Camera နှင့် Lens များအား ထိမ်းသိမ်းခြင်း...

Thursday, February 19, 2015
မနက်ကတော့ Lighting အကြောင်းရေးနေတာပဲ..။ ရေးနေရင်းနဲ့ လူက တော်တော် Down လာတာနဲ့ နောက်နေ့မှပဲ ဆက်ရေးဖို့ သိမ်းထားလိုက်ပါတယ်..။

ဒီ Post ကတော့ Camera တွေ Lens တွေကို ဘယ်လိုထိမ်းသိမ်းရမလဲဆိုတဲ့ အကြောင်းလေးပါ...။ အမှတ်တမဲ့ဆိုရင်တော့ Child Play ပါပဲ... လူတိုင်းသိပါတယ်..။

Camera သမားတိုင်း ကိုယ့် Camera ကို ကိုယ့်ရည်းစားထက် ပိုချစ်ကြတာများပါတယ်..။ ရည်းစားကိုမှ တစ်ရက်နေ့လို အာဘွား တစ်ခါ ပေးချင်မှပေးမယ်..။ Camera ကိုတော့ နေ့တိုင်း သန့်ရှင်းရေး လုပ်ပါတယ်...။ ချောက်ထဲ ပြုတ်ကျခါနီးရင်တောင် ..။ လူကျရင် ကျပါစေ..။ အိတ်တော့ မကျပါစေနဲ့ ဆိုတဲ့သူတွေ များပါတယ်...။

ကျွန်တော့် မိတ်ဆွေ တစ်ယောက်ရဲ့ အဖြစ် အပျက်လေး နဲနဲပြောပြချင်တယ်..။ သူက Facebook မှာ လူသိများတဲ့ Journalist Photographer တစ်ယောက်ပါပဲ..။ တစ်နေ့ သူ သတင်းလိုက်ရင်းနဲ့ ချော်လဲ ပါတယ်..။ အဲ့ဒီ့အချိန် အခြား Camera သမားတွေ ၂ ယောက် ၃ ယောက်လောက် ပြေးလာပြီး အသဲအသန်မေးကြပါတယ်..။

" Camera ဘာဖြစ်သွားသေးလဲ....?"

ထားပါတော့..။ ကျွန်တော် ဒီနေ့ Camera တွေ Lens တွေကို မလိုအပ်တဲ့ Damage တွေ Fungus တွေရဲ့ ဘေးက ဘယ်လိုကာကွယ်ရ မလဲဆိုတာ နဲနဲ ပြောပြချင်ပါတယ်..။

ကျွန်တော့် အရင် 50D တုန်းက..။ ဒီ အချက်တွေကို မသိလို့..။ တော်တော်လေး ခံစားလိုက်ရပါတယ်...။ Sensor မှာ Dust တွေ တက်တာမှ ဗျာ..။ ပက်ပက်စက်စက်...။ မြင်မကောင်းဘူး..။ ကြိုက်တဲ့ Lens တပ်..။ ကြိုက်တဲ့ပုံရိုက်..။ f/8 ရဲ့ အောက် တော့ ထပ် Down ဖို့ မစဉ်းစားနဲ့ ဥပမာ f/11, f/16 ပေါ့ဗျာ..။ ပုံမှာ အစက် အစက်တွေ အကွက်အကွက်တွေ ပေါ်လာပါတော့တယ်..။ဒါဘာတွေလဲ...။ အဲ့ဒါ ဖုန်တွေဗျ..။ ဖုန်တွေကများလာတော့ဂျီးတွေ ဖြစ်ကုန်တယ်..။ ဂျီးတွေများလာတော့ Sensor Cleaning System လည်း မနိုင်တော့ဘူးဗျ..။

စကားမစပ် Camera အဖွင့်အပိတ်လုပ်ရင် Sensor Cleaning System တပ်လာတာကို သတိထားမိကြမယ် ထင်ပါတယ်..။

ဟဲ ဟဲ..။ အဲ့ဒါ အလှ Welcome Screen လုပ်ထားတာ မဟုတ်ပါဘူး..။ တော်တော်များများက အဲ့ဒါ တက်လာရင် စိတ်မရှည်လို့..။ တွေ့ တဲ့ ခလုပ်တစ်ခု ကောက်နှိပ်ပြီး အဲ့ဒီ့ System (Function) ကို Stop ဖြစ်သွားအောင်လုပ်ပြီး တန်းရိုက်ကြပါတယ်..။

မိုက်ကန်းကြပါပေတယ်..။ ကျွန်တော့် နီးနီးပါပဲ...။ အမှန်က...။ ဒီ System က Sensor မှာ တပ်နေတဲ့ ဖုန်တွေကို Vibrate လုပ်ပြီး ခါထုတ်ပေးတာပါ။ သူက Sensor အတွက်ဖုန်ခါပေး တာဆိုတော့ ဖုန်းလာရင် တုန်တဲ့ Vibrate လောက်တော့ မသိသာဘူးပေါ့ဗျာ..။ ( အဲ့လို မသိသာလို့လဲ Stop လုပ်လုပ်ပြစ်ကြတာ ထင်ပါတယ်..။ :D)

ဒါဆို Camera ထဲကို ဘယ်လို ဖုန်တွေရောက်လာသလဲ..။ ရောက်နိုင်တဲ့ နည်းလမ်းတွေက အများကြီး ပါ...။ အဲ့ဒီ့မှာ Body ကောင်းကောင်း သမားတွေ Lens ကောင်းကောင်း သမားတွေက နှာတစ်ဖျား စသာပါတယ်..။

ဒီလိုပါ..။ Body ထဲ (Sensor ပေါ်) ကို အဓိက ဖုန်ဝင်ရခြင်း အကြောင်းအရင်းက Lens တွေ ခဏခဏ လဲလို့ပါ..။ ဖုန်ဆိုတာ ဖုန်းလို အကြီးကြီးမှ မဟုတ်တာဗျာ.. ဘယ်လိုလုပ်မြင်ရမလဲ...။ နောက်ပြီး Lens ဆိုတာကလည်း ခဏတိုင်းမဟုတ်တောင် အမြဲတမ်း နီးပါး လဲပြီး ရိုက်နေရတာ..။ (ဒီနေရာမှာ Lens တစ်လုံးပဲ ရှိတဲ့သူတွေကတော့ တကယ်အားသာတယ်ဗျို့...။ လဲ စရာ Lens မရှိတော့ ဖုန်လဲ အလုံးလိုက် အရင်းလိုက် မဝင်တော့ဘူးပေါ့ဗျာ..။ :D )

Sensor ပေါ်ကို ဖုန်တွေ အလုံးလိုက်အရင်းလိုက်အဓိက ဝင်ရခြင်းကတော့ Lens လဲလို့ပါပဲ..။ အဲ့ဒီ့တော့ ဖုန်မဝင်အောင် Lens ဘယ်လိုလဲ မလဲ..။ ဟုတ်ကဲ့..။ ဖုန်မဝင်အောင် Lens လဲချင်တယ်ဆိုရင် ရေအောက် ထဲ ဆင်းပြီးလဲမှပဲရပါမယ်..။ ဖုန်တော့မဝင်ပါဘူး..။ ရေတွေ ဝင်ရင်တော့ ကျွန်တော်နဲ့ မဆိုင်ဘူးပေါ့...။

ကျွန်တော်က ဖုန်မဝင်အောင်ပဲပြောတာ..။ :D

မရပါဘူး..။ ဘယ်လိုမှ ဖုန်မဝင်အောင်လဲလို့မရပါဘူး..။ ဖုန်နဲနဲဝင်တာနဲ့ များများဝင်တာပဲ ကွာပါမယ်..။ အကောင်းဆုံး နည်းလမ်းကတော့

(၁) ဖုန်အရမ်းများတဲ့နေရာမှာ ဖြစ်နိုင်ရင် (လုံးဝ) Lens မလဲပါနဲ့ ။

(၂) Lens လဲတဲ့အခါ Body ကို အောက်ကို စိုက်ပြီး Upside Down အနေအထားနဲ့ လဲပါ။

(၃) Body ကို အပေါ်ဘက် မျက်နှာမူပြီး (လှန်ပြီး) Lens လဲခြင်းကို ရှောင်ပါ...။

ဒါဆိုရင် အလုံးလိုက်အရင်းလိုက် ဝင်မယ့် ဘေးကတော့ တော်တော်လေး ကာကွယ်ပြီးသွားပါပြီ..။ ကြိုကြား ကြိုကြားဝင်တာကတော့ ကျွန်တော်လည်းမတတ်နိုင်ပါဘူး..။ Weather & Dust Sealed ဖြစ်တဲ့ Body တွေ Lens တွေ ဝယ်ထားတဲ့သူတွေကတော့ ပိုက်ဆံကုန်ရကျိုးက ဒီနေရာမျိုးမှာ သိသိသာသာ နပ်သွားပါတယ်..။

နောက်တစ်ခုက ကျွန်တော့်လို (ကျွန်တော်အပါအဝင်) အသားကုန် ဓာတ်ပုံရိုက်တဲ့ သူတွေဆီက ရောင်းတဲ့ Second Hand Body ဘယ်တော့မှ မဝယ်ပါနဲ့....။

အထဲမှာ နိုင်ငံတကာသော်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းပေါင်းစုံကသော်လည်းကောင်း သံယောဇဉ် အမျှင် မပြတ်ပဲ ပါလာတဲ့ International နဲ့ Domestic ဖုန်တွေ အများအပြားရှိပါတယ်...။ အမလေး ကို Black ကြီး ကိုင်သွားတဲ့ Camera မို့ အမှတ်တရ ဆိုပြီး ဝယ်မယ်၊ Setting တွေ အကုန်ချိန်ပြီးသားမို့ Ready To Shoot ပဲ ဝယ်လိုက်မဟဲ့ ဆိုပြီး မစဉ်းစားပါနဲ့..။

သားမှားပြီ..။ မှားပြီမေမေရဲ့ ..။ ချစ်ဇောတွေကြွယ်.... ဆိုတဲ့ သီချင်းထဲကလို ဖြစ်သွားပါလိမ့်မယ်..။ :D

ကျောက်တုံးပေါ်တင်ရိုက်..။ သစ်ကိုင်းကြားထဲ ညှပ်ရိုက်တာမျိုးတွေလုပ်တဲ့အတွက်...။ Body မှာလဲ ဆေးတွေပွန်းပြီး အောက်က Magenesium Alloy တွေ ပေါ်နေတတ်ပါတယ်..။ စေတနာ ဗရဗွနဲ့ ဈေးကွက် အပျက်ခံပြီး ပြောပေးတာပါ..။ :D

ဖြစ်နိုင်ရင် DSLR ကို Party ပွဲမှာ လူရှိန်အောင် ရိုက်ဖို့ဝယ်ထားတဲ့သူတွေဆီက ပဲ ပြန်ဝယ်သင့်ပါတယ်..။ တစ်ချို့ DSLR Second Hand လေးတွေဆို ရေမွှေးနံလေးတွေတောင် သင်းနေပါသေးတယ်..။ (ကျွန်တော့်အထင်တော့ Hand Cream အနံ့ ဖြစ်မယ်..။) ကျွန်တော်တို့ Camera တွေကတော့ ရေမွှေးနံ့ မပြောနဲ့..။ ဟဲ ဟဲ..။ တော်ပါပြီဗျာ..။ ပြောတော့ပါဘူး..။ :D

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ Camera ဆိုရင် ပြတိုက်တောင် လုပ်ထားပါတယ်..။ ပုရွက်ဆိတ်ပြတိုက်ပါ..။ ပုံတစ်ခုခုရိုက်မလို့ View Finder ကနေ ကြည့်လိုက်တာနဲ့..။ View Finder ထဲမှာ ပုရွက်ဆိတ်ကလေးတွေက တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့..။ အရောင်စုံ... Size အစုံပါပဲ...။

Camera ရဲ့ သဘောတရားအရ ပိတ်ထားတဲ့အချိန်မျိုး..။ Lens ဖြုတ်တဲ့အချိန်မျိုးမှာ ..။ Mirror ကို Down ထားတဲ့အတွက် အထဲကို ဖုန်ဝင်ဖို့ သိပ်မလွယ်ပါဘူး..။ ဒါပေမယ့်လည်း ကျွန်တော်ပြောသလို ဖုန်ဆိုတဲ့ အမျိုးက ချိုပါတာမှ မဟုတ်တာဗျာ..။ ဝင်သွားသလား မဝင်သွားသလား ဘယ်လိုလုပ် သိနိုင်ပါ့မလဲ...။

ဒီလိုတွေ ဖုန်များလာပြီ..။ Dust တွေရှိလာပြီဆိုရင် ...

ပထမအဆင့် - Camera Lens ကို ဖြုတ်ပါ..။ Camera Mode ကို Bulb Mode မှာ ထားပါ..။ ပြီးရင် Camera ကို Upside Down ထားပြီး Shutter Release ကို နှိပ်ထားပါ..။ Mirror Up သွားပါလိမ့်မယ်..။ အဲ့ဒီ့အခါကြရင် Mirror Up လို့ ပွင့်သွားတဲ့ အပေါက်ထဲကို Blower နဲ့ မှုတ်ပေးပါ..။

အားမရလို ပန်ကာနဲ့ မှုတ်တာမျိုးမလုပ်ပါနဲ့..။ ဖုန်တွေ မရှင်းပဲ..။ Sensor ဗွက်ထသွားပါလိ့မ်မယ်..။

Blower မှာ ဈေးသက်သက်သာသာဟာနဲ့ မှုတ်ပေးရင်လည်း အဆင်ပြေသလို..။ ဖုန်တွေရဲ့ Electron တွေ ကို + , - ခွဲပေးပြီး Static နဲ့ စုတ်ပေးတဲ့ Blower တွေလည်းရှိပါတယ်...။ Blower တန်ဖိုးကိုက ငါးသောင်းနဲ့ ရှစ်သောင်းကြားရှိပါတယ်..။ ရိုးရိုး Blower လေးကတော့ ရှစ်ရာနဲ့ တစ်ထောင်ကြားဆိုရပါပြီ..။ ဒါကတော့ မိတ်ဆွေရဲ့ Choice ပါပဲ..။

ဒုတိယအဆင့် - Blower နဲ့ မှုတ်လို့လဲ အဆင်မပြေတော့ဘူးဆိုရင်..။ အနုနည်းနဲ့ မအောင်မြင်တဲ့ အတွက် နဲနဲ အကြမ်းနည်းကို သုံးရပါတော့ မယ်..။ Sensor ဆေးတဲ့ အတံလေးတွေရှိပါတယ်..။ နားဆေးတဲ့ အချောင်းလေးတွေလိုမျိုးပါပဲ..။ ထိပ်မှာ ဂွမ်းလေးနဲ့ပေါ့..။ ဒါပေမယ့် သူကတော့ သေသေချာချာ လုပ်ထားတာပါ..။ ဂွမ်းစမထွက်တဲ့... Sensor မှာ ကပ်ပြီး ငြိ မသွားနိုင်တဲ့ ဂွမ်းလေးတွေနဲ့ လုပ်ထား တာပါ..။

ဘယ်လောက်ပဲ အစဉ်းရာမထင်ဘူး.. ။ မငြိဖူးပြောပြော..။ Sensor မှာကတော့ မျက်လုံးနဲ့ မြင်နိုင်တာနဲ့ မမြင်နိုင်တာသာကွာမယ်..။ အစင်းရာကတော့ ထင်သွားပြီ ဖြစ်ပါတယ်...။ ဒါကြောင့် ဒါက ဒုတိယနည်းပါ..။

တတိယအဆင့် - ဒါကတော့ ကျောက်ပန်းတောင်း ဂိတ်ဆုံးပါ..။ ဘယ်လိုမှ မိတ်ဆွေကိုယ်တိုင်လုပ်လို့ မဖြစ်နိုင်တော့ပါဘူး..။ Service Center သာ ပို့လိုက်ပါတော့..။ :D

Body (Sensor) ပြသနာပြီးတော့ အခု Lens ပြသနာလာပါမယ်...။

Lens တွေမှာ အဖြစ်များတာက Fungus (မှို) စွဲတာ ဖြစ်ပါတယ်..။ အဓိက ကတော့ Moisture ကြောင့် ပါ... ။ မှိုမစွဲစေချင်ရင် Lens ပေါ်မှာ ထုံးလေးတွေ ဖြူးထားလိုက်ပါ..။ ဟဲ ဟဲ..။ မှိုတင်မကပါဘူး..။ ကန်စွန်းရွက်လည်း မပေါက်တော့ပါဘူး..။

Note - ကျွန်တော် အခု Post ရေးရင်း အိပ်ချင်နေတာဗျ..။ အဲ့ဒါကြောင့် ကိုယ်တိုင်မျက်စိ ကျယ်အောင် ပေါက်ကရတွေ ထည့်ရေးနေတာပါ..။ စိတ်မရှိပါနဲ့..။ :D

Fungus မတက်ချင်ရင် Temperature Difference များတဲ့ နေရာတွေကို မလိုအပ်ပဲ ခဏခဏ အဝင်အထွက်လုပ်ခြင်း..။ သွားလာခြင်း ရှောင်ကြဉ်ရပါမယ်..။ ဥပမာ အဲယားကွန်းအခန်းထဲ ဝင်လိုက်..။ အပြင် လမ်းပေါ် ပြန်ထွက်လိုက်ပေါ့ဗျာ..။ အဲ့လိုတွေ မလုပ်ရ ပါဘူး...။

နောက်ပြီးတော့ Camera Bag ထဲမှာ Silicon အထုပ်လေးတွေ ထည့်ထားဖို့ လိုပါမယ်..။ Silicon အထုပ်လေးတွေ အနော်ရထာလမ်းပေါ် မှာ ပေါင်ထုပ်တစ်ထုပ်မှ ၁၀၀၀ လောက်ပဲပေးရပါတယ်..။ အဲ့ဒီ့ တစ်ပေါင်ထုပ် တစ်ထုပ်လုံးကို ထည့်ထားဖို့ပြောတာမဟုတ်ပါဘူး..။ အိတ်သေးသေးလေးနဲ့ ခွဲပြီး နဲနဲချင်းစီ ထည့်ထားဖို့ပြောတာပါ..။

အိတ်က Lens နဲသေးလို့..။ နေရာလည်းပိုတယ်..။ အိတ်ကလည်းပေါ့နေလို့ ..။ လူရှိန်အောင် တစ်ပေါင်ထုပ် တစ်ထုပ်လုံးထည့်ထားချင် တယ်ဆိုရင်လည်း မိတ်ဆွေရဲ့ သဘောပါပဲ..။ ကျွန်တော် မတားပါဘူး...။

ဒါက Fungus မတက်အောင်လုပ်တဲ့နည်းပါ..။

နောက်တစ်ခုက Lens မှာ ခြစ်ရာ ရှရာတွေ..။ မလိုအပ်ပဲ.. ထိခိုက်တာတွေ မဖြစ်အောင်ပါ..။ အဓိကကတော့ ကိုယ်က ဂရုစိုက်ရမှာပေါ့ဗျာ..။ ကိုယ်က ဂရုမစိုက်ရင်တော့ အလကားပဲပေါ့..။ Lens မှာ အဲ့လို အစင်းရာတွေ မထင်ဖို့ Filter တပ်ထားဖို့ အကြံ ပေးချင်ပါတယ်..။

ကျွန်တော် Filter တွေ အကြောင်းရေးတုန်းက..။ ဒီအကြောင်းကို သေသေချာချာရေးခဲ့ပေးဖူးပါတယ်..။ Filter တပ်ရမယ်ဆိုတဲ့ အစွဲတွေ..။ Filter တပ်ရင် quality ကျတယ်ဆိုတဲ့အတွေးတွေ ကြားထဲမှာ မြောမနေပါနဲ့..။ တစ်ခုခုဆို ကိုယ့် Budget ပဲ အလုံးအရင်းနဲ့ ထိခိုက်တာ ပါ..။ သူတို့တွေက ကြားထဲက လာပြီး အသစ်ဝယ်ပေးမှာ မဟုတ်ပါဘူး..။

Filter ဝယ်တပ်တဲ့အခါမှာတော့ Multicoated ကို သာ ဝယ်ဖို့ ထပ်ပြီး သတိပေးပါတယ်.။ Multicoated က Lens ရဲ့ Sharpness quality,ှDiffraction တွေကို ထိမ်းပေးပါတယ်..။ (Multicoated ဆိုတာ ထောင်ကြည့်လိုက်ရင်..။ အရောင်စုံလေးတွေ ပြေးနေတာမျိုး ကိုပြောတာပါ..။)

နောက်တစ်ခုက Lens Hood ပါ..။ Lens Hood ဘာလို့တပ်ကြသလဲ..။ ဟဲ ဟဲ လူရှိန်အောင် တပ်ပါတယ်...။

Lens ကို Hood တပ်လိုက်တော့ ရွားသွားတယ်..။ လူရှိန်သွားတယ်..။ Lens က ပိုခန့်သွားတယ်..။ လှသွားတယ်..။ မှားပါတယ်...။

Lens Hood တပ်ရခြင်း အဓိက အကြောင်းအရင်းက

(၁) Lens ထဲကို သတ်မှတ်ထားတဲ့ Degree ဒေါင့်က အလင်းကလွဲပြီး အခြားအလင်းမဝင်အောင်..။

(၂) Lens ရဲ့ မှန်ကို မတော်တစ ထိခိုက်မိခြင်း..။ စောင့်မိခြင်းမှ ကာကွယ်ရန်..။ ဖြစ်ပါတယ်..။

အဲ..။ ဈေးကြီးတဲ့ Lens Hood တွေ (ဥပမာ Canon L Lens Hood) တွေနဲ့ Original Lens Hood တွေရဲ့ အတွင်းပိုင်းမှာတော့ ကတီပါ လို အသားလေးနဲ့ လုပ်ထားတာကို သတိထားမိကြမှာပါ..။ Luxury အတွက် အလှထည့်ပေးထားတာ မဟုတ်ပါဘူး..။

သူ့ရဲ့ ရည်ရွယ်ချက်က Lens ထဲကို ဝင်မယ့်ဖုန်တွေဟာ အဲဒီ့ ကတီပါစ ကြမ်းကြမ်းလေးတွေကို ဖြတ်ပြီး သွားရတဲ့အတွက်... ဖုန်တွေ အကုန်လုံး Lens ထဲ မဝင်တော့ပဲ ကပ်ပြီးတော့ ကျန်ခဲ့အောင် ပါ..။ နောက် တစ်ချက်က Lens Hood ရဲ့ အတွင်းသားဟာ ပြောင်ချောနေပါ က .... အဲ့ဒီ့ကနေတစ်ဆင့် မဆိုင်တဲ့ အလင်းတွေဟာ ရိုက်ပြီး Lens ထဲကို ဝင်လာနိုင်တဲ့အတွက်..။ မလင်း မပြန်နိုင်အောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့လည်း ထည့်ထားပေးခြင်း ဖြစ်ပါတယ်...။

ကျွန်တော်တို့ Lens တွေကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင်...။ ရေကန်ထဲ ပစ်ချလိုက်ရုံပါပဲ...။ ဟဲ ဟဲ..။ ဒီ့ထက် ပိုသန့်ချင်ရင် OSO လေး ပါ ထည့်ထားလိုက်ပါ...။

ထုံးစံအတိုင်း Blower နဲ့ပဲ အရင် သုံးကြည့်ပါ..။ Blower နဲ့ မရတော့ဘူးဆိုမှ Lens Pen လေးနဲ့ ဖွဖွလေး သုတ်ပေးပါ..။ ဘယ်လောက် ကောင်းတဲ့ Lens Pen နဲ့ သုတ်သုတ် အစင်းရာကတော့ ထင်မှာပါပဲ..။ အစင်းရာကို မျက်လုံးနဲ့ မြင်ရတာနဲ့ မမြင်ရတာပဲ ကွာပါလိ့မ်မယ်..။

အစင်းရာဖြစ်မှာခြင်းအတူတူ ၃ သိန်းကနေ သိန်း ၃၀ နီးပါးလောက်ရှိတဲ့ ကိုယ့် Lens မှန်ဘီလူးမှာ အဖြစ်ခံမလား..။ သုံးသောင်းလောက်ပဲ တန်တဲ့ Filter မှာ အဖြစ်ခံမလား..။ ဒါကတော့ မိတ်ဆွေ ရဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်သွားပါပြီ..။ နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့..။

(၁) ဖုန်များတဲ့ဒေသတွေ (ဘကြီးရွာသွားလည်တာတို့..။ မအေးမိကို လှည်းလမ်းဘေးမှာ Portrait ရိုက်ပေးတာတို့) ရှောင်ပါ..။

(၂) Moisture များတဲ့နေရာတွေ ( မကြာခဏ Sedona တို့ Trader တို့မှာ ဘူဖေးသွားစားလိုက်..။ အပြန် ပိုက်ဆံမကျန်လို့ Bus ကား စီးလိုက် လုပ်ခြင်းမျိုး ) ရှောင်ပါ

(၃) Blower ကို အဓိက သုံးပါ ( အားမရလို့ ဖြစ်စေ..။ Blower မဝယ်နိုင်လို့ဖြစ်ေ ပါးစပ်ကြီး အတင်းဟပြီး အာငွေ့ထောင်းထောင်းဖြင့် တဖူးဖူးမှုတ်ခြင်း၊ ပန်ကာဖြင့် မှုတ်ခြင်း ရှောင်ပါ)

(၄) Lens Pen ကောင်းကောင်းဝယ်ပါ (မဝယ်နိုင်လို့ အိမ်က Lady ပန်းကန်ဆေးတဲ့ ရေမြှုပ်နဲ့ ပွတ်ခြင်းရှောင်ပါ)

(၅) Silicon လေးတွေဝယ်ထားပါ ( လူမှာသုံးတဲ့ Silicon နဲ့ မှားမဝယ်မိစေရန် သတိပြုပါ..)

