ဈေးနှုန်းလား၊ အရည်အသွေးလား ဆော်သဟ

ပြည်သူ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းမည့် ‘ဆွေသဟာ’ အစီအစဉ်ဆိုသော အမည် လှလှ ကလေးက မိုဘိုင်းလ်ဖုန်း အသုံးပြုသူတို့ နှုတ်ဖျား ရေပန်း စားလှသည်။ သို့သော် သူတို့ခေါ်သည်မှာ မြန်မာ့ဆက် သွယ်ရေး (MPT) မှည့်လေသည့် အမည် လှလှလေးတော့ မဟုတ်။ သူတို့အခေါ်က ‘ဆော်သဟ’...

တပ်မတော် အစိုးရ လက်ထက်မှစ၍ ၂၀၁၄ ခုနှစ်အထိ ဆက်သွယ်ရေး လောကကို ပြိုင်ဘက်ကင်း လက်ဝါးကြီး အုပ်ခဲ့သော MPT မှာ ပြည်သူ့မေတ္တာ ခံယူသူ နံပါတ်တစ်အဖြစ် ကာလရှည်ကြာ ရပ်တည်နေနိုင်သူ ဖြစ်သည်။ MPT ၏ ဈေးနှုန်းကြီးမြင့်မှု၊ ဈေးနှုန်းနှင့် မလျော်ညီသော ဝန်ဆောင်မှု တို့ ရွေးချယ်ခွင့်မဲ့ ပြည်သူတို့က မချစ်သော်လည်း အောင့်ကာ နမ်းခဲ့သည်မှာ ဆယ်စုနှစ်နှစ်စု ဝန်းကျင်။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင်မူ ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်ခဲ့ပြီး ပြည်ပကုမ္ပဏီနှစ်ခုကို ဝင်ရောက် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ယင်းအကျိုးဆက်အဖြစ် ၂၀၁၄ ခုနှစ် နှောင်းပိုင်းကာလ၌ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့တော်တို့တွင် အခြေခံ လူတန်းစားများပင် မိုဘိုင်းလ် ဆက်သွယ်ရေးကို လက်လှမ်းမီလာပြီး MPT ထက် ထက်ဝက်သက်သာသော ဈေးနှုန်းဖြင့် မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှုတို့ကို ရယူ အသုံးပြုနိုင်ခဲ့သည်။

အခြေတည်စ ပြည်ပကုမ္ပဏီနှစ်ခု၏ ဆက်သွယ်ရေး ကွန်ရက်မှာ မြို့ကြီး အချို့ကိုသာ ဝန်ဆောင်မှု ပေးနိုင် သည့် ကန့်သတ်ချက်ကြောင့် မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် MPT က ပန်းပန်လျက်ပင်။ သို့သော် ဈေးကွက် လိုအပ်ချက်အရ ဝန်ကြီးဌာနက ဆက်လက်ထိန်းချုပ်ရန် မတတ်သာတော့သည့် MPT ကို ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီကြီးအချို့နှင့် ပူးပေါင်း၍ ကော်ပိုရေးရှင်း အသွင်ပြောင်းမည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနက ကြေညာခဲ့သည်။

ဂျပန်တို့နှင့် ပူးပေါင်းခဲ့သော MPT မှာ လူထုဆက်ဆံရေးနှင့် ဈေးကွက် ထိုးဖောက်မှုများကအစ အသွင် သစ်ဖြင့် မြင်တွေ့လာရပြီး မိုဘိုင်းလ် ဆင်းမ်ကတ် ဈေးနှုန်းများလည်း သောင်းဂဏန်း အောက်သို့ တိုင် လျှော့ချနိုင်ခဲ့သည်။ သို့သော် ဝန်ဆောင်ခများ ပြောင်းလဲခြင်း မရှိသလို အရည်အသွေးမှာလည်း မေး ခွန်း ထုတ်ခံနေရဆဲ ဖြစ်သည်။

ဈေးနှုန်း သတ်မှတ်ချက်များနှင့် ပတ်သက်၍ ပြင်ဆင်လျှော့ချမည် ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးက အကြိမ်ကြိမ် ပြောဆိုထားသည့်တိုင် ၂၀၁၄ ခုနှစ် ကုန်ဆုံးသည်အထိ MPT ၏ ဈေးနှုန်းတို့က အရာမယွင်းခဲ့။

