Underwater Photography အကြောင်း သိကောင်းစရာ

ဒီအကြာင်းကို ရေးမယ် ရေးမယ်ဆိုပြီး ကျွန်တော် မောင်းတင်နေတာ ကြာပါပြီ....။

သိချင်လို့ စောင့်နေကြတဲ့သူတွေလည်း နဲမယ် မထင်ပါ....။

ကျွန်တော်လည်းရေးချင်ပေမယ့် ဘယ်လိုမှ အခြေအနေမပေးဘူး ဖြစ်နေခဲ့ပါတယ်...။

နောက်ပိုင်းလည်း အချိန်ပေးနိုင်ဖို့ သိပ်မသေချာတော့ပါဘူး...။

ကျွန်တော် အခုဆွေးနွေးမယ့် Underwater Photography အကြောင်းလေး မပြောခင်...။ ဒီနောက်ပိုင်း Photography နဲ့ ပါတ်သတ်လို့ ကျွန်တော်ခံစားမိလာရတာလေးတွေ နဲနဲတော့ ပြောချင်ပါတယ်....။

Facebook မှာ Photography နဲ့ ပါတ်သတ်တဲ့ Knowledge တွေကို ကျွန်တော် တတ်နိုင် သလောက်၊ လေ့လာမိသလောက် လေးတွေမျှဝေပေးခဲ့ပါတယ်...။

ပြီးပြည့်စုံတဲ့ မျှဝေမှုမဟုတ်ဖူးဆိုတာ ကျွန်တော့်ကို ကျွန်တော် သိပါတယ်...။ ကျွန်တော်သိသလို ဖတ်တဲ့သူတွေလည်း ဖတ်ကြည့်တာနဲ့ သိနိုင်ပါတယ်...။

ဒါပေမယ့် အခုနောက်ပိုင်း ဝမ်းသာစရာ တစ်ခုကတော့ နောက်ပိုင်းမှာ ကျွန်တော့်လိုပဲ ကိုယ်သိထား၊ တတ်ထားတဲ့ Knowledge တွေကိုမျှဝေပေးကြတဲ့ ညီအစ်ကိုတွေ၊ Page တွေ တစ်ယောက်ပြီး တစ်ယောက် တစ်ခုပြီး တစ်ခု အလျှိုအလျှိုပေါ်လာကြပါတယ်...။

ဒီ့အတွက် စာဖတ်သူတွေ၊ လေ့လာသူတွေ၊ ဝါသနာရှင်တွေ အနေနဲ့ ကျွန်တော့် တစ်ယောက်ထဲရဲ့ အာဘော်မျိုး မဟုတ်တော့ပဲ...။ အားလုံးရဲ့ အမြင်နဲ့အာဘော်အပေါ်မှာ ခြုံငုံ သုံးသပ်ပြီး လေ့လာနိုင်ကြ၊ နှိုင်းယှဉ်ကြည့်ကြ နိုင်ပြီ ဖြစ်ပါတယ်...။

ကျွန်တော်ကိုယ်တိုင်ကတော့ နောက်ပိုင်းမှာ ဆက်ရေးဖြစ်ဖို့ ဆိုတာ မသေချာတော့ပါဘူး...။

ကျွန်တော် မရေးနိုင်တော့ပေမယ့် အခုလိုရေးပေးမယ့် သူတွေ အများကြီးပေါ်ပေါက်လာတဲ့ အတွက် လေ့လာချင်တဲ့ ညီအစ်ကိုများအတွက် တကယ်ကို အားရှိစေနိုင်ပါတယ်...။

ကျွန်တော့်လက်ရှိ ဘဝပေးအခြေအနေအရ....။ ဓာတ်ပုံပညာကို အပျော်တမ်းသမား ဘဝနဲ့သာ အဆုံးသတ်ဖို့ ကံကြမာက တဖြေးဖြေး ဖိအားပေးလာခဲ့ပြီ ဖြစ်ပါတယ်...။

မသိသေးတဲ့သူများနဲ့ သတိမထားမိတဲ့သူများအတွက် ကျွန်တော် တစ်ခုလောက် ပြောခဲ့ချင်ပါတယ်...။

