သတိထားရမည့် ဖေ့စ်ဘွတ်ခ် မသမာသူ

သန္တာ (အမည်လွှဲ) ဆိုသည့် အမျိုးသမီးငယ် တစ်ယောက်မှာ ဘဝတွင် ရိုးရိုးသားသား နေထိုင်ရင်းက အကျင့်စာရိတ္တ မကောင်းသူ အမျိုးသမီး တစ်ဦး ဘဝသို့ ရောက်သွားရသည်။

သူ ရောက်သွားပုံမှာ ထူးလည်း ထူးဆန်းသည်၊ ထူးလည်း မထူးဆန်းဟု ဆိုရမည်။

အဘယ်ကြောင့် ဆိုသော် ဖေ့စ်ဘွတ်ခ် သုံးမိရင်း ဖြစ် သွားသောကြောင့် ဖြစ်သည်။

မတော်မလျော် ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုတွင် မိန်းကလေး ဓာတ်ပုံ တစ်ပုံနှင့်အတူ ဖုန်းနံပါတ်တွဲလျက် အကြိုက်တွေ့လျှင် ခေါ်ယူနိုင်ကြောင်း စာရေး တင်ထားခံရသူမှာ သန္တာဖြစ်နေသည်။

ထိုအဖြစ်အပျက်ကို သူကိုယ်တိုင် မသိလိုက်၊ မည်သို့မည်ပုံ ထိုမဟုတ်တရုတ် စာမျက်နှာမျိုးတွင် သူ၏ ဓာတ်ပုံ ရောက်နေသည်ကို မသိလိုက်သော်လည်း ထိုဓာတ်ပုံ၏ အောက်တွင် အမနာပ နှမချင်း ကိုယ်ချင်း မစာ ရေးသားထားသည့် စာများမှာ မြင်မကောင်းလောက်အောင် ရှိနေပြီ ဖြစ်သည်။

“ကျွန်မအကောင့်နဲ့ ပုံစံတူ အကောင့်အတု လုပ်ပြီး ဟက်ခံရတာ။ အဲလိုလုပ်တာကို သိလို့ Profile ပုံကို ချိန်းလိုက်တာနဲ့ ဟိုဘက်ကလည်း သုံးမိနစ်အတွင်း ပုံလိုက်ချိန်း၊ ကျွန်မပုံတွေယူ၊ သူ့ကို ဘယ်လောက်နဲ့ ခေါ်လို့ရတယ်။ အရင်က တင်ထားတဲ့ ကလေးနဲ့ ပုံတွေကို သားအမိပုံဆိုပြီး အမျိုးမျိုးပြော လုပ်တာ” ဟု အကောင့်နာမည်တူ အလုပ်ခံရသူ သန္တာ (အမည်လွှဲ) က ဆိုသည်။

ထိုသို့ လုပ်သူမှာလည်း သူ၏ Friend list ထဲမှ ဖြစ်နေသည်။ နောက်ဆုံးတွင် ထိုအကောင့်ကို ဝိုင်း၍ Report လုပ်သောအခါ ထိုအကောင့် ပိတ်သွားသည်။

ပုံမှန်လူစိတ်ရှိသူ တစ်ယောက်၊ လူ့ယဉ်ကျေးမှု အဆင့်ရှိသူ တစ်ယောက်အနေနှင့် ထိုသို့သော လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်၊ လူစိတ်မရှိသူ ကာမမုဆိုးများသာ ပြုမူ၊ ပြောဆို၊ ကျင့်ကြံတတ်သော အပြုအမူမျိုး ဖြစ်သည်။

နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြန်ဆန်လွန်းသည့် ယနေ့ခေတ်တွင် ထိုကဲ့သို့ အဖြစ်အပျက် မျိုးမှာ နေ့စဉ်နှင့်အမျှ မြင်တွေ့၊ ကြားသိနေရသည်။

နည်းပညာတိုးတက်မှု၏ ဘေးထွက်ဆိုးကျိုးဟု ဆိုနိုင်သလို နည်းပညာကို တလွဲအသုံးချသည့် လူအဆင့်မှ ယုတ်လျော့နေသော လူ့ဗာလာနံများကြောင့်ဟုလည်း ဆိုနိုင်ပေသည်။

ယခုအခါ ကမ္ဘာတစ်ဝန်းလုံးတွင် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်သုံးစွဲနေသူ ဦးရေမှာ သန်းထောင်ကျော် ရှိနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဖေ့စ်ဘွတ်ခ် သုံးစွဲသူပေါင်း လေးသန်းခန့် ရှိနေသည်။