(၆) Camera အိတ်ကောင်းကောင်းလေး ဝယ်ပါ (ဒါကတော့ အတည်ပြောတာပါ..။ ရေရှည်မှာ ကွာပါတယ်..)

(၇) ငွေကြေးတတ်နိုင်သူများနှင့် တစ်နေရာထဲတွင် အတည်တကျ နေထိုင်သူများ Dry Box လေးများ ဝယ်ထားပါ။

(၈) ပိုက်ဆံများများ စု (ရှာ) ထားပါ...။

ဒီလောက်ဆို အားလုံး အိုကေကြမယ်ထင်ပါတယ်..။ :)

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

Dust တွေ ပါ...။

Blower လေးပါ...။

Lens Pen ... နှစ်ဖက်ပါပါတယ်..။

Sensor Cleaner...

Cleaning Sensor..!


Lens Cleaning...!

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Underwater Photography အကြောင်း သိကောင်းစရာ

Thursday, February 12, 2015
ဒီအကြာင်းကို ရေးမယ် ရေးမယ်ဆိုပြီး ကျွန်တော် မောင်းတင်နေတာ ကြာပါပြီ....။

သိချင်လို့ စောင့်နေကြတဲ့သူတွေလည်း နဲမယ် မထင်ပါ....။

ကျွန်တော်လည်းရေးချင်ပေမယ့် ဘယ်လိုမှ အခြေအနေမပေးဘူး ဖြစ်နေခဲ့ပါတယ်...။

နောက်ပိုင်းလည်း အချိန်ပေးနိုင်ဖို့ သိပ်မသေချာတော့ပါဘူး...။

ကျွန်တော် အခုဆွေးနွေးမယ့် Underwater Photography အကြောင်းလေး မပြောခင်...။ ဒီနောက်ပိုင်း Photography နဲ့ ပါတ်သတ်လို့ ကျွန်တော်ခံစားမိလာရတာလေးတွေ နဲနဲတော့ ပြောချင်ပါတယ်....။

Facebook မှာ Photography နဲ့ ပါတ်သတ်တဲ့ Knowledge တွေကို ကျွန်တော် တတ်နိုင် သလောက်၊ လေ့လာမိသလောက် လေးတွေမျှဝေပေးခဲ့ပါတယ်...။

ပြီးပြည့်စုံတဲ့ မျှဝေမှုမဟုတ်ဖူးဆိုတာ ကျွန်တော့်ကို ကျွန်တော် သိပါတယ်...။ ကျွန်တော်သိသလို ဖတ်တဲ့သူတွေလည်း ဖတ်ကြည့်တာနဲ့ သိနိုင်ပါတယ်...။

ဒါပေမယ့် အခုနောက်ပိုင်း ဝမ်းသာစရာ တစ်ခုကတော့ နောက်ပိုင်းမှာ ကျွန်တော့်လိုပဲ ကိုယ်သိထား၊ တတ်ထားတဲ့ Knowledge တွေကိုမျှဝေပေးကြတဲ့ ညီအစ်ကိုတွေ၊ Page တွေ တစ်ယောက်ပြီး တစ်ယောက် တစ်ခုပြီး တစ်ခု အလျှိုအလျှိုပေါ်လာကြပါတယ်...။

ဒီ့အတွက် စာဖတ်သူတွေ၊ လေ့လာသူတွေ၊ ဝါသနာရှင်တွေ အနေနဲ့ ကျွန်တော့် တစ်ယောက်ထဲရဲ့ အာဘော်မျိုး မဟုတ်တော့ပဲ...။ အားလုံးရဲ့ အမြင်နဲ့အာဘော်အပေါ်မှာ ခြုံငုံ သုံးသပ်ပြီး လေ့လာနိုင်ကြ၊ နှိုင်းယှဉ်ကြည့်ကြ နိုင်ပြီ ဖြစ်ပါတယ်...။

ကျွန်တော်ကိုယ်တိုင်ကတော့ နောက်ပိုင်းမှာ ဆက်ရေးဖြစ်ဖို့ ဆိုတာ မသေချာတော့ပါဘူး...။

ကျွန်တော် မရေးနိုင်တော့ပေမယ့် အခုလိုရေးပေးမယ့် သူတွေ အများကြီးပေါ်ပေါက်လာတဲ့ အတွက် လေ့လာချင်တဲ့ ညီအစ်ကိုများအတွက် တကယ်ကို အားရှိစေနိုင်ပါတယ်...။

ကျွန်တော့်လက်ရှိ ဘဝပေးအခြေအနေအရ....။ ဓာတ်ပုံပညာကို အပျော်တမ်းသမား ဘဝနဲ့သာ အဆုံးသတ်ဖို့ ကံကြမာက တဖြေးဖြေး ဖိအားပေးလာခဲ့ပြီ ဖြစ်ပါတယ်...။

မသိသေးတဲ့သူများနဲ့ သတိမထားမိတဲ့သူများအတွက် ကျွန်တော် တစ်ခုလောက် ပြောခဲ့ချင်ပါတယ်...။

ကျွန်တော် Photographer မဟုတ်ပါ...။

Photography သည် ကျွန်တော့်၏ ဝါသနာ တစ်ခုသာ ဖြစ်ပါတယ်...။

ကျွန်တော့်မှာ ဘဝနဲ့ချီပြီး ပေးဆပ်ထားရတဲ့၊ ပြင်ဆင်ခွင့်မရှိတော့တဲ့ နောက်ထပ် ဘဝတစ်ခု ကျွန်တော့်မှာ ရှိနေလို့ပဲ ဖြစ်ပါတယ် ခင်ဗျာ....။

xxxxxxxxxxxxxxxxxxxxxxx

နိဒါန်း

ကဲ ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးမယ့် Topic လေးကို စလိုက်ကြရအောင်....။

Underwater Photography ဆိုတာ ကျွန်တော်တို့ မြန်မာပြည်မှာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဆရာ့ဆရာကြီးများ နည်းမျိုးစုံနဲ့ ခက်ခက်ခဲခဲ ကြိုးစား ရိုက်ကူးခဲ့ကြဖူးတဲ့ Photography တစ်ခုပဲ ဖြစ်ပါတယ်....။

ကျွန်တော်တို့ ဒီနေ့ခေတ်ရိုက်ကူးကြတဲ့ Underwater Photography ထက် အဆပေါင်းများစွာ ခက်ခဲ ပင်ပန်း စွာ ဖန်တီးခဲ့ရခြင်း ဖြစ်ပါတယ်...။

အင်မတန်မှ လေးစားအတုယူ အားကျဖို့ကောင်းပါတယ်...။

ကျွန်တော့်ရဲ့ကြိုးစားချက်ဟာ အထက်ပါ ဆရာကြီးများ၏ ကြိုးစားချက်နဲ့ယှဉ်လျှင် မိုးနဲ့ မြေလောက် သာ ဖြစ်ပါတယ်...။

Photographer တွေကြားထဲမှာ Underwater ရိုက်တဲ့သူ နဲပါတယ်...။

တစ်ချို့က စိတ်မဝင်စားလို့ မရိုက်ပါဘူး...။ တစ်ချို့က အထင်မကြီးလို့မရိုက်ပါဘူး...။ တစ်ချို့က ရိုက်ချင်သော်လည်း မရိုက်တတ်လို့ မရိုက်ပါဘူး...။ တစ်ချို့ကလည်း အရင်းအနှီးနဲ့ Risk လုပ်ရမှု ကြီးမားတဲ့ အတွက် မရိုက်ပါဘူး...။

ဒီ Note အတိုလေးဟာ အထက်ပါ လူအမျိုးအစားများထဲကမှ ရိုက်ချင်သော်လည်း မရိုက်တတ်လို့ မရိုက်နိုင်သော သူများအတွက် ရည်ရွယ်ပါတယ်....။

Underwater Photography ဟာ ထင်ထားသလောက် မလွယ်တာတော့ အမှန်ပါ...။

တစ်ချို့လည်း ကိုယ်တိုင်ရိုက်ဖူးကြတဲ့အတွက် အခက်အခဲရဲ့ အတိမ်အနက် ကို ကိုယ်တိုင်ကိုယ်ကျ သဘောပေါက်ကြပါတယ်...။ တစ်ချို့လည်း ဖတ်ဖူးမှတ်ဖူး၊ ကြားသိဖူး၊ လေ့လာဖူးတဲ့ အပေါ်မှာ မူတည်ပြီး သုံးသပ်ကြပါတယ်...။

ကျွန်တော်ကတော့ ဒုတိယတစ်ခေါက် ငပလီ ခရီးစဉ်အပါအဝင်ဆိုရင် ပင်လယ်ပြင်ထဲမှာ ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံ နှစ်ခါရှိခဲ့ပြီ ဖြစ်ပါတယ်....။

Underwater Photography မှာ ရေအောက်မှာ ရိုက်တာတချင်းအတူတူတောင် ရေကူးကန်ထဲမှာ ရိုက်ရတဲ့ အတွေ့အကြုံ အခက်အခဲနဲ့ တကယ့် ပင်လယ်ကြမ်းပြင်မှာ ရိုက်ရတဲ့ အတွေ့ အကြုံ အခက်အခဲတွေက များစွာ ကွာခြားမှု ရှိပါတယ်...။

ဘယ်ဟာက ပိုမိုခက်ခဲမယ်၊ ပို အန်တရာယ်များမယ် ဆိုတာ ကျွန်တော့် ညီအစ်ကိုတွေ ကိုယ်တိုင်ရိုက် ကူးကြည့်ကြတဲ့ အခါ သိပါလိမ့်မယ်..။ ကျွန်တော်ကတော့ မဆုံးဖြတ်ပေးလိုပါ...။

(၁) လိုအပ်သော Gear များ

Underwater Photography ကို စတင်လေ့လာတော့မယ်ဆိုရင် မဖြစ်မနေတော့ Gear အသစ်တွေ ဝယ်ရပါလိမ့်မယ်...။ ကိုယ့်မှာ ရှိပြီးသား Gear လေးတွေနဲ့ ဖြစ်အောင် ရိုက်ဖို့ကတော့ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်...။

Waterproof Casing တွေ ဝယ်မလား၊ Underwater Housing တွေ ဝယ်မလား၊ ဒါမှမဟုတ် Waterproof Camera လေးတွေဝယ်မလား စသဖြင့် Choice တွေ အမြောက်အများရှိပါတယ်...။

ကျွန်တော့်အတွေ့ အကြုံအရ ကျွန်တော် Underwater Housing နဲ့ တော့ မရှိဖူးသေးပါ...။ တရုတ်ပြည်ကထုတ်တဲ့ မြန်မာငွေ ၂ သောင်းကျော်လောက်သာကျတဲ့ Waterproof Casing နဲ့လည်း ရိုက်ဖူးပြီးသွားပါပြီ...။ Waterproof Camera အမျိုးအစားနဲ့လည်း ရိုက်ဖူးပြီးသွားပါပြီ....။

အရသာနဲ့ပုံထွက် သိသိသာသာ ကွာခြားတာကိုတွေ့ရပါတယ်...။

Waterproof Casing ကတော့ ရန်ကုန်မှာရှိတဲ့ နာမည်ရပြီးသား Photography Shop လေးတွေမှာ ကျပ် ၂ သောင်းနဲ့ ၃ သောင်းကြားမှာ ဝယ်ယူရရှိနိုင်ပါတယ်....။

Underwater Housing ကတော့ USD 1800 လောက်ကနေ USD 2500 လောက်အထိ အမျိုးအစားပေါ် မူတည်ပြီး အမျိုးမျိုးရှိပါတယ်...။ လူသိအများဆုံး Brand ကတော့ AquaTech ပဲ ဖြစ်ပါတယ်...။

Waterproof Camera အနေနဲ့ကတော့ အခုနောက်ပိုင်းမှာ Waterproof, Shockproof Point & Shoot Camera လေးတွေကို Company မျိုးစုံမှ Quality မျိုးစုံ ဈေးနှုန်းမျိုးစုံဖြင့် အခုနောက်ပိုင်း အပြိုင်အဆိုင် ထုတ်လုပ်လာကြပြီ ဖြစ်ပါတယ်...။

GoPro ကဲ့သိုသော Camera Line Up အသစ်တွေကလည်း နောက်ပိုင်းမှာ Adventure Photography တွေရဲ့လိုအပ်လာတဲ့ ဟာကွက်တွေနဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ထွက်ပေါ်လာကြပြီ ဖြစ်ပါတယ်...။

DSLR ကိုသုံးမလား၊ Point & Shoot တွေကိုသုံးမလား ဆိုတာကတော့ ညီအစ်ကိုတို့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါပဲ....။

ကျွန်တော် Underwater ထဲမှာ Canon EOS 7D နဲ့လည်း ရိုက်ဖူးပြီးသွားပါပြီ...။ Canon EOS 5D Mark III နဲ့လည်း ရိုက်ဖူးပြီးသွားပါပြီ...။ GoPro Hero3 Black Edition နဲ့လည်း ရိုက်ကြည့်ပြီးသွားပါပြီ...။

နောက်ဆုံးမှာတော့ DSLR က DSLR ပါပဲ...။ 7D ကထွက်တဲ့ Quality ကို GoPro မမှီသလို၊ 5D Mark III ကထွက်တဲ့ Quality ကိုလည်း 7D မမှီနိုင်ခဲ့ပါဘူး...။

ကျွန်တော် စာတွေဖတ်ပြီး ရမ်းပြောခြင်းမဟုတ်ပါ...။

ကျွန်တော်ကိုယ်တိုင် ကျွန်တော့် Camera တွေကို ရင်တမမနဲ့ အဆုံးအရှုံးခံပြီး ပင်လယ်ကြမ်းပြင်မှာ ရိုက်ကြည့်ပြီးမှ ရရှိခဲ့တဲ့ အဖြေပဲ ဖြစ်ပါတယ်...။

ကျွန်တော်ပြောတာကို သံသယရှိတယ်ဆိုရင် ကိုယ်တိုင် စမ်းကြည့်နိုင်ပါတယ်...

Video Quality မှာရော Still Quality မှာရော သိသိသာသာကို ကွာပါတယ်...။

(၂) Camera Setup

Gear တွေလည်း အဆင်သင့်ဖြစ်ပြီဆိုရင် စရိုက်ရုံပါပဲ...။

စရိုက်တော့မယ်ဆိုရင်တော့ မရိုက်ခင်မှာ ပြင်ဆင်မှုတွေ အများကြီး လုပ်ရတော့မှာ ဖြစ်ပါတယ်...။

USD ထောင်နဲ့ ချီပြီးတန်တဲ့ Underwater Housing တွေကို ဝယ်ယူပြီး ရိုက်ကူးနိုင်တဲ့သူတွေကတော့ အခက်အခဲမရှိပေမယ့်...။

ကျွန်တော့်လို ၂ သောင်းကျော်သာပေးရတဲ့ Waterproof Casing လေးတွေကို ဝယ်ပြီး ရိုက်မယ့်သူတွေ အတွက်တော့ Camera Setup က အရမ်းကို အရေးကြီးသွားပါတယ်...။

Underwater Housing တွေမှာ Camera ရဲ့ ခလုပ်တွေကို Control လုပ်ဖို့အတွက် Button တွေ အပြင်မှာ ပါပြီးသားဖြစ်တဲ့အတွက် လိုသလို ပြောင်းလဲအသုံးချ နိုင်တဲ့ အတွက် ရေအောက်ထဲရောက်တဲ့ အချိန်မှာ လိုအပ်တဲ့ Setting တွေကို ပြန်ပြင်လို့ရပါတယ်...။

Waterproof Casing ကတော့ Sorry ပါပဲ...။

Shutter Release ခလုတ်ကို မှန်အောင်နှိပ်နိုင်ဖို့တောင် ရေအောင်ထဲရောက်သွား တဲ့အခါ တော်တော် ခက်ခဲပါတယ်...။ တစ်ခြား ISO တွေ Aperture တွေ Shutter တွေဆိုရင်တော့ ဝေးရောပါပဲ...။

ကျွန်တော်ပဲ အတွေ့အကြုံနဲပြီး အသုံးမကျလို့လားတော့ မသိပါ..။ ကျွန်တော့်အတွက်တော့ ရေအောက် ထဲရောက်တဲ့အချိန်မှာ အဆင်အပြေဆုံးရိုက်ကူးနိုင်တဲ့ Setting ကတော့ Aperture Priority (AV/A) ပါပဲ...

ကျွန်တော့်ထက် ထူးချွန် ကျွမ်းကျင်ပြီး အတွေ့အကြုံများတဲ့ ညီကိုများကတော့ Manual နဲ့ ရိုက်ချင်လည်း ရိုက်ကြပါလိ့မ်မယ်...။

ကျွန်တော်ကတော့ မရိုက်တတ်ပါ...။ အဲ့လောက် ရိုက်ရအောင်လည်း အတွေ့အကြုံရော...။ ပညာရော ကျွန်တော် မပြည့်ဝသေးပါ...။

ကျွန်တော့် ညံ့ချက်က Mode တင်မကပါ...။ Focusing ကိုလည်း Auto ပေးထားရပါတယ်...။

ရေအောက်ထဲ ရောက်သွားတဲ့အချိန်မှာ လိုချင်တဲ့ Focus Point လေးကို လိုက်ရွေးပေးဖို့အတွက် မကျွမ်းကျင်တဲ့အတွက် ကျွန်တော် Area Focusing နဲ့ပဲ ရိုက်ခဲ့ရပါတယ်...။

ဒီ့ထက်ပိုပြီး ညံ့တာ ရှိပါသေးတယ်...။

Drive ကိုလည်း Burst Mode နဲ့ ရိုက်ပါတယ်...။ ကိုယ့်အနေအထား ကိုယ်သိတဲ့အတွက် တစ်ပုံထဲ စိတ်တိုင်းကျ တည်ပြီး မရိုက်နိုင်တဲ့အတွက် ရေအောက်ထဲရောက်သွားတာနဲ့ Burst Drive နဲ့ မဲမဲမြင်သမျှရိုက်ခဲ့ပါတယ်...။

ဒါ့ကြောင့် ကျွန်တော်ရခဲ့တဲ့ ကောင်းတယ်လို့ထင်ရတဲ့ပုံလေးတွေက ကြက်ကန်းတိုးပြီး ရခဲ့ခြင်းသာ ဖြစ် ပါတယ်...။

ကျွန်တော့်လို ပညာရည်နဲ့ အတွေ့အကြုံမဝသေးတဲ့ သူတွေအတွက် ကျွန်တော် အသုံးပြုခဲ့တဲ့ Setting လေးတွေကိုတော့ နဲနဲ ပြောပြချင်ပါတယ်...။

ပညာရင့် သဘာရင့် Manual သမားကြီးများကတော့ အတွေ့အကြုံပေါ်အခြေခံပြီး စိတ်တိုင်းကျ ဖန်တီးနိုင်ကြမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်...။

ကျွန်တော့် Setting လေးကတော့ AV/A မှာ ထားပါတယ်...။ Aperture ကို ကိုယ်လိုချင်တဲ့ Depth Of Field အပေါ်မူတည်ပြီး Fixed ထားပေးထားလိုက်ပါတယ်....။ ISO ကို...။ ကိုယ်ထားမယ့် Aperture ပေါ်မှာ မူတည်ပြီး တင်သင့်ရင် တင်ထားပါတယ်..။ ချသင့်ရင် ချထားပါတယ်...။

ဥပမာ f/8, f/11, f/16 အထိ ကျွန်တော် ချထားတယ်ဆိုရင် ISO ကို ကျွန်တော် Daylight မှာပဲ 800 နဲ့ 1600 ကြားမှာ အမြဲထားပါတယ်...။

Aperture Mode ဖြစ်တဲ့အတွက် Shutter Speed ကတော့ Automatically Adjust ဖြစ်သွားပါလိမ့် မယ်....။

(၃) Lens Choosing

ဒီ Post ကို မရေးခင် Comment တွေမှာ ကျွန်တော့်ကို မေးကြတယ်...။ ဘာလို့ Prime Lens မသုံးသလဲတဲ့...?