ဇန်နဝါရီလ ၉ ရက်နေ့တွင်မူ မြန်မာ့ဆက်သွယ်ရေးက ဆွေသဟာဟူသော အစီအစဉ်သစ်ကို ကြေညာ လိုက်ပြီး ဖုန်းပြောဆိုခနှင့် အင်တာနက် အသုံးပြုခ နှုန်းထားများကို ပြင်ဆင် သတ်မှတ်ခဲ့သည်။ မိုဘိုင်းလ် ဖုန်း ခေါ်ဆိုခကို တစ်မိနစ်လျှင် ကျပ်ငါးဆယ်မှ သုံးဆယ့်ငါးကျပ်သို့ လျှော့ချမည့် အစီအစဉ်တွင် အင်တာနက် အသုံးပြုခကို အခြားကုမ္ပဏီ နှစ်ခုထက် ဈေးနှုန်း သုံးဆဝန်းကျင် မြှင့်တင်၍ ပြင်ဆင် သတ်မှတ်လိုက်သည်။

အကယ်၍ အစီအစဉ်သစ်ကို မသုံးလိုလျှင် အင်တာနက် အသုံးပြုခများ ပြောင်းလဲမည် မဟုတ်ဘဲ မူလနှုန်းထားအတိုင်း တစ်မိနစ်လျှင် နှစ်ကျပ်၊ လေးကျပ်သာ ဆက်လက်ကောက်ခံမည် ဖြစ်သည်။ အလားတူပင် ဖုန်းခေါ်ဆိုခကိုလည်း မလျှော့ဟု သူတို့က ဆိုသည်။

ဈေးနှုန်းသစ်ကို မျှော်လင့်နေသည့် ချစ်လှစွာသော MPT ၏ ဝန်ဆောင်မှု အသုံးပြုသူ အများစုမှာ ဆွေသဟာ အစီအစဉ်ကို ချက်ချင်းပင် ရှုတ်ချခဲ့ပြီး ပြည်သူတို့အပေါ် စေတနာ မထားနိုင်သေးသော MPT နှင့် ဆော်သဟ အစီအစဉ်ဟု ကင်ပွန်းတပ်လိုက်သည်။

ဆွေသဟာ အစီအစဉ်သစ်ကြောင့် တယ်လီနောနှင့် အော်ရီဒူး ဝန်ဆောင်မှုကို ပြောင်းလဲ အသုံးပြုသူလည်း ဒုနှင့် ဒေး။

“တယ်လီနောရဲ့ 1MB တစ်ဆယ်ကျပ် ပေးရတဲ့ စမတ်အင်တာနက်က MPT ရဲ့ 1MB ၁၅ ကျပ်တန်ထက် ဆယ်ဆမြန်တယ်။ မကြာခင် ကျွန်တော်လည်း တယ်လီနောရဲ့ အမာခံ ပရိသတ်ဖြစ်မှာပဲ” ဟု MPT ၏ ဝန်ဆောင်မှုကို စိတ်ပျက်နေသူ မိုဘိုင်းလ် ဆက်သွယ်ရေး အသုံးပြုသူတစ်ဦးက လူမှုကွန်ရက် စာမျက်နှာ မှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။

အလားတူ တယ်လီနောက သာမန် နှုန်းထားအတိုင်း ကောက်ခံသော အင်တာနက် အသုံးပြုခ 1MB လျှင် ခြောက်ကျပ်မှာပင် MPT ၏ မိနစ်အလိုက် ကောက်ခံမှုထက် မြန်နှုန်း ပိုမိုကောင်းမွန်ပြီး လူမှု ကွန်ရက်နှင့် အင်တာနက် ဆက်သွယ်ရေးကို အဓိက အသုံးပြုသူများအတွက် ဈေးနှုန်းလည်း ပိုမို သက်သာကြောင်း အသုံးပြုသူ အများစုက မှတ်ချက်ပြုသည်။

ဆွေသဟာ အစီအစဉ်သစ်ကို စတင်မိတ်ဆက်သည့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင်မူ MPT ၏ မူလ ဝန်ဆောင်မှု အသုံးပြုသူများတွင်ပါ အင်တာနက်မြန်နှုန်း သိသိသာသာ လျော့ကျသွားခြင်း၊ ယခင် 3G အင်တာနက် သုံးစွဲနေရာမှ 2G စနစ်သာ အသုံးပြုနိုင်တော့ခြင်း စသည့် အခက်အခဲအချို့ ကြုံခဲ့ကြောင်း အလုံမြို့နယ်နေ MPT အသုံးပြုသူတစ်ဦးက ပြောဆိုသည်။

“ဆွေလိုက်မှပဲ (MPT ၏ ဆွေသဟာကို မှတ်ပုံတင်သည့်အခါမှ) 3G ပြန်တက်တော့တယ်” ဟု ၎င်းက ရှင်းပြသည်။