ကျွန်တော် Photographer မဟုတ်ပါ...။

Photography သည် ကျွန်တော့်၏ ဝါသနာ တစ်ခုသာ ဖြစ်ပါတယ်...။

ကျွန်တော့်မှာ ဘဝနဲ့ချီပြီး ပေးဆပ်ထားရတဲ့၊ ပြင်ဆင်ခွင့်မရှိတော့တဲ့ နောက်ထပ် ဘဝတစ်ခု ကျွန်တော့်မှာ ရှိနေလို့ပဲ ဖြစ်ပါတယ် ခင်ဗျာ....။

xxxxxxxxxxxxxxxxxxxxxxx

နိဒါန်း

ကဲ ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးမယ့် Topic လေးကို စလိုက်ကြရအောင်....။

Underwater Photography ဆိုတာ ကျွန်တော်တို့ မြန်မာပြည်မှာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဆရာ့ဆရာကြီးများ နည်းမျိုးစုံနဲ့ ခက်ခက်ခဲခဲ ကြိုးစား ရိုက်ကူးခဲ့ကြဖူးတဲ့ Photography တစ်ခုပဲ ဖြစ်ပါတယ်....။

ကျွန်တော်တို့ ဒီနေ့ခေတ်ရိုက်ကူးကြတဲ့ Underwater Photography ထက် အဆပေါင်းများစွာ ခက်ခဲ ပင်ပန်း စွာ ဖန်တီးခဲ့ရခြင်း ဖြစ်ပါတယ်...။

အင်မတန်မှ လေးစားအတုယူ အားကျဖို့ကောင်းပါတယ်...။

ကျွန်တော့်ရဲ့ကြိုးစားချက်ဟာ အထက်ပါ ဆရာကြီးများ၏ ကြိုးစားချက်နဲ့ယှဉ်လျှင် မိုးနဲ့ မြေလောက် သာ ဖြစ်ပါတယ်...။

Photographer တွေကြားထဲမှာ Underwater ရိုက်တဲ့သူ နဲပါတယ်...။

တစ်ချို့က စိတ်မဝင်စားလို့ မရိုက်ပါဘူး...။ တစ်ချို့က အထင်မကြီးလို့မရိုက်ပါဘူး...။ တစ်ချို့က ရိုက်ချင်သော်လည်း မရိုက်တတ်လို့ မရိုက်ပါဘူး...။ တစ်ချို့ကလည်း အရင်းအနှီးနဲ့ Risk လုပ်ရမှု ကြီးမားတဲ့ အတွက် မရိုက်ပါဘူး...။

ဒီ Note အတိုလေးဟာ အထက်ပါ လူအမျိုးအစားများထဲကမှ ရိုက်ချင်သော်လည်း မရိုက်တတ်လို့ မရိုက်နိုင်သော သူများအတွက် ရည်ရွယ်ပါတယ်....။

Underwater Photography ဟာ ထင်ထားသလောက် မလွယ်တာတော့ အမှန်ပါ...။

တစ်ချို့လည်း ကိုယ်တိုင်ရိုက်ဖူးကြတဲ့အတွက် အခက်အခဲရဲ့ အတိမ်အနက် ကို ကိုယ်တိုင်ကိုယ်ကျ သဘောပေါက်ကြပါတယ်...။ တစ်ချို့လည်း ဖတ်ဖူးမှတ်ဖူး၊ ကြားသိဖူး၊ လေ့လာဖူးတဲ့ အပေါ်မှာ မူတည်ပြီး သုံးသပ်ကြပါတယ်...။

ကျွန်တော်ကတော့ ဒုတိယတစ်ခေါက် ငပလီ ခရီးစဉ်အပါအဝင်ဆိုရင် ပင်လယ်ပြင်ထဲမှာ ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံ နှစ်ခါရှိခဲ့ပြီ ဖြစ်ပါတယ်....။

Underwater Photography မှာ ရေအောက်မှာ ရိုက်တာတချင်းအတူတူတောင် ရေကူးကန်ထဲမှာ ရိုက်ရတဲ့ အတွေ့အကြုံ အခက်အခဲနဲ့ တကယ့် ပင်လယ်ကြမ်းပြင်မှာ ရိုက်ရတဲ့ အတွေ့ အကြုံ အခက်အခဲတွေက များစွာ ကွာခြားမှု ရှိပါတယ်...။