Photography မှာ ဘယ်နေရာမှမှ ပုံသေ အစွဲမထားဖို့တိုက်တွန်းလိုပါတယ်....။

လမ်းပေါ်မှာ Prime ကောင်းပေမယ့် ရေအောက်ထဲမှာ Prime က သုံးစားလို့ရချင်မှ ရပါလိမ့်မယ်...။

ရေအောက်ထဲရောက်သွားတဲ့အခါမှာ Field Of View (FOV) ဟာ အလင်းယိုင်ခြင်း (Diffraction) ကြောင့် ကုန်းပေါ်မှာတုန်းကနဲ့ မတူတော့ပါဘူး...။

ကုန်းပေါ်မှာ Ultra Wide ဖြစ်တဲ့ 10-22 လို 16-35 (on full frame) တို့ဟာ ရေအောက်ထဲရောက်တဲ့ အခါမှာ 18-55 လို 24-70 (on full frame) မှာလိုလောက်ကို ကျဉ်းသွားပါတယ်...။

ဒီလောက် Ultra Wide Lens နဲ့ရိုက်တာတောင် ရေအောက်ထဲက Subject တွေကို ရိုက်တဲ့အခါမှာ Composition ချရတာ တော်တော်လေးကို ခက်ခဲပါတယ်...။ FOV ကျဉ်းသွားပါတယ်...။

Subject စဝင်လာတဲ့အချိန်မှာ ကြိုရိုက်ထားတာတောင် တကယ်တမ်းပုံထွက်လာတဲ့အခါမှာ Subject က အထွက်ဖြစ်နေတာ မျိုးတွေနဲ့ ကြုံရပါတယ်...။

ဒါတောင် Ultra Wide နဲ့ ရိုက်တာပါ...။ Prime တွေလို FOV ကျဉ်းတဲ့ Lens တွေနဲ့ရိုက်မယ်ဆိုရင် စဉ်းစားသာကြည့်ပါ...။

ဖြစ်နိုင်တာ တစ်ခုကတော့ ကျွန်တော် ညံ့လို့လဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်...။

ကျွန်တော့်လို ခပ်ညံ့ညံ့ ညီအစ်ကိုများအတွက်ကတော့ Ultra Wide Lens ကို အသုံးပြုဖို့တိုက်တွန်း ပါတယ်...။

ရေအောက်ထဲမှာ Set Up Subject ကို ရိုက်တာပဲ ဖြစ်ဖြစ်...။ ငါးလေးတွေကို ရိုက်တာပဲ ဖြစ်ဖြစ်....။ Composition ချရတာ အရမ်းခက်ပါတယ်...။ အငြိမ်ထားလို့မရပါဘူး... အထူးသဖြင့် လှိုင်းလုံးတွေ ကျောက်ဆောင်တွေရှိတဲ့ ပင်လယ် ပြင်ထဲမှာ ရိုက်တဲ့ အခါမှာ ဖြစ်ပါတယ်...။

အချိန်မရွေး ကျောက်ဆောင်နဲ့ခေါင်းနဲ့ (ဓာတ်ပုံဆရာရော၊ Subject ရော) ရိုက်နိုင်သလို...။ အချိန်မရွေး ခြေထောက် ဟက်တက်ကွဲနိုင်ပါတယ်...။

အချိန်မရွေး ရင်ဘက်လောက်ရှိတဲ့ ရေမျက်နှာပြင်က လှိုင်းအလာမှာ တစ်ကိုယ်လုံး မြုပ်သွားနိုင်ပါတယ်...။ ဒီ့အတွက် Composition အပိုင်းမှာတော့ အများစွာ အခက်အခဲရှိနိုင်ပါတယ်...။

နောက်ပြီး သဘာဝ Subject တွေဖြစ်တဲ့ ငါးလေးတွေကို ရိုက်မယ်ဆိုရင်လည်း ...။ သူတို့က အရမ်းမြန် ပါတယ်....။ အဲ့ဒီ့အတွက် FOV နဲတဲ့ Prime နဲ့ ရိုက်မယ်ဆိုရင်တော့ ကျွန်တော်မတွေး တတ်ပါဘူး...။ Subject အလယ်ရောက်တဲ့အချိန်မှာ အပိုင်ဆိုပြီး ရိုက်လိုက်တဲ့အချိန်မှာ...။ ပုံထွက်လာတဲ့အချိန်မှာ ငါးလေးက ရှိချင်မှ ရှိပါတော့မယ်...။ အဲ့လို အခြေအနေမျိုးတွေ မဖြစ်ရအောင် FOV ကျယ်တဲ့ Ultra Wide Lens မျိုးကို ရွေးချယ်ခိုင်းခြင်း ဖြစ်ပါတယ်...။

(၄) Time & Location

ပင်လယ်ရေအောက်မှာ ရိုက်တဲ့အခါမှာ Time & Location ကောင်းကောင်းရဖို့အင်မတန် အရေးကြီး ပါတယ်...။ Location ဆိုတဲ့နေရာမှာ ကျွန်တော်ဆိုလိုချင်တာက သဲလေးတွေလှမယ့် နေရာပဲ ဖြစ် ပါတယ်...။ အနယ် အရမ်းမထတဲ့ နေရာမျိုး ဖြစ်ပါတယ်...။

Underwater Photography ကို လူထူထပ်တဲ့ Beach မှာတော့ မကြိုးစားစေချင်ပါ....။ အချိန်သာ ကုန်သွားမယ် ပုံကောင်းရမယ် မထင်ပါ...။

အကောင်းဆုံးနေရာတွေကတော့ ကျွန်းပေါ်မှာ ဒါမှမဟုတ် ကြမ်းပြင်မှာ သဲအစား ကျောက် စလစ်ခဲ၊ ကျောက် တုန်းလေးတွေ များတဲ့နေရာက ကြည်လင်တဲ့ Crystal Clear ရေကို ပိုပြီး ရစေပါတယ်...။

နောက်တစ်ခုက အချိန်ပါ....။

Setup Subject ကို ရိုက်မယ်ဆိုရင်တော့ နေအလင်းရောင် ခပ်စောင်းစောင်းရှိတဲ့အချိန်မျိုးကို ရွေးသင့်ပြီး...။ ပင်လယ်ရေအောက် အလှကို လှိုင်းရဲ့ Shape လေးတွေ Pattern လေးတွေနဲ့လိုချင်တယ် ဆိုရင်တော့ နေမွန်းတည့်တဲ့ အချိန်ပါတ်ဝန်းကျင်လောက်က အကောင်းဆုံးပဲ ဖြစ်ပါတယ်...။

(၅) ဆောင်ရန်၊ ရှောင်ရန်များ

ဆောင်ရန်အနေနဲ့ကတော့ အထူးသဖြင့် ကင်မရာကို ရေတစ်ဝက်နှစ်ပြီး Subject ကို အပေါ်တစ် ပိုင်း ရေအောက်တစ်ပိုင်း ရိုက်မယ်ဆိုရင် အဝတ်ခြောက်လေး တစ်ခုကို ဆောင်ထားစေချင်ပါတယ်...။ ကိုယ်တိုင်ဆောင်ထားဖို့တော့ မဖြစ်နိုင်ပါဘူး..။ ဘေးက မိတ်ဆွေ၊ သူငယ်ချင်း တစ်ယောက်ယောက် ကို ရေမစိုအောင် သေချာကိုင်ထားစေပြီး Lens ကို သုတ်စေချင်ပါတယ်...။

သို့မဟုတ်ရင် ပုံထွက်လာတဲ့အခါကြရင် ရေစက်တွေပါ ပါလာပါလိမ့်မယ်....။ တစ်ခြား ရေအောက်ပိုင်း တို့ ကောင်းကင်ပိုင်းတို့မှာ ရေစက်ထင်နေရင် Spot Removal Tool နဲ့ ဖယ်ပြစ်လို့ရပေမယ့် Subject ပေါ်မှာ တည့်တည့်ကြီးရေစက်တင်နေရင် ဘယ်လိုမှလည်း ဖယ်လို့မရတော့တဲ့အတွက် ကြိုးစားခဲ့သမျှ သဲရေ ကျ ဖြစ်ရပါလိမ့်မယ်...။

အထူးသဖြင့်တော့ တစ်ဝက်ဆီရိုက်တဲ့အချိန်မှာ လိုတာပါ...။ Completely ရေအောက်ထဲကို ငုပ်ရိုက်တဲ့အချိန်မှာတော့ ဒီ ပြသနာ မရှိတော့ပါဘူး....။

နောက်ထပ် အရေးကြီးတာ တစ်ခုက Camera ကို သေသေချာချာ Pack လုပ်ဖို့ပါ...။ Electronic နဲ့ ရေဆိုတာဟာ တကယ့် ရန်သူပါပဲ...။

အဲ့ဒီ့အတွက် Lens နဲ့ Camera ကို Pack လုပ်တဲ့အခါမှာ သေသေချာချာ Safe ဖြစ်အောင် လုပ်ဖို့လိုပါလိမ့်မယ်...။

သို့မဟုတ်ရင်တော့ ကျွန်တော် မတွေးရဲပါ....။

နောက်ထပ် အရေးကြီးတဲ့အရာတစ်ခုကတော့ သဘာဝ အန်တရာယ်များပါပဲ....။

ရေအောက်ထဲမှာ သံပချုပ်လို အဆိပ်ရှိတဲ့ငါးများ၊ ငါးလိပ်ကျောက်လို ငါးများဟာ ပင်လယ်ကမ်းခြေအနီးမှာပဲ သဘာဝအလျှောက် ကျက်စားတဲ့အတွက် အန်တရယ် အရမ်းရှိပါတယ်...။ အခန့်မသင့်ရင် မြွေအန် တရယ်လည်း စိုးရိမ်ရသလို...။ နောက်ထပ် စိုးရိမ် ရတာကတော့ ကျောက်ဆောင်တွေ ကျောက် ခဲတွေ ဖြစ်ပါတယ်...။

ခြေဖဝါးတွေ ကွဲနိုင်ပါတယ်... လက်ဖဝါးတွေ ကွဲပါလိ့မ်မယ်...။ (ကွဲကို ကွဲပါလိ့မ်မယ်...။ သေချာပေါက်ပါပဲ) အဲ့ဒီ့ထက် အရေးကြီးတာက ရေအောက် ကျောက်ဆောင်တွေကြားထဲမှာ ခြေထောက်ညပ်ပြီး ကျိုးတာမျိုး ဖြစ်နိုင်ပါတယ်...။

ကျောက်ဆောင်များနားမှာ ရိုက်တဲ့အခါ လှိုင်းနဲ့ကျောက်ဆောင်ကြားမှာ ညပ်နိုင်ပါတယ်...။

ဒါတွေက ကျွန်တော် ဖြဲချောက်နေတာ မဟုတ်ပါဘူး...။ ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ခဲ့လို့ သတိပေးခြင်းဖြစ်ပါတယ်....။

ကျောက်ဆောင်ထဲညပ်ပြီး ခြေထောက်မကျိုးခဲ့ပေမယ့်...။ သံပချုပ်နဲ့လည်း သီသီလေး လွဲခဲ့ပါတယ်...။ ငါးလိပ်ကျောက်လည်း မျက်စိရှေ့က ဖြတ်သွားခဲ့ပါတယ်...။ လှိုင်းနဲ့ကျောက်ဆောင်ကြားမှာလည်း ခဏခဏညပ်ခဲ့ရပါတယ်...။

ဒါ့ကြောင့် အထူး သတိထားစေချင်လို့ ပဲ ဖြစ်ပါတယ်...

နိဂုံး

ဒီလောက်ဆိုရင်တော့ အကြမ်းဖျင်းအားဖြင့် တော်တော်လေး တီးမိ ခေါက်မိရှိသွားပြီလို့ ကျွန်တော် ယုံကြည်ပါတယ်...။ တစ်ချို့သော ပညာရပ်တွေဟာ ဘယ်လောက်ပဲ ဖတ်ရှုလေ့လာပါစေ ပြီးပြည့်စုံနိုင်ခြင်း မရှိနိုင်ပါ...။ အတွေ့အကြုံ သင်ခန်းစာနဲ့ ရင်းမှသာ ပြီးပြည့်စုံနိုင်ပါလိမ့်မယ်...။

ကျွန်တော့်အနေနဲ့လည်း ကျွန်တော် ကြုံတွေ့ခဲ့ရသလောက် သာ ဝေမျှနိုင်မှာ ဖြစ်ပြီး..။ ကျွန်တော် မကြုံတွေ့ဖူးသေးတဲ့ အခြေအနေတွေလည်း များစွာ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်....။

ဒါ့ကြောင့် ကျွန်တော် အရင်ပြောနေကြအတိုင်းပဲ...

များများလေ့လာပါ....။ များများရိုက်ပါ....။ ရိုက်ရင်းလေ့လာပါ...။ လေ့လာရင်း ရိုက်ပါ လို့တိုက်တွန်းရင်း....။


လေးစားစွာဖြင့်
Black Dream


-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Star Trails ဘယ်လိုရိုက်မလဲ...?

Tuesday, February 03, 2015
ဒီနေ့တော့ တော်တော်များများ စိတ်ဝင်စားတဲ့ Star Trail လေး အကြောင်း နဲနဲရှင်းပြချင်ပါတယ်...။

Star Trial ဟာအမှန်ကတော့ Long Exposure အမျိုးအစားပါပဲ..။ သူကမှ တကယ် Long တယ်လို့ ပြောချင်လဲပြောလို့ရပါတယ်..။ ဘာလို့လဲ ဆိုတော့ Star Trail ပုံကောင်းတစ်ခုဟာ အနဲဆုံး 1 hour ရိုက်မှ လှမှာ ဖြစ်တဲ့အတွက်ပါ...။

Star Trail ရိုက်နည်း ၂ မျိုးလောက် ကျွန်တော် လေ့လာဖူးပါတယ်..။ တစ်မျိုးက အခု ကျွန်တော် ရှင်းပြပေးမယ့်..။ တစ်ပုံထဲကို တစ်ခါထဲ ရိုက်တဲ့ နည်းပါ..။

နောက်တစ်မျိုးကတော့ ပုံပေါင်းများစွာကို Timer ပေးပြီး ပုံပေါင်းများစွာ ရိုက်ပါတယ်..။ ပြီးတော့မှ Photoshop ထဲမှာ ပြန်ဆက်ပါတယ်..။

ဒီနေ့ ကျွန်တော် ရှင်းပြမှာကတော့ တစ်ပုံထဲ ရိုက်တဲ့နည်းပါ..။ ဘာလို့ တစ်ပုံထဲ ရိုက်တဲ့နည်းကို ကျွန်တော်ရွေးပြီး ရှင်းပြရသလဲဆိုတာ...။ အကြောင်းရှိပါတယ်..။ Digital ခေတ်ဖြစ်တဲ့အတွက် Post Processing ကို မဖြစ်မနေ လုပ်ရမှာမျိုးကို ကျွန်တော်လက်ခံပေမယ့်...။ အနဲဆုံး ပဲ ဖြစ်စေချင်ပါတယ်..။

Camera ထဲမှာ တစ်ခါထဲ ပြီးမယ့် Situation ကို Camera ထဲမှာပဲပြီးစေချင်ပါတယ်...။ ဒါမှလည်း High End Camera တွေ ကိုင်ရကျိုး နပ်မယ်ထင်ပါတယ်..။ ဒီလိုမှ မဟုတ်ရင်တော့ ..။ Point & Shoot Camera လေးပဲ သုံးပြီး ...။ အားလုံး Photoshop ပဲ အားကိုးတော့ မှာပေါ့..။ ဘာလုပ်ဖို့ ကျွန်တော်တို့ DSLR တွေ Lens တွေ ဈေးကြီးပေးပြီး ဝယ်ကြတော့မလဲ...။ ဒါကြောင့် ကျွန်တော်က တစ်ပုံထဲရိုက်တဲ့ နည်းကို ရှင်းပြဖို့ ရွေးချယ်လိုက် ခြင်းဖြစ်ပါတယ်...။

Star Trail ရိုက်နည်းအကြောင်း မပြောခင်...။ သူ့ရဲ့ သဘောတရားလေးကို နဲနဲရှင်းပြချင်ပါတယ်...။

Photography ဟာ...။ Mathematics, Engineering, Philosophy, Physic... စတဲ့ ပညာရပ်ပေါင်း များစွာကို အသုံးချပြီး Artistic ဖြစ်အောင် ဖန်တီးရတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်...။

Rocket Science လောက်မခက်ပေမယ့်...။ သိထားသင့်သလောက်တော့ သိထားဖို့လိုပါတယ်..။ ဒါမှလည်း ပိုင်ပိုင်နိုင်နိုင် ပုံကောင်းကောင်း တစ်ပုံကို ရနိုင်မယ်ထင်ပါတယ်..။ ဘာမှ လေ့လာစရာ မလိုပဲ...။ မွေးရာပါ..။ ဗီဇ နဲ့ ပါရမီ ကောင်းလွန်းလို့ ရိုက်တိုင်းကောင်းနေတာကတော့ သူ့ ကုသိုလ်ကံနဲ့ သူပေါ့ဗျာ...။

သေချာတာတစ်ခုကတော့ Photography ဟာ ဘယ်လိုမှ သချာင်္သဘောတရား၊ အင်ဂျင်နီယာ သဘောတရား၊ ရူပဗေဒ သဘောတရားတွေကို ရှောင်ကွင်းလို့မရပါဘူး..။ Philosophy သဘောတရားကတော့ Artistic သိပ်ဖြစ်လွန်းတဲ့ပုံတွေကလွဲရင်..။ ခပ်ဖယ်ဖယ်နေလို့ (ရကောင်း) ရနိုင်ပါတယ်...။

ဘာလို့ ဒါတွေ ကျွန်တော်ရှင်းပြရသလဲဆိုတော့..။ အခု ကျွန်တော်ပြောမယ့်..။ Star Trail ရိုက်နည်းဟာ..။ သခ်ာၤသေဘာတရား..။ ရူပဗေဒ သဘောတရားတွေနဲ့ တိုက်ရိုက်ပါတ်သတ်နေတဲ့ အတွက်ကြောင့် ဖြစ် ပါတယ်...။ ဒီလောက်တောင် လေးနက်သလားဆိုရင်..။ ပညာရပ်တိုင်းဟာ သူ့အတိုင်းအတာနဲ့ သူလေးနက်ကြပါတယ်...။ တကယ်လေ့လာ လိုက်စားတော့မယ်ဆိုရင်...။ ဘယ်ပညာရပ်မှာမှ "အချဉ်" ဆိုတာ မရှိပါဘူး...။

Star Trails Photography ဘာကြောင့် ဖြစ်ပေါ်လာသလဲဆိုရင်..။ လူတွေရဲ့ တွေးခေါ်နိုင်မှု..။ ဆိုင်ရာ နည်းပညာတွေကို အနုပညာဆန်အောင် ဖွဲ့စည်းနိုင်မှုတွေကနေ အခြေခံပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်...။ ဒီနေရာမှာ ဆက်စပ်စဉ်းစားတွေးခေါ်နိုင်တဲ့ Logic လည်း ပါလာမှာ ဖြစ်ပါတယ်..။ ဒီလို Logic ကျကျ စဉ်းစားမှုများ တီထွင်ဆန်းသစ်မှုများမရှိရင် Photography မှာ Long Exposure ဆိုတာတွေ... Panning တွေ... Star Trail တွေ... ။ Abstract နဲ့ Table Top တွေ ပေါ်လာစရာ အကြောင်းမရှိပါဘူး...။

Star Trail Photography ဟာ Kinetic သဘောတရားပဲ ဖြစ်ပါတယ်...။ Kinetic သဘောတရားနှစ်ခုကို မှ...။ တစ်ခုကို Constant ယူပြီး ..။ နောက်တစ်ခုကို Relative ထားလိုက်တဲ့ သဘောဖြစ်သွားပါတယ်...။ ဒီနေရာမှာ Einstein ရဲ့ Relativity ကို လေ့လာဖူးရင် သဘောပေါက်တာ နဲနဲ မြန်ပါလိ့မ်မယ်...။

လွယ်လွယ်ကူကူပြောရရင်တော့...။ သီးခြားအရှိန်တစ်ခုဆီနဲ့ သွားနေတဲ့ အရာနှစ်ခုရဲ့ မတူညီတဲ့ အရှိန်နှစ်ခုကို Star Trail နဲ့ သက်သေ ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်..။ (ရှင်းလိုက်မှု တော်တော်ရှုပ်သွားမယ် ထင်ပါတယ်..။)

ဒီလိုပါ...။ ကျွန်တော် တို့ ကမာ (ကျွန်တော်ပက်ဆင့်ရိုက်လို့မရဘူးဗျာ..။ ခွင့်လွှတ်ပါ..။) ကလည်း သူ့ Speed နဲ့ သူနေ ကို ပတ်နေတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကမာ ပေါ်မှာရှိနေတဲ့ အတွက်...။ နေဝင်သွားတာနဲ့ ထွက်လာတာကလွဲရင်..။ ကမာ သွားနေတဲ့ Speed ကို မခံစားမိနိုင်ဖူး...။ မသိနိုင်ဘူးပေါ့..။ ကားစီးနေရင်တော့ ..။ လေတဟူးဟူးနဲ့ သွားနေတယ်ဆိုတဲ့ အသိကို သိနိုင်ပေမယ့်...။ ကမာ စီးနေတဲ့အခါမှာတော့ ကျွန်တော်တို့ဒီအရာသာကို မသိနိုင်ကြပါဘူး..။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်က ကမာ ရဲ့ Speed နဲ့ အတူတူ လိုက်ပါ လှုပ်ရှားနေ လို့ပဲ ဖြစ်ပါတယ်...။

ဒါပေမယ့်...။ ဒါပေမယ့်..။

ကမာ မဟုတ်တဲ့ အခြား ကြယ်တွေ၊ ဂြိုလ်တွေရဲ့ သွားလာလည် ပတ်နေတဲ့ အရှိန်ကတော့ ကျွန်တော်တို့ Earth ရဲ့ Speed နဲ့ မတူတော့ပါဘူး...။ သူတို့မှာ သီးခြား Acceleration, Momentum နဲ့ Speed တွေရှိကြပါတယ်..။ ကျွန်တော်တို့ ဒီကမာ မြေပေါ်ကနေ ကြည့်လိုက်ရင် သူတို့ဟာ ငြိမ်နေတယ်လို့ ထင်ကောင်းထင်ရနိုင်ပေမယ့်..။ သူတို့လည်း သူတို့ အရှိန်နဲ့ သူတို့ သွားလာ နေကြတာ ဖြစ်ပါတယ်..။

နောက်တစ်ခုက သူတို့ဟာလည်း သွားနေတယ်လို့ သိထားသည့်တိုင်...။ ညတိုင်း ညတိုင်းမှာ မြင်နေကြ ကြယ်လေးတွေကို မြင်နေရခြင်းက သူတို့သွားနေတဲ့ Speed နဲ့ ကျွန်တော်တို့ Earth ရဲ့ Speed ကို တူတယ်လို့ ထင်ယောင် ထင်မှား ဖြစ်စေနိုင်ပါတယ်...။

တကယ်တော့ လုံးဝမတူခဲ့ပါဘူး...။

Star Trails Photography ရဲ့ အခြေခံသဘောတရားက..။ သွားနေတာခြင်းအတူတူ.. (Earth ကလည်း သွားနေပါတယ်..။ Stars တွေကလည်း သွားနေပါတယ်) Earth ကို Constant ထားလိုက်ပါတယ်..။ ငြိမ်နေတယ်လို့ သတ်မှတ်လိုက်ပါတယ်..။ ဘာလို့လဲ ဆိုတော့..။ Tripod ပေါ်တင်ထားတဲ့ ကျွန်တော်တို့ရဲ့ Camera ဟာ Earth ပေါ်မှာ ရှိနေတာဖြစ်ပါတယ်..။ ဒီ့အတွက် Earth လည်သလို Camera ကလည်း အမှန်ဆိုလိုက်လည်နေပါတယ်..။ ဒီ့အတွက် Earth ရဲ့ Speed နဲ့ Camera ရဲ့ Speed ဟာ အတူတူဖြစ်သွားပြီး..။ သချာင်္စကားနဲ့ ပြောရရင် ခြေပြစ်လိုက်လို့ရပါတယ်...။

ဒီလိုချေပြစ်လိုက်လို့ရတဲ့အတွက်..။ ကျွန်တော်တို့ စိတ်ထဲမှာ အရှိန်မရှိတော့ဘူး..။ ကမာကလည်း ရပ်နေတယ်..။ ကင်မရာကလည်း ရပ်နေတယ်ဆိုပြီး စိတ်ထဲမှာ Constant အဖြစ် သတ်မှတ်လိုက်ပါတယ်...။

ဒါပေမယ့် ကမာ့ အပြင်မှာရှိတဲ့ ကြယ်တွေကတော့ ကျွန်တော်တို့ Earth ရဲ့ Speed နဲ့ မတူတဲ့အတွက်.. .။ ချေပြစ်လို့မရပါဘူး..။ ဒီအခြေအနေမှာ Star Trail Photography ပေါ်ပေါက်လာပါတော့တယ်..။

ဆိုကြပါစို့ဗျာ..။ ညဘက် ကားမီးတန်းတွေဖြစ်သွားအောင် Long Exposure တစ်ခုရိုက်တယ်ပေါ့..။ မိတ်ဆွေက Camera ကို ကျကျနန Tripod ပေါ်မှာတင်ပြီး ရိုက်တယ်...။ ကားတွေကတော့ သွားနေတယ်ပေါ့...။ ဒီလို စိတ်ထဲမှာ သဘောထားလိုက်တယ်..။

