 hourly သောက်ဆေး၊
6. Hydroxyzine 25-50 mg 6 hourly သောက်ဆေး၊
7. Promethazine 25-50 mg 6-8 hourly သောက်ဆေး၊

Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ

Friday, October 31, 2014
1. ကျမ အသက်က ၃၈ နှစ်ပါ။ အိမ်ထောင် ရှိပါတယ်။ ကလေး ၂ ယောက်ပါ။ အခု (့) နိုင်ငံမှာ နေပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ခွဲ၊ ၃ နှစ်ခန့်ကတည်းက ခေါင်းငုံ့ပြီး တခုခု လုပ်တဲ့ အခါမှာ ပြန်မော့ရင် ခေါင်းမူး မူးနေပါတယ်။ အိမ်သာတက် ရေသုံးပြီး ရင်တောင် အဲလို ဖြစ်ပါ တယ်။ ခေါင်းလျှော် တဲ့အခါ ခေါင်းငုံ့ပြီး လျှော်ရင် အဝတ် လျှော်တဲ့အခါ ခေါင်းငုံ့ပြီး အဝတ်ကို ခပ်ကြာကြာလေး ဆပ်ပြာ တိုက်တဲ့အခါ၊ ရေချိုးရင်လည်း ခြေထောက်ကို မတ်တပ်ကနေ ငုံ့ပြီး တိုက်တဲ့အခါ၊ လှေကားတွေကို သတိထားပြီး ခေါင်းငုံ့ပြီး တက်လာရင် အပေါ်ရောက် တဲ့ အခါ မူးတဲ့အခါမှာ ကိုယ်ကို မထိန်းနိုင်ပဲ ယိုင်သွားတာမျိုး ဖြစ်ပါတယ်။ (တခေါက်ဆို လုံးဝကို ပစ်လဲ ကျတဲ့ အထိ ဖြစ်ဖူးပါတယ်။ အသက်ရှူမဝလို့ ရင်ကြပ်တဲ့အခါ ရှူတဲ့ Asmol inhalar လည်း ရှူပါတယ်။ လည်ပင်းလည်း နည်းနည်း ကြီးနေပါတယ်။ ပြီးခဲ့တဲ့နှစ်က စဖြစ်တာပါ။ အသက်ရှူမဝတာ နဲ့ ခေါင်းမူး တာဟာ လည်ပင်းကြီး ရောဂါကြောင့် များလား။
2. အမျိုးသား ဒီနေ့ ဆရာဝန်သွားပြတာ Benign Paroxysmal Positional Vertigo (BPPV) ဖြစ်တာ လို့ ပြောတယ်။ ဆရာဝန်ပေးတဲ့ စာရွတ်တွေကို ပို့ပေးလိုက်ပါတယ်။ သူပြောတာ မရှင်း လို့ ကျေးဇူးပြုပြီး ရောဂါအကြောင်းနဲ့ ဘယ်လို လေ့ကျင့်ခန်း လုပ်ရမလဲဆိုတာကို ရှင်းပြပေးပါ။

Benign paroxysmal positional vertigo (BPPV) ဆိုတာ နားအတွင်းပိုင်း ရောဂါတခု ဖြစ်တယ်။ လူ (ခေါင်း) အနေထား ပြောင်းတဲ့အခါ မူးတတ်တယ်။ Vertigo ခေါင်းမူးရောဂါ လာပြသူပေါင်း ၆ သန်းထဲမှာ (BPPV) ဖြစ်သူ ၁၇-၄၂% ပါတယ်။ Motion sickness ကားမူးရောဂါက သပ်သပ်ဖြစ်တယ်။ အရက် မသောက်ဘဲ မူးတာ အလဲလို အနည်းဆုံး ၃ မျိုး ရှိတယ်။

လူကြီးတွေကိုတွက်ရင် တဝက်ရှိတယ်။ အသက်ကြီးသူတွေဆိုရင် နားအလည်ပိုင်းက Degeneration အိုနာလို ဖြစ်လို့ပါ။ ငယ်သူတွေက ခေါင်းခိုက်မိလို့က များတယ်။ Migraine (မိုင်ဂရင်း) အမူး-အကိုက်ရောဂါ နဲ့ တွဲနေတတ်တယ်။ ဗိုင်းရပ်စ် ကြောင့် Vestibular neuritis ရလို့လဲ ဖြစ်တယ်။ တချို့ မှာ ဘာလို့ ဖြစ်လဲ မသိပါ။

• ရောဂါလက္ခဏာအစစ်ဆိုတာ Spinning dizziness ပတ်ခြာလည်ပြီး မူးမယ်၊
• ခေါင်းကို လည်သလိုလုပ်မှ ဖြစ်တယ်။
• Short duration ခဏသာ ကြာမယ်။ ဆေးစာမယ် Paroxysmal လို့သုံးတာ အဲဒါကြောင့်ပါ။ Benign ဆိုတာ အသက်ကို အန္တရာယ်မပေးနိုင်တာ။
• Positional in onset အနေအထား ပြောင်းတာနေ စတယ်။
• Nausea ပျို့တာက များတယ်၊ အန်တဲ့အထိဖြစ်တာ ရှားတယ်။
• Visual disturbance ဖြစ်လာရင် အမြင်အကြည့် ခက်လာမယ်။
• ခေါင်းထဲမှာ ပေါ့နေမယ်၊
• ကိုယ်ကို မထိန်းနိုင်ဖြစ်မယ်၊
• မျက်စိဟာ ဖြစ်တဲ့နားဘက်ဆီ လည်မယ်။ ဆတ်ကနဲ ဆတ်ကနဲ စက္ကန့် ၃ဝ လောက်ကြာမယ်၊
• ထုံတာ၊ အားယုတ်တာလို တခြား အာရုံကြောရောဂါ လက္ခဏာတွေ မရှိပါ။

လူတိုင်းရဲ့ Inner ear အတွင်းနားထဲမှာ Otoconia ခေါ်တဲ့ Calcium crystals (ကယ်လ်စီယမ်) ပုံဆောင်ခဲလေးတွေ ရှိတယ်။ BPPV ရောဂါရှိနေသူတွေမှာ ဒါတွေက Utricle မှာ ပိတ်နေသလို ဖြစ်နေ တယ်။ နောက်ပြီး Semicircular canals စက်ဝိုင်းထက်ခြမ်းပုံ ပြွန်လေးတွေထဲ ရောက်သွားတတ် တယ်။ ခေါင်းက အနေအထား ပြောင်းတဲ့အခါ၊ ကမ္ဘာ့ဆွဲအားကို လိုက်ပြင်ရရင် အဲဒီ အစိုင်အခဲလေးတွေက အရည်အပြောင်းအလဲကို ဒုက္ခပေးလို့ မူးလာစေတယ်။ တခါတလေ ပုံဆောင်ခဲ လေးတွေက သွားကပ်နေ ကြတယ်။

မူးတာကို ဖြစ်စေတဲ့ အနေအထား သတ်သတ်မှတ်မှတ် ရှိတယ်။ လူနာကိုယ်တိုင်သိတယ်။ မမူးခင် ၅-၁ဝ စက္ကန့် ကြာသေးတယ်။ မူးတာက ၅-၁၂ဝ စက္ကန့် ကြာတယ်။ မိုးရွာခါနီး၊ နှင်းကျခါနီး အိပ်ရေးပျက်ရင်၊ စိတ်ရှုတ်စရာရှိရင်၊ ပိုဆိုးတယ်။ Tilting the head ခေါင်းကို ဟိုဘက်ဒီဘက် လှည့်တာ၊ Rolling over in bed ခေါင်းအုံးပေါ်မှာ ခေါင်းလှည့်တာ၊ Looking up or under ခေါင်း မော့တာ ငုံ့တာ၊ Sudden head motion ရုတ်တရက် ခေါင်းအနေအထား ပြင်တာ၊ Post head injury ခေါင်းခိုက်မိထားဘူးတာ၊ မျက်စိကို စူးစိုက်လို့မရ ဖြစ်လာမယ်။

Dix Hallpike Test စမ်းသပ်နည်းနဲ့ ရောဂါသေခြာအောင် လုပ်ရတယ်။ ဖြစ်နေတဲ့သူကို ထိုင်နေရာကနေ ပက်လက်လှဲ၊ ခေါင်းကို ၄၅ ဒီဂရီ တဖက်ကိုစောင်း၊ ၂ဝ ဒီဂရီ နောက်ပြန်ခိုင်းတဲ့အခါ Nystagmus ခေါ်တဲ့ Jumping of the eyes မျက်လုံးတွေ ခုန်လာတာ တွေ့ရရင် ဒီရောဂါရှိတာ သေခြာတယ်။ မျက်လုံးက အထက်ကို ခုန်ပြီး လည်နေမယ်။ မျက်လုံးရဲ့ အထက်ပိုင်းဟာ အောက်စိုက်တဲ့ဘက်မယ် ရှိမယ်။ Electronystagmography စမ်းသပ်နည်းလဲ ရှိတယ်။

ကုသနည်း ၂ မျိုးမက ရှိတယ်။
၁။ Canalith repositioning procedure (CRP) or Epley maneuver နဲ့
၂။ Liberatory or Semont maneuver ဖြစ်တယ်။

ကမ္ဘာ့ဆွဲအားကို သုံးပြီး အနယ်အမှုံတွေ အောက်ကျအောင်လုပ်နည်း CRP ကို ဆရာဝန်ကနေ သင်ပေး တာ ဖြစ်တယ်။ နောက်နည်းကတော့ လူနာကိုယ်တိုင် လုပ်လို့ရတယ်။ ဘယ်ဟာ ပိုကောင်းသလဲ ပြောလို့ မရသေးပါ။ ဆေးပေး ကုနည်းကို ရုတ်ရက်ဖြစ်သူတွေနဲ့ ဆိုးဆိုးဝါးဝါးဖြစ်သူတွေကိုသာ ပေးတယ်။ Anti-histamine ဆေးနဲ့ Anti-cholinergic ဆေးတွေ ဖြစ်တဲ့ Meclozine Meclozine (Bonine, Bonamine, Antivert, Postafen, Sea Legs, Dramamine) နဲ့ Scopolamine (Levo-duboisine, Hyoscine) တွေ ဖြစ်တယ်။ ရောဂါလက္ခဏာတွေ သက်သာအောင် လုပ်တာသာ ဖြစ်တယ်။

BPPV ရောဂါဟာ တချို့မှာ သူ့ဖါသူ သက်သာလာတတ်တယ်။ ခေါင်းအုံးမြင့်မြင့် သုံးပါ။ မူးတတ်သလိုမျိုး မအိပ်ပါနဲ့။ မနက် ထရင် ခပ်ဖြေးဖြေးထပါ။ မထခင် ကုတင်စွန်းမှာ ၁ မိနစ်ထိုင် စောင့်နေပါ။ ခေါင်းငုံ့ပြီး တခုခုကောက်ဘို့ မလုပ်ပါနဲ့။ တဖက်ဖက် စောင်းတာလဲ ဂရုစိုက်ပါ။ အလှပြင်ဆိုင်၊ သွားဆေးခန်းမှာ အထူးသတိရှိပါ။ Motion sickness medications Dimenhydrinate (Dramamine, Driminate, Gravol, Gravamin, Vomex, Vertirosan) ကားမူးပျောက်ဆေးတွ သုံးနိုင်ပါတယ်။ ၂ လနဲ့ ပျောက်သွားနိုင်တယ်။

Epley Maneuver နည်းကို တတ်ကျွမ်းတဲ့ ဆရာဝန်ကနေ လုပ်ပေးတယ်။ ၈ဝ% ပျောက်တယ်။ ၂ နည်းရှိ တယ်။ မပြန်ခင် ဆေးခန်းမှာ ၁ဝ မိနစ်စောင့်ရသေးတယ်။ ကားမောင်းမပြန်ပါနဲ့။ ခေါင်းကို Semi-recumbent ၄၅ ဒီဂရီစောင်းအိပ်ပါ။ နေ့ခင်းမှာလဲ ခေါင်းကို မတ်မတ်ထားပါ။ ခေါင်းလှုတ်ရမဲ့ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ပါနဲ့။ မျက်နှာသစ်တာ၊ အမွှေး ရိတ်တာ၊ ခေါင်းလျှော်တာ၊ မျက်စဉ်းခပ်တာ လဲ ခေါင်းမငုံ့ရအောင် လုပ်ပါ။ ၁ ပါတ်ကြာရင် အရင်ကမူးတတ်တဲ့ အနေအထားကို သတိနဲ့ စမ်းလုပ်ရမယ်။

ဒီနည်းနဲ့ မရသေးတဲ့ ၂ဝ% တွေကို Epley exercises လုပ်ခိုင်းမယ်။ အထူးလုပ်တဲ့ Rotational chair ကုလားထိုင်၊ DizzyFIX တွေ သုံးနိုင်တယ်။