ဘယ်ဟာက ပိုမိုခက်ခဲမယ်၊ ပို အန်တရာယ်များမယ် ဆိုတာ ကျွန်တော့် ညီအစ်ကိုတွေ ကိုယ်တိုင်ရိုက် ကူးကြည့်ကြတဲ့ အခါ သိပါလိမ့်မယ်..။ ကျွန်တော်ကတော့ မဆုံးဖြတ်ပေးလိုပါ...။

(၁) လိုအပ်သော Gear များ

Underwater Photography ကို စတင်လေ့လာတော့မယ်ဆိုရင် မဖြစ်မနေတော့ Gear အသစ်တွေ ဝယ်ရပါလိမ့်မယ်...။ ကိုယ့်မှာ ရှိပြီးသား Gear လေးတွေနဲ့ ဖြစ်အောင် ရိုက်ဖို့ကတော့ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်...။

Waterproof Casing တွေ ဝယ်မလား၊ Underwater Housing တွေ ဝယ်မလား၊ ဒါမှမဟုတ် Waterproof Camera လေးတွေဝယ်မလား စသဖြင့် Choice တွေ အမြောက်အများရှိပါတယ်...။

ကျွန်တော့်အတွေ့ အကြုံအရ ကျွန်တော် Underwater Housing နဲ့ တော့ မရှိဖူးသေးပါ...။ တရုတ်ပြည်ကထုတ်တဲ့ မြန်မာငွေ ၂ သောင်းကျော်လောက်သာကျတဲ့ Waterproof Casing နဲ့လည်း ရိုက်ဖူးပြီးသွားပါပြီ...။ Waterproof Camera အမျိုးအစားနဲ့လည်း ရိုက်ဖူးပြီးသွားပါပြီ....။

အရသာနဲ့ပုံထွက် သိသိသာသာ ကွာခြားတာကိုတွေ့ရပါတယ်...။

Waterproof Casing ကတော့ ရန်ကုန်မှာရှိတဲ့ နာမည်ရပြီးသား Photography Shop လေးတွေမှာ ကျပ် ၂ သောင်းနဲ့ ၃ သောင်းကြားမှာ ဝယ်ယူရရှိနိုင်ပါတယ်....။

Underwater Housing ကတော့ USD 1800 လောက်ကနေ USD 2500 လောက်အထိ အမျိုးအစားပေါ် မူတည်ပြီး အမျိုးမျိုးရှိပါတယ်...။ လူသိအများဆုံး Brand ကတော့ AquaTech ပဲ ဖြစ်ပါတယ်...။

Waterproof Camera အနေနဲ့ကတော့ အခုနောက်ပိုင်းမှာ Waterproof, Shockproof Point & Shoot Camera လေးတွေကို Company မျိုးစုံမှ Quality မျိုးစုံ ဈေးနှုန်းမျိုးစုံဖြင့် အခုနောက်ပိုင်း အပြိုင်အဆိုင် ထုတ်လုပ်လာကြပြီ ဖြစ်ပါတယ်...။

GoPro ကဲ့သိုသော Camera Line Up အသစ်တွေကလည်း နောက်ပိုင်းမှာ Adventure Photography တွေရဲ့လိုအပ်လာတဲ့ ဟာကွက်တွေနဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ထွက်ပေါ်လာကြပြီ ဖြစ်ပါတယ်...။

DSLR ကိုသုံးမလား၊ Point & Shoot တွေကိုသုံးမလား ဆိုတာကတော့ ညီအစ်ကိုတို့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါပဲ....။

ကျွန်တော် Underwater ထဲမှာ Canon EOS 7D နဲ့လည်း ရိုက်ဖူးပြီးသွားပါပြီ...။ Canon EOS 5D Mark III နဲ့လည်း ရိုက်ဖူးပြီးသွားပါပြီ...။ GoPro Hero3 Black Edition နဲ့လည်း ရိုက်ကြည့်ပြီးသွားပါပြီ...။