ဘာလို့ ဒီလိုစိတ်ထဲမှာ သဘောထားနိုင်လဲဆိုတော့...။ ကားတွေရော... မိတ်ဆွေရော..။ မိတ်ဆွေရဲ့ ကင်မရာရော...။ အားလုံးဟာ ကမာပေါ်မှာရှိနေတဲ့အတွက်..။ ကမာရဲ့ အရှိန်ကို ထည့်မတွက်တော့ပဲ Constant အဖြစ်သတ်မှတ်လိုက်နိုင်လို့ပဲ ဖြစ်ပါတယ်..။ ဒီ့အတွက် ကားတွေကတော့ သွားနေတယ်..။ မိတ်ဆွေရဲ့ Camera ကတော့ ရပ်နေတယ်လို့ လွယ်လွယ်ကူကူ သတ်မှတ်နိုင်ခြင်းဖြစ်ပါတယ်..။

Start Trail ကလည်း ဒီသဘောပါပဲ...။ စောစောက Earth နဲ့ Relative လုပ်ပေမယ့်..။ ဒီတစ်ခါ Relative လုပ်ရမှာကတော့ Universe (Solar System ပဲထားပါတော့) ပဲ ဖြစ်ပါတယ်..။ ဒီ Solar System ထဲမှာ Speed တွေ မတူတော့ပါဘူး..။ ဒါပေမယ့် ကမာ့ အပြင်ဘက်ကကြည့်မယ်ဆိုရင်တော့ ကမာပေါ်မှာရှိတဲ့ အရာတွေအားလုံဟာ Spot (အစက်အပျောက်လေး တစ်ခုဖြစ်သွားပြီး) အားလုံးဟာ အရှိန်တူညီတယ်လို့ သတ်မှတ်နိုင်ပြီ ဖြစ်ပါတယ်...။

ဒီတော့ ဆိုကြပါဆို့ဗျာ..။ ကမာကို ကျွန်တော်တို့ရပ်နေတဲ့ ကုန်းကျော်တံတားလို့ သတ်မှတ်လိုက်...။ ကျွန်တော်တို့ ရိုက်မယ့် ကြယ်တွေကို..။ အောက်က သွားနေတဲ့ ကားတွေလို့ သတ်မှတ်လိုက်ဗျာ...။

ဒီ့အတွက် ကမာပေါ်မှာ မိတ်ဆွေရဲ့ Camera ကို Tripod နဲ့ ထောင်ပြီး ကြယ်တွေကို ရိုက်ခြင်းဟာ..။ ကုန်းတံတားတစ်ခုအပေါ်ကနေ အောက်ကသွားနေတဲ့ ကားတွေကို ရိုက်ခြင်းနဲ့ အတူတူပဲ ဖြစ်သွားတော့တယ်...။

ဒီလောက်ဆိုရင် သဘောတရားလေးကို နဲနဲတော့ တီးမိ ခေါက်မိမယ်ထင်ပါတယ်..။

လွယ်လွယ်လေးပဲဗျာ..။ ကင်မရာကို Tripod ပေါ်တင်..။ ကြယ်တွေကိုချိန်...။ Cable Release ကို Lock ချပြီး ရိုက်..။ Star Trail ရရော လို့....။ ပြောရရင် ရပါတယ်...။ တစ်ကြောင်းထဲနဲ့ ရိုက်နည်း ပြီးပါတယ်..။ ဘာလို့ ကျွန်တော်အပေါ်က ဟာတွေ ရှင်းပြရသလဲဆိုတော့..။ ကိုယ်လုပ်မယ့် အလုပ်...။ ဒါမှ မဟုတ် ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုကို..။ သေသေချာချာ အတွင်းကျကျ သိစေချင်ပါတယ်..။ ဒါမှ လုပ်ရတာ အဓိပါယ်ရှိပါလိ့မ်မယ်..။

သူများရိုက်လို့သာ လိုက်ရိုက်တယ်..။ Photography ကို နားမလည်တဲ့ သူတစ်ယောက်ယောက်က..။

" ဟ ..။ ဘာကြီးလဲဟ..။

Star Trails လေ..။ ဒါလေးတောင် မသိဘူးလား..။

သြော်...။ Photoshop နဲ့ လုပ်ထားတာလား" လို့မေးရင်..။

ကိုယ်အပင်ပန်းခံပြီးရိုက်ထားသမျှ..။ ဘာမှ ပြန်မရှင်းပြနိုင်ပဲ "နင်ပြီး" ပြန်လာရတာမျိုး မဖြစ်စေ ချင်လို့ပါ...။ လာမေးတဲ့သူကို..။ ဒါကတော့ ဒီလိုရှိတယ်..။ ဘာ့ကြောင့် ဒီလိုပုံထွက်တယ်..။ ဘယ်လိုရိုက်တယ်..။ စသဖြင့် ကိုယ်လုပ်ထားတဲ့ ဖန်တီးထားတဲ့ အနုပညာတစ်ခုကို ပိုင်ပိုင်နိုင်နိုင်...။ ယုံကြည်ချက်ရှိရှိ ပြန်ရှင်းပြစေနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်..။

အံမယ်..။ မင်းက လူကို ငတုံးများ ထင်နေလို့ ဒီလောက်ရှင်းပြနေတာလားမေးရင်းတော့..။ ဟုတ်ပါတယ်..။ ကျွန်တော့်လို ငတုံးတစ်ယောက် မဖြစ်အောင် ကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်...။ ကျွန်တော် ကတော့ တော်တော်တုံးတဲ့အတွက်..။ တော်တော်လေ့လာ ခဲ့ရပါတယ်...။ အခုလည်း ဆက်လက် လေ့လာနေဆဲပါ...။

အိုကေ..။ ဒီလောက်ဆိုရင်တော့ Theory တွေ ပြီးပြီပေါ့ဗျာ..။ မပြီးလို့လဲမရပါဘူး...။ Star Trail Photography ကနေ Relativity... Relativity ကနေ Super String တွေ Black Hole တွေ အထိ ရှည်သွားနိုင်ပါတယ်... Photography ဘက် ပြန်လှည့်ရအောင်..။

ဟုတ်ပြီဗျာ..။ သဘောတရားနားလည်သွားပြီ (ပဲ ထားလိုက်ပါတော့ဗျာ) ..။ စရိုက်မယ်...။

စရိုက်မယ်ဆိုရင်..။ ဘယ်လိုရိုက်ရမလဲ မပြောခင်..။ ဘာတွေလိုတယ်ဆိုတာကိုပြောချင်ပါတယ်..။ မဖြစ်မနေ လိုမှာကတော့ Tripod တစ်ချောင်းနဲ့ Cable Release တစ်ခုပါပဲ...။

Tripod ကတော့ ထုံးစံအတိုင်း ကင်မရာတင်ဖို့ပေါ့..။ Cable Release ကတော့ ...။

ကျွန်တော်တို့ Camera မှာ Long Exposure အတွက် 30 sec ပဲ ပေးရိုက်ပါတယ်...။ အဲ့ဒီ့ထက်ကျော် သွားရင် Cable Release လိုလာပါပြီ...။ ဒါမှသာ ၁ မိနစ် ၂ မိနစ် ၁ နာရီ ၂ နာရီ စသဖြင့် ရိုက်နိုင်မှာပါ...။

Tripod ကတော့ အားလုံးလိုလို ရှိပြီးသားမို့ ..။ ထပ်ဝယ်စရာမလိုပေမယ့် ..။ Star Trail အတွက်ဖြစ်စေ..။ Serious ဖြစ်တဲ့ Landscaper များအတွက် ဖြစ်စေ..။ Cable Release ကတော့ မဖြစ်မနေ ဝယ်ရတော့ မှာ ဖြစ်ပါတယ်..။ စိတ်မပူပါနဲ့....။ Original Canon ကထုတ်တဲ့ Shutter Release တွေက ဈေးကြီးပေ မယ့်...။ (ဈေးကြီးတယ်ဆိုတာ သောင်းဂဏန်းပါ..။ အများဆုံး ၂ သိန်း ပေါ့) Third Party, China Made လေးတွေက ထောင်ဂဏန်းလောက်ပဲ ရှိပါတယ်...။

ဒါပေမယ့် Canon Made ပဲ ဝယ်ဝယ် China Made ပဲ ဝယ်ဝယ်...။ Cable Release ဝယ်ရင်တော့ Lock လုပ်လို့ရတဲ့ဟာ ဝယ်ပါ..။ သို့မဟုတ်ရင် Cable Release ဝယ်တာ အလကားပါပဲ...။

နောက်ဆုံး Cable Release မဝယ်ချင်သူများ သို့မဟုတ် ဝယ်ဖို့အဆင်မပြေသူများအတွက် နောက် တစ်နည်းကတော့...။ Computer နဲ့ Camera ကို USB Cable နဲ့ တွဲပြီး ရိုက်ဖို့ပါ..။ Canon သမားရော Nikon သမားရော Computer ကနေ ရိုက်လို့ရတဲ့ Software Utility တွေ Camera ဝယ်ကတည်းက CD ချပ်တွေနဲ့ပါ ပါတယ်..။ အဲ့ဒီ့အတွက် Computer ထဲကနေ Bulb Mode နဲ့ ရိုက်ရင်လည်း ရပါတယ်..။ ဒါပေမယ့် Computer ကြီးသယ်ရမှာနဲ့...။ Camera နဲ့ ချိတ်ရမှာနဲ့...။ တော်တော်အလုပ်ရှုပ်နိုင်ပါတယ်..။

နောက်တစ်ခု..။ ရိုက်တာကလည်း Star Trail ဖြစ်တဲ့အတွက်..။ ခြုံကြို ခြုံကြားတွေ...။ ရေကန် နားတွေ...။ ချောင်ကလောင်တွေထဲမှာ ဆိုတော့..။ Computer ကြီး တကားကားနဲ့ ဆို အဆင်တော့ မပြေလောက်ပါဘူး...။ ဒါပေမယ့်လည်း လိုရမယ်ရ ..။ သုံးလို့ရတယ်ဆိုတာ သိအောင် ကျွန်တော်ပြောပြတာပါ...။

အိုကေ Gear တွေစုံပြီဆို စရိုက်ဖို့လုပ်ပါမယ်...။ ဘယ်လိုရိုက်မလဲ... ဘယ်အချိန်ရိုက်မလဲ...။

Star Trail ဖြစ်တဲ့အတွက်..။ သေချာပေါက် ညဘက် ရိုက်ရမှာ ဖြစ်ပါတယ်...။ ရိုက်တဲ့နေရာမှာ..။ လုံးဝအလင်းရှိလို့မရပါဘူး...။ မီးလုံးလေး ၅ လုံးလောက်သာရှိတဲ့ အလင်းက..။ မိတ်ဆွေရဲ့ 1 Hour လောက် ရိုက်မယ့် Star Trail ပုံတစ်ခုလုံးကို သုံးစားလို့မရတော့ လောက်အောင်..။ ပျက်စီး သွားစေပါတယ်...။

နောက်ပိုင်း ကျွမ်းကျင်သွားရင်တော့ ကိုယ်ရိုက်မယ့် Exposure ကို ကြိုစဉ်းစားထားပြီး..။ မီးအရောင် ဘယ်လောက်ရှိရင်တော့ ပုံမပျက်ပဲ ရနိုင်တယ် ဆိုတာကို တွက်ချက်နိုင်မှာ ဖြစ်ပါတယ်...။ ဘာလို့ ကျွန်တော် ဒီလိုပြောလဲဆိုတော့..။ အောက်မှာ ကားတွေရဲ့ Light Trails တွေနဲ့ အပေါ်က Star Trails တွဲရိုက်ထားတာတွေ မြင်ဖူးကြမှာပါ...။

ဒါပေမယ့် မိတ်ဆွေ သတိထားဖို့တစ်ခုက အဲ့ဒီ့အောက်က ကား Light Trails တွေဟာ မိတ်ဆွေ ထင်ထားသလို..။ ရိုးရိုး Long Exposure ရိုက်တုန်းကလည်း စက်ကန့်နဲ့ အမျှသွားနေတဲ့ ကားတွေ မဟုတ်ပါဘူး..။ ၄ မိနစ် ၅ မိနစ်လောက် နေမှ တစ်စီးလာတဲ့ အလင်းတွေ ဖြစ်ပါတယ်..။ တစ်နာရီ ရိုက်လိုက်တဲ့အတွက်သာ..။ ကားတွေ အများကြီးသွားနေတယ်လို့ ထင်နေရတာ ဖြစ်ပါတယ်..။

ဒါကြောင့် အလင်းရောင်တွေ မရှိတဲ့ နေရာ (အလင်းရောင် အရမ်းနဲတဲ့နေရာ ) ကို မဖြစ်မနေ ရွေးရ ပါမယ်...။

နောက်တစ်ခုက တိမ်ရှိနေတဲ့ ညတွေ ရိုက်လို့မရပါဘူး..။ တိမ်ရှိနေတဲ့ ညတွေမှာ ရိုက်ရင်..။ မိတ်ဆွေရဲ့ ကြယ်တွေကို တိမ်တွေက လာလာဖုန်းတဲ့အတွက်...။ ကြည်လည် ပြတ်သားတဲ့ Star Trail ပုံတစ်ခုမရပါဘူး..။

နောက်ပြီး..။ လမိုက်ညလို ညမျိုးမှ ရိုက်ပါ...။ ကျွန်တော်စောစောက ပြောသလို မြို့ပြအလင်းတွေ..။ လျှပ်စစ်အလင်းတွေရှောင်ရုံနဲ့ မလုံလောက်ပါဘူး..။ Star Trail ရိုက်တဲ့အခါမှာ လရဲ့ အလင်းရောင် ကလည်း တော်တော် ပြသနာပေးပါတယ်...။

အကောင်းဆုံးကတော့ လမိုက်..။ လကွယ်မှာ ရိုက်တာ...။ ကြယ်တွေကို အကြည်လင်ဆုံးနဲ့ အထင်ရှား ဆုံး မြင်ရစေမှာ ဖြစ်ပါတယ်..။ လအလင်းရောင်ရှိနေရင် ကောင်းကင်မှာ မျက်လုံးနဲ့ ကြည့်ရင်လည်း ကြယ်တွေကို သေသေချာချာ မမြင်ရနိုင်လို..။ ပုံထွက်လာရင်လည်း Over Exposed ဖြစ်ပြီး ပုံ ပျက်သွားစေနိုင်ပါတယ်...။

မှာရမယ့် အချက်တွေက တော်တော်များပါတယ်..။ မိတ်ဆွေထင်သလောက် Star Trail က ပြီးပြီးရော ရိုက်လို့မရပါဘူး..။

အရပ်မျက်နှာကိုလည်း သိဖို့လိုပါတယ်..။ Star Trail ရိုက်တဲ့အခါကြရင် ကြယ်တွေကို အဝိုင်းပုံလေးတွေ လိုချင်တယ်ဆိုရင်..။ တောင်ဘက် ဒါမှမဟုတ်...။ မြောက်ဘက်ကို ရိုက်ဖို့လိုပါတယ်..။ ဒါမှသာ လှပတဲ့ လမ်းကြောင်းလေးတွေရှိတဲ့ Star Trail Photography ရပါလိမ့်မယ်..။ အရှေ့ဘက် သို့မဟုတ် အနောက်ဘက်..။ ဒါမှမဟုတ် ကြုံတဲ့ဘက်ကို ကြုံသလို ရိုက်ထည့်လိုက်ရင် တော့ ကြယ်တွေ (လမ်းကြောင်းတွေ) က ကန့်လန့်တွေ ပြေးနေပါလိမ့်မယ်...။

နောက်ပြီးတော့ အချိန်ကာလပါ...။ မိုးတွင်းကြီး ဘယ်လိုမှ Star Trail ရိုက်လို့မရပါဘူး..။ ညဘက် ကောင်းကောင်မှာ မိုးတိမ်တွေရှိနေ သလို..။ အချိန်မရွေး မိုးရွာချနိုင်တဲ့အတွက်..။ မိတ်ဆွေရဲ့ ကျန်းမာရေးအတွက်ရော..။ Camera ရဲ့ ကျန်းမာရေးအတွက်ပါ..။ Danger ကျပါတယ်...။

အကောင်းဆုံးကတော့ တန်ဆောင်မုန်း တန်ဆောင်တိုင်..။ ဆေးပေါင်းခတဲ့ည..။ ဘာညာ..။ အနီးအနား ပါတ်ဝန်းကျင်လတွေက ..။ Star Trail ရိုက်ဖို့အတွက် သင့်တော်ဆုံးပါ..။ ကြယ်တွေကို စုံစုံ လင်လင် မြင်ရသလို..။ မိုးလေလည်း ကင်းလွတ်ပါတယ်..။ ကောင်းကင်မှာ တိမ်တွေလည်း ကင်းတဲ့အတွက် အဆင်ပြေပါတယ်...။

အရေးအကြီးဆုံးနောက်တစ်ချက်ကတော့...။ ဓာတ်ခဲအား အပြည့်ဖြစ်ဖို့လိုပါတယ်..။ ဒီနေရာမှာ Grip သုံးပြီး နှစ်လုံးထည့်ထား တဲ့သူတွေက ပိုစိတ်ချရပါတယ်..။ မိတ်ဆွေရိုက်မယ့် ကြာချိန်က ၁ နာရီ ဆိုပါတော့..။ Noise Reduction ပြန်လုပ်မှာက ၁ နာရီ..။ စုစုပေါင်း ၂ နာရီ တိတိ Camera က Non Stop အလုပ်လုပ်နေမှာ ဖြစ်တဲ့အတွက်..။ ရိုက်နေရင်း တန်းလန်းသော်လည်းကောင်း..။ Noise Reduction လုပ်နေတဲ့အချိန်မှာသော်လည်းကောင်း Battery Down သွားရင်တော့ ရင်ကျိုးရကိန်း မြင်ပါတယ်..။

ဒါကြောင့် ရှိသမျှ Battery အားလုံးကို Fully Charged လုပ်ထားဖို့လိုပါတယ်..။

Star Trail ရိုက်မယ်ဆိုရင် ..။ နောက်ထပ် မဖြစ်မနေ လိုအပ်မယ့် Gear တွေကတော့...။

(၁) ဓာတ်မီး

(၂) စားစရာ (ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်)

(၃) သောက်စရာ (ကော်ဖီ၊ ရေ)

(၄) တုတ်တစ်ချောင်း (လိုရမယ်ရ အကောင်ဗလောင်တွေ ဘေးက ကာကွယ်ရန်)

(၅) အနွေးထည်

(၆) သံလိုက်အိမ်မြှောင် (Compass ပါတဲ့ Mobile Phone လဲ အဆင်ပြေပါတယ်)

(၇) လည်ရှည်ဖိနပ် (ဖြစ်နိုင်ရင် ဝတ်သင့်ပါတယ်..။)

စတာတွေပဲ ဖြစ်ပါတယ်...။ အဲ့ဒီ့အထဲက တစ်ခုမဟုတ် ...။ တစ်ခုမေ့ကျန်ခဲ့ရင်..။ မိတ်ဆွေ နောင်တ ရရ ပါလိမ့်မယ်...။

ဆောင်ရန်၊ ရှောင်ရန်တွေလည်း ပြီးပြီဆိုတော့ နောက်ဆုံးရိုက်နည်းပါပဲ...။

ကင်မရာကို Tripod ပေါ်တင်..။ Bulb Mode မှာထား..။ Aperture ကို f/8 လောက်ပေး..။ ISO ကို အနဲဆုံးထား (50,100,200)... Long Exposure Noise Reduction ကို On ... အရပ်မျက်နှာတွက်...။ Composition ချ...။ ပြီးရင် Cable Release ကို Lock ချပြီးရိုက်ဗျာ...။

Test Shot စမ်းချင်တယ်..။ ကြယ်တွေရဲ့ Direction ကို သိချင်တယ်ဆိုရင်တော့ 15 မိနစ်လောက် အရင် စမ်းရိုက်ကြည့်ပါ..။ အိုကေတယ်ဆိုမှ လုံးဝ ၁ နာရီစာ စရိုက်ပါ..။ နောက်ပိုင်း ကျွမ်းကျင်သွားရင် ၁ နာရီ မကပါဘူး..။ စိတ်ကြိုက်ရိုက်ပါ..။ များသောအားဖြင့်တော့ ၁ နာရီဆိုရင် ကြယ်တွေ စပြီး ဝိုင်းသွားပါပြီ...။ တစ်ခုနဲ့ တစ်ခုထိသွားပါပြီ...။

အရေးကြီးတာတစ်ခုတော့ ကျွန်တော်မှာပါရစေ..။ Composition အရေးကြီးပါတယ်...။ ကြယ်တွေ ဒီအတိုင်းသွားနေတာကို ရိုက်ထားတဲ့ Star Trail တစ်ခုထက်စာရင် Subject တစ်ခုခုပါနေတဲ့ ပုံက သိသိသာသာ သာသွားပါလိမ့်မယ်...။ အဲ့ဒီ့အတွက် နေရာကောင်းကောင်း ရွေးနိုင်ဖို့လိုပါတယ်...။

Subject ရွေးပြီးရင် Direction ရွေးဖို့ကိုလည်း မမေ့ပါနဲ့...။ နောက်တစ်ခုက ကိုယ်ရွေးထားတဲ့ Subject က အလင်းရှိနေတာမျိုးလည်း မဖြစ်ဖို့လိုပါတယ်...။ အလင်းမရှိရင် ပုံထဲမှာ ဘယ်မြင်ရမလဲလို့ မထင် ပါနဲ့....။ Star Trail ဖြစ်ပါတယ်..။ အနဲဆုံး ၁ နာရီလောက် Shutter ကို ဖွင့်ပေးထားတာဖြစ်တဲ့အတွက် မိတ်ဆွေရဲ့ Subject ပေါ်ကိုပေါ်ပါတယ်..။ အားမရဖူးဆိုရင် ပါလာတဲ့ ဓာတ်မီးလေးနဲ့ ၅ စက်ကန့် စာလောက် Subject ကို မီးထိုးပေးလိုက်ပါ..။ အဲ့လောက်ဆိုလုံလောက်ပါတယ်..။ တစ်နာရီလုံးလုံး ထိုးထားပေးဖို့ မလိုပါဘူး..။

ဒီလောက်ဆိုရင်တော့ အားလုံး နားလည်ကြမယ် ထင်ပါတယ်..။ နားမလည်ရင်လည်း အားမနာ တမ်းမေးကြပါ..။ တော်တော်များများ ရိုက်လေ့ရိုက်ထ မရှိကြတဲ့အတွက်...။ ဒီ Post မှာ မေးစရာတွေ များနိုင်ပါတယ်...။ တစ်ခေါက် နှစ်ခေါက်လောက် ရိုက်ကြည့်ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်ရေးခဲ့တဲ့ ဘယ်အချက်တွေက ဘာတွေကို ဆိုလိုတယ်ဆိုတာ သဘောပေါက်သွားမယ်လို့ မျှော်လင့်ပါတယ်..။

အားလုံးပဲ ကြိုးစားပြီး စမ်းကြည့်စေချင်ပါတယ်..။ ကျွန်တော်တို့ နိုင်ငံမှာတော့ လောလောဆယ် မိုးတွင်းဖြစ် တဲ့အတွက် အဆင်မပြေနိုင်ပါဘူး..။ အခြားနိုင်ငံတွေမှာ ရှိနေတဲ့သူများကတော့ အခွင့်အရေးပေးတဲ့နေ့လေး စမ်းစေချင်ပါတယ်..။

နေ့ကောင်း ရက်သာ ရွေးပေးရမယ်ဆိုရင်တော့..။ သောကြာနေ့ ညမျိုး...။ စနေညမျိုးက အဆင်ပြေပါ တယ်..။ ည သန်းခေါင်..။ အလင်းတွေနဲ..။ ကြယ်တွေများတဲ့အချိန်မှာမှ ရိုက်ရမှာ ဖြစ်တဲ့အတွက်..။ မနက် အိပ်ရေးပျက်နိုင်ပါတယ်..။ ဒါကြောင့် ရုံးပိတ်ရက် ကျောင်းပိတ်ရက် ရိုက်ခိုင်းတာပါ..။ သို့မို့ဆိုရင်တော့ Boss တွေက ကွိုင်ရှာကြပါလိမ့်မယ်..။