နေ့စဉ်နှင့်အမျှ ဖေ့စ်ဘွတ်ခ်ပေါ်တွင် တစ်ဦးတစ်ယောက်ချင်းစီ၏ လုပ်ဆောင်ချက်များ၊ အပြုအမူများ၊ ခံစားချက်များကို ဖေ့စ်ဘွတ်ခ်တွင် ရှိနေသူ အချင်းချင်း မျှဝေနေကြသည်။

အထူးသဖြင့် အမျိုးသမီးငယ် အများစုမှာ ပွဲလမ်းသဘင်၊ အခမ်းအနားများတွင် အလှဓာတ်ပုံများ ရိုက်ပြီး ဖေ့စ်ဘွတ်ပေါ်တင်ကြသည်။ အချို့က သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလို၍ တင်ကြသည်။ အချို့က အမှတ်တရအနေနှင့် ဓာတ်ပုံတင်ကြသည်။ အချို့က လုပ်ရိုးလုပ်စဉ် တစ်ခုလို တင်ကြသည်၊ အချို့က ဖေ့စ်ဘွတ်ခ်တွင် လူကြိုက်များ၊ လူသိများလို့၍ တင်ကြသည်။ အချို့ Like အများအပြား ရလို၍ တင်ကြသည်လည်း ရှိသည်။

လူမှုကွန်ရက်ပေါ် တင်ကြသည့် ဓာတ်ပုံများတွင် ရိုးရိုးယဉ်ယဉ်လည်း ပါသည်၊ အနည်းငယ် ခေတ်ဆန် သည်လည်း ပါသည်၊ အဖော်အချွတ်များလည်း ပါသည်၊ ပေါ်ပင်ဖြစ်လို၍ Sexy ဆန်ဆန် ရိုက်ထားသော ပုံများလည်း ပါသည်။ ဆိုးဆိုးဝါးဝါး ဝတ်လစ်စားလစ် ဖြစ်နေသော ကမ္ဘာဦးမိန်းမများလည်း ပါသည်။

အမျိုးမျိုး ရှိကြသည့်အထဲ ရိုးရိုးသားသား ဓာတ်ပုံတင်သူများမှာ နေရင်းထိုင်ရင်း အနှောင့်အယှက် အဖျက်ဆီး ခံနေကြရသည်။

“ဖြစ်တာကတော့ ကျွန်တော့်ကောင်မလေးရဲ့ ပုံကိုယူပြီး တခြားညစ်ညမ်းတဲ့ Page မှာ ပုံတင်ပြီး သူ့ကိုတော့ ဘယ်လောက်နဲ့ ခေါ်လို့ရတယ် ဆိုပြီး ပုံတင်ထားတာ တွေ့တော့ စတွေ့တွေ့ချင်း ကတော့ တော်တော်လေး ဒေါသဖြစ်မိတယ်” ဟု ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးကလည်း ဆိုလာသည်။

ထိုဖေ့စ်ဘွတ်ခ် စာမျက်နှာမျိုးကို Report လုပ်၍ ပိတ်ပစ်နိုင်သော်လည်း လူယုတ်မာစိတ် ရှိသူ သည် နောက်ထပ် စာမျက်နှာအသစ်များဖြင့် ထပ်မံလုပ်ဆောင်နေဦးမည် ဖြစ်သည်။

ထိုလုပ်ရပ်များသည် လူမဆန်သည့် စိတ်ပိုင်းဆိုင်ရာ လိင်အကြမ်းဖက်မှု ဖြစ်သည်။ လူ့ဂုဏ်သိက္ခာ ညှိုနွမ်းစေမှု၊ အသရေဖျက်မှု၊ အကောင့်ခိုးယူမှု၊ ဆိုက်ဘာပြစ်မှုများ ဖြစ်သည်။

အင်တာနက်တွင် ယင်းသို့ မတော်မလျော် ပြုလုပ်ခံရမှုကို သက်သေခိုင်လုံလျှင် အသရေဖျက်မှုဖြင့် တရားစွဲဆိုနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။

“ဘယ်သူဘယ်ဝါက ဒီလိုဟာမျိုးကို တင်တယ်ဆိုတာကို အချိတ်အဆက်မိမိ ရှာနိုင်မယ်ဆိုရင် သက်သေခံ တင်နိုင်ပါတယ်။ အကောင့်အတုနဲ့ လုပ်တာမျိုးကို အရေးယူနိုင်တယ် ဆိုတာမျိုးတော့ မကြားဖူးဘူး။ လူမှုရေး အရတော့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပေါ့၊ ထိထိရောက်ရောက် အရေးယူဖို့ လိုတာပေါ့။ ဒါပေမဲ့ ဒါကိုဖော်ထုတ်ဖို့ကျတော့ ရဲတွေမှာ ကိရိယာတန်ဆာပလာ အထောက်အကူ လုံလုံလောက်လောက်ရှိမှ ရမှာ” ဟု ၎င်းကဆိုသည်။