နောက်ဆုံးမှာတော့ DSLR က DSLR ပါပဲ...။ 7D ကထွက်တဲ့ Quality ကို GoPro မမှီသလို၊ 5D Mark III ကထွက်တဲ့ Quality ကိုလည်း 7D မမှီနိုင်ခဲ့ပါဘူး...။

ကျွန်တော် စာတွေဖတ်ပြီး ရမ်းပြောခြင်းမဟုတ်ပါ...။

ကျွန်တော်ကိုယ်တိုင် ကျွန်တော့် Camera တွေကို ရင်တမမနဲ့ အဆုံးအရှုံးခံပြီး ပင်လယ်ကြမ်းပြင်မှာ ရိုက်ကြည့်ပြီးမှ ရရှိခဲ့တဲ့ အဖြေပဲ ဖြစ်ပါတယ်...။

ကျွန်တော်ပြောတာကို သံသယရှိတယ်ဆိုရင် ကိုယ်တိုင် စမ်းကြည့်နိုင်ပါတယ်...

Video Quality မှာရော Still Quality မှာရော သိသိသာသာကို ကွာပါတယ်...။

(၂) Camera Setup

Gear တွေလည်း အဆင်သင့်ဖြစ်ပြီဆိုရင် စရိုက်ရုံပါပဲ...။

စရိုက်တော့မယ်ဆိုရင်တော့ မရိုက်ခင်မှာ ပြင်ဆင်မှုတွေ အများကြီး လုပ်ရတော့မှာ ဖြစ်ပါတယ်...။

USD ထောင်နဲ့ ချီပြီးတန်တဲ့ Underwater Housing တွေကို ဝယ်ယူပြီး ရိုက်ကူးနိုင်တဲ့သူတွေကတော့ အခက်အခဲမရှိပေမယ့်...။

ကျွန်တော့်လို ၂ သောင်းကျော်သာပေးရတဲ့ Waterproof Casing လေးတွေကို ဝယ်ပြီး ရိုက်မယ့်သူတွေ အတွက်တော့ Camera Setup က အရမ်းကို အရေးကြီးသွားပါတယ်...။

Underwater Housing တွေမှာ Camera ရဲ့ ခလုပ်တွေကို Control လုပ်ဖို့အတွက် Button တွေ အပြင်မှာ ပါပြီးသားဖြစ်တဲ့အတွက် လိုသလို ပြောင်းလဲအသုံးချ နိုင်တဲ့ အတွက် ရေအောက်ထဲရောက်တဲ့ အချိန်မှာ လိုအပ်တဲ့ Setting တွေကို ပြန်ပြင်လို့ရပါတယ်...။

Waterproof Casing ကတော့ Sorry ပါပဲ...။

Shutter Release ခလုတ်ကို မှန်အောင်နှိပ်နိုင်ဖို့တောင် ရေအောင်ထဲရောက်သွား တဲ့အခါ တော်တော် ခက်ခဲပါတယ်...။ တစ်ခြား ISO တွေ Aperture တွေ Shutter တွေဆိုရင်တော့ ဝေးရောပါပဲ...။

ကျွန်တော်ပဲ အတွေ့အကြုံနဲပြီး အသုံးမကျလို့လားတော့ မသိပါ..။ ကျွန်တော့်အတွက်တော့ ရေအောက် ထဲရောက်တဲ့အချိန်မှာ အဆင်အပြေဆုံးရိုက်ကူးနိုင်တဲ့ Setting ကတော့ Aperture Priority (AV/A) ပါပဲ...

ကျွန်တော့်ထက် ထူးချွန် ကျွမ်းကျင်ပြီး အတွေ့အကြုံများတဲ့ ညီကိုများကတော့ Manual နဲ့ ရိုက်ချင်လည်း ရိုက်ကြပါလိ့မ်မယ်...။

ကျွန်တော်ကတော့ မရိုက်တတ်ပါ...။ အဲ့လောက် ရိုက်ရအောင်လည်း အတွေ့အကြုံရော...။ ပညာရော ကျွန်တော် မပြည့်ဝသေးပါ...။