ရိုက်ရင်းနဲ့လေ့လာပါ..။ လေ့လာရင်းနဲ့ ရိုက်ပါ..။ အားမငယ်ပါနဲ့..။ ဓိတ်ဓာတ်မကျပါနဲ့...။ ဘယ်ပညာရပ် ကိုမှ အထင်မသေးပါနဲ့..။ ပညာရပ်တိုင်းဟာ သူ့ဟာနဲ့သူ လေးနက်ကြတယ်ဆိုတာလေး အသိပေးရင်း...။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com


အရှေ့မှာ ပါနေတဲ့ Subject က Star Trails ကို ပိုပြီးအားကောင်း စေပါတယ်..။


ဒီပုံမှာတော့ အလင်းဖောက်ထားတာကို သတိထားမိနိုင်ပါတယ်..။ နောက်ပိုင်းကျွမ်းကျင်သွားရင် ဒီလိုမျိုးလေး အလင်းဖောက်ပေးတာက ပိုကောင်းပါတယ်..။

Sunset လောက်ကနေစပြီး ရိုက်တာပါ..။ Star Trails မှာ အချိန်ကောင်းရွေးနိုင်ဖို့လည်း တော်တော် အရေးကြီးပါတယ်..။

ရိုးရိုးလေးပါ..။ Composition ချပြီး..။ ရိုက်ထားတာပါ...။

ဒီပုံကို အပေါ်က ပုံတွေနဲ့ ယှဉ်ကြည့်ကြည့်ပါ..။ တောင်ဘက် စူးစူး သို့မဟုတ် မြောက်ဘက်စူးစူး ကို ရိုက်ထားတာ မဟုတ်တဲ့အတွက်..။ ကြယ်လမ်းကြောင်းတွေက ဘေးတိုက်တွေ ဖြစ်နေ တာကို တွေ့နိုင် ပါတယ်...။

ဒီပုံကတော့ ဘာကြောင့် ကျွန်တော် တိမ်တွေကို ရှောင်ခိုင်းသလဲဆိုတာရဲ့ အဖြေပါပဲ...။ ဒါတောင် ဒီပုံက တိမ်နဲနေလို့ပါ...။ တိမ်များရင် ဘယ်လို ဖြစ်မလဲ တွေးကြည့်နိုင်ပါတယ်...။

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Android OS သုံးဖုန်း /Tablet အမျိုးမျိုးကို အလွယ်ဆုံး နည်းလမ်းများဖြင့် Root လုပ်နည်းများ


မြန်မာစာ မပါတဲ့ Android OS သုံး ဖုန်း/Tablet များကို မြန်မာစာ ထည့်လိုတဲ့အခါ ၊ မူရင်း System ကန့်သတ်ထားတဲ့ Permission တွေကို ကိုယ့်စိတ်ကြိုက်ပြင်ဆင် လိုတဲ့အခါ ၊ Root Access ရမှ အသုံးပြုနိုင်တဲ့ application တွေကို အသုံးပြုလိုတဲ့အခါ Android OS သုံးဖုန်း /Tablet များကို Root လုပ်ရပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် လွယ်ကူစွာလေ့လာ လုပ်ဆောင်နိုင်မယ့် Android OS သုံးဖုန်း /Tablet များကို အလွယ်ဆုံး နည်းလမ်းများဖြင့် Root လုပ်နည်းများကို တင်ပြပေးလိုက် ပါတယ်။

ကွန်ပျူတာမလိုဘဲ “Frama Root” ဖြင့် Root လုပ်ခြင်း



ဒီနည်းလမ်းကတော့ Android OS သုံး ဖုန်း/Tablet တော်တော်များများကို Root လုပ်နိုင်ပါတယ်။ Frama Root လို့ခေါ်တဲ့ Android apk လေးကိုဖုန်းမှာ ထည့်သွင်း install ပြုလုပ်ပြီး Root လုပ်ရမှာပါ။ ဒီနည်းလမ်းကတော့ ကွန်ပျူတာမလိုပါဘူး ။ အရင်ဆုံး “Frama Root” Android Application လေးကိုအောက်က link မှာရယူပါ။

Frama Root apk အားရယူရန်

Download ရယူထားတဲ့ Frama Root apk လေးကို ဖုန်းမှာ install လုပ်ပါ။ ပြီးလျှင် install လုပ်လိုက်တဲ့ Frama Root application ထဲကိုဝင်ပါ။ “Install SuperSU” ကိုရွေးပါ။



Select an explorit ….. ဆိုတဲ့ စာသားအောက်က explorit တစ်ခုခုကို ကိုနှိပ်ပါ။ စတင် root လုပ်ပါလိမ့်မယ်။

ခဏအကြာမှာ Root လုပ်လို့အောင်မြင်ကြောင်း စာသားပြပါလိမ့်မယ်။



ဖုန်းက Root ဖြစ်မဖြစ်ကိုတော့ PlayStore ကနေ Root check application တစ်ခုခုကို install ပြုလုပ်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။

ကွန်ပျူတာကို အသုံးပြု၍ VRoot (iRoot) ဆော့ဝဲဖြင့် Root လုပ်ခြင်း



ကွန်ပျူတာပေါ်ကနေ Android OS သုံး ဖုန်း/Tablet များကို root လုပ်နိုင်တဲ့ Root tool တွေထဲမှာအစွမ်းဆုံး ဆော့ဝဲလေးတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ VRoot ဆော့ဝဲလို့ခေါ်ပါတယ်။ အခုတော့ iRoot လို့နာမည်ပြောင်းသွားတာတွေ့ရပါတယ်။ ဒီဆော့ဝဲလေးသုံးပြီးတော့လည်း Android version 1.x ကနေ Android version 4.4 အထိရှိတဲ့ Android Devices များကို Root လုပ်နိုင်တာတွေ့ရပါတယ်။ VRoot ဆော့ဝဲကိုတော့ အောက်က link ကနေရယူပါ။

VRoot အားရယူရန်

Download ရယူထားတဲ့ VRoot Installer ကို ကွန်ပျူတာမှာ အရင်ဆုံး Install ပြုလုပ်လိုက်ပါ။ ပြီးလျှင် ဖုန်းရဲ့ Setting ထဲက Developer Option ထဲကိုဝင်ပြီး USB Debugging ကို on ထားပါ။ ပြီးလျှင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြုပြီးချိတ်ဆက်ပါ။ ပြီးလျှင် ခုနက Install ပြုလုပ်ထားတဲ့ VRoot ဆော့ဝဲကိုသွင်းပါ။ ( ဖုန်း Driver မသိသေးရင် အင်တာနက်ကနေ auto download လုပ်ပါလိမ့်မယ်။ ) ။ Root အစိမ်းခလုတ်ကိုနှိပ်ပြီး စတင် Root လုပ်ပါ။ Root Process အောင်မြင်ရင် ဖုန်းက auto reboot ကျသွားပါမယ်။



ပြန်တက်လာရင် root access ရနေပါပြီ။

ဖုန်းက Root ဖြစ်မဖြစ်ကိုတော့ PlayStore ကနေ Root check application တစ်ခုခုကို install ပြုလုပ်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။

ကွန်ပျူတာကိုအသုံးပြု၍ Root Genius ဆော့ဝဲဖြင့် Root လုပ်ခြင်း

ဒီဆော့ဝဲကလည်း VRoot လိုမျိုးပါပဲ။ Android ဖုန်း/Tablet တော်တော်များများကို Root လုပ်နိုင်ပါတယ်။

Root Genius ဆော့ဝဲကိုတော့အောက်က Link ကနေရယူပါ။

Root Genius အားရယူရန်

ပြီးလျှင် ဖုန်းရဲ့ Setting ထဲက Developer Option ထဲကိုဝင်ပြီး USB Debugging ကို on ထားပါ။ ပြီးလျှင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြုပြီးချိတ်ဆက်ပါ။ ပြီးလျှင်ခုနက Download ရယူထားတဲ့ Root Genius ဆော့ဝဲကိုဖွင့်ပါ။ Root it ကိုနှိပ်ပါ။ Root လုပ်လို့အောင်မြင်ရင်တော့ Root Successfully ဆိုပြီးပေါ်လာပါမယ်။

ဖုန်းကလည်း auto reboot ကျသွားပါမယ်။ အကယ်၍ Root Successfully လို့ပေါ်ပေမယ့် ဖုန်းက reboot မကျရင်တော့ ကိုယ့်ဘာသာပဲ reboot ချလိုက်ပါ။

ဖုန်းက Root ဖြစ်မဖြစ်ကိုတော့ PlayStore ကနေ Root check application တစ်ခုခုကို install ပြုလုပ်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။

ကွန်ပျူတာကို အသုံးပြု၍ Kingo ဆော့ဝဲဖြင့် Root လုပ်ခြင်း




ဒီဆော့ဝဲကလည်း VRoot , Root Genius တို့လိုမျိုးပါပဲ။ Android ဖုန်း/Tablet တော်တော်များများကို Root လုပ်နိုင်ပါတယ်။ Kingo Root ဆော့ဝဲကိုတော့အောက်က Link ကနေရယူပါ။

Kingo Root အားရယူရန်

ပြီးလျှင် Download ရယူထားတဲ့ Kingo Root ဆော့ဝဲကို ကွန်ပျူတာမှာသွင်းပါ။ ဖုန်းရဲ့ Setting ထဲက Developer Option ထဲကိုဝင်ပြီး USB Debugging ကို on ထားပါ။ ပြီးလျှင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြုပြီး ချိတ်ဆက်ပါ။ ပြီးလျှင်ခုနက Kingo Root ဆော့ဝဲကို ဖွင့်ပါ။



Root ကိုနှိပ်ပါ။ Android Device ကို စတင် Root လုပ်ပါလိမ့်မယ်။ Root လုပ်လို့အောင်မြင်ရင်တော့ အမှန်ခြစ်လေးနဲ့ပေါ်လာပါမယ်။



ဖုန်းကလည်း auto reboot ကျသွားပါမယ်။ ပြန်တက်လာရင် Root Access ရနေပါပြီ။

ဖုန်းက Root ဖြစ်မဖြစ်ကိုတော့ PlayStore ကနေ Root check application တစ်ခုခုကို install ပြုလုပ်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။

အထက်ပါဖော်ပြခဲ့တဲ့ Root Tool များ ၊ Root Method များဖြင့် မိမိတို့ရဲ့ Android ဖုန်းတော်တော်များများကို အလွယ်ဆုံး Root လုပ်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

သက်နိုင်စိုး (Myanmar Mobile App)
https://www.facebook.com/thetnaing.mmas
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>

Lollipop Zawgyi Inataller (5.0 ~ 5.0.x)


Android version 5.0 နဲ့ အထက် တွေမှာ ပါဝင်တဲ့ Unicode Font တွေကို

ဇော်ဂျီအဖြစ်ပြောင်းလဲနိုင်မယ့် One Click Tool လေးပါ

ဒီ Tool ကိုတော့ ကိုစိုင်းခိုင်တင့်(Mobile Doctor) မှ ရေးသားထားတာဖြစ်ပြီး

Lollipop တွေအတွက် ဇော်၈ျီဖောင့်ကို အဆင်ပြေစေမယ့်

Tool တစ်ခုဖြစ်တာကြောင့် ဆောင်ထားသင့်ပါတယ်

Download Here


Pass – saikhinetint

Credit – Sai Khine Tint ( http://www.facebook.com/saikhinetint )

Aung Khaing (MMAS)

http://www.myanmarmobileapp.com
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>

ရင်ခုန် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာပါက အလိုအလျှောက် ဖောက်ထွင်း မြင်ရမည့် အကျီ ဒပ်ခ်ျ အမျိုးသား ဒီဇိုင်နာ တီထွင်


Swe Sone Media Group
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page  Twitter   Google+
အပြည့်အစုံသို့ >>

သုက်ကောင် အရေအတွက် ၊ ထုတ်လုပ်မှု နှင့် လှုပ်ရှားနိုင်စွမ်း ကောင်းမွန်စေမည့် အစာများ



 Swe Sone Media Group
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page  Twitter   Google+
အပြည့်အစုံသို့ >>

ချစ်သူနှင့် လမ်းခွဲ ပြီးနောက် ခံစားရသော စိတ်နှင့် ခန္ဓာ ဝေဒနာများ


Swe Sone Media Group
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page  Twitter   Google+
အပြည့်အစုံသို့ >>

ဆီးလမ်းကြောင်း ပိုးဝင်နေသူတို့ လိုက်နာ သင့်သောဆောင်ရန် ၊ ရှောင်ရန်များ



Swe Sone Media Group
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page  Twitter   Google+
အပြည့်အစုံသို့ >>

ဇူလိုင်လတွင် ပလူတိုဂြိုလ်သို့  အာကာသယာဉ် ပထမဆုံးအကြိမ် ရောက်ရှိမည်

သမန်းကျား

ဇူလိုင်လတွင် ပလူတိုဂြိုလ်ထံသို့ ရောက်ရှိမည့် နာဆာပိုင် Horizon အာကာသ ယာဉ်သည် ယခုအခါ ပလူတိုဂြိုလ် အား ဓါတ်ပုံ ရိုက်ကူးမှု စတင် လိုက်ပြီဖြစ်ကာ အာကာသ စူးစမ်းလေ့လာမှု သမိုင်းတွင် ပလူတိုအား နက်ရှိုင်းသော အာကာသ တစ်နေရာမှ ပထမဆုံးဓါတ်ပုံ ရိုက်ကူးဖူးခြင်းဖြစ်ကာ ပလူတိုဂြိုလ် ထံသို့  ရောက်ရှိခြင်းမှာလည်း ပထမဆုံး အကြိမ်ပင်ဖြစ်ကြောင်း သိရသည်။

Horizon အာကာသယာဉ်သည် ကမ္ဘာမှမိုင်ပေါင်း ၃ ဘီလီယံကို အချိန် ၉ နှစ်ယူကာ ဖြတ်သန်းခဲ့ရပြီး ပလူတိုဂြိုလ် ထံသို့  ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။ ချဉ်းကပ်သည် ဆိုသော်လည်း ယခုရောက်ရှိနေသောနေရာ သည် ပလူတိုဂြိုလ်နှင့် မိုင်ပေါင်း သန်း ၂၀၀ ဝေးကွာနေဆဲဖြစ်သည်။ သို့ သော် သိပ္ပံပညာရှင်များက တန်ဖိုးမဖြတ်နိုင်သော ဒေတာများကို ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြကြောင်း သိရသည်။

ပလူတိုကို ချဉ်းကပ်နေဆဲကာလမှာ ဓါတ်ပုံတွေ အဆက်မပြတ် ရိုက်သွားပါမယ်။ ဒါမှလည်း ပလူတိုနဲ့ Horizon ရဲ့  အနေအထားကို တွက်ချက်နိုင်မှာဖြစ်ပါတယ်။ တစ်ကယ်လို့ များ လမ်းကြောင်း လွဲချော်နေတယ်ဆိုရင်လည်း လမ်းကြောင်းမှန်အောင် ချက်ခြင်းပြင်ဆင် သွားရမှာဖြစ်ပါတယ်ဟု သုတေသီ တစ်ဦးက ပြောပြသည်။

Horizon အနေဖြင့် ပလူတိုဂြိုလ်ရှိရာသို့  ရောက်ရှိ သွားသောအခါ အလွန်မြန်ဆန်သော တစ်စက္ကန့် လျင် ၁၄ ကီလိုမီတာ အရှိန်ဖြင့် ရွေ့ လျားနေမည်ဖြစ်ပြီး ထိုမျှမြန်ဆန်သော အရှိန်ဖြင့် ဂြိုလ်တစ်လုံး၏ ပတ်လမ်း ထဲသို့  ၀င်ရောက်ရန်မှ မဖြစ်နိုင်လေရကား ပလူတိုဂြိုလ်အား ဖြတ်သန်းသွားရုံသာ ရနိုင်မည်ဖြစ်ကြောင်း သိရသည်။

Horizon ပေါ်မှာ ကိရိယာ ၇-မျိုးထက်မနည်း ပါပါတယ်။ ဒီ ၇-မျိုးလုံးကနေ ပေးပို့ တဲ့ဒေတာတွေကို မပြတ် ဖတ်နိုင်ရပါမယ်။ ဒါအတွက် ပညာရှင်အများကြီးက စနစ်တကျပေါင်းစပ် လုပ်ကိုင်နေ ရပါတယ်။ ဒါမှလည်း Horizon က ပလူတိုဂြိုလ်ကို စနစ်တကျ ဖြတ်သန်းသွားနိုင်ဖို့  လိုတာတွေ စီစဉ်နိုင်မှာဖြစ်ပါတယ်ဟု သုတေသီ တစ်ဦးက ပြောပြသည်။

ဇူလိုင်လ ၁၄ ရက်၊ ဂရင်းနစ်စံတော်ချိန် ၁၁း၅၀ တွင် Horizon သည် ပလူတိုနှင့် အနီးဆုံးနေရာသို့  ရောက် ရှိမည် ဖြစ်ပြီး ပလူတိုဂြိုလ်မှ ကီလိုမီတာ ၁၃၆၉၅ သာ ကွာဝေးတော့ မည်ဖြစ်ကြောင်း သိရသည်။ Horizon ပေါ်မှ ကိရိယာ ခုနှစ်မျိုးမှပေးပို့ သော သတင်း အချက်အလက်များကို ၁၀၀ စက္ကန့် အတွင်း ချိန်သားကိုက် ရရှိနိုင်ရန် စီစဉ်ထားရှိပြီး များမကြာမှီ နေအဖွဲ့ အစည်း၌ ဂြိုလ်ကြီး ၉-လုံး ရှိ၊မရှိကို တိကျစွာ သိရှိနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

သတိထားရမည့် ဖေ့စ်ဘွတ်ခ် မသမာသူ

သန္တာ (အမည်လွှဲ) ဆိုသည့် အမျိုးသမီးငယ် တစ်ယောက်မှာ ဘဝတွင် ရိုးရိုးသားသား နေထိုင်ရင်းက အကျင့်စာရိတ္တ မကောင်းသူ အမျိုးသမီး တစ်ဦး ဘဝသို့ ရောက်သွားရသည်။

သူ ရောက်သွားပုံမှာ ထူးလည်း ထူးဆန်းသည်၊ ထူးလည်း မထူးဆန်းဟု ဆိုရမည်။

အဘယ်ကြောင့် ဆိုသော် ဖေ့စ်ဘွတ်ခ် သုံးမိရင်း ဖြစ် သွားသောကြောင့် ဖြစ်သည်။

မတော်မလျော် ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုတွင် မိန်းကလေး ဓာတ်ပုံ တစ်ပုံနှင့်အတူ ဖုန်းနံပါတ်တွဲလျက် အကြိုက်တွေ့လျှင် ခေါ်ယူနိုင်ကြောင်း စာရေး တင်ထားခံရသူမှာ သန္တာဖြစ်နေသည်။

ထိုအဖြစ်အပျက်ကို သူကိုယ်တိုင် မသိလိုက်၊ မည်သို့မည်ပုံ ထိုမဟုတ်တရုတ် စာမျက်နှာမျိုးတွင် သူ၏ ဓာတ်ပုံ ရောက်နေသည်ကို မသိလိုက်သော်လည်း ထိုဓာတ်ပုံ၏ အောက်တွင် အမနာပ နှမချင်း ကိုယ်ချင်း မစာ ရေးသားထားသည့် စာများမှာ မြင်မကောင်းလောက်အောင် ရှိနေပြီ ဖြစ်သည်။

“ကျွန်မအကောင့်နဲ့ ပုံစံတူ အကောင့်အတု လုပ်ပြီး ဟက်ခံရတာ။ အဲလိုလုပ်တာကို သိလို့ Profile ပုံကို ချိန်းလိုက်တာနဲ့ ဟိုဘက်ကလည်း သုံးမိနစ်အတွင်း ပုံလိုက်ချိန်း၊ ကျွန်မပုံတွေယူ၊ သူ့ကို ဘယ်လောက်နဲ့ ခေါ်လို့ရတယ်။ အရင်က တင်ထားတဲ့ ကလေးနဲ့ ပုံတွေကို သားအမိပုံဆိုပြီး အမျိုးမျိုးပြော လုပ်တာ” ဟု အကောင့်နာမည်တူ အလုပ်ခံရသူ သန္တာ (အမည်လွှဲ) က ဆိုသည်။

ထိုသို့ လုပ်သူမှာလည်း သူ၏ Friend list ထဲမှ ဖြစ်နေသည်။ နောက်ဆုံးတွင် ထိုအကောင့်ကို ဝိုင်း၍ Report လုပ်သောအခါ ထိုအကောင့် ပိတ်သွားသည်။

ပုံမှန်လူစိတ်ရှိသူ တစ်ယောက်၊ လူ့ယဉ်ကျေးမှု အဆင့်ရှိသူ တစ်ယောက်အနေနှင့် ထိုသို့သော လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်၊ လူစိတ်မရှိသူ ကာမမုဆိုးများသာ ပြုမူ၊ ပြောဆို၊ ကျင့်ကြံတတ်သော အပြုအမူမျိုး ဖြစ်သည်။

နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြန်ဆန်လွန်းသည့် ယနေ့ခေတ်တွင် ထိုကဲ့သို့ အဖြစ်အပျက် မျိုးမှာ နေ့စဉ်နှင့်အမျှ မြင်တွေ့၊ ကြားသိနေရသည်။

နည်းပညာတိုးတက်မှု၏ ဘေးထွက်ဆိုးကျိုးဟု ဆိုနိုင်သလို နည်းပညာကို တလွဲအသုံးချသည့် လူအဆင့်မှ ယုတ်လျော့နေသော လူ့ဗာလာနံများကြောင့်ဟုလည်း ဆိုနိုင်ပေသည်။

ယခုအခါ ကမ္ဘာတစ်ဝန်းလုံးတွင် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်သုံးစွဲနေသူ ဦးရေမှာ သန်းထောင်ကျော် ရှိနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဖေ့စ်ဘွတ်ခ် သုံးစွဲသူပေါင်း လေးသန်းခန့် ရှိနေသည်။

နေ့စဉ်နှင့်အမျှ ဖေ့စ်ဘွတ်ခ်ပေါ်တွင် တစ်ဦးတစ်ယောက်ချင်းစီ၏ လုပ်ဆောင်ချက်များ၊ အပြုအမူများ၊ ခံစားချက်များကို ဖေ့စ်ဘွတ်ခ်တွင် ရှိနေသူ အချင်းချင်း မျှဝေနေကြသည်။

အထူးသဖြင့် အမျိုးသမီးငယ် အများစုမှာ ပွဲလမ်းသဘင်၊ အခမ်းအနားများတွင် အလှဓာတ်ပုံများ ရိုက်ပြီး ဖေ့စ်ဘွတ်ပေါ်တင်ကြသည်။ အချို့က သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလို၍ တင်ကြသည်။ အချို့က အမှတ်တရအနေနှင့် ဓာတ်ပုံတင်ကြသည်။ အချို့က လုပ်ရိုးလုပ်စဉ် တစ်ခုလို တင်ကြသည်၊ အချို့က ဖေ့စ်ဘွတ်ခ်တွင် လူကြိုက်များ၊ လူသိများလို့၍ တင်ကြသည်။ အချို့ Like အများအပြား ရလို၍ တင်ကြသည်လည်း ရှိသည်။

လူမှုကွန်ရက်ပေါ် တင်ကြသည့် ဓာတ်ပုံများတွင် ရိုးရိုးယဉ်ယဉ်လည်း ပါသည်၊ အနည်းငယ် ခေတ်ဆန် သည်လည်း ပါသည်၊ အဖော်အချွတ်များလည်း ပါသည်၊ ပေါ်ပင်ဖြစ်လို၍ Sexy ဆန်ဆန် ရိုက်ထားသော ပုံများလည်း ပါသည်။ ဆိုးဆိုးဝါးဝါး ဝတ်လစ်စားလစ် ဖြစ်နေသော ကမ္ဘာဦးမိန်းမများလည်း ပါသည်။

အမျိုးမျိုး ရှိကြသည့်အထဲ ရိုးရိုးသားသား ဓာတ်ပုံတင်သူများမှာ နေရင်းထိုင်ရင်း အနှောင့်အယှက် အဖျက်ဆီး ခံနေကြရသည်။