ဆွေသဟာ အစီအစဉ်သစ်ကို မှတ်ပုံတင်ပြီးမှ သိသိသာသာ မထူးခြားဟုဆိုကာ မူလနှုန်းထားအတိုင်း ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ငါးဆယ်ကျပ်နှင့် အင်တာနက် အသုံးပြုခ နှစ်ကျပ်၊ လေးကျပ် ပြန်ပြောင်း အသုံးပြုသူများမှာမူ အင်တာနက်လိုင်း ပိတ်ခံရသည့် ပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး အင်တာနက်လိုင်း ပြန်ဖွင့်ရန် အတွက် MPT ကို ဆက်သွယ် အကြောင်းကြားရကြောင်း အဆိုပါ ပြဿနာ ကြုံခဲ့သူများက ရှင်းပြသည်။

မြန်မာ့ဆက်သွယ်ရေးကမူ အစီအစဉ်သစ် စတင်မိတ်ဆက်ချိန် သုံးရက်အတွင်း ဆွေသဟာ အသုံးပြုသူ တစ်သန်းပြည့်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

ဆွေသဟာ အစီအစဉ်မှာ ဖုန်းခေါ်ဆိုခ တစ်ဆယ့်ငါးကျပ် ပိုမိုသက်သာသည့်အတွက် MPT ဆင်းမ်ကတ် များ မှောင်ခိုဈေးကွက်တွင် ကျပ်တစ်သောင်း ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး အင်တာနက် အသုံးမပြု သည့် ကျေးလက်လူထုမှာ ဆွေသဟာ အစီအစဉ်ကို နှစ်ခြိုက်ကြောင်း ဆိပ်ဖြူမြို့နယ်ရှိ ပွဲရုံလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“ဒီမှာ MPT တွေ တစ်သောင်းလောက် ပေါက်တယ်။ ၁၂ ရက်နေ့ကစပြီး လာသမျှလူကို ဆွေသဟာ မှတ်ပုံတင် ပေးလိုက်တာပဲ။ ၁၅ ကျပ် သက်သာတာပေါ့။ ရွာမှာ အင်တာနက် မသုံးဘူးလေ” ဟု သူက ရှင်းပြသည်။

MPT မှာ တယ်လီနောနှင့် အော်ရီဒူးတို့ ကွန်ရက် မဖြန့်နိုင်သေးသည့် ကျေးရွာများအထိပါ ဆက်သွယ်ရေး ကွန်ရက် ဖြန့်ကြက်ထားနိုင်မှုကြောင့် မိုဘိုင်းလ်ဖုန်း အသုံးပြုသူအများစုက MPT ကိုသာ ဦးစားပေး အသုံးပြုနေသေးကြောင်း အဆိုပါ လုပ်ငန်းရှင်က ထပ်လောင်းရှင်းပြသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အတွင်းရှိ ဒေသခံ အများစုကမူ ငွေကျပ် ၁၅၀၀ ဖြင့် အလွယ်တကူ ဝယ်ယူနိုင်သော အော်ရီဒူး ဆင်းမ်ကတ်များကို အသုံးပြုသူများကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ဒီမှာ လိုင်းတွေရတာ ကြာပြီ။ အော်ရီဒူး အသုံးများတယ်။ တယ်လီနောကတော့ ဒီရက်ပိုင်းမှ လိုင်းရတော့ သုံးတဲ့သူ နည်းသေးတယ်” ဟု ၎င်းက ရှင်းပြသည်။

ဆွေသဟာနှင့်အတူ ပြောင်းလဲလိုက်သည့် အစီအစဉ်သစ် အချို့မှာ စာတို (SMS) ပို့ခတစ်စောင်လျှင် ၂၅ ကျပ်မှ ၁၅ ကျပ်သို့ လျှော့ချ သတ်မှတ်ခြင်းနှင့် ယခင်က ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ် ပျောက်ဆုံးမှု အတွက် ပြန်လည် လျှောက်ထားလျှင် ကျပ်နှစ်သောင်း သတ်မှတ်ရာက ကျပ် ၁၅၀၀ ဖြင့် ပြန်လည် ပြု လုပ်နိုင်မည့် အစီအစဉ်တို့ ဖြစ်သည်။