ခွဲစိတ်ကုသနည်းက ခက်ပါတယ်။ Canal plugging နည်းကတခု ဖြစ်တယ်။ ခွဲစိတ်ကုသနည်း Semi-circular canal occlusion ကို အမြဲမလုပ်ပါ၊ လုပ်ရတာ ခက်တယ်။ အာရုံကြောထိမှာ သတိကြီး ရတယ်။

Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Astigmatism and Amblyopia သူငယ်အိမ် စောင်းခြင်းနဲ့ ပျင်းတဲ့မျက်စိ

Friday, October 31, 2014
ကျွန်မနာမည့့် ပါ၊ အသက်က ၃ဝ ပြည့်ပါတော့မယ်၊ ကျွန်မက မျက်မှန် တပ်ရပါတယ် ဆရာ၊ မျက်မှန် တပ်ရတာ ၁၅ နှစ်နီးပါးလောက် ရှိပါပြီ ဆရာ၊ တကယ်တမ်း မျက်စိရဲ့ လိုအပ်ချက်က ညာဘက်က - ၆.၅ (Astigmatism - ၁.၅) နဲ့ ဘယ်ဘက်က -၂.၅ (Astigmatism - ၁) ရှိပါတယ် ဆရာ၊ ဒါပေမယ့် အဲဒီ အနေအထားအတိုင်း မျက်မှန် တပ်ရင် အကွာ အဝေးချိန်လို့ မရတဲ့ပြဿနာရှိလို့၊ ညာဘက်ကို -၄ နဲ့တပ်ခိုင်း တာ နှစ်နှစ်လောက် ရှိပါပြီဆရာ၊ အခု LASIK surgery လုပ်ဖို့ မျက်စိသွားစစ်တာ ကျွန်မရဲ့ညာဘက်မျက်လုံးက lazy eye ဖြစ်နေတယ်လို့ ပြောပါတယ်၊ အဲတာကြောင့် ကုသမှုယူရင်လည်း ဘယ်ဘက် မျက်လုံးလောက်ကောင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်ဆရာ၊ ကျွန်မ သိချင်တာက အဲဒီ lazy eye က ကြာရှည်ဆို ဘာတွေဖြစ်လာနိုင် ပါသလဲ ဆရာ၊ ပြီးတော့ ကျွန်မ အခု LASIK မလုပ်ဘဲ ဒီအတိုင်းထားရင် မျက်မှန်ပါဝါ ပိုဆိုးလာနိုင် ပါသလား၊ ကျွန်မအနေနဲ့ LASIK လုပ်သင့် မလုပ်သင့် အကြံဉာဏ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ် ဆရာရှင့်။

Astigmatism သူငယ်အိမ်စောင်းခြင်း
Astigmatism ဟာ မျက်လုံးက လုံးမနေလို့ဖြစ်တာပါ။ မျက်စိအမြင်အားနည်းခြင်း အမျိုးအစားတွေထဲက တခုဖြစ်တယ်။ လူတိုင်းမှာ အနည်းနဲ့အများ ရှိနိုင်တယ်။ ရောဂါဘာလို့ဖြစ်လာသလဲ ကောင်းကောင်း မသိရဘူး။ တဖြေးဖြေး ဆိုးလာနိုင်တယ်။ မျက်စိမှာ ရုပ်ပုံထင်ရတဲ့နေရာ Retina ကင်မရာ-ဖလင် လိုသဘောဆင်တဲ့ (ရက်တီနာ) ပေါ်မှာ အလင်းတန်းတွေက တိတိကျကျ မစုနိုင်ကြလို့ အမြင်ဝေဝါးနေ မယ်။ Cornea မျက်ကြည်လွှာ အခုံးမျက်နှာပြင် မူမမှန်နေတာနဲ့ Lens မှန်ဘီလူးမှာ ဖြစ်တာ (၂) မျိုး ကနေ ဖြစ်စေနိုင်တယ်။

အကြောင်းခံ နှစ်မျိုးအပြင် အမျိုးအစားလဲ (၂) မျိုးရှိတယ်။ ပုံမှန် နဲ့ ပုံမှန်မဟုတ်တာ။ Irregular astigmatism ပုံမှန်မဟုတ်ဆိုတာက အလင်းတန်းတွေ ဖြတ်သန်းဝင်လာတဲ့ Corneal scar မျက်ကြည်လွှာ မှာ အမာရွတ်လို ဖြစ်နေရင်၊ Crystalline lens မှန်ဘီလူးမှာ Scattering ဖြစ်နေလို့ ဖြစ်ရတဲ့ (၂) မျိုးကြောင့် သာ ဆိုရင် Standard spectacle lenses သုံးနေကြ မျက်မှန် တပ်ပေမဲ့လဲ ပြင်မရဖြစ်မယ်။ Contact lenses မျက်ကပ်မှန်နဲ့တော့ ရနိုင်တယ်။ Regular astigmatism အမျိုးအစားက မျက်ကြည်လွှာ ကနေဖြစ် တာဖြစ်ဖြစ်၊ မှန်ဘီလူးကနေ ဖြစ်တာဖြစ်ဖြစ် Toric lens မျက်မှန်နဲ့ ပြင်လို့ရတယ်။ အချင်းဝက်မျဉ်း ၂ မျိုးပါ မှန်ဘီလူးကို ပြောတာ ဖြစ်တယ်။

Astigmatism ရှိနေရင် အသေးစိတ်ကို မမြင်ရဘူး။ မြင်လွှာပေါ်မှာ အလင်းတန်းတွေ အတိအကျ မကျ တာမှာ Vertical plane ဒေါင်လိုက် နဲ့ Horizontal plane အလျားလိုက် ၂ မျိုး ဖြစ်နေနိုင်တယ်။ တမျိုး မှာတော့ ကောင်းနေမယ်။ ဥပမာ နံရံလို ဒေါင်လိုက်ရှိတာကို ခပ်စောင်းစောင်း မြင်နေမယ်။

Regular astigmatism အဓိက (မဒီဒီယံ) မျဉ်းဟာ ဒေါင်လိုက်ရှိတယ်။ (ရပ်ဘီ) ဘော၊ အမေရိကန် ဘောလုံးကို
1. Against-the-rule astigmatism ထောင်ထားတာ၊
2. With-the-rule astigmatism လှဲထားတာ၊
3. Oblique astigmatism ခပ်စောင်းစောင်းအနေတာ နဲ့
4. Irregular astigmatism မညီမညာတာ (၄) မျိုးရှိတယ်။

• With-the-rule astigmatism အတွက် Minus cylinder အနုတ် (ဆလင်ဒါ) ကို Horizontal axis ရေပြင်ညီမျဉ်းမှာ ထားပေးရတယ်။
• Against-the-rule astigmatism အတွက် Plus cylinder အပေါင်း (ဆလင်ဒါ) ကို Horizontal axis ရေပြင်ညီမျဉ်းမှာ ထားပေးရတယ်။ ဒါမှမဟုတ်
• Minus cylinder အနုတ် (ဆလင်ဒါ) ကို Vertical axis ဒေါင်လိုက်ထားပေးရတယ်။
• ကလေးတွေမှာ With-the-rule astigmatism အဖြစ်များပြီး အသက်ကြီးသူတွေမှာ Against-the-rule astigmatism အဖြစ်များတယ်။
• Axis ဝန်ရိုးကို ဒီဂရီနဲ့ဖေါ်ပြတယ်။ ဝ ကနေ ၁၈ဝ အထိ နာရီလက်တံပြောင်းပြန် ရှိမယ်။ ဝ ရော ၁၈ဝ ပါ အလည်မျဉ်းရဲ့ တဖက်စီမှာ ရှိတယ်။

မျက်စိအထူးကု ဆေးပညာအရ အမျိုးအစားကွဲတွေ ရှိပါသေးတယ်။
1. Simple hyperopic astigmatism ဆုံချက်တခုက မြင်လွှာပေါ်မှာကျနေပြီး နောက်တခုက မြင်လွှာ ရဲ့ နောက်မှာ ကျနေတာ၊
2. Simple myopic astigmatism ဆုံချက်တခုက မြင်လွှာရှေ့မှာကျနေပြီး နောက်တခုက မြင်လွှာပေါ်မှာ ကျနေတာ၊
3. Compound hyperopic astigmatism ဆုံချက်နှစ်ခုက မြင်လွှာနောက်မှာကျနေတာ၊
4. Compound myopic astigmatism ဆုံချက်နှစ်ခုက မြင်လွှာ ရှေ့မှာကျနေတာ၊
5. Mixed astigmatism ဆုံချက်နှစ်ခုက မြင်လွှာရှေ့မှာတခု၊ နောက်တခုမှာကျနေတာ၊

အမေရိကန် သုတေသနတခု Archives of Ophthalmology အရ ၅ နှစ်နဲ့ ၁၇ နှစ်ကြား ကလေး ၁ဝ ယောက်မှာ ၃ ယောက်နီးပါး (၂၈့၎%) မှာ ရှိနေတယ်။ နည်းနည်းဖြစ်သူတွေမှာ မသိသာပေမဲ့ ဆိုးရင် မျက်စိကြည့်မကောင်းတာဖြစ်မယ်။ Blurry vision ဝေဝပါးနေမယ်၊ Squinting စွေနေမယ်၊ Asthenopia မျက်စိမှာဖိအားများနေလို့ Fatigue အားမရှိတာ၊ Headaches ခေါင်းကိုက်တာတွေ ဖြစ်နေမယ်။ တချို့မှာ Migraine (မိုင်ဂရင်း) ခေါင်းကိုက်ရောဂါနဲ့ ဆက်စပ်နေတယ်။

Snellen chart, Keratometer, Corneal topography, Autorefractor or Retinoscopy စမ်းသပ်နည်းတွေကို သုံးပြီး စစ်ဆေးရတယ်။ ကုသမှုတွေကတော့ Eyeglasses မျက်မှန် Contact lenses မျက်ကပ်မှန် နဲ့ Refractive surgery ခွဲစိတ်နည်းတွေ ဖြစ်တယ်။

Amblyopia ပျင်းတဲ့မျက်စိ
Strabismic amblyopia ကို Lazy eye လို့ခေါ်တာ မမှန်ပါ။ Misaligned eyes (အလိုင်းမင့်) မမှန် လို့ ဖြစ်တယ်။ မျက်စိကြည့်မကောင်း ဖြစ်နေမယ်။ ရုပ်ပိုင်းကတော့ ပုံမှန်ဖြစ်နေမယ်။ ဒါမှမဟုတ် မူမမှန်ဖြစ်နေတာနဲ့ မမျှဖြစ်နေမယ်။ လူဦးရေရဲ့ ၁-၅% အထိရှိတယ်။ Optic nerve အမြင်အာရုံကြော ကနေ ဦးနှောက်ဆီကို ပို့လွှတ်မှုမှာ လုံးဝမလုပ်တာ၊ ဒါမှမဟုတ် အားနည်းတာ ဖြစ်နေတယ်။ တခါတလေ Double-vision နှစ်ရုပ်မြင်တာ မဖြစ်ရလေအောင် အရုပ်မြင် ဖြစ်စဉ်ကို ဦးနှောက်ကနေ ခလုပ်ပိတ်သလို ရပ်ပြစ်လိုက်တာကြောင့်လဲ ဖြစ်နိုင်တယ်။

အတော်များများ ကလေးဘဝကတည်းကဖြစ်ကြတာ တွေ့ရတယ်။ တဖက်တည်း ဖြစ်နေတာများတယ်။ ၅ နှစ်မတိုင်ခင် သိလို့ ပြင်ရင်ကောင်းတယ်။ ကုသတာမှာ Spectacles မျက်မှန်တပ်တာနဲ့ Surgery ခွဲစိတ်တာ ၂ မျိုးရှိတယ်။ ဇီဝကမ္မ ဖြစ်စဉ်ကို ကြည့်ရင် ဦးနှောက်မှာ ဖြစ်တယ်။ မျက်လုံး အာရုံကြောက အကောင်းဘဲ။ မျက်လုံး မကောင်းရာကနေတော့ ဖြစ်လာနိုင်တာ ရှိတယ်။ အမြင်ကို ဖြစ်လာစေဘို့ လိုအပ်တဲ့ နှိုးဆွမှုက ဦးနှောက်မှာ ဖြစ်မလာဘူး။

ဒီလိုဖြစ်နေတာက တော်ယုံတန်ယုံဆိုရင် မခံစားရဘူး။ တဖက်က ကောင်းနေမယ်။ ဆိုးဝါးနေသူတွေမှာ Poor depth perception ခေါ်တာ ဖြစ်နေမယ်။ ပြတ်ပြတ်သားသား မမြင်နိုင်ဘူး။ လှုတ်ရှားမှုကို ကြည့်ရင်လဲ ဝေဝါးနေမယ်။ သုံးဘက်မြင်ကိုကြည့်လို့ သိပ်မကောင်းဘူး။