“ဖြစ်တာကတော့ ကျွန်တော့်ကောင်မလေးရဲ့ ပုံကိုယူပြီး တခြားညစ်ညမ်းတဲ့ Page မှာ ပုံတင်ပြီး သူ့ကိုတော့ ဘယ်လောက်နဲ့ ခေါ်လို့ရတယ် ဆိုပြီး ပုံတင်ထားတာ တွေ့တော့ စတွေ့တွေ့ချင်း ကတော့ တော်တော်လေး ဒေါသဖြစ်မိတယ်” ဟု ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးကလည်း ဆိုလာသည်။

ထိုဖေ့စ်ဘွတ်ခ် စာမျက်နှာမျိုးကို Report လုပ်၍ ပိတ်ပစ်နိုင်သော်လည်း လူယုတ်မာစိတ် ရှိသူ သည် နောက်ထပ် စာမျက်နှာအသစ်များဖြင့် ထပ်မံလုပ်ဆောင်နေဦးမည် ဖြစ်သည်။

ထိုလုပ်ရပ်များသည် လူမဆန်သည့် စိတ်ပိုင်းဆိုင်ရာ လိင်အကြမ်းဖက်မှု ဖြစ်သည်။ လူ့ဂုဏ်သိက္ခာ ညှိုနွမ်းစေမှု၊ အသရေဖျက်မှု၊ အကောင့်ခိုးယူမှု၊ ဆိုက်ဘာပြစ်မှုများ ဖြစ်သည်။

အင်တာနက်တွင် ယင်းသို့ မတော်မလျော် ပြုလုပ်ခံရမှုကို သက်သေခိုင်လုံလျှင် အသရေဖျက်မှုဖြင့် တရားစွဲဆိုနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။

“ဘယ်သူဘယ်ဝါက ဒီလိုဟာမျိုးကို တင်တယ်ဆိုတာကို အချိတ်အဆက်မိမိ ရှာနိုင်မယ်ဆိုရင် သက်သေခံ တင်နိုင်ပါတယ်။ အကောင့်အတုနဲ့ လုပ်တာမျိုးကို အရေးယူနိုင်တယ် ဆိုတာမျိုးတော့ မကြားဖူးဘူး။ လူမှုရေး အရတော့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပေါ့၊ ထိထိရောက်ရောက် အရေးယူဖို့ လိုတာပေါ့။ ဒါပေမဲ့ ဒါကိုဖော်ထုတ်ဖို့ကျတော့ ရဲတွေမှာ ကိရိယာတန်ဆာပလာ အထောက်အကူ လုံလုံလောက်လောက်ရှိမှ ရမှာ” ဟု ၎င်းကဆိုသည်။

သို့သော် ယခုအချိန်ထိ အသရေဖျက်မှုဖြင့် တရားစွဲသည်ဆိုခြင်းကို မကြုံဖူးသေး။ ဒေါက်တာ ဆိတ်ဖွားဖြစ်ရပ်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း မပြီးမပြတ်နှင့် အဆုံး သတ်သွားသည်။

ဖေ့စ်ဘွတ်ခ်တွင် လူသိများသည့် အမျိုးသမီးငယ်များ အနေနှင့် ဖေ့စ်ဘွတ်ပေါ်သို့ ဓာတ်ပုံတင်လိုက်သည်နှင့် ထိုပုံကို အများက ယူငင်သုံးစွဲနိုင်သည်ကို သတိပြုရန်လိုသည်။

တရားဥပဒေအရ အကာအကွယ်ရမှု နည်းပါးချိန်တွင် မိမိ၏ ဖေ့စ်ဘွတ်ခ်အကောင့်ကို တော်ရုံနှင့် အဖောက် မခံရရန်၊ ဓာတ်ပုံများကို အလွဲမသုံးနိုင်ရန် အတတ်နိုင်ဆုံး မိမိဘာသာ ကာကွယ်ရမည် ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်တွင် ဓာတ်ပုံတင်သည့်အခါ Public၊ Friend စသည်ဖြင့် မည်သူတို့ကို မိမိဓာတ်ပုံ၊ စာသားများ ကို မြင်ခွင့်ပြုမည်ဆိုသော ရွေးချယ်မှုကို ပြုလုပ်နိုင်သည်။ မသိကျွမ်းသူ တစ်ယောက်က Friend Request လုပ်သည့်အခါ ထိုသူ၏ အကောင့်ကို သေချာစွာ စစ်ဆေးကြည့်ရန်လိုသည်၊ ထိုသူသည် ပုံမှန် ဖေ့စ်ဘွတ် သုံးစွဲသူ တစ်ဦး ဟုတ် မဟုတ်နှင့် ထိုသူ၏ ဖေ့စ်ဘွတ်ခ် မည်မျှ သက်ဝင်လှုပ်ရှားမှု ရှိသည်ကို Timeline တွင် ဝင်ရောက်ကြည့်ရှုသင့်သည်။

ဖေ့စ်ဘွတ်ခ်အကောင့်ကို တခြားသူတစ်ဦးအား ဖွင့်ခိုင်းခြင်းမျိုးကို ရှောင်ကြဉ်ရန်လိုသည်။ အကောင့် အဖောက်မခံရရန် ဖုန်းနံပါတ်နှင့် စာရင်းသွင်း၍ အသုံးပြုသင့်သည်။

“ကိုယ့်ဘက်က အကောင့်လုပ်ခိုင်းတာ၊ ကိုယ့်ဖုန်းနဲ့ Register မလုပ်ဘဲ အီးမေးလ်နဲ့ လုပ်ထားတာ မျိုးတွေက အဖောက်ခံရနိုင်တယ်။ ခုချိန်မှာ တယ်လီနောတို့၊ အော်ရီဒူးတို့ ဖုန်းတွေနဲ့ အကောင့်လုပ်လို့ ရတယ်၊ အဲ့ဒီတော့ ဖုန်းပျောက်သွားလို့ သူများဆီ ပါသွားရင်တောင် အပျောက်လျှောက်ပြီး ပြန်သုံးလို့ရ တယ်။ ကိုယ့်အကောင့်ကို ယူသုံးလို့ မရဘူးပေါ့” ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များ အသင်းမှ အလုပ်အမှုဆောင် ဦးရဲမြတ်သူက ဆိုသည်။

ထိုသို့ အဖောက်ခံရ၊ အလွဲသုံးခံရသည့် သက်သေအထောက်အထား ရှိလျှင်ပင် ဒစ်ဂျစ်တယ် သက်သေခံကို တရားရုံးတွင် သက်သေခံအဖြစ် တင်ပြရန် ခက်ခဲနေသေးကြောင်းနှင့် မြန်မာနိုင်ငံရှိ ဥပဒေ အချို့မှာ ခေတ်နောက်ကျနေပြီး သက်တမ်းကြာနေပြီ ဖြစ်သောကြောင့် ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်နေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

နည်းပညာပိုင်း သိနားလည်မှု နည်းပါးသူများ အနေနှင့် မိမိ၏ အကောင့်ကို လက်တည့်စမ်း ခိုးဖောက် ချင်သူများ၏ သားကောင်အဖြစ် အလွယ်တကူ ကျရောက်နိုင်သည်။

အကောင့်အတု၊ Page အတုများ သုံးကာ အမျိုးသမီးငယ်များ၏ ပုံကိုတင်၍ မတော်မလျော် အသုံးချနေသူ များ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ တိုက်ခိုက်သူများ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်တွင် တစ်နေ့တခြား များပြားလာသည်။

“ဘာမှမဆိုင်တဲ့ မိကောင်းဖခင် သားသမီး မိန်းကလေး တစ်ယောက်တည်းကို တည်ပြီး Account အတု၊ Page အတုတွေလုပ်၊ ရုပ်တူတဲ့ မိန်းကလေးပုံတင်၊ 18+ post/comment တွေတင်။ ဘာသာရေး၊ နိုင်ငံရေး ရန်တိုက် ငွေတောင်းထား ပုံလေးတွေပါ” ဟု စာတန်းထိုး ပြောထားကာ ဖေ့စ်ဘွတ်ခ် သုံးစွဲသူ တစ်ဦးက ခြိမ်းခြောက်ငွေတောင်းခံရပုံကို ဓာတ်ပုံရိုက်၍ ပြန်တင်ထားသည်ကိုလည်း တွေ့ရသည်။

ဆိုရှယ်မီဒီယာတွင် လူကြီးလူကောင်းများစွာ ရှိနေသည်၊ မိကောင်းဖခင် သားသမီးများစွာ ရှိနေသည်၊ အစိုးရအရာရှိပိုင်းကလည်း သုံးစွဲနေကြသည်။ ထို့အတူ ဆိုရှယ်မီဒီယာသည် လူယုတ်မာ၊ လူ့အရိုင်းအစိုင်း များ၏ ခြိမ်းခြောက်ငွေညှစ်ရာ နေရာတစ်ခုလည်း ဖြစ်လာနေသည်။

ခေတ်နှင့်အညီ ပြောင်းလဲလာနေသော နေထိုင်မှုပုံစံတွင် ဆိုရှယ်မီဒီယာသည် ဘဝလူနေမှု ပုံစံသစ် တစ်ခု ဖြစ်သည်။ ယခုအခါ ထိုလောကတွင်လည်း စုန်းပြူးများ အလျှိုလျှို ပေါ်ထွက်လာနေသည်။

“ဘယ်နေရာပဲ ရောက်ရောက် ပုံလေးတွေကို Facebook မှာ တင်ရတာ ဝါသနာပါတယ်။ ပွဲလမ်း သဘင်တွေဆိုလည်း ဒီလိုပဲ ပုံတွေ တင်ဖြစ်တယ်၊ ခုနောက်ပိုင်း ပုံတွေယူပြီး မကောင်းတဲ့ Page တွေမှာ တင်တာမျိုးကြားရတော့ ကျွန်မပုံတွေယူပြီး အလုပ်ခံရမှာ ကြောက်လာတယ်” ဟု ဖေ့စ်ဘွတ်သုံးစွဲသူ တစ်ဦးကလည်း ဆိုသည်။

လူ့လောကတွင် စည်းကမ်းတကျ ပြုမူနေထိုင်ရန် တရားဥပဒေ ရှိသည်၊ လောကနီတိ၊ ပြည်သူ့နီတိ ရှိသည်၊ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများ ရှိသည်။ ထိုအရာများကို လိုက်နာကျင့်ကြံခြင်း မရှိသူသည် လူ့စည်းဝိုင်း ပြင်ပမှ လူ၊ တစ်နည်းအားဖြင့် လူစဉ်မမီသူများသာ ဖြစ်သည်။

“အခုလိုမျိုး Facebook မှာ ပုံတွေကို မဟုတ်တာတွေ လုပ်နေကြတာကို ကျွန်တော့် အမြင်ကတော့ မကောင်းဘူးလို့ ထင်တယ်။ IT နယ်ပယ်မှာရှိတဲ့ Ethic အရရော၊ ကိုယ့်နိုင်ငံမှာရှိတဲ့ ယဉ်ကျေးမှု အရရော မသင့်တော်ဘူး။ အခုက Facebook က ပရမ်းပတာကြီး ဖြစ်နေပြီ။ ဒီနိုင်ငံက Facebook ကို အသုံးချနေ တာတေ၊ွ ထင်မြင်ယူဆချက်တွေ လွဲနေတယ်၊ အတင်းတုပ်စရာ၊ မဟုတ်တာ အကုန်လုပ်စရာ နေရာ လို ဖြစ်နေတယ်” ဟု ပြည်တွင်းမီဒီယာအေးဂျင့် ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသူ ကိုရဲဇွန်အောင်က မှတ်ချက်ပေးသည်။

ဖေ့စ်ဘွတ်ခ်တွင် ရှိနေသော အမျိုးကောင်း သမီးများမှာလည်း မသမာသူများ၏ နှောင့်ယှက် မကောင်းကြံ ခံရမည့်အရေး စိုးတထိတ်ထိတ် ဖြစ်နေကြရသည်။

စစ်ငြိမ်းသူ၊ ဆု
The Voice Weekly
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

တီဗီ ကြာမြင့်စွာ ကြည့်ခြင်းနှင့် အထီးကျန် စိတ်ဝေဒနာ

By မြတ်ဆုကို

ညဆို တီဗီရှေ့ထိုင်ပြီး တစ်ခုပြီး တစ်ခု၊ တစ်ခွေပြီး တစ်ခွေ မဆုံးနိုင်အောင် ကြည့်တတ် ပါသလား။ ထိုသို့ဆိုလျှင် အထီးကျန် စိတ်ဝေဒနာ ခံစားနေရ သူ ဖြစ်ဖို့ အလွန်နီး စပ်နေပြီ။

အရက်ကို တစ်ချီတည်းနှင့် အလွန်အမင်း သောက် သုံးကာ လူမှန်းသူမှန်း မသိအောင် ကိုယ့်ကိုယ့်ကို ဖန်တီး လိုက်ခြင်းသည် အထီးကျန်မှုကို ဖြေဖျောက် လိုသူတို့၏ လက္ခဏာ တစ်ရပ် ဖြစ်သည်။ အလားတူပင် တီဗီကို နာရီ တော်တော် ကြာအောင် တစ်ချီတည်း ထိုင်ကြည့်ခြင်းသည်လည်း မိမိ၏ အထီးကျန်စိတ်ကို ဖျောက်လိုသူ များ၏ လုပ်ရပ် ဖြစ်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။ တီဗီကို အချိန်ကြာကြာ ထိုင်ကြည့်ခြင်းသည် အထီးကျန်ခြင်း၊ စိတ်ကျခြင်း လက္ခဏာ ဖြစ်သည်။

လက်တွေ့ လေ့လာမှု အရလည်း လူတွေဟာ အထီးကျန်ဆန်လာလေ၊ စိတ်ကျလာလေ သူတို့မှာပေါ်လာ မည့် အဆိုးမြင် အဖျက်တွေး စိတ်များ ရန်မှ ခုခံရန် တီဗီကို ဖိကြည့်တတ် ကြကြောင်း တွေ့ရှိရသည်။ တီဗီကြည့်ခြင်းသည် ဘာမျှ ပြဿနာ ရှိသော အလုပ် မဟုတ်ဟု ထင်ကောင်း ထင်လိမ့်မည်။ သို့သော် တီဗီရှေ့ ထိုင်ပါများသူသည် အ၀လွန်ခြင်း၊ မောပန်းစိတ်ကျခြင်းတို့ ပိုကြုံရ တတ်ကြောင်း လေ့လာ သုတေသန များက ဖော်ပြ ထားသည်။

လေ့လာမှု စစ်တမ်းကို အမေရိကန် နိုင်ငံ အော်စတင်မြို့ရှိ တက္ကဆက်ပြည်နယ် တက္ကသိုလ် သုတေသန အဖွဲ့ ပြုလုပ် ထားခြင်း ဖြစ်သည်။ အသက် (၁၈) မှ (၂၉) ကြား လူ (၃၀၀) ကို လေ့လာထားခြင်း ဖြစ် သည်။ ထို သူများ တီဗီ ကြည့်နှုန်း၊ အထီးကျန် စိတ်ဝေဒနာ ခံစားရနှုန်း၊ စိတ်ဓာတ် ကျနှုန်း၊ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင် တော့သည့် စိတ် အနေအထားသို့ ရောက်ရှိနှုန်း များကို စစ်တမ်း ကောက်ယူ ခဲ့သည်။

မိမိမှာ အခြား လုပ်စရာများ ရှိနေသေး သည့်တိုင် တီဗီ အစီအစဉ်များကို တစ်ခုပြီး တစ်ခု ပြောင်းကြည့်နေ သည့် လုပ်ရပ်ကို မရပ်နိုင်ဘဲ ဆက်ကြည့် နေမိခြင်းကို မိမိကိုယ်ကို မထိန်းချုပ်နိုင်ခြင်းဟု ဆိုလိုသည်။ ထိုသို့ ဖြစ်လာပါက ဆက်မကြည့်သင့် တော့ဘူးဟု စိတ် ကသိနေသည့်တိုင် ကိုယ့်ကိုယ်ကို မတား ဆီး နိုင်ဖြစ်ရတတ်သည်။ ယခုတွေ့ရှိချက်သည် လူမှု စိတ်ပညာ နယ်ပယ် အတွက် အရေးကြီးသော တွေ့ရှိ မှု တစ်ရပ် ဖြစ်ကြောင်း သုတေသန အဖွဲ့ခေါင်း ဆောင် ယွန်ဟီဆန်ကပြောသည်။

Source: Daily Mail
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

မှတ်ဉာဏ်ကောင်းအောင် ဤသုံးချက်ဆောင်

By ကိုထိုက်

အရေးကြုံပြီဆို ခေါင်းက စဉ်းစားမရ။ မေ့နေ တော့ သည်။ အမြင်ကတ်ဖို့ ကောင်းလှ၏။ အံတွေကြိတ်၊ လက်သီးတွေ ဆုပ်နဲ့ ကြိတ်မနိုင် ခဲမရ ဖြစ်နေ ရတာ ခံရခက် လှသည်။ လိုချင်သည့် အချိန် ပြန်စဉ်းစား လိုက်သည်နှင့် စီစဉ်တကျ ပေါ် လာအောင် ဆောင် ရမည့် အချက် သုံးချက်ကို အောက်တွင် အကြံပြု တင်ပြ ပါမည်။

၁။ ခိုင်းလေ အသုံးကျလေ၊ မခိုင်းတာကြာ လေ အသုံးမကျလေ။

ဦးနှောက်သည် ခန္ဓာ ကြွက်သားများ အတိုင်း ဖြစ်၏။ များများခိုင်းလေ၊ များများကျင့် ပေးလေ သန်စွမ်း လာလေ ဖြစ်သည်။ ဦးနှောက်ကို မည်သို့ ခိုင်းရမည်နည်း အကြံပြု ရလျှင် အသစ်၊ အသစ်များ အမြဲ သင်ယူနေပါ။ ဦးနှောက်သည် အသစ်၊ အသစ်များ အတွက် အမြဲတမ်း ပြင်ဆင်နေရ သဖြင့် လေ့ကျင့်ခန်း အမြဲ လုပ်သော ကြွက်သား လိုပင် သန်စွမ်းအားကောင်းကာ အရေးကြုံလျှင် လိုချင်တာကို ချက်ချင်း မှတ်မိနိုင်သည်။ အမြဲတမ်း တစ်သမတ်တည်း သွားနေခြင်းမှ ခွဲထွက်ပြီး ပုံစံသစ် ကျင့်သုံးပါ။ ဆွေးနွေးခြင်း၊ စကားရည် လုခြင်းများ လုပ်ပေးပါ။ ခရီး များများ ထွက်နိုင်လေ ဦးနှောက် က အမြင်၊ အကြား၊ အထိ အတွေ့သစ်များကို သင်ယူ နိုင်လေ ဖြစ်ကာ ပိုသန်စွမ်း အားကောင်း လာမည်။ ဂီတ တူရိယာ တစ်ခုခု တီးခတ်ခြင်းသည်လည်း ဦးနှောက်ကို အသစ်၊ အသစ်များနဲ့ ထိတွေ့ပေးနိုင်သော အလေ့အထကောင်း ဖြစ် သည်။ စာဖတ်ခြင်း သည်လည်း ဦးနှောက်ကို အတွေးအခေါ် သစ်များ၊ အကြောင်းအရာသစ်များနဲ့ အမြဲမပြတ် ထိတွေ့ပေး နိုင်သော အကျင့်ကောင်း တစ်ခု ဖြစ်သည်။ အသစ်အသစ်များ ကြုံရသည့် အခါ ဦးနှောက် အတွင်း သတင်း အချက်အလက်သစ် များကို သိမ်းဆည်းဖို့ ကွန်ရက် ချိတ်ဆက် ဆက်ကြောင်း သစ်များ ပေါ်လာသည်။ ဦးနှောက် အတွင်း ကွန်ရက် ချိတ်ဆက်မှု အားကောင်းလေ မှတ်ဉာဏ်လည်း အား ကောင်းလာလေ ဖြစ်သည်။

၂။ ဦးနှောက်ဆဲလ်တွေ သန်စွမ်းအောင် ကာဘို ဟိုက်ဒရိတ်ဓာတ် များများစားပါ။

ကနေဒါ နိုင်ငံတွင် ပြုလုပ် ထားသော စစ်တမ်း တစ်ရပ်အရ သက်ကြီးပိုင်းများ ထဲတွင် ကာဘိုဟိုက်ဒရိတ် များများ ပါသော အစားအစာများ စားသုံးလေ့ရှိသူ များသည် အခြား ရွယ်တူများနှင့် ယှဉ်လျှင် ဦးနှောက် စွမ်းအား ပိုကောင်းပြီး မှတ်ဉာဏ်လည်း ပိုကောင်း ကြကြောင်း တွေ့ခဲ့ ရသည်။ သို့သော် ကာဘို ဟိုက်ဒရိတ်ကို ကျန်းမာသော စားသုံးမှုပုံစံမှ ရရှိအောင်တော့ ဂရုပြု ရမည်။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ အစေ့အဆံများကို စားသုံးခြင်းဖြင့် ရရှိသော ကာဘိုဟိုက် ဒရိတ်သည်သာ ဦးနှောက်ကို အကျိုးပြုသည်။ အချိုကဲသည့် ကိတ်မုန့်များ၊ ရေခဲမုန့် များ စားခြင်းမှလည်း ကာဘိုဟိုက်ဒရိတ် ဓာတ်ရရှိ သည်။ သို့သော် ထိုအရာများမှ ရရှိသော ကာဘိုဟိုက်ဒရိတ်သည် ပုံမှန်ခြင်း မရှိသဖြင့် ဦးနှောက်သည် ရံဖန်ရံခါ အာရုံစူးစိုက် နိုင်စွမ်း ကျဆင်းရမည့် အန္တရာယ် ရှိသည်။ အဆီဓာတ် များသော ငါးများကို တစ်ပတ် တစ်ကြိမ်လောက် စားသုံးခြင်းသည်လည်း ဦးနှောက် အတွင်း မှတ်ဉာဏ်ကို အထောက်အကူပြုသော မီးခိုးရောင် အနည်အနှစ်များ တိုးပွားအောင် ကူညီသည်။

၃။ ပစ္စုပ္ပန်မှာနေ။

ပြီးချင်ဇောနဲ့ အလုပ် အများအပြားကို တစ်ပြိုင်တည်း လုပ်ခြင်းသည် ရည်ရွယ်ချက် နဲ့ ပြောင်းပြန် အကျိုး သက်ရောက်ကာ အလုပ် မပြီးသည့် အဖြစ်သို့ ဆိုက်ရောက်သည်။ လက်တွေ့ လေ့လာမှု စစ်တမ်းများ အရလည်း အလုပ် အများအပြားကို တစ်ပြိုင်နက် လုပ်ခြင်းသည် ဦးနှောက် စွမ်းရည်ကို ကျဆင်း စေသလို မှတ်ဉာဏ် ကိုလည်း ထိခိုက်စေကြောင်း သိရသည်။ တစ်ကြိမ်တွင် တစ်ခု စိတ်စူးစိုက်ပြီး လုပ်ခြင်းသည် စိတ်လည်း သက်သာ၏။ မြန်မြန်လည်းပြီး၏။ မေ့ခြင်း ပျောက်ခြင်းလည်း မရှိဘဲ စဉ်းစားတိုင်း ပေါ်လာ၏။ မှတ်ဉာဏ်ကောင်းစေသော ၀န်းကျင်များမှာ နေထိုင် ဖြစ်အောင်လည်း ကြိုးပမ်းရမည်။ ဆူညံသော ၀န်းကျင် သည် အာရုံစူးစိုက် နိုင်စွမ်းကို ကျဆင်း စေသည်။ မှတ်သား လိုသည် များကို စိတ်ထဲမှာ ရွတ်ဆို လိုက်ခြင်းဖြင့် လူသည် မှတ်သားသည်။ ဆူညံသော ၀န်းကျင်တွင်ကား ပြင်ပသံ များကြောင့် စိတ်မှတ်နိုင် စွမ်း ကျဆင်းကာ တော်တော်များများကို မမှတ်မိဘဲ ဖြစ်ရ တတ်သည်။ သို့ဖြစ်ရာ စိတ်ကို ပစ္စုပ္ပန်မှာ ထားသင့်သလို တိတ်ဆိတ် အေးချမ်းသည့် ၀န်းကျင်မျိုးမှာ နေထိုင် လုပ်ကိုင် ဖို့လည်း လိုမည်။