သို့သော် ယခုအချိန်ထိ အသရေဖျက်မှုဖြင့် တရားစွဲသည်ဆိုခြင်းကို မကြုံဖူးသေး။ ဒေါက်တာ ဆိတ်ဖွားဖြစ်ရပ်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း မပြီးမပြတ်နှင့် အဆုံး သတ်သွားသည်။

ဖေ့စ်ဘွတ်ခ်တွင် လူသိများသည့် အမျိုးသမီးငယ်များ အနေနှင့် ဖေ့စ်ဘွတ်ပေါ်သို့ ဓာတ်ပုံတင်လိုက်သည်နှင့် ထိုပုံကို အများက ယူငင်သုံးစွဲနိုင်သည်ကို သတိပြုရန်လိုသည်။

တရားဥပဒေအရ အကာအကွယ်ရမှု နည်းပါးချိန်တွင် မိမိ၏ ဖေ့စ်ဘွတ်ခ်အကောင့်ကို တော်ရုံနှင့် အဖောက် မခံရရန်၊ ဓာတ်ပုံများကို အလွဲမသုံးနိုင်ရန် အတတ်နိုင်ဆုံး မိမိဘာသာ ကာကွယ်ရမည် ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်တွင် ဓာတ်ပုံတင်သည့်အခါ Public၊ Friend စသည်ဖြင့် မည်သူတို့ကို မိမိဓာတ်ပုံ၊ စာသားများ ကို မြင်ခွင့်ပြုမည်ဆိုသော ရွေးချယ်မှုကို ပြုလုပ်နိုင်သည်။ မသိကျွမ်းသူ တစ်ယောက်က Friend Request လုပ်သည့်အခါ ထိုသူ၏ အကောင့်ကို သေချာစွာ စစ်ဆေးကြည့်ရန်လိုသည်၊ ထိုသူသည် ပုံမှန် ဖေ့စ်ဘွတ် သုံးစွဲသူ တစ်ဦး ဟုတ် မဟုတ်နှင့် ထိုသူ၏ ဖေ့စ်ဘွတ်ခ် မည်မျှ သက်ဝင်လှုပ်ရှားမှု ရှိသည်ကို Timeline တွင် ဝင်ရောက်ကြည့်ရှုသင့်သည်။

ဖေ့စ်ဘွတ်ခ်အကောင့်ကို တခြားသူတစ်ဦးအား ဖွင့်ခိုင်းခြင်းမျိုးကို ရှောင်ကြဉ်ရန်လိုသည်။ အကောင့် အဖောက်မခံရရန် ဖုန်းနံပါတ်နှင့် စာရင်းသွင်း၍ အသုံးပြုသင့်သည်။

“ကိုယ့်ဘက်က အကောင့်လုပ်ခိုင်းတာ၊ ကိုယ့်ဖုန်းနဲ့ Register မလုပ်ဘဲ အီးမေးလ်နဲ့ လုပ်ထားတာ မျိုးတွေက အဖောက်ခံရနိုင်တယ်။ ခုချိန်မှာ တယ်လီနောတို့၊ အော်ရီဒူးတို့ ဖုန်းတွေနဲ့ အကောင့်လုပ်လို့ ရတယ်၊ အဲ့ဒီတော့ ဖုန်းပျောက်သွားလို့ သူများဆီ ပါသွားရင်တောင် အပျောက်လျှောက်ပြီး ပြန်သုံးလို့ရ တယ်။ ကိုယ့်အကောင့်ကို ယူသုံးလို့ မရဘူးပေါ့” ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များ အသင်းမှ အလုပ်အမှုဆောင် ဦးရဲမြတ်သူက ဆိုသည်။

ထိုသို့ အဖောက်ခံရ၊ အလွဲသုံးခံရသည့် သက်သေအထောက်အထား ရှိလျှင်ပင် ဒစ်ဂျစ်တယ် သက်သေခံကို တရားရုံးတွင် သက်သေခံအဖြစ် တင်ပြရန် ခက်ခဲနေသေးကြောင်းနှင့် မြန်မာနိုင်ငံရှိ ဥပဒေ အချို့မှာ ခေတ်နောက်ကျနေပြီး သက်တမ်းကြာနေပြီ ဖြစ်သောကြောင့် ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်နေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

နည်းပညာပိုင်း သိနားလည်မှု နည်းပါးသူများ အနေနှင့် မိမိ၏ အကောင့်ကို လက်တည့်စမ်း ခိုးဖောက် ချင်သူများ၏ သားကောင်အဖြစ် အလွယ်တကူ ကျရောက်နိုင်သည်။

အကောင့်အတု၊ Page အတုများ သုံးကာ အမျိုးသမီးငယ်များ၏ ပုံကိုတင်၍ မတော်မလျော် အသုံးချနေသူ များ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ တိုက်ခိုက်သူများ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်တွင် တစ်နေ့တခြား များပြားလာသည်။