Congenital cataracts မွေးရာပါ တိမ်၊ Strabismus, Anisometropia, Astigmatism မျက်စိ အား မကောင်းတာတွေကနေ ဆက်ဖြစ်နိုင်တယ်။ အများအားဖြင့် အမြင်ကောင်းနေတဲ့ အဓိကအသုံးပြုတဲ့ မျက်စိဖက်မှာလာဖြစ်တယ်။ ဒါပေမဲ့ မတူတဲ့ အရုပ်နှစ်ခုကို ဦးနှောက်ကနေဖတ်တဲ့အခါ မတူလို့ ကြည့် မကောင်းဖြစ်မယ်။

Refractive or Anisometropic amblyopia ဆိုတာ မျက်စိနှစ်ဖက်က မြင်နိုင်အား မတူတာကနေ ဖြစ်နိုင် တယ်။ ဦးနှောက်ဆီကို ပုံကောင်းကောင်း ပို့ပေးနိုင်တဲ့မျက်စိက အသာစီးယူနေလိမ့်မယ်။ ကျန်တဖက်က ခပ်ဝါးဝါး ဖြစ်နေမယ်။ ကြာတော့ အမြင်စွမ်း ဖွံဖြိုးမှုက ချို့ယွင်းလာမယ်။ Refractive amblyopia အမျိုးအစားက Strabismic amblyopia လောက် မဆိုးလှဘူး။

Form-deprivation and Occlusion Amblyopia ဆိုတာ Cataracts တိမ်လို၊ Corneal scarring မျက်ကြည်လွှာ အမာရွတ် (အပြင်တိမ်) လိုကနေ ဖြစ်စေတယ်။ အသက်ကြီးမှဖြစ်တာကနေ Double vision (Diplopia) အရုပ်နှစ်ခုမြင်တာ ဖြစ်စေနိုင်တယ်။ ကလေးတွေက Neuroplastic အားကောင်းလို့ အဲလိုမဖြစ်ဘူး။ ဒါပေမဲ့ ဦးနှောက် ဖွံ့ထွားမှုကို သက်ရောက်စေတယ်။

သင်တော်တဲ့ မျက်မှန်တပ်စေရမယ်။ တခါတလေ ကောင်းနေတဲ့ဖက် (အသုံးများတဲ့ဖက်) ကို Eye-patch ဖုံးတားပေတာ လုပ်ရတယ်။ တခါတလေ ကောင်းနေတဲ့ဖက်ကို သူငယ်အိမ် ကျယ်စေတဲ့ Atropine drops မျက်စဉ်းခပ်ပေးမယ်။ ဖြစ်တဲ့ အမျိုးအစားအရ ခွဲစိတ်ပေးတာလဲ လုပ်နိုင်တယ်။ Refractive surgery ခွဲစိတ်နည်းမှာ မျက်ကြည်လွှာကို ပြုပြင်ပေးတယ်။ လေဆာကိုလည်း သုံးနိုင်တယ်။

Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Cervical intraepithelial neoplasia (CIN) သားအိမ်ဝ ရောဂါတမျိုး

Friday, October 31, 2014
၁။ ကျမ အသက် ၄ဝ နှစ်ပါ။ သားသမီး၂ယောက် ရှိပါ တယ်။ အသက် ၃ဝ မှာ သားကြော ဖြတ်ထားပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်က ဆေးစစ်တဲ့အနေနဲ့ Pap Test စစ်ကြည့်ပါတယ်။ အဖြေက CIN1 to CIN2 and actue Inflammatory cervical smear ဖြစ်နေပါတယ်။ သားအိမ်ခေါင်း ရောင်နေတယ် လို့လည်းပြောပါတယ်။ ဆရာဝန်က သားအိမ် ထုတ်ခိုင်းပါတယ်။ မထုတ်ရင် ၆ လကြာရင် ပြန်စစ်ခိုင်းပါတယ်။ ပြီးတော့ ပိုးသတ်ဆေး ၂ ကတ် သောက်ခိုင်းပါတယ်။ ၆လ ကြာတော့ သေချာ ရအောင် Pap Test/ Colposcopy ကိရိယာနဲ့ ကြည့်ပြီး Biopsy အသားစယူပြီးစစ် ပါတယ်။
Pap Test= Inflammatory smear; Pap
Biopsy= Chronic papillary cervicitis with CIN1 ဖြစ်ပါတယ်။ ဆရာဝန်မက ဆေးသောက်ဖို့မလိုဘူးပြောတယ်။ ကာကွယ်ဆေးထိုးခိုင်းပီး ၆လ ကြာရင်ပြန်စစ်ခိုင်း ပါတယ်။ သားအိမ်ခေါင်းကင်ဆာက ကြိုသိရင် ဆေးစားပြီး ပျောက်အောင် ကုနိုင်ပါတယ် လို့ပြောပါတယ်။ အခုကျမကိုဘာဆေးမှ မစားခိုင်းဘူးပါဘူး။ ဘယ်လိုဆက်လုပ်သင့်ပါသလဲ။ ဆရာ အကြံဥာဏ်လေးလိုချင် ပါတယ်။ ဒီအဆင့်မှာ သားအိမ်ထုတ်ဖို့လိုပါသလားဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။
၂။ ကျွန်တော်၏ အမျိုးသမီး (၃၉ နှစ်) သည် ပြီးခဲ့သော September လဆန်းပိုင်းက၊ မြန်မာပြည်တွင် Ultrasound, Biopsy, CT scan, Pep smear Test ပြုလုပ်ခဲ့ရာ သားအိမ်ခေါင်း ကင်ဆာ (CIN 1, HPV Infection) ဟု အဖြေထွက်ခဲ့ပါသည်။ ဘန်ကောက်မြို့  N-Health ဓါတ်ခွဲခန်းသို့ ပေးပို့ ပြီး Thin Prep Test စစ်ဆေးရာတွင်လည်း Negative for Intraepithelial Lesion or Malignancy. Mild inflammation. Reactive epithelial cellular changes. Partially obscuring blood. ဟု အဖြေထွက်ခဲ့ပါသည်။

မြန်မာပြည်တွင် ပြသလျှက်ရှိသော OG မှ မြန်မာအခေါ် မီးရှို့လျှင် ပျောက်ကင်းနိုင်ကြောင်း ပြောပါသည်။ အဖြေကို ပိုမိုသေချာစေရန် September 23 ရက်တွင် Bangkok Hospital ရှိ OG နှင့် ထပ်မံ သွားရောက် ပြသရာတွင် စိုးရိမ်စရာ မလိုကြောင်း နောက် လေးလ ကြာမှ နောက်ထပ် စစ်ဆေးမှုများပြုလုပ် ရန် လိုကြောင်းသာ ပြောပါသည်။ မီးရှို့ ကုသခြင်း၏ နောက်ဆက်တွဲ အကျိုးအပြစ်များကို ရှင်းလင်းစွာ သိရှိလိုပါသည်။ မြန်မာပြည်မှ OG အများစုသည် ယခုအခြေအနေ (CIN 1) သည် မီးရှို့ ကုသခြင်းဖြင့် ပျောက်ကင်း နိုင်သည် ဟု ပြောဆိုကြပါသည်။ Bangkok Hospital ရှိ OG အား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရန် ပြောကြည့်ရာ တစ်လင် တစ်မယား နေပါက ထိုးရန် မလိုဟုသာ တွင်တွင်ပြောပါသည်။ ထို့ကြောင့် မြန်မာပြည်နှင့် ကွာခြားသောအချက်ကို တွေ့ ရှိရ ပါသည်။ မြန်မာပြည်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရန် မည်သူ့ကိုမဆို တိုက်တွန်းပါ သည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးခြင်း၏ အကျိုးအပြစ်များကို ရှင်းလင်းစွာ သိလိုပါ သည်။ ရောဂါကူးစက်နိုင်သော အကြောင်းအရင်းများ အားလုံးကိုလည်း သိလိုပါသည်။ ကျွန်တော်တို့သည် တစ်ယောက်နှင့်တစ်ယောက် သစ္စာရှိသော အိမ်ထောင်သည်များဖြစ်ကြပါသည်။ အဘယ်ကြောင့် CIN 1, HPV Infection ဖြစ်ရပါသလဲ။ တစ်ခုပြောစရာရှိသည်မှာ ကျွန်တော်၏ အမျိုးသမီးသည် ၃ ကြိမ် သားလျှော ခဲ့သဖြင့် အပြင်ဆေးခန်းတွင် ၂ ကြိမ် နှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ၁ ကြိမ် D&C လုပ်ခဲ့ဖူးပါသည်။

Cervical intraepithelial neoplasia (CIN) mosaic pattern of cervix with Lugol iodine
Cervical interstitial neoplasia (CIN) ရောဂါကို Cervical dysplasia လို့လဲ ခေါ်တယ်။ ဒါပေမဲ့ Potentially premalignant transformation ကင်ဆာ မတိုင်မီအဆင့်ကို ပြောင်းသွားနိုင်ချေ ရှိတယ်။ ဆေးမကုဘဲလဲ ကိုယ်ခံစွမ်းအားနဲ့ ပျောက်သွားနိုင်တယ်။ ရာခိုင်နှုန်း နဲနဲလေးဟာ Cervical cancer သားအိမ်ဝ-ကင်ဆာ ဖြစ်နိုင်တယ်။ Cervical squamous cell carcinoma (SCC) လို့ ခေါ်မယ်။ ဒါကလဲ ကိုယ်ခံအားနဲ့ မပျောက်၊ ဆေးလဲ မကုမှသာ ဖြစ်တယ်။ အမေရိကားမှာ အမျိုးသမီး ၂ သိန်းခွဲကနေ ၁ သန်းမှာ ၁ ယောက် CIN ဖြစ်နေတာ နှစ်တိုင်းတွေ့ရတယ်။ အသက် ၂၅ ကနေ ၃၅ ကြားမှာ အဖြစ်များ တယ်။

CIN ဘာလို့ဖြစ်သလဲဆိုရင် Human papillomavirus (HPV) (ပပယ်လိုမား-ဗိုင်းရပ်စ်) ပိုးဟာ လိင်က တဆင့် ကူးစက်ပြီး Chronic infection of the cervix သားအိမ်ဝမှာ နာတာရှည် ရောင်တာကနေ ဖြစ် တယ်။ HPV types အမျိုးအစား ရာကျော်ထဲက တဒါဇင်ကနေ၊ အဲဒီထဲက HPV 16, 18, 31, or 45 ကနေ အဖြစ်များတယ်။ ကျန်တဲ့ အမျိုးအစားတွေက Warts ကြွက်နို့ ဖြစ်စေတယ်။

အိမ်ထောင်ဘက် ဒါမှမဟုတ် ယောက်ျားဖေါ် များသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ ကိုယ်ခံအား နည်းသူတွေ၊ ငယ်ငယ်နဲ့ ကလေး မွေးသူတွေဟာ ဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေ ဖြစ်ကြတယ်။

ဖြစ်ကာစမှာ ဘာမှ မခံစားရဘူး။ Pap smear စမ်းသပ်နည်းနဲ့ သိလာရတယ်။ Papanicolaou test, Pap test, Cervical smear, Smear test လို့ အမျိုးမျိုး ခေါ်တယ်။ Vagina မွေးလမ်းကြောင်း ထဲကို ကြည့်လို့ရတဲ့ Speculum ကရိယာထည့်မယ်။ Endocervical brush ကို အဝထဲထည့်ပြီးလှည့်၊ သားအိမ်ဝ အပြင်ပေါက် အနားက (ဆဲလ်) တွေကို Aylesbury spatula ဆိုတာလေးနဲ့ယူ၊ မှန်ပြားလေးပေါ် တင်ပြီး၊ ဓါတ်ခွဲခန်းမှာ မှန်ဘီလူးနဲ့ စစ်ဆေးမယ်။

Cervical dysplasia ကို Pap smear လုပ်တော့ Squamous intraepithelial lesion (SIL) ဆိုတာနဲ့ အဆင့်ခွဲတယ်။
- Low-grade (LSIL) အဆင့်နိမ့်၊
- High-grade (HSIL) အဆင့်တက် နဲ့
- Possibly cancerous (Malignant) ကင်ဆာဖြစ်လုနီးလို့ သတ်မှတ်တယ်။

Pap smear မှာ အဲလို မူမှန်မဟုတ်တာ ပြနေရင် ဆက်လုပ်စရာတွေ လိုမယ်။
၁။ Follow-up Pap smears သာမန်အဆင့်ကို နောက်တခါ ခေါ်စစ်မယ်။
၂။ Colposcopy-directed biopsy နည်းနဲ့ အသားစဖြတ်ယူစစ်ဆေးမယ်။
၃။ Cone biopsy may be done after colposcopy နည်းနဲ့ လိုအပ်ရင် အသားစဖြတ်ယူစစ်ဆေးမယ်။