Ref: 3 Tricks for a Better Memory (rdasia.com)
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

အသ​ည်း​ဆီ​ဖုံးေ​ရာ​ဂါ​အတွ​က် ထိေ​ရာ​က်ေ​သာ ​တို​င်း​ရ​င်းေ​ဆး​ပင်များ

Written by ကြည်လွင်မြင့် (မုဒြာ)

အသည်း အဆီဖုံးရောဂါသည် ယခုဆယ်စုနှစ် အတွင်းမှာ အဖြစ်များလာသော ရောဂါဖြစ်သည်။ လွန်ခဲ့သော ၂၇ နှစ်က စာရေးသူ တိုင်းရင်းဆေးရုံ တွင် အလုပ်သင် ဆရာအဖြစ် ဆင်းခဲ့သည့် အချိန် တွင် အဖြစ်များသော အသည်းရောဂါမှာ အသည်းရောင်အသားဝါ (ရိုးရိုး) သာဖြစ်သည်။ ထိုရောဂါဖြစ်လျှင် တစ်ကိုယ်လုံး အသားများ ဝါသည့် အပြင် မျက်စိပါ ဝါသည်။ နောက်ဆုံး ဆီးသွားလျှင် အဝါရင့်ရောင် သွားသည်။ ထိုစဉ်က ပြည် သူ့ဆေးရုံတိုင်းရင်းဆေးဟုခေါ်သော မြောက်ပြင်ရှိဆေးရုံမှာ ခုတင် ၂၅ လုံး မျှသာဆံ့သော်လည်း အသားဝါ လူနာများပြည့်လျက် လူနာ ၅၀ ခန့်အထိ ကုသပေးခဲ့ရသည်။ အသားဝါ လူနာအားလုံးနီးပါး ကိုယ်ဝန်ဆောင် အသားဝါပါ မကျန် တိုင်းရင်းဆေးဖြင့် ကုသပျောက်ကင်းကြသည်။

ထိုအချိန်က အသားဝါကုသသော အဓိကတိုင်းရင်းသားဆေးမှာ ဆေးအမှတ် (၁) ဟု အမှတ်အသား ပြုထား သည့် မက်လင်ချဉ်ဆေးဟုလည်းခေါ်သည့် ဆေးဖြစ်သည်။ ရှေးဆေးကျမ်းများမှ ‘သေမုပုတိက သလိပ် ပုပ်နိုင်ဆေး’ နည်းကိုယူထားသော ဆေးဖြစ်သည်။

အသည်းရောင်အသားဝါအတွက် ကောင်းသည့် အမှတ် (၁) ဆေးနည်းတွင် အဓိကပါဝင်သော ဆေး မယ်မှာ မက်လင်သီး၊ မက်လင်ခေါက်ဖြစ်သည်။ မက်လင်သီးသည် အလွန်ချဉ်သောအသီးဖြစ်ပြီး ချဉ် ဟင်းချက်ရာတွင် ထည့်သွင်းအသုံးပြုကြသည့် တော့ဓလေ့သုံးအသီးဖြစ်သည်။ အသီးများကိုနေလှန်း အခြောက်ပြုလုပ်ပြီးတော့လည်းဈေးများတွင် ရောင်းချကြသည်။

မက်လင်သီး မက်လင်ခေါက်တို့ပါဝင်သောဆေးသည် အသည်းအတွက် အလွန်ကောင်းသည်။ အသည်းရောင်ခြင်းကို ကျစေသည့်အပြင် အသားဝါခြင်း၊ ဆီးဝါခြင်းကိုလည်း အလွန်လျင်မြန်စွာ ကောင်း မွန်စေနိုင်ကြောင်း စာရေးသူတို့ အလုပ်သင် ဘဝကတည်းက လက်တွေ့ပင်ဖြစ်သည်။

ထိုအချိန်က ယခုခေတ်စားနေသည့် အသည်းအဆီဖုံးရောဂါသည် များစွာခေတ်မစားသေးပေ။ အသား ဝါရောဂါဟုရှိပြီး B ပိုး၊ C ပိုးများ ခေတ်မစားသေးပေ။ နောက်ထပ် ၁၀ နှစ်ကျော်ကြာ ၁၉၉၅ ခုနှစ် နောက် ပိုင်းမှသာ ပိုးကြောင့်ဖြစ်သော အသည်းရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းအဆီဖုံး ရောဂါ များ ခေတ်စားလာသည်။

ရှေးခေတ်ကမဖြစ်ခဲ့ဖူးသော အသည်းရောဂါအမျိုးမျိုးကြောင့် သေဆုံးသူများမှာ မျက်စိရှေ့တွင်ပင် မနည်းတော့ပါ။ ကြောက်စရာကောင်းလောက်အောင်ကို တိုးပွားလာနေသည်။

စားကောင်းသောက်ကောင်း ဝဖြိုးနေသူတစ်ဦးသည် အကြောင်းတစ်ခုကြောင့် ဆေးစစ်လိုက်လျှင် အ သည်းအဆီဖုံးနေသည်ဟု သိရသည်။ ထိုသို့သိရသည့်အခါမှစ၍ ထိုသူသည်နေမကောင်းဖြစ်လေ တော့ သည်။

ကျုံးနံဘေးတွင် လမ်းလျှောက်နေသူအတော်များများကို မေးလိုက်လျှင် အသည်းအဆီဖုံးနေလို့ ဆရာ ဝန်ကလမ်းလျှောက်ပြီး အဆီချခိုင်းလို့ဟု ပြောသူတော်တော်များများကို တွေ့ရသည်။ ပင်ကိုမိမိကျန်း မာရေးအသိဖြင့် လမ်းလျှောက်သူကနည်းသည်။ ဆရာဝန်က အသည်းအဆီဖုံးနေပြီပြောလိုက်မှ လမ်း လျှောက်သူက များလာလေသည်။

အရက်ဆိုင်၊ လမ်းဘေးစည်ဘီယာဆိုင်များမှာလည်း ရှေးခေတ်ကထက် ဆယ်ဆမက တိုးပွားလာပြီး အရက်သောက်သူ ဘီယာသောက်သူများမှာ ဗိုက်စူထွက်လာပြီး အသည်းအဆီဖုံးရောဂါရလာသူများ လည်း တွေ့ရသည်။ အသည်းပျက်စီးစေသော အဆင့်ရောက်သောအခါ အသည်းခြောက်၊ အသည်း ကင်ဆာကြောင့် သေရသူအလွန်များလာသည်။

မနှစ်က စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် အစာအိမ်သွေးကြောပေါက်၍ ဆေးရုံတက်ကာ သွေးကြော ဖာပြီးပြန်ဆင်းလာသည်။ သူ့အသည်းခြောက်နေသဖြင့် အသည်းသို့ဝင်သော သွေးကြောပိတ်ပြီး အစာ အိမ်တွင် နောက်ကြောင်းပြန်သွေးဖိအားတိုးကာ သွေးကြောပေါက်သွားသည်ဟုဆိုသည်။ အဓိက တရားခံ မှာ အစာအိမ်မဟုတ်၊ အသည်းဖြစ်နေသည်။ ထိုမိတ်ဆွေသည် အရက်ကိုအမြဲသောက်သူမ ဟုတ်။ ဂေါက် သီးရိုက်ပြီးနိုင်မှ တစ်လတစ်ကြိမ်၊ နှစ်ကြိမ်မျှသာသောက်သူဖြစ်သည်။ ဤမျှနှင့် အသည်း ခြောက်ရသည်မှာ ဆိုးလှသည်။

အရက်သောက်သူ၊ အသည်းဆီဖုံး၊ အသည်းခြောက် သူများအတွက် ဆေးနည်းတစ်ခုပေးချင် ပါသည်။ ဆေး ပင်ဟုပြောလျှင်လည်း ဖြစ်နိုင်ပါသည်။ ‘ဟင်းဂလာ’ ပင်ဟုခေါ်ပါသည်။

စာရေးသူ၏ အဘိုးတစ်ဝမ်းကွဲတော်သူ (အဘိုး၏ညီတစ်ဝမ်းကွဲတော်သူ) သည် အရက်ကိုပုံမှန် သောက် သူဖြစ်ပါသည်။ ညနေခင်းရောက်သည်နှင့် အရက်ကိုရေနွေးထည့်သည့် သတ္တုကရားတွင် ထည့်ပြီး တစ်အိုးခန့်သောက်ပါသည်။ သူသောက်သည့်အရက်မှာ ချက်အရက်ဟုခေါ်သော အရက်ဖြူ ဖြစ်ပါသည်။ အံ့သြစရာ ထိုအဘိုးသည် အသက် ၉၉ နှစ်ကျော် ၁၀၀ အတွင်းရောက်မှ သေပါသည်။ နှစ်ပေါင်း ၅၀ ကျော် အရက်သောက်ခဲ့သော်လည်း အသည်းမခြောက်ခဲ့ပါ။ သူအမြဲစားခဲ့သော အရက် အမြည်းမှာ တောရွာများ တွင် ပြုလုပ်လေ့ရှိသော ဟင်းဂလာချဉ်ဖတ်ဖြစ်ပါသည်။

ဟင်းဂလာပင်သည် နုန်းတက်မြေနုနှင့် သဲသောင်ခုံများတွင် အလေ့ကျပေါက်သော အပင်များဖြစ်ပါ သည်။ မြေနှင့်သဲတွင် ကပ်၍ပေါက်ပြီး လက်ဝါးကဲ့သို့ နံဘေးသို့ဖြာထွက်သည်။ ဟင်းဂလာပင် ကို ပြုတ် သောက်လျှင် ဆီးအလွန်ကောင်းသည်။ ကျွဲနွားများ၊ ဆီးချုပ်သောအခါ ဟင်းဂလာပင်ကို ခုတ်စဉ်း၍ နွားစာတွင်ရောကျွေးကြသည်။

ဟင်းဂလာပင်ကို ထမင်းလက်တစ်ဆုပ်ခန့်ဖြင့် မြေစဥ့်အိုးငယ်တွင်ထည့်ပြီး အချဉ်တည်ထားပြီး သုံး ရက်ခန့် တွင် အချဉ်ပေါက်သည်။ ဟင်းဂလာချဉ်ဖတ်ကို ငါးဖြင့်ရော၍လည်း ချက်စားလေ့ရှိကြသည်။ တောဓလေ့ တွင် ချက်အရက်သောက်ကြသူများသည် အရက်နာမကျစေရန် ဟင်းဂလာချဉ်ဖတ်ကို ပဲကြီးလှော်နှင့် စားသုံးရင်း အရက်သောက်လေ့ရှိကြသည်။ ထိုကဲ့သို့ သောက်သောအရက်သမားများ မှာ အရက်နာကျခြင်း၊ အသည်းခြောက်ရောဂါဖြစ်ခြင်း မရှိကြောင်း တွေ့ရပါသည်။

အသည်း အဆီဖုံးခြင်းအတွက် ထိရောက်သော အခြားဆေးဖက်ဝင် အရွက်မှာ ဆေးမြင်ခွာရွက်ဖြစ် သည်။ ဆေးမြင်းခွာရွက်သည် စားသုံးသည့်မြင်းခွာရွက်ထက် အရွက်သေးသည်။ လမ်းလျှောက်နွယ် မျိုးဖြစ်ပြီး အရွက်နှင့်အရိုးတွင် အမွေးနုကလေးများ ပါလေ့ရှိသည်။ ရိုးတံအနီရောင်နှင့် အဖြူရောင် နှစ် မျိုးရှိသည်။ နှစ်မျိုးလုံးပင်ဆေးဖက် ဝင်ပါသည်။

ဆေးမြင်ခွာပင်များကို နွယ်လိုက် ရအောင်နုတ်ယူပြီး ဝါးလုံးတန်းကဲ့သို့ တန်းပေါ်တွင် အရှည်လိုက်တင် ၍ အခြောက်လှန်းပါ။ နေပူတွင်မလှန်းဘဲ နေရိပ်တွင်လှန်းပါ။ ခြောက်သွားသောအခါ မှိုမတက်အောင် သံဘူး သို့မဟုတ် ဖန်ပုလင်းတွင် သိမ်းဆည်းထားပါ။ နေ့စဉ်ရေနွေး မက်ခွက် တစ်ခွက် စာမျှ လက်ဖက် ခြောက် ခတ်သောက်ပေးပါ။ အသည်း အဆီဖုံးခြင်းကို ကျဆင်းစေနိုင်ပြီး ဆီးကောင်း၊ ဆီးရွှင်ကာ မျက်စိ အားကို လည်း ကောင်းစေနိုင်ကြောင်း လက်တွေ့သုံးစွဲဖူးသူများကပြော၍ မှတ်သား ရဖူးပါသည်။

အသည်းအဆီဖုံးခြင်းအတွက် နောက်ထပ်ထိရောက်သောအသီးမှာ ဆီးဖြူသီးပင်ဖြစ်ပါသည်။ ဆီးဖြူ သီးကိုဆေးဖက်ဝင်အသီးအဖြစ် မြန်မာဆေးကျမ်းများစွာတွင် ပါဝင်သည့်အပြင် အနောက်တိုင်းအာ ဟာရသုတေသီများကလည်း ဗီတာမင်စီ အလွန်ကြွယ်ဝသောအသီးအဖြစ် အသိအမှတ်ပြုထားကြပါ သည်။ သို့သော် ဆီးဖြူသီးကို အစိမ်းအတိုင်းစားလျှင် လေချုပ်၊ သွေးချုပ်စာဖြစ်သဖြင့် နေ့စဉ်ရက် ဆက်များများစားရန် မသင့်ပါ။ အထူးသဖြင့် အမျိုးသမီးများ သွေးပေါ်ရက်နီးလျှင် မစားသင့်ပါ။

အသည်းအဆီဖုံးသူများအတွက် ဆီးဖြူသီးစားရန်နည်းမှာ ဆားရည်စိမ်စားလျှင် ပို၍ကောင်းသည်။ ဆားရည်စိမ်ထားလျှင် ကြာကြာအထားခံပြီး အရသာလည်းပို၍ကောင်းသည်။ တစ်နေ့လျှင်တစ်လုံးမျှ စားလျှင်ပင် လုံလောက်သည်။

တာရှည်ခံသောနည်းမှာ ဆီးဖြူသီးပေါသောအချိန်တွင် ဝယ်ယူကာ အခြောက်လှန်းထားပြီး သိမ်း ဆည်း ထားပါ။ ဆီးဖြူသီးခြောက်ကို ငါးဟင်း၊ ဝက်သားဟင်း စသည်တို့နှင့် ရောချက်စားလျှင် ဟင်းနူး စေပြီး အဆီဓာတ်ကိုလျော့ကျစေကာ အအီပြေစေနိုင်သည်။ ဝက်သားကြိုက်သူများသည် အိုးကြီးနှပ် ချက်အဖြစ် ချက်စားနိုင်သည်။

ရှေးက အလှူများတွင် ဝက်သားတုံးကြီးများကို နူးအောင်ချက်ပြီးမှ အိုးကြီးတွင်ထည့်ပြီး သရက်သီး ခြောက် တစ်ထပ်၊ အသားတစ်ထပ်၊ မရန်းသီးခြောက်၊ ဆီးဖြူသီးခြောက်များ ထပ်၍ထည့်ပြီး အိုးအဖုံး ပိတ်ကာ အပေါ်မီးအောက်မီးတင်၍ နှပ်ထားလေ့ရှိသည်။ ရက်ရှည်အထားခံပြီး ချဉ်ဖြုံးဖြုံးအရသာရှိ သော ဝက်သား အိုးကြီးနှပ်မှာ ဆွမ်းကြီးလောင်းပွဲနှင့် အလှူပွဲများတွင် မြန်မာတို့ အကြိုက် ချက်နည်းဖြစ်သည်။ ဝက်သား ကြိုက်သူများသည် အသည်းအဆီဖုံးခြင်း သက်သာစေရန် ဤနည်းဖြင့်ချက်စားနိုင်ပေ သည်။

အသည်း အဆီဖုံးခြင်းကို ကာကွယ်နိုင်သော အခြားအရွက်များမှာ ဈေးများတွင် အလွယ်တကူ ရနိုင် သော ရှောက်ရွက်နှင့် ရဲယိုရွက်တို့ဖြစ်သည်။

ရှောက်ရွက်ကို ပါးပါးညှပ်ပြီး အသုပ်များတွင် ရောထည့်စားခြင်း၊ ဟင်းချိုပြုလုပ်သောက်ခြင်းဖြင့် နေ့စဉ် စားသုံးနိုင်သည်။ အတို့အမြှုပ်အဖြစ်လည်း စားသုံးနိုင်သည်။ ရှောက်သီးမှ ထွက်သော ရှောက် ရည်နှင့် ရှောက်ရွက်တို့သည် အသည်းအတွက် အလွန်ကောင်းသော ဓာတ်စာဖြစ်သည်။ ချဉ်ဟင်းများ တွင် ရှောက်ရည်ထည့်ချက်ခြင်း၊ အကင်များစားလျှင်လည်း ရှောက်ရည် ညှစ်စားခြင်းဖြင့် အသည်းအတွက် ကာကွယ်ပါ။

ရဲယိုရွက်ကို ငါးခူဖြင့်ရောချက်စားနိုင်သည်။ ငါးဖယ်၊ ငါးကြင်းခြစ်များကို အမွှေးအကြိုင်၊ ကြက်သွန်ဖြူ၊ စပါးလင်တို့ဖြင့် ရောနယ်ပြီးရဲယိုရွက်ဖြင့်ဖက်ထုပ်ပြုလုပ်ကာ ကြော်စားခြင်း၊ ရေနွေးနွေးဖြင့်ပေါင်းစား ခြင်းတို့လည်း ပြုလုပ်နိုင်သည်။ ရဲယိုရွက်သည် နှုတ်မြိန်စေသော အစာဖြစ်သည်။ လေပူကိုနိုင်သော သတ္တိရှိသည်။ အသည်းတွင် အပူအောင်းခြင်း၊ အသည်းခြောက်ခြင်းရောဂါအတွက် ရဲယိုရွက်ကိုတစ် ပတ်လျှင် နှစ်ကြိမ် ခန့်စားသုံးပေး လျှင် ကာကွယ်ရာရောက်သည်။

အဆီများသူ၊ တစ်နေ့တခြား ဝလာသူ၊ အထိုင်များသူ၊ လမ်းလျှောက်နည်းသူတို့အတွက် အသည်း အဆီဖုံးရောဂါသည် အလွန်အဖြစ်များလာသော ရောဂါဖြစ်သဖြင့် ရိုးရာဆေးဖက်ဝင်အပင်အသီးအ ရွက်များကို စားသုံးရင်း ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပေသည်။

ကြေးမုံသတင်းစာ
ဇန်နဝါရီလ (၁၇) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

အေ​ျ​ခ​ခံ​ပညာ​ေ​ရး ဘာ့​ေ​ၾ​ကာ​င​့္​ အေ​ရး​ႀ​ကီး​တာ​လဲ

Monday, February 02, 2015
“ကလေးက ကျောင်းဆရာ၊ ကျူရှင်ရောသွားတာပဲ။ ဒီအတိုင်း လွှတ်ထားလို့ ရလားဆိုတော့လဲ မရဘူး။ အိမ်ကလူတွေပါ စာတွေလိုက်ရှင်းပြ၊ ဝိုင်းကျက်ပေးတာတွေ လုပ်ကြရတယ်။ ဒါတောင်သေချာ မလိုက် နိုင်ဘူး။ ကျောင်းတို့၊ ကျူရှင်တို့မှာပဲပြီးရမယ့် ရှင်းရမယ့် တွက်စာတွေဆိုလဲ အိမ်ကပဲ ရှင်းပြီး သင်ပေးရ တယ်။ သူကပဲ စာမလုပ်တာလား။ ဆရာမတွေကပဲ သေချာ မသင်တာလားတော့ မသိဘူး” ဟု တာမွေ မြို့နယ်၊ ကျောက်မြောင်းတွင်နေထိုင်သည့် စတုတ္ထတန်းကျောင်းသား တစ်ဦး၏ မိခင်ဖြစ် သူ ဒေါ်စိုးစိုး က ဆိုပါသည်။

ယနေ့ခေတ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများမှာ ယခင်ကကျောင်းသား၊ ကျောင်းသူများကဲ့ သို့ နားချိန်တန်နား၊ ကစားချိန်တန်ကစား၊ စာကျက်ချိန်တန် စာကျက် မလုပ်နိုင်ကြ။

ပညာရေး တစ်ခုတည်း အတွက်ကိုပင် အချိန်အများအပြား ကုန်ဆုံးနေကြသည်။ နံနက်စောစော ကျောင်း တက်၊ ပြီးလျှင် ကျူရှင်သွား၊ အိမ်ပြန်ရောက်လျှင် စာကျက်ဖြင့် ကစားချိန်၊ အားလပ်ချိန်ကိုပင် မနည်းလုနေကြ သည်ကို တွေ့မြင်ကြ ရသည်။

ထိုကဲ့သို့ ပညာရေးအတွက် အချိန်အား၊ လူအား၊ ငွေအားများဖြင့် စိုက်ထုတ်နေကြ ပါသော်လည်း ကျောင်း သားမိဘအချို့က မိမိသားသမီးများအပေါ် အားမလိုအားမရဖြစ်သည့် အသံများကိုလည်း ကြားသိနေကြ ရသည်။

“ကျွန်တော့် တူတစ်ယောက်ဆို နယ်မှာနေတာ။ ရှစ်တန်းကျောင်းသား။ သူ့ကိုကြည့်လိုက်ရင် လုံးဝမနား ရဘူး။ ကျောင်းနဲ့အိမ်၊ ကျူရှင်နဲ့ အိမ်ဆိုတာချည်းပဲ။ ကစားချိန်တောင်မရှိဘူး။ ဒါပေမဲ့ စာကျတော့ ကောင်းကောင်း မရေးတတ်ဘူး။ စာလုံးပေါင်းသတ်ပုံတွေလဲ မှားတယ်။ ဘာတွေ သွားသင်နေ သလဲမသိ ဘူး” ဟု စာအုပ် ထုတ်ဝေရေး လုပ်ငန်း လုပ်ကိုင်နေသည့် ဦးဇော်ဝင်းနိုင်က ဆိုသည်။

အချို့သော စာသင်ခန်းစာမှ ကဗျာများသည် သူ့အနက် အဓိပ္ပာယ်နှင့်ရှိပြီး အကြောင်းအရာများမှာ နက်ရှိုင်း လှသော်လည်း သင်ကြားပေးသော ဆရာ၊ ဆရာမအချို့ကပင် သေချာစွာမသိရှိကြခြင်း ကြောင့် ကဗျာများ ကို မိမိတို့သဘောပေါက်သည့် အတိုင်းသာ သာမန်ကာလျှံကာ သင်ကြားပေးနေ ခြင်းများ တွေ့ရှိ ရကြောင်းလည်း စာရေးဆရာကြီးတစ်ဦးက စာပေဟောပြောပွဲတစ်ခုတွင် ထည့်သွင်း ပြောကြားခဲ့ဖူးသည် ကိုလည်း မှတ်သားရဖူးပါသည်။