ကျွန်တော့် ညံ့ချက်က Mode တင်မကပါ...။ Focusing ကိုလည်း Auto ပေးထားရပါတယ်...။

ရေအောက်ထဲ ရောက်သွားတဲ့အချိန်မှာ လိုချင်တဲ့ Focus Point လေးကို လိုက်ရွေးပေးဖို့အတွက် မကျွမ်းကျင်တဲ့အတွက် ကျွန်တော် Area Focusing နဲ့ပဲ ရိုက်ခဲ့ရပါတယ်...။

ဒီ့ထက်ပိုပြီး ညံ့တာ ရှိပါသေးတယ်...။

Drive ကိုလည်း Burst Mode နဲ့ ရိုက်ပါတယ်...။ ကိုယ့်အနေအထား ကိုယ်သိတဲ့အတွက် တစ်ပုံထဲ စိတ်တိုင်းကျ တည်ပြီး မရိုက်နိုင်တဲ့အတွက် ရေအောက်ထဲရောက်သွားတာနဲ့ Burst Drive နဲ့ မဲမဲမြင်သမျှရိုက်ခဲ့ပါတယ်...။

ဒါ့ကြောင့် ကျွန်တော်ရခဲ့တဲ့ ကောင်းတယ်လို့ထင်ရတဲ့ပုံလေးတွေက ကြက်ကန်းတိုးပြီး ရခဲ့ခြင်းသာ ဖြစ် ပါတယ်...။

ကျွန်တော့်လို ပညာရည်နဲ့ အတွေ့အကြုံမဝသေးတဲ့ သူတွေအတွက် ကျွန်တော် အသုံးပြုခဲ့တဲ့ Setting လေးတွေကိုတော့ နဲနဲ ပြောပြချင်ပါတယ်...။

ပညာရင့် သဘာရင့် Manual သမားကြီးများကတော့ အတွေ့အကြုံပေါ်အခြေခံပြီး စိတ်တိုင်းကျ ဖန်တီးနိုင်ကြမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်...။

ကျွန်တော့် Setting လေးကတော့ AV/A မှာ ထားပါတယ်...။ Aperture ကို ကိုယ်လိုချင်တဲ့ Depth Of Field အပေါ်မူတည်ပြီး Fixed ထားပေးထားလိုက်ပါတယ်....။ ISO ကို...။ ကိုယ်ထားမယ့် Aperture ပေါ်မှာ မူတည်ပြီး တင်သင့်ရင် တင်ထားပါတယ်..။ ချသင့်ရင် ချထားပါတယ်...။

ဥပမာ f/8, f/11, f/16 အထိ ကျွန်တော် ချထားတယ်ဆိုရင် ISO ကို ကျွန်တော် Daylight မှာပဲ 800 နဲ့ 1600 ကြားမှာ အမြဲထားပါတယ်...။

Aperture Mode ဖြစ်တဲ့အတွက် Shutter Speed ကတော့ Automatically Adjust ဖြစ်သွားပါလိမ့် မယ်....။

(၃) Lens Choosing

ဒီ Post ကို မရေးခင် Comment တွေမှာ ကျွန်တော့်ကို မေးကြတယ်...။ ဘာလို့ Prime Lens မသုံးသလဲတဲ့...?

Photography မှာ ဘယ်နေရာမှမှ ပုံသေ အစွဲမထားဖို့တိုက်တွန်းလိုပါတယ်....။

လမ်းပေါ်မှာ Prime ကောင်းပေမယ့် ရေအောက်ထဲမှာ Prime က သုံးစားလို့ရချင်မှ ရပါလိမ့်မယ်...။

ရေအောက်ထဲရောက်သွားတဲ့အခါမှာ Field Of View (FOV) ဟာ အလင်းယိုင်ခြင်း (Diffraction) ကြောင့် ကုန်းပေါ်မှာတုန်းကနဲ့ မတူတော့ပါဘူး...။

ကုန်းပေါ်မှာ Ultra Wide ဖြစ်တဲ့ 10-22 လို 16-35 (on full frame) တို့ဟာ ရေအောက်ထဲရောက်တဲ့ အခါမှာ 18-55 လို 24-70 (on full frame) မှာလိုလောက်ကို ကျဉ်းသွားပါတယ်...။