Biopsy အသားစဖြတ်ယူစစ်ဆေးလို့ Dysplasia တွေ့ရရင် Cervical intraepithelial neoplasia (CIN) ခေါ်တယ်။ အဆင့်ခွဲရင် -
CIN I = Mild dysplasia အဆင့် (၁)၊
CIN II = Moderate to marked dysplasia အဆင့် (၂) နဲ့
CIN III = Severe dysplasia to carcinoma in situ အဆင့် (၃) ရှိတယ်။

Mild dysplasia (LSIL or CIN I) သာမန်အဆင့်တွေကို ၃-၆ လကြာရင် ထပ်စစ်ဘို့ သင့်တယ်။ မပျောက်သေးတာ တွေ့လာရင် ဆေးကုဘို့ လိုမယ်။ Higher grade CIN အဆင့်ကို Removal or destruction of the neoplastic cervical cells ကင်ဆာ (ကလပ်စည်း) တွေကို ဖျက်ဆီး ထုတ်ပြစ် နည်းတွေ လုပ်ရမယ်။
၁။ Cryocautery အေးခဲနည်းသုံးခြင်း၊
၂။ Electrocautery လျှပ်စစ်မီးရှို့ခြင်း၊
၃။ Laser cautery လေဆာနည်း၊
၎။ Loop electrical excision procedure (LEEP) လျှပ်စစ်သုံး ဖြတ်ထုတ်ခြင်း နဲ့
၅။ Cervical conization နည်းတွေ ရှိတယ်။
၆။ Therapeutic vaccines ကာကွယ်ဆေးသုံး ကုသနည်းလဲ ရှိနေပြီ။

Prognosis အလားအလာ
အများစုက သူ့ဖါသူပျောက်တယ်။ ဆေးမကုသဘဲ CIN-1 ထဲက ၇ဝ-၉ဝ% ဟာ ၂ နှစ်အတွင်း ပျောက် သွားမယ်။ CIN 2 ထဲက ၅ဝ% ဟာ ၂ နှစ်အတွင်း ပျောက်သွားမယ်။ ပျောက်သွားသူလဲ ထပ်ဖြစ်တတ် တယ်။ ကင်ဆာ ပြောင်းဘို့ ဆိုတာ ၃-၄ဝ နှစ်၊ ပျမ်းမျှ ၁၅ နှစ် ကြာတယ်။ ၂ဝ% ဖြစ်မယ်လို့ ယူဆချက်တခု ရှိတယ်။ စောစောသိလို့ ဆေးကုတာ အကောင်းဆုံးဖြစ်တယ်။ အားလုံးလောက်နီးနီး ကောင်းတယ်။

Prevention ကာကွယ်နည်း
- Poor personal hygiene တကိုယ်ရေသန့်ရှင်းရေးနည်းတာ၊
- Poor diet အစာအာဟာရမပြည့်စုံတာ၊
- Multiple sexual partners ယောက်ျားဖေါ် များများထားတာ၊
- Lack of condom use ဆက်ဆံရာမှာ (ကွန်ဒွမ်) မသုံးတာ၊
- Cigarette smoking စီးကရက် သောက်တာတွေကြောင့် ကင်ဆာအဆင့်ကို ပိုရောက်စေနိုင်တယ်။

မိန်းကလေးတိုင်း ၉-၂၆ နှစ် သမီး၊ တနည်းအားဖြင့် လိင်မှုဆိုတာ မဖြစ်သေးချိန်ကတည်းက ကာကွယ်ဆေး ထိုးပါ။ သားအိမ်ကင်ဆာကို ၇ဝ% ကာကွယ်နိုင်တယ်။ လိင်ဆက်ဆံတာ စောလေလေ ဖြစ်နိုင်လေဆိုတာ သတိထားပါ။ Safe sex စိတ်ချရတဲ့ လိင်ဆက်ဆံမှုသာ ပြုပါ။ Condom (ကွန်ဒွမ်) သုံးပါ။ ကျွန်တော်က OG တော့ မဟုတ်ပါ။

Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Cervicitis သားအိမ်ဝ ရောင်ခြင်း

Friday, October 31, 2014
(၁) သမီး ဒုတိယအကြိမ် Pap smear test မှာတော့ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တော့ မတွေ့ပါဘူး။ သားအိမ် ဝတော့ နည်းနည်း ရောင်နေသေး တယ်လို့ပြောပါ တယ်။ ဒါပေမဲ့ ဆီးစပ်နဲ့ ခါးအောက်ပိုင်းတော့ ကိုက်နေ ပါသေးတယ်။ ဆရာဝန်ကတော့ ပိုးသတ်ဆေး ထပ်မပေးတော့ ပါဘူး ဒါမျိုးက အချိန်ကြာကြာ ရောဂါ အမြစ်မပြတ်ဘဲ ကိုက်ခဲမှုတွေ ဖြစ်တက်ပါ သလားရှင့် သမီး သိချင်လို့ပါ။
(၂) ကျွန်မက အသက် ၂၇ နှစ်ပါ။ လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်မ သားအိမ်ခေါင်းချွဲမှေး test လုပ်ခဲ့ပါတယ်။ အဖုလေးတွေ ပေါက်နေလို့ပါ။ result ကတော့ abnormal cell clear ပါတဲ့။ ညဖက်ထဲ့ဆေးလေး ထည့်ပါ တယ်။ အဖုလေးတွေကတော့ အရှင်းမပျောက်ပါဘူး။ တစ်နှစ်ပတ်လုံးပါပဲ။ ပျောက်လိုက် တခါတလေ အဖု အကြီးကြီးတွေ ပြန်ဖြစ်နေလိုက်နဲ့ပါပဲ။ သမီး စိတ်အရမ်းညစ်ပါတယ်။ အခု မေလရောက်မှ တစ်နှစ်ပြည့် မှာပါ။ OG က တစ်နှစ်ပြည့်မှ ပြန်စစ်ပါလို့ပြောပါတယ်။ တကယ်လို့ အခု သမီးမှာ ကိုယ်ဝန်ရှိနေခဲ့ရင် စစ်လို့ရပါသေးလားဆရာ။ ရောဂါရော ဘယ်လိုကုလို့ ရပါသလဲဆရာ။ ရောဂါရှိနေခဲ့ရင် ကလေးကို ထိခိုက်နိုင်လားဆရာ။ အဲဒီအဖုလေးတွေက ဘာကြောင့် ဖြစ်ရတာလဲဆိုတာ OG က သေချာမပြောပါဘူး ဆရာ။ အိမ်ထောင်သက်က ငါးနှစ်ပါ။
(၃) Cervicitis ဆိုတာ ရောဂါလား၊ ဘာပါလဲ။ ဘာကြောင့် ဖြစ်ရတယ် ဆိုတာရယ် ဖြစ်နေတာက ရောဂါဆို ဘယ်လို ကုသရတယ်၊ ဘာတွေ ရှောင်လို့ ဘယ်လိုနေရတယ်၊ ကျန်းမာရေး-ပညာပေး ပြောပြရှင်းပြပေးပါ။

Cervicitis ဆိုတာ သားအိမ်အဝရောင်တဲ့ ရောဂါဖြစ်တယ်။ အဖြစ်များတယ်။ အမျိုးသမီး တဝက်လောက် တသက်မှာ တခါဖြစ်တတ်ကြတယ်။ ဖြစ်နေမှန်း မသိကြတာလဲ မနည်းဘူး။ (ဗဂျိုင်းနား) ရောင်ရာကနေလဲ ဆက်ဖြစ်လာနိုင်တယ်။

အသက် ငယ်ငယ်နဲ့ ဖို-မဆက်ဆံတာ၊ လိင်ဆက်ဆံနည်း ဆန်းပြားတာ၊ (ကွန်ဒွမ်) မပါဘဲ ဆက်ဆံတာ၊ အရင်က STDs လိင်ကတဆင့် ကူးစက်ရောဂါ ဖြစ်ဘူးတာ၊ လိင်ဆက်ဆံဘက် အဖေါ်များတာတွေက ဒီရောဂါ ပိုဖြစ်စေပါတယ်။

လိင်ကတဆင့် ကူးစက်ရောဂါတွေထဲက ဂနိုရီးယား၊ (ကလာမိုင်ဒီယား)၊ (ထရွိုင်ကိုမိုးနပ်စ်)၊ (အိတ်ခ်ျအိုင်ဗွီ)၊ လိင်လမ်း ရေယုံ တွေကနေ ဖြစ်လာစေနိုင်တယ်။ HPV လိင်လမ်း-ကြွက်နို့ကနေ အဲလို ဖြစ်လာနိုင်တယ်လို့ ဆိုပေမဲ့ Mayo Clinic ကတော့ သက်သေ မရှိဘူးလို့ ဆိုပါတယ်။

ရောဂါပိုး မဟုတ်ပေမဲ့လဲ -
• မွေးလမ်းဆေးကြောင်းသုံး ဆေးရည်တွေ၊
• ရာသီလာတုံးသုံးတဲ့ ပစ္စည်းတွေ၊
• ကိုယ်ဝန်တား ပစ္စည်း-ဆေးတွေ၊
• သုတ်ပိုးသတ်ဆေး၊ (ကွန်ဒွမ်) တွေနဲ့ မတည့်သူတွေမှာလဲ ပိုးဝင်တာ ပိုလွယ်စေတယ်။
• စစ်ဆေးရာမှာသုံးတဲ့ ခွဲစိတ်ကရိယာတွေကနေလဲ ပိုးမသန့်ရင် ဖြစ်နိုင်တယ်။
• တချို့မှာ ဘာလို့ဖြစ်သလဲ ရှာမတွေ့တတ်ပါ။

သားအိမ်ဝရောင်တယ်ဆိုတာနဲ့ အရင်ဆုံးသိလာမဲ့ လက္ခဏာကတော့ မွေးလမ်းကြောင်းကနေ တခုခု ဆင်းတာ ဖြစ်တယ်။ အဖြူရောင်၊ အဝါရောင်၊ မီးခိုးရောင် စတဲ့ အရောင်တွေလဲ ဆင်းနိုင်တယ်။ ရာသီဆင်း အပြီး ပိုသိသာတယ်။ ယားမယ်၊ အနေရခက်မယ်၊ ဆက်ဆံရင် နာမယ်၊ ကြားရက်ဖြစ်ဖြစ်၊ ဆက်ဆံနေ တုံး ဖြစ်ဖြစ် သွေးဆင်းမယ်၊ ဆီးပူ-ဆီးအောင့်မယ်၊ ခါးဖြစ်ဖြစ် ဆီးစပ်ဖြစ်ဖြစ် နာမယ်။ ဆိုးတဲ့ အဆင့် ဖြစ် လာရင် အနံ့ဆိုးဝါးတာတွေ ဆင်းမယ်။ ဒိနောက် ကိုယ်ပူလာမယ်၊ ပျို့ခြင်လာမယ်။

ရောဂါလို့ သံသယနဲ့ လာသူကို ရောဂါရာဇဝင် မေးတယ်။ ခံစားနေရာတာအပြင် လိင်ဆက်ဆံရေး၊ အိမ်ထောင်ရေး မေးမယ်။ မွေးလမ်း စစ်ဆေးမယ်။ မွေးလမ်းက ဆင်းနေတာကို ရယူစစ်ဆေးမယ်။ သားအိမ်အဝ ကင်ဆာ ဟုတ်-မဟုတ်ကို Pap smear test နည်းနဲ့ သိနိုင်တယ်။

1. (ကလာမိုင်ဒီးယား) ပိုးက (ဂနိုးရီးယား) ပိုးထက်ပိုပြီး အဖြစ်များတယ်။
2. နဲနဲပါးပါး ဖြစ်တတ်တဲ့ (HSV) ရေယုံ နဲ့ (ထရွိုင်ကိုမိုးနပ်စ်) ပိုးတွေကနေ သားအိမ်အဝရဲ့ အပေါ်ယံလွှာ ကို ထိခိုက်စေတယ်။
3. Mycoplasma genitalium, Streptococci (A and B) (ဗက်တီးရီးယား) တွေကလဲ ဖြစ်စေတယ်။
4. Cytomegalovirus (ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရင် လက္ခဏာ မပြတာ များတယ်။