အသုံးပြုသူအများစု ဝေဖန်ခံထားရသော ဆွေသဟာ အစီအစဉ်ကို ကွန်ပျူတာပညာရှင် တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက ထောက်ခံ ကြိုဆိုလိုက်ပြီး အစီအစဉ်သစ်မှာ တယ်လီနောနှင့် အော်ရီဒူးကွန်ရက် မရောက် ရှိသေးသော ဒေသများအတွက် များစွာအကျိုးရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ကျွန်တော့် သဘောကတော့ ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေ အနေနဲ့ ပြည်တွင်းမှာ ဈေးပြိုင်ချတဲ့ မဟာဗျူဟာနဲ့ မပြိုင်စေချင်ဘူး။ ဝန်ဆောင်မှု၊ အရည်အသွေးနဲ့ အသုံးဝင်မှုစုံတဲ့ နေရာတွေမှာ ပိုပြီးပြိုင်စေ ချင်တယ်” ဟု ဦးရဲမြတ်သူက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး အနေအထားအရ ဆင်းရဲသား အကြောင်းပြ၍ ဝန်ဆောင်မှုများ လျှော့ချနေသည့် နယ်ပယ် အများအပြား ရှိသော်လည်း တရုတ်နှင့်ထိုင်း ကဲ့သို့သော အိမ်နီးချင်း နိုင်ငံများထက်စာလျှင် ဘတ်စ်ကားခပင် မသက်သာသေးကြောင်း ၎င်းက ထောက်ပြသည်။

ထို့အတူ မြန်မာနိုင်ငံတွင် အဓိက လိုအပ်ချက်ဖြစ်သော အခြေခံအဆောက်အဦ ကွက်လပ်နှင့် အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်မှုတို့က ဝန်ဆောင်မှုတို့ကို ဈေးနှုန်း သတ်မှတ်ရာတွင် ကြီးမားစွာ အကျိုး သက်ရောက်ကြောင်း ဦးရဲမြတ်သူက ထပ်လောင်း ရှင်းပြသည်။

သမ္မတဦးသိန်းစိန်၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုက အများပြည်သူသို့ သိသာသော အကျိုး သက်ရောက်မှုများ မြင်တွေ့ရသော်လည်း MPT ၏ ဝန်ဆောင်မှု အပေါ်၌မူ အများစုက နှစ်ခြိုက်ခြင်း မရှိသေး။ အသုံးပြုသူ တိုးတက် များပြားလာသည်နှင့်အမျှ ပြစ်တင်ဆဲဆို သံများလည်း ပိုမို ကျယ်လောင်နေ ဆဲ ဖြစ်သည်။

အသုံးပြုသူ အများစု၏ မှတ်ချက်အရ ဈေးနှုန်းကြီးကြီး အရည်အသွေး ညံ့ညံ့ဟူသော စက်ကွင်းက MPT မလွတ်သေး။ ရွေးချယ်စရာ သုံးခုတွင် ဈေးအကြီးဆုံးဖြစ်သော MPT ၏ မိုဘိုင်းလ် အင်တာနက်သည်လည်း 42Mbps မြန်နှုန်းကို လားလားမျှ မမီသေး။

ဦးရဲမြတ်သူကမူ ဆွေသဟာ အစီအစဉ်ကို အသေးစိတ် မသိသေးသော်လည်း ခေတ်စနစ်နှင့် လျော် ညီသော အပြောင်းအလဲအတွက် မြန်မာ့ ဆက်သွယ်ရေး၏ ခြေလှမ်းသစ်ကို ကြိုဆိုကြောင်း ထောက်ခံ ထားသည်။

“ပိုပြီးတော့ အရည်အသွေးကောင်းတယ်၊ ပိုပြီးတော့ ကြည်တယ်၊ ပိုပြီးတော့ မြန်တယ် ဆိုတဲ့ဘက်ကို သွားစေချင်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး၏ အစီအစဉ်သစ်နှင့် ပတ်သက်၍ ၎င်းကထောက်ပြသည်။

သုံးစွဲသူ အများစုကမူ ဆွေသဟာ အစီအစဉ်သစ်က အရည်အသွေး ထူးထူးခြားခြား ကောင်းမွန်ခြင်း မရှိသလို အခြားဆက်သွယ်ရေး ဝန်ဆောင်မှုများထက် ဈေးပိုပေးနေရခြင်းကိုလည်း ကျေနပ်ခြင်းမရှိ။ ထူးမခြားနား ဝန်ဆောင်မှုနှင့် ပြည်သူအပေါ် ရသရွေ့ အမြတ်ထုတ်နေသည့် MPT ဟုသာ တထစ်ချ ပြစ်တင်ကြသည်။

‘ဆွေသဟာ’ ဆိုသော အမည် လှလှလေးက မိုဘိုင်းလ်ဖုန်း အသုံးပြုသူများနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ရေပန်းစားဆဲ။
သို့သော် . . .
သူတို့အခေါ်က ‘ဆော်သဟ’ ။

နော်ကိုကို
The Voice Weekly
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...