ဒီလောက် Ultra Wide Lens နဲ့ရိုက်တာတောင် ရေအောက်ထဲက Subject တွေကို ရိုက်တဲ့အခါမှာ Composition ချရတာ တော်တော်လေးကို ခက်ခဲပါတယ်...။ FOV ကျဉ်းသွားပါတယ်...။

Subject စဝင်လာတဲ့အချိန်မှာ ကြိုရိုက်ထားတာတောင် တကယ်တမ်းပုံထွက်လာတဲ့အခါမှာ Subject က အထွက်ဖြစ်နေတာ မျိုးတွေနဲ့ ကြုံရပါတယ်...။

ဒါတောင် Ultra Wide နဲ့ ရိုက်တာပါ...။ Prime တွေလို FOV ကျဉ်းတဲ့ Lens တွေနဲ့ရိုက်မယ်ဆိုရင် စဉ်းစားသာကြည့်ပါ...။

ဖြစ်နိုင်တာ တစ်ခုကတော့ ကျွန်တော် ညံ့လို့လဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်...။

ကျွန်တော့်လို ခပ်ညံ့ညံ့ ညီအစ်ကိုများအတွက်ကတော့ Ultra Wide Lens ကို အသုံးပြုဖို့တိုက်တွန်း ပါတယ်...။

ရေအောက်ထဲမှာ Set Up Subject ကို ရိုက်တာပဲ ဖြစ်ဖြစ်...။ ငါးလေးတွေကို ရိုက်တာပဲ ဖြစ်ဖြစ်....။ Composition ချရတာ အရမ်းခက်ပါတယ်...။ အငြိမ်ထားလို့မရပါဘူး... အထူးသဖြင့် လှိုင်းလုံးတွေ ကျောက်ဆောင်တွေရှိတဲ့ ပင်လယ် ပြင်ထဲမှာ ရိုက်တဲ့ အခါမှာ ဖြစ်ပါတယ်...။

အချိန်မရွေး ကျောက်ဆောင်နဲ့ခေါင်းနဲ့ (ဓာတ်ပုံဆရာရော၊ Subject ရော) ရိုက်နိုင်သလို...။ အချိန်မရွေး ခြေထောက် ဟက်တက်ကွဲနိုင်ပါတယ်...။

အချိန်မရွေး ရင်ဘက်လောက်ရှိတဲ့ ရေမျက်နှာပြင်က လှိုင်းအလာမှာ တစ်ကိုယ်လုံး မြုပ်သွားနိုင်ပါတယ်...။ ဒီ့အတွက် Composition အပိုင်းမှာတော့ အများစွာ အခက်အခဲရှိနိုင်ပါတယ်...။

နောက်ပြီး သဘာဝ Subject တွေဖြစ်တဲ့ ငါးလေးတွေကို ရိုက်မယ်ဆိုရင်လည်း ...။ သူတို့က အရမ်းမြန် ပါတယ်....။ အဲ့ဒီ့အတွက် FOV နဲတဲ့ Prime နဲ့ ရိုက်မယ်ဆိုရင်တော့ ကျွန်တော်မတွေး တတ်ပါဘူး...။ Subject အလယ်ရောက်တဲ့အချိန်မှာ အပိုင်ဆိုပြီး ရိုက်လိုက်တဲ့အချိန်မှာ...။ ပုံထွက်လာတဲ့အချိန်မှာ ငါးလေးက ရှိချင်မှ ရှိပါတော့မယ်...။ အဲ့လို အခြေအနေမျိုးတွေ မဖြစ်ရအောင် FOV ကျယ်တဲ့ Ultra Wide Lens မျိုးကို ရွေးချယ်ခိုင်းခြင်း ဖြစ်ပါတယ်...။

(၄) Time & Location

ပင်လယ်ရေအောက်မှာ ရိုက်တဲ့အခါမှာ Time & Location ကောင်းကောင်းရဖို့အင်မတန် အရေးကြီး ပါတယ်...။ Location ဆိုတဲ့နေရာမှာ ကျွန်တော်ဆိုလိုချင်တာက သဲလေးတွေလှမယ့် နေရာပဲ ဖြစ် ပါတယ်...။ အနယ် အရမ်းမထတဲ့ နေရာမျိုး ဖြစ်ပါတယ်...။