ပိုးသေဆေးတွေက အတော်နိုင်ပါတယ်။
• STDs လိင်ကတဆင့် ကူးစက်ရောဂါတွေဆိုရင် ဆိုင်ရာ-နိုင်ရာ ဆေးတွေ ပေးရမယ်။
• (ကလာမိုင်ဒီးယား) ကြောင့်သားအိမ်ဝရောင်တာကို Doxycycline ဆေးပေးတာ များတယ်။
• မွေးလမ်း-ရေယုံဆိုရင် Acyclovir (Zovirax) ဆေးပေးမယ်။
• ၇ ရက် လိင်မဆက်ဆံပါနဲ့။
• စိတ်ချရတဲ့ လိင်ဆံမှုပြုပါ။ ကိုယ့်အဖေါ်ကိုယ် သိပါ။ အဖေါ်များတာ မကောင်းပါ။
• ရောဂါပိုးက မွေးလမ်းမှာ ရောဂါစကတည်းက သားအိမ်အထိ မရောက်ခင် ဆေးကုပါ။
• လျှပ်စစ်နည်း၊ အေးခဲစေနည်း နဲ့ (လေဆာ) နည်းတွေနဲ့လဲ လုပ်နိုင်တယ်။ ဆေးနဲ့မရမှ လုပ်ပါတယ်။ ဒါတွေလုပ်ရင် မွေးလမ်းကျဉ်းတာ ထိခိုက်တာတွေ ဖြစ်နိုင်တယ်။

ဘာမှ မခံစားရလို့ မကုဘဲနေရင် ကြာတော့ -
1. (PID) တင်ပဆုံတွင်း အင်္ဂါတွေ ရောင်တာ ဆက်ဖြစ်လာနိုင်တယ်။
2. ကလေးမရ ဖြစ်နိုင်တယ်။
3. သားအိမ်ပြင်ပ သန္ဓေတည်နိုင်တယ်။
4. ဆီးစပ်နေရာ တာရှည် နာနေတတ်တယ်။
5. သူ့အလိုလို ကိုယ်ဝန် ပျက်တတ်တယ်။
6. သားအိမ်အဝ ကင်ဆာ ဖြစ်နိုင်တယ်။
7. ကလေး စောမွေးနိုင်တယ်။
8. မွေးလာတဲ့ကလေး ပိုးဝင်နိုင်တယ်။ နူမိုးနီးယား၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။

(ကလာမိုင်ဒီးယား) ကို ကုသရတာ မခက်ပါ။
• Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Azithromycin 500mg ပဌမနေ့၊ 250mg တနေ့တကြိမ်နဲ့ နောက်ထပ် ၃ ရက်၊ ဒါမှမဟုတ်
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။
• HIV-positive ဖြစ်နေသူတွေလဲ အတူတူပေးနိုင်တယ်။
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်၊ Rosaramicin ဆေးတွေကို 95% ပျောက်မယ်။
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ ဆေးပေးတာ ၇၇-၁ဝဝ% ပျောက်တယ်။
• Ofloxacin, Trovafloxacin, Minocycline, Lymecycline, Clarithromycin, Ampicillin, Rifampicin ဆေးတွေ ပေးတာကို တိကျတဲ့ အထောက်အထား မရှိသေးဘူး။
• Ciprofloxacin ပေးတာ ၆၃-၉၂% ပျောက်တယ်လို့ သုတေသနတခုကတွေ့ပြီး နောက်တခုက မတွေ့ရဘူး။
• ကိုယ်ဝန်ဆောင်ကို Azithromycin တခါထဲ ပေးတာက Erythromycin x 7 days ပေးတာထက် ပိုကောင်းတယ်။
• ဆေးသောက်နေတုံးမှာ အတူနေတာကို တပါတ်ရှောင်နေသင့်ကြတယ်။

Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Frozen shoulder အေးခဲသွားတဲ့ ပခုံး

Friday, October 31, 2014
ဒီစာကို လွန်ခဲ့တဲ့ ၂ဝ၁ဝ နှစ် ကုန်ရက်မှာ ရေးခဲ့တာပါ။ ကနေ့ မိသားစု ဆရာဝန်နဲ့ ပဌမဆုံး ဆေးစစ်တာ လုပ်ရပါတယ်။ ကာလသားရောဂါလဲ ကင်းရှင်း၊ လူကြီးရောဂါလဲ မရှိ၊ ကူးစက်ရောဂါလဲ ရှာမတွေ့ထားတဲ့ ဆေးစစ် ချက်က ရှိထားပြီးသားပါ။ ကနေ့ စစ်တော့လဲ နှလုံးခုန်တာ နည်းနည်းမြန် တာကလွဲရင် အပြစ်အနာအဆာ မရှိပါ။ အဲ့ ဘယ်ဘက် ပခုံးနာနေ တာတော့ ၅ လ လောက် ရှိပြီဆိုတာ ပြောလိုက်ပါတယ်။ ‘ဖီဇီယိုသာရာပီ’ ၆ ပါတ်အတွက် ရက်ချိန်း ယူရမယ်တဲ့။ အနာသက်သာဆေး အပြင် ကြွက်သား ပြေလျှော့ဆေးလဲ ရေးပေးတယ်။ ကျွန်တော်တို့လို Medicaid ရထားသူတွေဆိုရင် ဘယ်ဆေးဝယ်ဝယ် တမယ်ကို ၃ ကျပ် (US$3) သာပေးရမယ်။

ပခုံးမှာ ရောဂါရလို့ သူ့အလုပ်သူ မလုပ်နိုင်တော့တာကို ဆေးစာမှာ Frozen shoulder “ပခုံးခဲသွားတယ်” လို့ တင်စား ခေါ်တယ်။ တကယ် ခဲသွားတာတော့ မဟုတ်ပါ။ ပခုံးဆစ်ရဲ့ အဖုံးလွှာ ရောင်ရာကနေ (ပလာစတာ) လိုလဲ ဖြစ်သွားလို့ Adhesive capsulitis လို့ပါ ခေါ်သေးတယ်။ အလွန်နာပါတယ်။ ပခုံးက အထက်မြှောက်မရ၊ စက်ဝိုင်းလိုလဲ လှည့်မရပါ။ ဘာမှ မလုပ်တာတောင် နာနေတတ်တယ်။

ခိုက်မိရာကနေလဲ ဖြစ်တတ်တယ်။ Tendonitis ခေါ်တဲ့ အရွတ်ကြော ရောင်တာကလဲ ဖြစ်တယ်။ Bursitis အဆစ်တွေမှာ ချောဆီရှိနေတဲ့ အိတ်ရောင်လို့လဲ ဖြစ်တယ်။ Autoimmune reaction ဆိုတဲ့ ရောဂါပြီးစနစ် ကမောက်ကမဖြစ်လို့လဲ ဖြစ်တယ်။ ပခုံးဆစ်မှာ ဖုံးနေတာက ရောင်တော့ ကြာရင် အမာရွတ် ဖြစ်လာတယ်။ အသက် ၄ဝ နဲ့ ၆၅ ကြားလူတွေ ပိုဖြစ်တယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ဆီးချိုရှိသူ ပိုဖြစ်တယ်။ အလှုတ်အရှား နည်းသူတွေ ပိုဖြစ်တတတ်သလို အဆစ်ကို လိုတာထက် ပိုလုပ်သူတွေလဲ ပိုဖြစ်တယ်။ ပခုံးကို ခွဲစိတ်ခံရကနေလဲ ဖြစ်နိုင်တယ်။ လည်ပင်ကြီး ဟော်မုန်း များသူ၊ နှလုံး-သွေးကြောရောဂါရှိသူ၊ စိတ်ကျရောဂါ ခံစားနေရသူတွေနဲ့ Parkinson’s disease ဆိုတဲ့ အာရုံကြောရောဂါ ရှိသူတွေမှာလဲ ပိုဖြစ်တာ တွေ့ရတယ်။

ရောဂါရာဇဝင်မေး၊ လူနာကို စစ်ဆေးပြီး X-ray နဲ့ MRI scan တွေနဲ့ ရောဂါနာမယ်ကို သေခြာအောင် လုပ်ပါတယ်။

ကုသရာမှာ -
• Anti-inflammatory drugs (NSAID) အနာ-အကိုက်ပျောက်ဆေး၊
• Cortisone injections အဆစ်ထဲကို ကော်တီဇုန်းဆေး ထိုးပေးတာ၊
• Physical therapy ဖီဇီယိုနဲ့ ကုသတာတွေ လုပ်ပေးတယ်။ ကြာတော့ ကြာပါမယ်။
• Prednisone ဆိုတဲ့ (ကော်တီဇုန်း) ဆေးကို စပေးချိန်မှာ တနေ့မှာ ၂ ပြား ၄ ကြိမ်ကနေ၊ နောက်မှာ ၂ ပြား ၃ ကြိမ်၊ နောက် ၂ ပြား ၂ ကြိမ်၊ နောက် ၁ ပြား ၃-၂ ကြိမ် ဆိုသလို တပါတ်တခါ လျှော့လျှော့ ပေးရပါတယ်။ ဂကော်တီဇုန်း) ဆေးက ဘေးထွက်ဆိုကျိုး မနည်းလှပါ။
• ဆေးတွေက ရောင်နေတာနဲ့ နာတာသက်သာစေဘို့ပါ။
• လေ့ကျင့်ခန်းကလဲ အတော်အရေးပါတယ်။
• လိုအပ်ရင် ဆရာဝန်က မေ့ဆေးပေးပြီး ဖြစ်နေတဲ့ အဆစ်ကို လှုတ်ရှားပေးမယ်။ အမာရွတ်တွေ ချိုးဖျက်သလို ဖြစ်စေမယ်။ တခါမကလဲ လုပ်ရတတ်တယ်။
• Arthroscopic surgery ဆိုတဲ့ အနုစိတ်ခွဲစိတ်မှုလုပ်ပြီး အမာရွတ်တွေကို ရှင်းထုတ်ပါတယ်။

အနာအကိုက်ပျောက်ဆေးဆိုတာ အမျိုးမျိုးရှိလို့ တခုမဟုတ် တခု ပြောင်း သုံးနိုင်ပါတယ်။ ဆေးကုတာမှာ Aggressive treatment ခေါ်သလို ခပ်ကြမ်းကြမ်းနည်း သုံးရပါတယ်။ ဒါတွေ အကုန် လုပ်တာတောင် မှ ပြန်မကောင်းတာလဲ ရှိတတ်တယ်။ မကုတာထက် အများကြီး သက်သာ၊ ကောင်းမွန် ပျောက်ကင်းစေနိုင် ပါတယ်။

Intra-articular injection Shoulder
Choice of steroid
- Hydrocortisone acetate 0.002
- Methylprednisolone acetate 0.001
- Prednisolone tebutate 0.001
- Triamcinolone acetate 0.004
- Triamcinolone hexacetonide 0.0002

နှစ်သစ်မှာ အဆစ်နာ ကင်းကြပါစေ။

Dr. တင့်ဆွေ
၃၁-၁၂-၂ဝ၁ဝ
၃ဝ-၁ဝ-၂ဝ၁၄
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Steroid injections (စတီရွိုက်) ထိုးဆေး

Friday, October 31, 2014
အားကစား သမားတွေ ကိုယ်ကာယ လှချင်သူတွေ သုံးတာကို ရေးမှာ မဟုတ်ပါ။ (စတီရွိုက်) ဆေးဆိုတာ အဆစ်ဖြစ်ဖြစ် တခြား နေရာမှာဖြစ်ဖြစ် တခုခုဖြစ်ရာ ကနေ Inflammation ရောင်-ဖေါင်း-နာတဲ့ လက္ခဏာတွေ ကို သက်သာစေတဲ့ဆေး ဖြစ်တယ်။ နာတာရှည် ဒုက္ခပေး တတ်တဲ့ ဆိုးဝါးတဲ့ Keloid အမာရွတ် မျိုးကိုလဲ အမာရွတ် နေရာမှာ ထိုးတာလဲ ရှိတယ်။

Intra-articular Steroid injections အဆစ်ထဲကို (စတီရွိုက်) ဆေး ထိုးတာဟာ ရောဂါ လက္ခဏာတွေ သက်သာပြီး သူ့အလုပ်သူ ပြန်လုပ်နိုင်ဘို့ ရည်ရွယ်တယ်။ Steroid ထိုးဆေးကို (စတီရွိုက်) စားဆေး ပေးရင်းလဲ ထိုးပေးနိုင်တယ်။ ထိုးတာ သက်သက်လဲ လုပ်ပါတယ်။ ဆေးထိုးဘို့ လုပ်ရင်း အဆစ်ထဲက အရည်ကို စုပ်ယူပြီး ဓါတ်ခွဲ စမ်းသပ်နိုင်တယ်။ တနှစ်မှာ တဆစ်ထဲကို ၃ ခါထက်ပို မထိုး သင့်ဘူး။

ဆေးမှန်သမျှ သတိထား ရမှာတွေ ရှိတယ်။ ဒီလို အဆစ်-ထိုးဆေးမှာ ဒါတွေဖြစ်တတ်တယ်။
• Fat necrosis အဆီသွေးမရတာ၊
• Skin pigmentation ဆေးထိုးရာနေရာ အရောင်မဲလာတာ၊
• Joint degeneration အဆစ် အိုတာ မြန်စေတာ၊
• ဆီးချိုရှိသူကို ထိုးရင် သကြားဓါတ် ခဏတက်လာတတ်တာ၊
• ဆေးထိုးနေရာ ပိုးဝင်တတ်တာ၊
• Muscle strains ကြွက်သား တင်းအား များတာ၊
• Trauma ထိခိုက်မိတာ၊
• Polyarthritis အဆစ်တွေနာရောဂါ
• Connective tissue disease တွယ်ဆက် (တစ်ရှူး) ရောဂါ၊
• Degenerative joint disease (DJD) အဆစ် အိုနာ၊
• Tendinitis ကြွက်သားချောင်း (တင်ဒွန်) ရောင်ရောဂါ၊
• Bursitis အဆစ်ဖုံးရောင်တာ၊
• Arthritis အဆစ်နာ၊
• Neoplasm ကင်ဆာ၊
• Miscellaneous systemic diseases တခြားရောဂါတွေ၊