“အိမ်ကလေးတန်းကျောင်းသားမြေးတစ်ယောက်ဆိုရင် ကဗျာကိုကျက်တယ်။ အဓိပ္ပာယ်လဲ ဂဃနဏ နားမလည်ဘူး။ ဥပမာအားဖြင့် စံပယ်လေးရုံဆိုတာက ပွင့်ပြီးခဲ့လေသော ဘုရားလေးဆူကိုပြောချင် တာ။ ဒါကိုလဲ ကလေးကသေချာနားမလည်ဘူး။ ဆရာမကလဲ သေချာသိပုံမရဘူး။ ဒီအတိုင်းပဲ စံပယ် လေးရုံ ဆိုတာချည်းပဲအော်နေတာ။ အဲလိုမျိုးပေါ့။ သင်ခန်းစာတွေမှာ သူ့အဓိပ္ပာယ်နဲ့သူရှိတာ။ အခု ခေတ် ဆရာ၊ ဆရာမတွေက သင်ကြားရေးပိုင်းတွေမှာ အဲလိုအားနည်းချက်လေးတွေရှိတာတွေ့နေရ တယ်” ဟု အငြိမ်းစား အလယ်တန်းပြဆရာမတစ်ဦးဖြစ်သူ ဒေါ်ရီရီမြင့်ကပြောသည်။

ဆွဲခန့်ဆရာများခန့်ထားခြင်းကလည်း သင်ကြားရေးတွင် အားနည်းစေသည့် အချက်ဖြစ်

မကွေးပညာရေးကောလိပ်မှ လက်ထောက်ကထိက ဦးခင်မောင်ကျင်က “ပညာရေးမှာ ဆွဲခန့် ဆရာတွေ ခေါ်ယူတဲ့ ကိစ္စက အဆိုးရွားဆုံးဖြစ်နေတယ်။ ဆရာဆိုတာ အထူးသဖြင့် မူလတန်းသင်တဲ့ ဆရာတွေအ နေနဲ့ ကလေးအထာကို သိထားမှ၊ သင်နည်းကိုလဲ စနစ်တကျသိထားမှ၊ အခုက ထင်သလို သင်ချင်သလို သင်နေကြတာ။ အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ တစ်စိုက် မတ်မတ်အာရုံစူး စိုက်မှုက ခုနှစ်မိနစ်၊ ရှစ်မိနစ်ပဲ။ အဲဒါကိုလျစ်လျူရှုပြီး နာရီဝက်လေးဆယ့်ငါးမိနစ် သွားသင်တော့က လေးရဲ့ ဦးနှောက်ကို ဒဏ်ဖြစ်စေတယ်” ဟုပြောသည်။

ဆရာ၊ ဆရာမများ အားလုံးကို မဆိုလိုသော်လည်း သင်ကြားနည်းကောင်းစွာ မတတ်ကျွမ်းခဲ့သည့် ဆရာ၊ ဆရာမများ၊ တတ်ကျွမ်းသော်လည်း စားဝတ်နေရေး အခြေအနေ အရပ်ရပ်တို့ကြောင့် ကျူရှင် ဖွင့်လှစ် သင်ကြားနိုင်ရေးကို ဦးစားပေးနေသည့် အတွက်လည်း ယင်းသို့ စာသင်ကြားရေးတွင် အားနည်းမှုများ ရှိနေသည်ကို တွေ့မြင် ကြရမည်ဖြစ်သည်။

“ကျောင်းမှာဆိုရင် သင်္ချာအသစ်တွေသင်ရင် ကျောက်သင်ပုန်းပေါ်မှာ ဆရာမက ဒီလိုပဲရေးပြလိုက် တာ။ ပြီးရင်အိမ်စာတွေပေးတော့ သားကမတွက်တတ်ဘူး။ ဖေဖေကရှင်းပြပေးတယ်” ဟု ရန်ကုန်မြို့ ရှိ အခြေခံပညာ မူလတန်းကျောင်းတစ်ကျောင်းတွင် တက်ရောက်နေသော တတိယ တန်းကျောင်းသား မောင် ထက်ပိုင်က ဆိုသည်။

မြောက်ဒဂုံမြို့နယ်တွင်နေထိုင်သူ မတင်မိုးကလည်း “ကျွန်မသားက ဒုတိယတန်းပါ။ ကလေးက စာ လုပ်ပေမယ့် တချို့စာအသံထွက်တွေက မှားနေလို့ပြင်ပေးရင် လက်မခံဘူး။ ဆရာမက ဒီလိုပဲသင်တာ ဆိုတာချည်းပဲ။ ကလေးတွေကတော့ ဒီလိုပဲဖြစ်ရမှာပေါ့လေ။ သူတို့ဆရာမတွေကို လေးစားယုံကြည် တာပေါ့။ ဆရာမတွေက အမြဲတမ်းမှန်ကန်နေရင်တော့ ကိစ္စမရှိဘူး။ တစ်ခါတစ်ခါစာမေးပွဲမှာ မှားဖြေ ထားတာတွေကိုလဲ အမှန်ခြစ်လိုခြစ်ဆိုတော့ ကလေးကလဲ အဲဒါကိုပဲ အမှန်လို့ထင်ပြီး ပြင်လို့ကို မရ တော့ဘူး” ဟုပြောပြသည်။

သင်ကြားရေးလျော့ရဲစေသော အကြောင်းရင်းအချို့

ယင်းကဲ့သို့သော စာသင်ကြား မှုလျော့ရဲနေသည့် အခြေအနေအရပ်ရပ်၏ အကြောင်းရင်းကို လေ့လာ ကြည့်မည်ဆိုပါက သင်ကြားရေးဆရာဖြစ်သင်တန်းများ သေချာစွာ တက်ရောက်ခဲ့ ရခြင်းမရှိသည့် ဆွဲခန့်၊ နေ့စားလပေးဆရာ၊ ဆရာမများအား ဆရာ၊ ဆရာမလိုအပ်ချက်အရ ခန့်ထားနေရခြင်း၊ သင်ရိုး များမကျေညက်ခြင်း၊ ရရှိသည့် လစာငွေကြေးမလုံလောက်ခြင်းကြောင့် စာသင်ကြားရေးတွင် အပြည့် အဝအာရုံမစိုက်နိုင်ကြခြင်း၊ ဆရာ၊ ဆရာမများသည် စာသင်ကြားရေးအပြင် မိမိတာဝန်ဝတ္တရားနှင့် သက်ဆိုင်ခြင်းမရှိသော ကိစ္စရပ်များကိုပါ လုပ်ကိုင်ဆောင်ရွက်ပေးနေရခြင်း အစရှိသည့်အကြောင်း အရင်းများကို တွေ့မြင်ကြရမည်ဖြစ်သည်။

“ဆွဲခန့်တွေ၊ နေ့စားလပေးတွေကို ဘွဲ့ရတွေခန့်တယ်။ ဒါပေမဲ့ သူတို့သင်တန်း မတက်ရတော့ ဘာမှမ သင်တတ်ဘူး။ နောက် PPTT လို့ခေါ်တဲ့ Preservice Primary Teacher Training တွေဆိုရင် လေး လပဲသင်ရတယ်။ အဲဒီလေးလအတွင်းမှာ လိုလိုချင်ချင်နဲ့ မေးမြန်းပြီးသင်ယူသွားတဲ့သူက ၁၀၀ မှာ ၁၀ ဦးမရှိဘူး။ နှစ်နှစ်သင်တန်းမပေးနိုင်ရင်တောင် အနည်းဆုံးဆယ်လလောက်တော့ ပေးသင့်တယ်။ ဆရာ အရေအတွက် မလုံလောက်ဘူးဆိုတာနဲ့ပဲ များများမွေးထုတ်နိုင်အောင် သင်တန်းကာလ နည်း နည်းနဲ့ရေတို လုပ်နေတာတွေက ပညာရေးအတွက် ဘာမှပြောင်းလဲလာမှာ မဟုတ်ဘူး။ တကယ် ပြောင်းချင်ရင် သင်ရိုးပြောင်းရမယ်။ အဲဒီသင်ရိုးကို အကောင်အထည်ဖော်မယ့် သင်ကြားနည်းစနစ် တွေပြောင်းရမယ်” ဟု ဦးခက်မောင်ကျင်က ဆက်လက်ပြောသည်။

နေ့စားလပေးဆွဲခန့်ဆရာများ ခန့်ထားခြင်းနှင့် ပတ်သက်ပြီး လက်ရှိ မူလတန်းပြ ဆရာမ တစ်ဦးဖြစ် သူ ဒေါ်ခင်မူဝင်း (အမည်လွှဲ) က “နေ့စားလပေးတွေခေါ်တယ်။ သင်တန်းတွေမရှိဘူး။ ဘွဲ့ရတွေဆိုပေ မယ့် တချို့ဆို သင်ကြားရေးအခြေခံတောင်မသိဘူး။ တချို့ကတော့လဲ ဆရာမအလုပ်၊ စာသင်တဲ့အ လုပ်ကို ဝါသနာမပါဘူး။ ဒါပေမဲ့လစာလေးကလဲ မဆိုးဘူး။ လုပ်ရတာလဲ မပင်ပန်းဘူးဆိုတော့ ဒီအ တိုင်းပဲ ဝင်တိုးလိုက် ကြတာမျိုးတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် သင်တန်း မတက်ရတာမှန်ပေမယ့် ကိုယ်ကိုယ် တိုင်ကလဲ သင်ကြားနည်းအခြေခံသဘော တရားလောက်ကတော့ သိထားသင့်တယ်လို့ယူဆတယ်။ ပြီးတော့ သင်တန်း တက်ရတယ်ဆိုရင်တော့ သင်တန်းကနေ သင်ကြားနည်းပဲပေးလိုက်မှာ။ တကယ် လက်တွေ့ကလေးတွေနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ပြီဆိုရင် သင်ပေးလိုက်တာတွေနဲ့ အားလုံးက အံဝင်ခွင် ကျဖြစ်မှာမဟုတ်ဘူး။ အဲဒီတော့ သင်တန်း တက်ရသည်ဖြစ်စေ၊ မတက်ရသည်ဖြစ်စေ ကိုယ်တိုင်ကလဲ စာသင်ခန်း မဝင်ခင် လေ့လာပြင်ဆင် သွားသင့်တယ်” ဟု ဆိုသည်။

ဆရာ၊ ကျောင်းသား၊ အချိုးမမျှတခြင်းကလည်း အဓိကပြဿနာဖြစ်

ဆရာများအနေဖြင့် သင်ကြားနည်းစနစ်များကို ကောင်းကောင်းနားမလည်၊ နားလည်သော်လည်း ကျောင်း သားကို အပြည့်အဝ မပေးနိုင်ခြင်းမှာ ဆရာကျောင်းသား အချိုးမမျှတသည်ကလည်း အဓိက ပြဿနာ တစ်ခုဖြစ်နေသည်။

အဆိုပါဆရာ၊ ကျောင်းသား ချိုးညီမျှစေရန် လိုအပ်နေသည့် ဆရာအရေအတွက်ကို ဖြည့်ဆည်းရန် အချိန်တို အတွင်း ဆရာများများ မွေးထုတ်ပေးနေရသည်။ ထို့အတွက်ဆရာများ၏ အရည်အသွေးပြည့် ဝမှုကို အာမ မခံနိုင်။ ကျောင်းသားများ၏ ပညာတတ်မြောက်မှု၊ စာသင်ကြားရေးကိုထိခိုက်ရပြန်သည်။ ထိုသို့ဖြင့် ပညာရေး စနစ်၏ ကုစားမှုကသံသရာလည်နေသည်။

ထို့ပြင် ဆရာရှားပါးသည့်ဒေသများ (ဝေးလံခေါင်ဖျားဒေသများတွင်သာမက နယ်မြို့များတွင်ပါ) တွင် မူလတန်းတစ်တန်းလျှင် ဆရာတစ်ဦးနှုန်းဖြင့် ဘာသာစုံသင်နေရသည်များလည်းရှိကြောင်း သိရသည်။

ဆရာမဒေါ်ခင်မူဝင်းက “အခုက မူလတန်း၊ အငယ်တန်းလေးတွေပဲဆိုပြီး ဆရာတွေကိုပြီးစလွယ်ခန့် တယ်။ အမှန်တကယ်က မူလတန်းက အခြေခံပဲ။ အဲဒီတော့ အခြေခံမှာသင်မယ့် ဆရာတွေကအလယ် တန်း၊ အထက်တန်းမှာ သင်တဲ့ ဆရာတွေထက်ကို တော်နေ၊ တတ်နေသင့်တယ်။ အဲဒီတော့ မူလတန်း ပြ ဆရာတွေကို Training ကောင်းကောင်းပေးပြီး ကောင်းကောင်းခန့်စေချင်တယ်” ဟု ဆိုသည်။

ယင်းအပြင် ဆရာဖြစ် သင်တန်းများပေးရာတွင် နှစ်ရှည်သင်ယူရမည့် သင်ခန်းစာများကို လပိုင်းကာလ ခန့်ဖြင့်ပင် သင်ကြားမှုများ ရှိနေခြင်းကလည်း သင်ကြားရေးအတွက် ထိရောက်မှု မရှိနိုင်ကြောင်း လက် ထောက်ကထိက ဦးခင်မောင်ကျင်က ထောက်ပြသည်။

“အခုဆရာတွေကို ခရိုင်အလိုက် ခရိုင်ပညာရေးမှူးတွေ၊ ကျောင်းအုပ်တွေ၊ မြို့နယ်ပညာရေးမှူးတွေကို ဆရာအတတ်သင် ရက်တိုသင်တန်းပေးတယ်။ ရက် ၂၀လောက်ပေးတယ်။ ပြီးရင် ကိုယ့်မြို့နယ်မှာ ဆင့်ပွားသင်တန်း ပြန်ပေးရတယ်။ ဒါတွေကသိပ်ပြီးထိရောက်မှုမရှိဘူး။ နှစ်နှစ်လောက်သင်ရတဲ့ သင် ခန်းစာတွေကို ရက် ၂၀၊ တစ်လလောက်နဲ့သင်တော့ ထိရောက်မှု မရှိဘူး။ ဒါတွေကို ကုစားဖို့ဆိုရင် တော့ ပညာရေးကောလိပ်တွေမှာ ကျောင်းပိတ်ရက်တွေမှာ assignment တွေလုပ်ခိုင်းမယ်။ ကျောင်း အုပ်စု အလိုက်သင်ကြားနည်း ဖလှယ်တဲ့ဆွေးနွေးပွဲတွေ လုပ်ပေးမယ်။ Training ကောင်းကောင်းပေးမယ် ဆိုရင်တော့ ဒီပြဿနာတွေက လုံးဝမဟုတ်တောင် ရာခိုင်နှုန်းတော်တော်များများ ပြေလည်သွား လိမ့်မယ်” ဟု ထပ်မံပြောသည်။

စိတ်ရင်းစေတနာက အဓိက

သို့ရာတွင် ဆရာဖြစ်သင်တန်းများမှာ ယခင်ကမရှိခဲ့ဖူးသည့်ကာလ ရှိခဲ့ဖူးကြောင်း၊ ယင်းကဲ့သို့သော အချိန်များက ဆရာများသည် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသဖွံ့ဖြိုးရမည်ဟူသည့် စိတ်များ၊ စေတနာများအ ရင်းခံကာ သင်ကြားခဲ့ကြသည်များလည်းရှိခဲ့ကြောင်း မူလတန်းကျောင်းအုပ်ကြီး (ငြိမ်း) ဦးကျော်ဝေက ဆိုပါသည်။

“ဆရာတွေ သင်တန်းမရှိလို့ သင်ကြားရေးအားနည်းတယ်လို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးရခါစက မြန်မာနိုင်ငံမှာ ပြည်တော်သာ စီမံကိန်းဆိုပြီး လုပ်ခဲ့တယ်။ အဲဒီတုန်းက ကျေး လက်တွေမှာ စာသင်ကြားဖို့အတွက် တစ်ရွာကိုတစ်ကျောင်းဖွင့်ဖို့ဆရာတွေ ခေါ်တယ်။ စာသင်ချင် တဲ့ ဒေသခံတွေကိုပဲ ဆရာလုပ်မလား၊ သွားလုပ်ကြ ဆိုပြီးခေါ်တယ်။ အဲဒီဆရာတွေဟာ ဘာသင်တန်းမှ မရှိဘူး။ အလယ်တန်းအဆင့်၊ တချို့ဆိုရင်လေးတန်းလောက်ပဲအောင်တယ်။ ဒါပေမဲ့ သူတို့မှာဒေသ အစွဲ တော့ ရှိတယ်။ ကိုယ့်ဒေသက ကလေးတွေကို စာတတ်အောင်သင်ပေးချင်တဲ့ စိတ်တွေ၊ ငါတို့ဒေသဖွံ့ ဖြိုးရမယ်ဆိုတဲ့ အသိစိတ်ကလေးတွေရှိတယ်။ ဒီအသိကလေးနဲ့လုပ်ရင်းသင်၊ သင်ရင်းလုပ်နဲ့ပဲ ကိုယ့် ဘာသာကိုယ်လေ့လာပြီး တစ်ရွာမှာတစ်ကျောင်း၊ တစ်ကျောင်းမှာ ဆရာတစ်ယောက်တည်းနဲ့ ထိန်း ကျောင်းပြီး သင်လာခဲ့တဲ့ကျောင်းတွေ ဒီနေ့အထိလဲ တိုင်းနဲ့ပြည်နယ်တချို့မှာရှိနေတုန်းပဲ။ အဲဒီလိုအ ခက်အခဲတွေကို ဆရာတို့ရခိုင်ပြည်နယ်ဘက်မှာ ဘယ်လိုဖြေရှင်းရလဲဆိုတော့ စပါးတောင်းဆရာဆို တာနဲ့ ဖြေရှင်းရတယ်။ ပညာတတ်လူငယ်လေးတွေကိုခေါ်ပြီး တစ်နှစ်လုံးစာအတွက် စပါးဘယ် လောက်ဆိုပြီး ပေးတယ်။ စားရေး၊ သောက်ရေးအစအဆုံးတာဝန်ယူရတယ်။ နေစရာအတွက်အိမ် ဆောက်ပေးတယ်။ အဲလိုနည်းနဲ့ဒေသခံတွေက ပညာရေးကိုဆွဲခေါ်ရတယ်။ အဲဒီစပါးတောင်းဆရာ တွေဆိုတာကလဲ ဘယ်သင်တန်းမှ မတက်ရဘူး။ ဒါပေမဲ့ သူတို့မှာစေတနာလေးတွေရှိကြတယ်။ အဲဒါ ကြောင့်သင်တန်းပို့ချမှုကြောင့်နဲ့တော့ ပြောလို့မရဘူး။ ဥပမာဆိုရင် Ph.D တွေကိုတန်းပြီး အထက် တန်းကျောင်းအုပ်တွေခန့်လိုက်တာ အောက်သက်မကျေတဲ့အတွက်၊ စီမံခန့်ခွဲမှုပိုင်းမှာ မကျွမ်းကျင်တဲ့ အတွက်စာတော့တတ်တယ်။ ဒါပေမဲ့ ကြီးကြပ်လမ်းညွှန်မှုအပိုင်းမှာ အားနည်းတဲ့အတွက် ကမောက် ကမဖြစ်ကုန်တဲ့ ကျောင်းတွေအများကြီးပဲ” ဟုရှင်းပြသည်။

ယင်းက ဆက်လက်၍ “ဆရာဆိုတာ ထာဝရကျောင်းသားဖြစ်တယ်ဆိုတဲ့ စကားပုံလေးအတိုင်း ဆရာ တွေ အနေနဲ့ အမြဲတမ်း သင်ယူလေ့လာနေရမယ်။ အခုခေတ်မှာ စုန်းပြူးဆရာ အနည်းငယ်လောက်ပဲရှိ ရမယ်။ စေတနာလေးနဲ့ ကလေးတွေကို တကယ်တော်စေချင်၊ တတ်စေချင်တဲ့ စိတ်လေးနဲ့ သင်ပေးရင် ရပါပြီ” ဟုဆိုသည်။

သင်ရိုးမျာ update မဖြစ်တော့ခြင်းက အချက်တစ်ချက်အနေဖြင့် ပါဝင်နေသည်။

ယင်းနှင့်ပတ်သက်ပြီး ဆရာဦးခင်မောင်ကျင်က “အခုပညာရေးကောလိပ်တွေ၊ ပညာရေးတက္ကသိုလ် တွေမှာ သင်နေရတဲ့ သင်ရိုးတွေမှာ တချို့ဆိုရင် update မဖြစ်တော့ဘူး။ ပြီးတော့ သင်ရိုးတွေက ဖောင်းပွနေတယ်။ သင်ရိုးတွေ ပျက်နေတယ်။ အဲဒါတွေကိုပြင်ရမယ်။ ဝေါဟာရ အသုံးအနှုန်း၊ အယူအ ဆတွေကအစ ဘယ်လို သင်ရမယ်ဆိုတာ သေချာ သင်ပေးဖို့လိုတယ်။ ပညာရေးကောလိပ်တွေမှာ သင် ရတဲ့ဘာသာရပ် စုစုပေါင်း ၁၇ ဘာသာရှိတယ်။ စိတ်ကြိုက် ဘာသာရပ်နှစ်ခုသင်ရတယ်။ Academic Subject တွေသင်ရတဲ့အခါ ပထမနှစ်၊ ဒုတိယနှစ်သင်ရိုးတွေသင်ရတယ်။ ဒါပေမဲ့သေချာသင်မပေး လိုက်နိုင်ဘူး။ ပြီးတော့ဘွဲ့လဲ လိုချင်ကြတော့ ဒီဘာသာရပ်တွေကိုပဲ အဝေးသင်မှာပြန်တက်ကြရတယ်။ အဲဒီမှာလဲ ပြန်အသုံးမချနိုင်ဘူး” ဟုဆိုသည်။

ဘယ်သူတွေမှာ တာဝန်ရှိလဲ

သို့ရာတွင် ယင်းကဲ့သို့သော သင်ကြားမှုပိုင်းနိမ့်ကျနေသည်ဟုဆိုကာ အားလုံးကိုလွှမ်းခြုံပြောဆို၍ မရ နိုင်ကြောင်း၊ ယင်းသို့သင်ကြားမှုနိမ့်ကျသည်ဆိုခြင်းက ကျောင်းတစ်ကျောင်းတွင် စီမံခန့်ခွဲမှုပြုလုပ် သည့် ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးတို့၏ တာဝန်သာဖြစ်ကြောင်း၊ ယင်းတို့အနေဖြင့် မိမိ တို့ကျောင်းရှိဆရာ၊ ဆရာမများ၏ အားသာချက်၊ အားနည်းချက်များကို အမြဲတစေလေ့လာဆန်းစစ်နေ ရန်လိုအပ်ကြောင်း အငြိမ်းစား မူလတန်းကျောင်းအုပ်ကြီးဦးကျော်ဝေက ဆိုသည်။

အချုပ်အားဖြင့်ဆိုရသော် တိုင်းပြည်တစ်ပြည်၏ အဆင့်အတန်းကို တိုင်းတာကြသဖြင့် ပညာရေးစနစ် ကမြင့်မားနေဖို့ အထူးလိုအပ်သည်။

ပညာရေးစနစ်မြင့်မှ တိုင်းပြည်၏ စီးပွားရေးကဏ္ဍမှအစပြု၍ ကဏ္ဍအသီးသီးမှာလိုက်ပါဖွံ့ဖြိုးမည် ဖြစ် ပါသည်။ သို့ဖြစ်ရာ ပညာရေးကဏ္ဍအဆင့်မြင့်စေရန်အတွက် အခရာကျလှသော ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍကလည်း အလွန်အရေးပါလျက်ရှိသည်ကို တွေ့မြင်ကြရမည်ဖြစ်ရာ တိုင်းပြည်၏အနာ ဂတ်မျိုးဆက်သစ်ကလေးများ၏ ပညာရေးအဆင့်အတန်း မြင့်မားလာရေးမှာ ဆရာ၊ ဆရာမများ၏ စေတနာ မှန်ကန်စွာ ထားရှိသင်ကြားပေးနိုင်မှုအပေါ် မူတည်လျက်ရှိနေပါကြောင်း ရေးသားလိုက်ရပါ သည်။ ။


Democracy Today Daily
ဇန်နဝါရီလ (၂၁) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...