“ဘာမှမဆိုင်တဲ့ မိကောင်းဖခင် သားသမီး မိန်းကလေး တစ်ယောက်တည်းကို တည်ပြီး Account အတု၊ Page အတုတွေလုပ်၊ ရုပ်တူတဲ့ မိန်းကလေးပုံတင်၊ 18+ post/comment တွေတင်။ ဘာသာရေး၊ နိုင်ငံရေး ရန်တိုက် ငွေတောင်းထား ပုံလေးတွေပါ” ဟု စာတန်းထိုး ပြောထားကာ ဖေ့စ်ဘွတ်ခ် သုံးစွဲသူ တစ်ဦးက ခြိမ်းခြောက်ငွေတောင်းခံရပုံကို ဓာတ်ပုံရိုက်၍ ပြန်တင်ထားသည်ကိုလည်း တွေ့ရသည်။

ဆိုရှယ်မီဒီယာတွင် လူကြီးလူကောင်းများစွာ ရှိနေသည်၊ မိကောင်းဖခင် သားသမီးများစွာ ရှိနေသည်၊ အစိုးရအရာရှိပိုင်းကလည်း သုံးစွဲနေကြသည်။ ထို့အတူ ဆိုရှယ်မီဒီယာသည် လူယုတ်မာ၊ လူ့အရိုင်းအစိုင်း များ၏ ခြိမ်းခြောက်ငွေညှစ်ရာ နေရာတစ်ခုလည်း ဖြစ်လာနေသည်။

ခေတ်နှင့်အညီ ပြောင်းလဲလာနေသော နေထိုင်မှုပုံစံတွင် ဆိုရှယ်မီဒီယာသည် ဘဝလူနေမှု ပုံစံသစ် တစ်ခု ဖြစ်သည်။ ယခုအခါ ထိုလောကတွင်လည်း စုန်းပြူးများ အလျှိုလျှို ပေါ်ထွက်လာနေသည်။

“ဘယ်နေရာပဲ ရောက်ရောက် ပုံလေးတွေကို Facebook မှာ တင်ရတာ ဝါသနာပါတယ်။ ပွဲလမ်း သဘင်တွေဆိုလည်း ဒီလိုပဲ ပုံတွေ တင်ဖြစ်တယ်၊ ခုနောက်ပိုင်း ပုံတွေယူပြီး မကောင်းတဲ့ Page တွေမှာ တင်တာမျိုးကြားရတော့ ကျွန်မပုံတွေယူပြီး အလုပ်ခံရမှာ ကြောက်လာတယ်” ဟု ဖေ့စ်ဘွတ်သုံးစွဲသူ တစ်ဦးကလည်း ဆိုသည်။

လူ့လောကတွင် စည်းကမ်းတကျ ပြုမူနေထိုင်ရန် တရားဥပဒေ ရှိသည်၊ လောကနီတိ၊ ပြည်သူ့နီတိ ရှိသည်၊ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများ ရှိသည်။ ထိုအရာများကို လိုက်နာကျင့်ကြံခြင်း မရှိသူသည် လူ့စည်းဝိုင်း ပြင်ပမှ လူ၊ တစ်နည်းအားဖြင့် လူစဉ်မမီသူများသာ ဖြစ်သည်။

“အခုလိုမျိုး Facebook မှာ ပုံတွေကို မဟုတ်တာတွေ လုပ်နေကြတာကို ကျွန်တော့် အမြင်ကတော့ မကောင်းဘူးလို့ ထင်တယ်။ IT နယ်ပယ်မှာရှိတဲ့ Ethic အရရော၊ ကိုယ့်နိုင်ငံမှာရှိတဲ့ ယဉ်ကျေးမှု အရရော မသင့်တော်ဘူး။ အခုက Facebook က ပရမ်းပတာကြီး ဖြစ်နေပြီ။ ဒီနိုင်ငံက Facebook ကို အသုံးချနေ တာတေ၊ွ ထင်မြင်ယူဆချက်တွေ လွဲနေတယ်၊ အတင်းတုပ်စရာ၊ မဟုတ်တာ အကုန်လုပ်စရာ နေရာ လို ဖြစ်နေတယ်” ဟု ပြည်တွင်းမီဒီယာအေးဂျင့် ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသူ ကိုရဲဇွန်အောင်က မှတ်ချက်ပေးသည်။

ဖေ့စ်ဘွတ်ခ်တွင် ရှိနေသော အမျိုးကောင်း သမီးများမှာလည်း မသမာသူများ၏ နှောင့်ယှက် မကောင်းကြံ ခံရမည့်အရေး စိုးတထိတ်ထိတ် ဖြစ်နေကြရသည်။

စစ်ငြိမ်းသူ၊ ဆု
The Voice Weekly
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...