Anti-inflammatory medications ရောင်ခြင်းဖြစ်စဉ်အတွက် ဆေးတွေ ဥပမာ Aspirins, NSAIDs, Prednisone တွေကို Acute ရက်တိုနဲ့ Chronic နာတာရှည် အဆစ်နာသမားတွေကို ပေးမယ်။ ၁ဝ-၁၄ ရက်မှာ ဆေးအား အပြည့်ပေးတယ်။ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုး မပေါ်သ၍ လိုသေးရင် ရက်တိုးနိုင်တယ်။ စားဆေးကို သက်သာတာနဲ့ တဖြေးဖြေးချင်း လျှော့ချ ပေးရတယ်။ တိကနည်း မဖြတ်ရဘူး။ Elavil လိုဆေး က Nonnarcotic pain medications ဘိန်းမပါ-အနာသက်သာဆေးတမျိုး ဖြစ်တယ်။ ချက်ချင်း ဖြစ်လာ သူတွေကို နားခိုင်းမယ်။ ရေခဲတင်ခိုင်းမယ်၊ ကျပ်စည်း ခိုင်းတယ်။ နောက်ပိုင်းမှာ Physical therapy အကြောကုသမှု၊ Massage therapy အနှိပ်၊ General rehabilitation management နလံထ စောင့်ရှောက်ခြင်းတွေ ဆက်ရတယ်။

ဘယ်လိုလူတွေကို အဆစ်ထဲ ဆေးထိုးမလဲ။
• Synovitis အဆစ်အိတ်ရောင်တာ၊
• Osteoarthritis အရိုး-အဆစ်ရောင်တာ၊
• Bursitis အဆစ်ဖုံးအိတ်ရောင်တာ၊
• Gouty arthritis (ဂေါက်) လိုဖြစ်တာ၊
• Frozen shoulder syndrome အဆစ်ခဲသွားတာ၊
• Tendinitis ကြွက်သားချောင်းရောင်တာ၊
• Rheumatoid arthritis (ရူမတွိုက်) အဆစ်နာ၊
• Muscle trigger points ကြွက်သားတနေရာထိရင် နာတတ်တာ၊
• Carpal tunnel syndromes (ကာပယ်-တာနယ်-ဆင်ဒရုမ်း) ဖြစ်တာ၊
• Fasciitis ဖါရှာ-အရွတ်ပြားရောင်တာ၊
• Ganglion Cysts (ဂင်ဂလီယွန်) အိတ်၊
• Neuromas အာရုံကြောကြီးတာ၊

Shoulder ပခုံး၊ Hip တင်ပါး-ခါး၊ Elbow တဒေါင်ဆစ်၊ Knee ဒူး၊ Hand လက်၊ Wrist လက်ကောက် ဝတ်တွေမှာ ရှိတဲ့ Joint အဆစ်ထဲ၊ Tendons ကြွက်သားချောင်းထဲ၊ Bursa အဆစ်ဖုံးထဲကို ဆေးထိုးနိုင် တယ်။ ကြောက်လွန်းသူတွေကို ထုံဆေး ကူပေးရတတ်တယ်။

ဒီလိုဟာတွေ ဖြစ်နေ-ရှိနေရင် ဒီနည်းမသုံးရပါ။
• Charcot joint (neuropathic sensory loss) ထုံနေတဲ့ (ချာကော့တ်) အဆစ်နာ၊
• Infection ရောဂါပိုးဝင်နေတာ၊
• Tumor ကင်ဆာ၊ ကင်ဆာမဟုတ် အလုံး၊
• Neurogenic disease အာရုံကြောရောဂါ၊
• Tuberculosis တီဘီ လတ်တလောဖြစ်နေတာ၊
• Immune-suppressed hosts ခုခံအားမကောင်းတာ၊
• Hypothyroidism လည်ပင်းကြီးဟော်မုန်းနည်းရောဂါ၊
• Bleeding dyscrasias သွေးယိုရောဂါ၊
• Uncontrolled diabetes ထိန်းမရတဲ့ ဆီးချို၊
• Joint prosthesis အဆစ်အတုထည့်ထားတာ၊
• Surrounding joint osteoporosis ဘေးမှာ အရိုးရောဂါရှိနေတာ၊
• Patellar or Achilles tendinopathies ကြွက်သားချောင်း ပျက်စီးနေတာ၊

1. အများဆုံးသုံးတဲ့ဆေးကတော့ long-acting methylprednisolone preparation ဖြစ်တယ်။ တချို့
2. ထိုးဆေး နာမည်တွေက Depo-Medrol, Aristospan, Kenalog and Celestone အမျိုးမျိုးရှိတယ်။
3. တချို့ အထူးကုတွေက Lidocaine + Triamcinolone, which is intermediate acting (40 mg/mL) + Dexamethasone, which is long acting (4 mg/mL) ဆေးအရောကို သုံးတယ်။

တခုခုဖြစ်လို့ ရောင်တယ်ဆိုတာ ကိုယ်ခန္ဓာရဲ့ သဘာဝတုံ့ပြန်မှုပါ။ သူဖြစ်လာလို့ ကောင်းစေတယ်။ ခက်တာက ဆိုးတာလဲ တွဲလာတယ်။ (စတီရွိုက်) ဆေးဟာ ရောင်ခြင်းဖြစ်စဉ်ကို လျှော့ချစေတာ ဖြစ်ပါ တယ်။ အဲတော့ အဆိုးဘက်က ဟာတွေ သက်သာစေမယ်။ အကောင်းတွေလဲ ထိတယ်။ ဒီနေရာမှာ ချိန်ဆတတ်တာ ဆရာဖြစ်တယ်။ ဒီလိုလူနာကို ဆေးကုဘို့ Multidisciplinary approach စည်းကမ်း ချက်တွေ လိုက်နာရတယ်။

“Arthritis အဆစ်နာ” "Frozen shoulder အေးခဲသွားတဲ့ ပခုံး" “Keloid အရုပ်ဆိုးတဲ့ အမာရွတ်” တွေနဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Milk types နွားနို့ အမျိုးအစားများ

Friday, October 31, 2014
ခုတလော နွာနို့နဲ့ ဆိုင်တာတွေ ရေးကြတာ သတိ ထားမိတယ်။ မသောက်သင့်ဘူး ဆိုတာလဲ ပါတယ်။ သမတနဲ့ ဆိုင်တာလဲ ဆက်ပါနေတယ်။ ကျွန်တော် က နွားနို့ထဲက အဆီ အကြောင်းသာ ရေးပါမယ်။ အကာတွေ မရေးလိုပါ။

နွားနို့အမျိုးအစားတွေကို အထဲမှာ အဆီပါဝင်မှုအရ ခွဲခြားရင် အမျိုးအစား (၅) မျိုးရှိပါတယ်။

1. Standardized milk စံချိန်ကိုက်နွားနို့၊
2. Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့၊
3. Reduced-fat milk (2%) အဆီလျှော့နွားနို့၊
4. Low-fat milk (1%) အဆီနည်းနွားနို့ နဲ့
5. Skimmed milk/non-fat milk အဆီထုတ်ထားတဲ့နွားနို့်တွေဖြစ်တယ်။

၁။ Standardized milk စံချိန်ကိုက်နွားနို့ဆိုတာ ကျွဲနို့နဲ့ အဆီထုတ်ထားတဲ့နွားနို့်ကို ရောထားတယ်။ Fat အဆီ ၅့၆% နဲ့ Solid not fat (SNF) က ၈့၅% ပါတယ်။

၂။ Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့ထဲမှာ Fat အဆီ ၃့၂၅% နဲ့ Solids by weight က ၈့၂၅% ပါတယ်။ သူ့ကိုသောက်ရင် လယ်လိုရီ ၅ဝ%ကို အဆီကနေရမယ်။ အဆီပဝင်မှု များတာကြောင့် မွေးစကလေးတွေနဲ့ ၂ နှစ်သားအထိ ကလေးငယ်တွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။

၃။ Reduced-fat milk (2%) အဆီလျှော့နွားနို့ထဲမှာ Fat အဆီ ၂% သာပါတယ်။ အလေးချိန်အပေါ် မူတည်ပြီး တွက်ထားတာ ဖြစ်တယ်။ နွားနို့ရဲ့ အလေးချိန်ဟာ ပါနေတဲ့ရေအလေးချိန်က များတယ်။ ရေနည်းအောင် လုပ်လိုက်ရင် အဆီရာနှုးန် များစေမယ်။ ကယ်လိုရီဟာ အဆီကနေ ၃၅% ရစေတယ်။

၎။ Low-fat milk (1%) အဆီနည်းနွားနို့ထဲမှာ Fat အဆီ ၁% သာပါတယ်။ ကယ်လိုရီဟာ အဆီကနေ ၂၃% ရစေတယ်။

၅။ Skimmed milk/non-fat milk အဆီထုတ်ထားတဲ့နွားနို့်ဆိုတာ အဆီကို အတတ်နိုင်ဆုံး ထုတ်ယူ ထားတယ်။ ဒါတောင်မှ ဝ့၅% အထိပါနိုင်သေးတယ်။ နွားနို့တခွက်ထဲမှာ အဆီ ဝ့၅ ဂရမ်ထက်တော့ မများပါ။ အဆီကနေရမဲ့ ကယ်လိုရီ ၅% သာ ရှိမယ်။ လူကြီးတွေအတွက် အသင့်လျှော်ဆုံး နွားနို့ အမျိုးအစားဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ကိုယ်တိုင် အောင်မြင်အောင် တည်ဆောက်ခြင်း

Friday, October 31, 2014
မိမိဘ၀ကို အောင်မြင်အောင် စတင် တည်ဆောက်တော့ မယ်ဆိုရင် ပထမ ဆုံး ပြုလုပ်ရမယ့် အချက်ကတော့ “ပြုပြင်ခြင်း” ပဲဖြစ်ပါတယ်။ မိမိကိုယ်ကို စတင်ပြုပြင် ရမယ်။ ပြုပြင်တယ် ဆိုတာ ဘာလုပ်တာလဲ မေး ရင်တော့ “ကောင်းအောင် လုပ်တာ” ဖြစ်ပါတယ်။ မိမိမှာရှိတဲ့ မကောင်း တဲ့ အရာတွေကို ကောင်း လာအောင် ပြုပြင်တာဟာ ဘ၀ရဲ့ အောင်မြင်မှု အခြေခံ ဖောင်ဒေးရှင်းကို စတင်ချတာပဲဖြစ် ပါတယ်။ ကောင်းနေပြီးသား အရာတွေ ကိုလည်း ကောင်းသထက် ကောင်းအောင် ပြုလုပ်နေခြင်းဟာလည်း အောက်ခံ ဖောင်ဒေးရှင်းကို ပိုမိုခိုင်ခံ့ လာစေပါတယ်။ ကြံ့ခိုင်လာ စေပါတယ်။

ကျွန်တော်တို့ အားလုံးဟာ နေ့စဉ်ပြုပြင်မှုတွေ ပြုလုပ်နေကြရပါ တယ်။ ဆံပင်တွေ၊ မျက်နှာ အလှအပတွေ၊ အသားရေတွေ၊ အ၀တ်အစား တွေ စတာတွေကို ကြည့်ကောင်းအောင် နေ့စဉ်နဲ့အမျှ ပြုပြင်နေကြရပါ တယ်။ အခမ်းအနားပွဲတွေ တက်မယ်ဆိုရင် ပိုလို့တောင် ပြုပြင်ကြပါတယ်။ အိမ်ထောင် ပရိဘောဂတွေနဲ့ အိမ်တွင်း အလှဆင်မှုတွေ ကိုလည်း အထူး ပြုပြင်ဖန်တီး ကြပါတယ်။ ကိုယ့်အိမ်၊ ကိုယ့်ရုံးခန်း ကြည့်ပျော် ရှုပျော်ရှိပြီး အများအမြင်မှာ တင့်တယ်အောင် ပြုလုပ်ကြပါတယ်။

အောင်မြင်တဲ့ ဘ၀တစ်ခုကို ကိုယ်တိုင် စတင်တည်ဆောက်တော့မယ် ဆိုရင်လည်း ကိုယ့်ဘ၀၊ ကိုယ့် အခြေအနေ၊ ကိုယ်ပိုင် အရည်အသွေးတွေ တိုးတက်ကောင်း မွန်နေအောင် ပြုပြင်သင့်တာတွေ ပြုပြင် ရပါမယ်။ ရုပ်ခန်္ဓာကိုယ် အလှအပတွေ၊ အ၀တ်အစားတွေ စတဲ့ အပြင်ပန်းတွေ ကို ကောင်းမွန်အောင် ပြုပြင် နေထိုင်ကြသလို ကိုယ့်ဘ၀ကို အစစ်အမှန် တိုးတက်အောင်မြင်စေမယ့် အတွင်းစိတ်နေ စိတ်ထားနဲ့ အတွေးအခေါ် တွေ၊အပြုအမူတွေ၊ အကျင့်စာရိတ်္တတွေကိုလည်း အထူးပြုပြင် သင့်ပါတယ်။

ဒီတော့ကိုယ့်မှာ ပြုပြင်စရာ ဘာတွေရှိသလဲဆိုတာ ကိုယ်တိုင် သိမြင်အောင် ဆန်းစစ်လေ့လာဖို့ လိုပါတယ်။ အားနည်းချက်တွေလား၊ လိုအပ်ချက်တွေလား၊ ချို့ယွင်းချက်တွေလား စတဲ့ ပြုပြင်စရာတွေ ဘာရှိမလဲ သိအောင်လုပ်ပါ။ ကိုယ်ပြုပြင်ရမယ့် အချက်တွေကို စဉ်းစားပြီး စာရွက်ပေါ်မှာ ချရေးလိုက်ပါ။ ဘာတွေပြုပြင် ရမလဲဆိုတာ အတိအကျ သိရှိလာမှာဖြစ်ပါတယ်။

ဘာတွေကိုပြုပြင်ရမယ်၊ ဘာတွေကို ဖယ်ရှားပစ်ရမယ်ဆိုတာ ကို သိရှိခြင်းဟာ ဘ၀တည်ဆောက်သူတိုင်း အတွက် အဓိကအရေးကြီး တဲ့ အချက်ပါပဲ။ ဒါကို ထင်ရှားအောင် သာဓကတစ်ခုပြပါရစေ။

တစ်ခါက အင်မတန်ထူးချွန်တဲ့ ပန်းပုဆရာကြီးတစ်ယောက် အိမ်ကို သတင်းထောက်လေးတစ်ယောက်က အင်တာဗျူးဖို့ ရောက်လာ ပါတယ်။ ပန်းပုဆရာကြီးရဲ့ အိမ်ခြံဝင်းထဲမှာ လက်ရာပြောင်မြောက်လှတဲ့ ပန်းပု ရုပ်တွေ တွေ့ရပါတယ်။ အထင်ရှားဆုံး ပန်းပုရုပ်ကြီးတစ်ရုပ်ကတော့ ဆင်ကြီးတစ်ကောင်ရဲ့ ပုံတူပန်းပု ရုပ်ကြီးပါပဲ။ ဆင်တစ်ကောင်ရဲ့ မျက် လုံးတွေ၊ ဟန်ပန်တွေ၊ အချိုးအဆစ်တွေဟာ တကယ့်သက်ရှိ ဆင်ရုပ်ကြီး အတိုင်း အသက်ဝင်လှပါတယ်။

ဆရာကြီးနဲ့တွေ့တော့ သတင်းထောက်လေးက မေးတယ်။ “ဆရာကြီးခင်ဗျား၊ အိမ်အ၀င်မှာတွေ့ခဲ့တဲ့ ဆင်ပန်းပုရုပ်ကြီးဟာ အရမ်း လက်ရာမြောက်ပါတယ်။ ဒီဆင်ရုပ်ကြီးကို ဘယ်လိုအစွမ်းတွေနဲ့များ ဒီလောက် အသက်ဝင်အောင် ထုလုပ်နိုင်ခဲ့တာပါလဲ” တဲ့။ ဆရာကြီးက ဆေးတံကြီးကို တစ်ချက် ဖွာရှိုက် လိုက်ပြီး ပြုံးလိုက်တယ်။ ပြီးတော့ သူဖြေတဲ့အဖြေက တစ်ခွန်းတည်းပဲ။ “ဆင် မဖြစ်စေတဲ့ သစ်သားတွေကို ငါထွင်းထုတ် ပစ်လိုက်တာပါ” တဲ့။

အရမ်းကောင်းတဲ့အဖြေတစ်ခုပါပဲ။ သိပ်လည်း တန်ဖိုးရှိလှ ပါတယ်။ ပန်းပုဆရာကြီးပြောသလို ဆင်ရုပ်ကြီးဖြစ်ဖို့ဆိုရင် ဆင်မဖြစ် စေတဲ့ သစ်သားတွေကို ဖယ်ထုတ်ပစ်ရမယ်။ သူရဲကောင်းရုပ် ဖြစ်ဖို့ဆိုရင် သူရဲကောင်းမဖြစ်စေတဲ့ သစ်သားစတွေကိုဖယ်ရှားပစ်ရမယ်။ ယမင်းရုပ် လှလှလေး ဖြစ်ဖို့ဆိုရင် ယမင်း ရုပ်လေးမဖြစ်စေမယ့် သစ်သားတွေကို ဖယ်ထုတ်ပစ်ရမယ်။ ခေါင်းဆောင်ကြီးရဲ့ ရုပ်ထုကို ထုလုပ်မယ် ဆိုရင် ခေါင်းဆောင်မဖြစ်စေတဲ့သစ်သားတွေကိုဖယ်ထုတ်ပစ်မယ်။ ပန်းပုရုပ်တွေ အားလုံး ရုပ်လုံးပေါ်လာဖို့ ဖယ်ရှားသင့်တာဖယ်ရှား၊ ပြုပြင်သင့်တာ ပြုပြင်၊ အချောကိုင်သင့်တာကိုင်၊ ဒီလိုနည်းနဲ့ ပန်းပုရုပ်တွေကို ပုံဖော်ခဲ့တာပေါ့။

ကျွန်တော်တို့ဟာလည်း ကိုယ့်ဘ၀ကိုကိုယ်တိုင် ရုပ်လုံးဖော် နိုင်တဲ့ ပန်းပုဆရာတွေ ဖြစ်ကြပါတယ်။ ကိုယ်တိုင် ကိုယ်ကျ ကိုယ့်ဘ၀ကို အောင်မြင်အောင် တည်ဆောက်ဖို့ဆိုရင် မအောင်မြင်စေမယ့်အရာတွေ ကို ဖယ်ထုတ်ပစ်ဖို့လိုပါတယ်။ ပြုပြင်တတ်ဖို့လိုပါတယ်။ အချောကိုင်တတ် ဖို့ လိုပါတယ်။ ဂရုတစိုက်နဲ့ ကိုယ်လိုချင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ်တိုင် ဖန်တီးပြုပြင်၊ ကိုယ်တိုင် ထုဆစ်ရမှာဖြစ်ပါတယ်။

အောင်မြင်မှု ဘ၀ကို ရုပ်လုံးမပေါ်စေမယ့် အားနည်းချက် (Strength) တွေကို ဖယ်ရှား ပြုပြင်နေခြင်းဟာ အားသာချက် (Weakness) တွေအဖြစ် ပြောင်းလဲနေခြင်းသာ ဖြစ်ပါတယ်။ ပြုပြင် သင့်တာတွေကို ပြုပြင်နေခြင်းဟာ မိမိဘ၀ကို အောင်မြင်အောင် စတင်တည်ဆောက်နေတာ ပဲဖြစ်ပါ တယ်။ အောင်မြင်ခြင်းရဲ့ ခြေလှမ်းအစလည်းဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ဘ၀ကို အောင်မြင်အောင် တည်ဆောက်နိုင်ဖို့ ဒီနေ့ပဲ စတင်ပြုပြင်ပြောင်းလဲ လိုက်ကြပါစို့လို့ တိုက်တွန်း လိုက်ရပါတယ်။

Let's Fly Together
ဖူးကျော်ဇင် (Future Wave)
JOB Seeker Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

မဒီကညာ အင်ဂျလီနာလို လှစေချင်

Friday, October 31, 2014
ရန်ကုန်-အင်းစိန် လမ်းမကြီးပေါ်တွင် ယာဉ်မျိုးစုံ သွားလာ နေ၏။

ယာဉ်ကြော ပိတ်ဆို့မှု ကြောင့် ဖြည်းညင်းစွာ မောင်းနှင် နေရ၏။

Mercedes Benz C-Class C 200 Exclusive အမျိုး အစား ကားနက် ကြီးသည် လမ်းမကြီးပေါ်မှ ဦးရွှေနုလမ်းအတွင်း ချိုး ကွေ့ကာ ဝင်သွားပြီး ခန့်ညားထည် ဝါလှသော နှစ်ထပ်တိုက်ကြီးရှေ့ တွင် ညင်သာစွာ ရပ်သွား၏။

ကားပေါ်မှ ဒေါက်တာ တင်မောင်ဆွေ၊ ဒေါက်တာ ကျော်ဆွေသိန်း၊ သူနာပြု ဆရာမလေး နွဲ့ယမင်း၊ ဒေါက်တာလင်းနိုင်ထွန်းနှင့် ဘာသာပြန်ဆရာ မောင်သိန်းငှက် (ကယားပြည်) တို့ ဆင်းလာကြ၏။

အိမ်ရှင် ဦးဥာဏ်အုန်း သည် ကုမ္ပဏီကိစ္စဖြင့် စင်ကာပူသို့ ခရီးထွက်နေ၏။

အတွင်းရေးမှူးမလေး မေသဇင်ပပထွဋ်က ဆီးကြိုနေ၏။

''ဆရာ ခရီးထွက်နေပါ တယ်ရှင့်။ ဆရာကြီးတို့ ကြွကြပါ ရှင်''

စမ်းကျရေစီးသံက နား စည်ကို ညင်သာစွာ ရိုက်ခတ်၏။

''ဆရာကြီးတို့ နေလယ် စာ တစ်ခါတည်း သုံးဆောင်ပါရှင့်။ ထမင်းစားခန်းကို ကြွပါရှင့်''

လူစုလူဝေးအားလုံးသည် ကျယ်ဝန်းသော ထမင်းစားခန်းသို့ ရောက်ရှိသွား၏။

လေအေးစက် အရှိန်ကြောင့် အေးမြနေ၏။

တောက်ပြောင်နေသော မဟော်ဂနီရောင် သစ်သားစားပွဲ ကြီးက ဆီးကြိုနေ၏။

''သမီး ဆရာက တစ်ခါ တည်း စီစဉ်ထားတာကိုး''

''ဟုတ်ကဲ့ရှင့်၊ အပြင် ထွက်မစားဘဲ အိမ်မှာပဲ အေးအေး ဆေးဆေး သုံးဆောင်ရအောင်ပါ။ ဟင်းလျာတွေက ဆရာ ကြိုစီစဉ်ခဲ့ တာပါ''

''ဘယ်ကလဲကွယ့်''

''Yummy Yeah Lunch Delivery Services ကပါ''

''အိမ်ကို လာပို့တာပေါ့''

''ဟုတ်ကဲ့ရှင့်၊ ဖုန်းဆက် လိုက်ရင်လာပို့ပါတယ်။ မွေးနေ့ပွဲ၊ အလှူပွဲတွေ လုပ်ရင်လည်း မှာ လို့ရပါတယ်ရှင့်။ ထိပ်တန်းအဆင့် ရှိတဲ့ စားဖိုမှူးကြီးတွေကိုယ်တိုင် ချက်ပြုတ်တာပါရှင့်''

''ဟင်းအမယ်စုံရဲ့လား''

''မြန်မာဟင်း၊ တရုတ်ဟင်း၊ ထိုင်းဟင်း အစုံရပါတယ်။ ဟင်းမယ် အမျိုးတစ်ရာကျော် ရှိပါတယ်။ စားအုန်းဆီတွေ၊ အချိုမှုန့် တွေ မသုံးဘူးရှင့်''

''လိုရင်ထပ်မှာလို့ရလား''

''ရပါတယ်ရှင့်၊မှာပါရှင့်''

''ဟုတ်ပြီ ဟုတ်ပြီ၊ ပွင့် ရေ၊ ဝဿဝတီဆေးတိုက်က လူနာ သက်သာရဲ့လား''

''မသက်သာပါဘူး ဆရာ ဆွေရေ၊ သားမြတ်ကင်ဆာက အဆုတ်တွေ၊ အသည်းတွေကို ပြန့် နေပြီ''

''အေးဗျာ၊ သားမြတ်ကင်ဆာ အဖြစ်များလာပြီ''

''အင်ဂျလီနာဂျိုလီလို လုပ်ကြမှ ထင်တယ်''

''ဆရာကျော်က ဂျာနယ် ဖတ်လာတယ် ထင်တယ်''

''ဟုတ်တယ်၊ Breast Cancer Research ဂျာနယ်မှာ စိတ်ဝင်စားစရာ ဆောင်းပါး ပါလာ တယ်''

''ရှင်းပြပါဦး ဆရာကျော်''

''ဒီလိုဗျ။ အင်ဂျလီနာဂျို လီဆိုတာက ကမ္ဘာကျော် ဟောလီး ဝုဒ် ရုပ်ရှင်မင်းသမီး။အားလုံးလည်း သိပါတယ်။ သူ့မှာ ကင်ဆာဖြစ်စေ တဲ့ မျိုးရိုးဗီဇ ပါလာတယ်။ မိသားစုမှာလည်း ရောဂါရာဇဝင် ရှိတယ်။ ဒါကြောင့် သားမြတ်နှစ်ဖက်လုံး ဖြတ်ပစ်ခဲ့တယ်။ ကြိုတင် ကာကွယ် ရေးပေါ့ဗျာ''

''ဟုတ်ကဲ့ ဆရာကျော်''

''သူက ကမ္ဘာကျော်ဆို တော့ သာမန်လူထုအပေါ် သြဇာ ညောင်းတယ်ဗျ။ ခုဆို UK မှာ ကင်ဆာ အထူးကု ဆေးခန်းကို လာပြတဲ့ လူနာဦးရေ နှစ်ဆ တက်လာတယ်တဲ့။ ကောင်းသတင်းပေါ့ဗျာ။ လူတွေ ဂရုစိုက်ရမှန်း သိလာကြပြီ။ လူတွေ ဂရုစိုက်လာတယ် ဆိုတာကလည်း ရမ်းပြောတာ မဟုတ် ဘူး။ Study လုပ်ထားတာဗျ''

''ဘယ်သူလုပ်တာလဲ''

''University of Manchester က ပါရဂူကို Professor Gareth Evans ဗျ။ သူက ဒီကိစ္စ "Angelina Effect" လို့တောင် နာမည်ပေး ထားသေးတယ်။ ဒီ Effect က Long-Lasting and Global တဲ့။ အတော်ထိရောက် တယ်ပေါ့ဗျာ။ သူ့သြဇာကြောင့် ဆေးခန်းတွေမှာ လူနာ များလာ တယ်။ UK မှာရှိတဲ့ Genetic Centre တွေ ကို သုတေသီတွေက လေ့ လာခဲ့တာ။ ၂ဝ၁၂ နဲ့စာရင် လူနာ တိုးလာ တယ်။ အထွေထွေ ဆရာ ဝန်တွေက DNA Test လုပ်ဖို့ရယ်၊ Gentic Counselling လုပ်ဖို့ရယ် လွှဲစာရေးပြီး လွှတ်လိုက်တာတွေ ပို များတယ် တဲ့''

''ကောင်းတဲ့ လက္ခဏာ ပေါ့ဗျာ''

''ဒီသုတေသနအကြောင်း ကို Breast Cancer Research ဂျာနယ်မှာ ဖော်ပြခဲ့တယ်။ အင်ဂျ လီနာဂျိုလီမှာ BRCA1 Mutation ရှိတယ်။ မွေးရာပါ မျိုးရိုးဗီဇ ချို့ယွင်းချက်ပေါ့ဗျာ။ သူက ကင်ဆာ ကြိုတင်ကာကွယ်ရေး အတွက် သားမြတ်ကို ဖြတ်ထုတ်ခဲ့တယ်။ တခြားမင်းသမီးတွေ ဒီလိုလုပ်ခဲ့ရင် တောင် ရလဒ်က ဒါလောက် ကောင်းမှာ မဟုတ်ဘူး။ ဂျိုလီက စိတ်ဓာတ်ပြင်းထန်တယ်''

''လူထုအပေါ်မှာ ပိုပြီး သြဇာညောင်း တာပေါ့ဗျာ''

''ဟုတ်တယ်။ အရင်က မိန်းမသားတွေဟာ ဒီလိုလုပ်ဖို့ လက်တွန့်နေကြတယ်။ Post Preventive Surgery ကာလမှာ Loss of Sexual Identity ကို စိုးရိမ်ခဲ့ကြတယ်။ မိန်းမသားဘဝ ဆုံးရှုံးမှာ လန့်နေကြတယ်။ ခုမစိုးရိမ်ကြ တော့ဘူး။ Genetic Testing လုပ် ရကောင်းမှန်း သိလာပြီ''

''ဟုတ်ကဲ့ ဆရာကျော်''

''တချို့ သားမြတ်ကင် ဆာတွေက မျိုးရိုးဗီဇကြောင့် ဖြစ်တာဗျ။ ဒီမျိုးရိုးဗီဇတွေက BRCA1 ရယ်၊ BRCA2 ရယ်၊ TPS3 ရယ်ဗျ။ ခုလို Genetic Testing လုပ်တော့ ကြိုတင် ကာကွယ်နိုင်တာပေါ့ဗျာ''

''ဂျိုလီနဲ့ အလားတူ ကျော်ကြားသူတွေ ရှိသေးလား''

''ရှိတယ်ဗျ။ Jade Goody ဟာလည်း ကျော်ကြားသူတစ်ဦးပဲ။ သူက သားအိမ်ခေါင်းကင်ဆာနဲ့ ဆုံးပါး သွားတယ်။ သူ့ကြောင့် လူနာတွေဟာ ကြိုတင်စစ်ဆေးရမှန်းသိလာကြတယ်။ Cervical Cancer Screening လုပ်တဲ့ နှုန်းထားတိုးတက်လာ တယ်။ ကောင်း သတင်းပေါ့ဗျာ''

''ဟုတ်ကဲ့ ဆရာကျော်''

''ခု သုတေသနကို ရန်ပုံငွေ ထောက်ပံ့တာက Breast Cancer Campaign ဆိုတဲ့ အဖွဲ့ကြီးဗျ။ ဒီအဖွဲ့ကြီးက Chief Executive ဖြစ် တဲ့ Baroness Delyth Morian ကလည်း ထောက်ခံချီး ကျူးထားတယ်။ ဂျိုလီသာ ခုလို မလုပ်ခဲ့ရင် သာမန်အရပ် သားတွေ လည်း လုပ်ကြမှာ မဟုတ်ဘူးတဲ့။ ဂျိုလီရဲ့ ပွင့်လင်းမှုကြောင့် Risk-Reducing Mastectomy ခေတ်စားလာတာပါတဲ့။ Updated NICE Guideline တွေကိုလည်း လူတွေ ပိုသိလာပါတယ်တဲ့။ ပြီး တော့ Gnetic Testing ကို လူတိုင်း လက်လှမ်းမီစေချင်ပါတယ်တဲ့။ Gnetic Testing အတွက် ရန်ပုံ ငွေတွေလည်း လုံလောက်အောင် စီစဉ်ပေးသင့်ပါတယ်တဲ့''

''ဟုတ်တယ်။ စီစဉ်ပေး သင့်တာပေါ့''

''ရန်ပုံငွေ မလုံလောက် လို့ နှောင့်နှေးကြန့်ကြာနေရင် လူ နာတွေခမျာ စိတ်ဖိစီးမှု ခံစားရလိမ့်မယ်။ ဒါကြောင့် Morgan က ရန်ပုံငွေ စီစဉ်ပေးဖို့ တိုက်တွန်းတာဗျ။ BRCA1 Mutation ကလည်း တွေ့တွေ့နေ ရတယ်''

''UK မှာ ဘယ်လိုရှိလဲ''

''လူတစ်ထောင်မှာ တစ် ယောက်နှုန်း ရှိနေတယ်''

''ဒါဆို စစ်သင့်တယ်။ ရောဂါကြိုတင် ကာကွယ်ရေးက အရေးကြီးတယ်။ လူနာတစ် ယောက်လည်း လူ့အသက်ပဲ။ နှစ် ယောက်လည်း လူ့အသက်ပဲ အရေးကြီးတာပဲဗျာ''

''မှန်ပါတယ်၊ လုပ်သင့် ပါတယ်''

''ရောဂါ ကြိုတင်ကာ ကွယ်ရေးက Mastectomy ပဲလား''

''ရှိသေးတယ်ဗျ။ ကင်ဆာ ကာကွယ်တဲ့ဆေးတွေ ရှိတယ်။ ဥပမာ- Tamoxifen ပေါ့ဗျာ။ ပါရဂူနဲ့ အရင် တိုင်ပင်ပေါ့ဗျာ။ လိုရင် သောက်ပေါ့ဗျာ။ ပြီးတော့ အစား အသောက် ဂရုစိုက်၊ သင့်လျော်တာ စား၊ Healthy Diet ပေါ့ဗျာ။ Exercise လည်း မှန်မှန်လုပ်ပေါ့ဗျာ''

''သူတို့ဆီမှာ ရောဂါ ကာကွယ်ရေး လုပ်ပေးတဲ့ အသင်း အဖွဲ့တွေ ရှိလား''

''ရှိတာပေါ့ဗျာ။ Genesis Breast Cancer Prevention ဆိုတာ ရှိတယ်။ အဲဒီအသင်းကြီး ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Lester Barr က ပြော တယ်။ အမျိုးသမီးတွေမှာ BRCA1 တို့၊ BRCA2 တို့လို မွေးရာပါမျိုးရိုးဗီဇ ချို့ယွင်း ချက် ပါလာရင် သားမြတ်ကင်ဆာသာမက မျိုး ဥအိမ် ကင်ဆာပါ ဖြစ်ဖို့ နီးစပ်ပါတယ်တဲ့။ Preventive Mastectomy လုပ်တာ ကောင်းပါတယ်တဲ့။ ဒါပေမယ့် လူတိုင်းအတွက်တော့ သင့်တော်ချင်မှ သင့်တော် ပါလိမ့် မယ်တဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

''တခြားကာကွယ်ရေး နည်းလမ်းတွေလည်း စဉ်းစားသင့်ပါတယ်တဲ့။ ဥပမာ- Tamoxifen ပေါ့ဗျာ။ ဒီဆေးဝါးက NICE က ထောက်ခံ ချက် ပေးထားပြီးသားဗျ''

''စဉ်းစားသင့်တာပေါ့ဗျာ''

''အမျိုးသမီးတွေဟာ Mutated BRCA Gene ရှိနေခဲ့ရင် နှစ်စဉ် ကျန်းမာရေး စစ်ဆေးသင့် ပါတယ်တဲ့။ သူတို့ဆီမှာတော့ NHS ရှိတာကိုးဗျ။ လွယ်တာပေါ့''

''ဒါပေါ့ဗျာ။ NHS လို စနစ်မျိုးက ကောင်းတယ်ဗျာ''

''ဆရာကြီးတို့ သုံး ဆောင်ကြပါဦး၊ သမီးက ဟင်းတွေ ပူပူလေးဖြစ်အောင် စီမံထားပါ တယ်''

မေသဇင်ပပထွဋ်၏ အသံ ကြောင့် ဆွေးနွေးပွဲ ခေတ္တရပ်သွား ၏။

''ကဲ- ကယားကြီး၊ သုံး ဆောင်ဗျာ။ ကျွန်တော်လည်း ဆာ ပြီ''

''အေး- ဟုတ်တယ် ဆရာ ကျော်၊ နွဲ့ယမင်း ပန်းကန်ထဲလည်း ထည့်ပေးလေဗျာ''

ဒေါက်တာကျော်ဆွေသိန်း ၏ အနီးတွင် ထိုင်နေသော သူနာ ပြုဆရာမလေး နွဲ့ယမင်း၏ ပါးပြင် ပေါ်တွင် ပန်းနုရောင် မရင့်တရင့် က ရိပ်ခနဲ ဖြတ်ပြေးသွား၏။

''ကယားကြီးကလည်း ခမျာရှက်ရှာမှာပေါ့''

''ဟုတ်သားပဲ။ ကယား ကြီးက ဗြောင်ပြောတာကိုး''

''ရပါတယ်ဗျ။ နွဲ့ယမင်း ဝရင် ကျွန်တော် ငတ်သလိုပါပဲ။ ဟဲ ဟဲ''

နွဲ့ယမင်းက စားပွဲ အောက်မှနေ၍ ပေါင်ကို ဆွဲဆိတ် လိုက်၏။

''အမယ်လေး၊ နာတယ် ဗျ။ ပုရွက်ဆိတ် ထင်တယ်။ ဟဲ ဟဲ''

ဒေါက်တာကျော်ဆွေ သိန်း လန့်အော်လိုက်၍ အားလုံး က တဟဲဟဲနှင့် သဘောကျသွား ကြလေ၏။

အောင် (ဆေး-၁)
ရည်ညွှန်းချက် ။ ။ BBC News မှ "Breast Cancer Test 'Angelina Jolie Effect' Found" ဆေးပညာဆောင်းပါးကို မှီငြမ်း ကိုးကား ပါသည်။

ဈေးကွက်ဂျာနယ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...