Underwater Photography ကို လူထူထပ်တဲ့ Beach မှာတော့ မကြိုးစားစေချင်ပါ....။ အချိန်သာ ကုန်သွားမယ် ပုံကောင်းရမယ် မထင်ပါ...။

အကောင်းဆုံးနေရာတွေကတော့ ကျွန်းပေါ်မှာ ဒါမှမဟုတ် ကြမ်းပြင်မှာ သဲအစား ကျောက် စလစ်ခဲ၊ ကျောက် တုန်းလေးတွေ များတဲ့နေရာက ကြည်လင်တဲ့ Crystal Clear ရေကို ပိုပြီး ရစေပါတယ်...။

နောက်တစ်ခုက အချိန်ပါ....။

Setup Subject ကို ရိုက်မယ်ဆိုရင်တော့ နေအလင်းရောင် ခပ်စောင်းစောင်းရှိတဲ့အချိန်မျိုးကို ရွေးသင့်ပြီး...။ ပင်လယ်ရေအောက် အလှကို လှိုင်းရဲ့ Shape လေးတွေ Pattern လေးတွေနဲ့လိုချင်တယ် ဆိုရင်တော့ နေမွန်းတည့်တဲ့ အချိန်ပါတ်ဝန်းကျင်လောက်က အကောင်းဆုံးပဲ ဖြစ်ပါတယ်...။

(၅) ဆောင်ရန်၊ ရှောင်ရန်များ

ဆောင်ရန်အနေနဲ့ကတော့ အထူးသဖြင့် ကင်မရာကို ရေတစ်ဝက်နှစ်ပြီး Subject ကို အပေါ်တစ် ပိုင်း ရေအောက်တစ်ပိုင်း ရိုက်မယ်ဆိုရင် အဝတ်ခြောက်လေး တစ်ခုကို ဆောင်ထားစေချင်ပါတယ်...။ ကိုယ်တိုင်ဆောင်ထားဖို့တော့ မဖြစ်နိုင်ပါဘူး..။ ဘေးက မိတ်ဆွေ၊ သူငယ်ချင်း တစ်ယောက်ယောက် ကို ရေမစိုအောင် သေချာကိုင်ထားစေပြီး Lens ကို သုတ်စေချင်ပါတယ်...။

သို့မဟုတ်ရင် ပုံထွက်လာတဲ့အခါကြရင် ရေစက်တွေပါ ပါလာပါလိမ့်မယ်....။ တစ်ခြား ရေအောက်ပိုင်း တို့ ကောင်းကင်ပိုင်းတို့မှာ ရေစက်ထင်နေရင် Spot Removal Tool နဲ့ ဖယ်ပြစ်လို့ရပေမယ့် Subject ပေါ်မှာ တည့်တည့်ကြီးရေစက်တင်နေရင် ဘယ်လိုမှလည်း ဖယ်လို့မရတော့တဲ့အတွက် ကြိုးစားခဲ့သမျှ သဲရေ ကျ ဖြစ်ရပါလိမ့်မယ်...။

အထူးသဖြင့်တော့ တစ်ဝက်ဆီရိုက်တဲ့အချိန်မှာ လိုတာပါ...။ Completely ရေအောက်ထဲကို ငုပ်ရိုက်တဲ့အချိန်မှာတော့ ဒီ ပြသနာ မရှိတော့ပါဘူး....။

နောက်ထပ် အရေးကြီးတာ တစ်ခုက Camera ကို သေသေချာချာ Pack လုပ်ဖို့ပါ...။ Electronic နဲ့ ရေဆိုတာဟာ တကယ့် ရန်သူပါပဲ...။

အဲ့ဒီ့အတွက် Lens နဲ့ Camera ကို Pack လုပ်တဲ့အခါမှာ သေသေချာချာ Safe ဖြစ်အောင် လုပ်ဖို့လိုပါလိမ့်မယ်...။

သို့မဟုတ်ရင်တော့ ကျွန်တော် မတွေးရဲပါ....။

နောက်ထပ် အရေးကြီးတဲ့အရာတစ်ခုကတော့ သဘာဝ အန်တရာယ်များပါပဲ....။

ရေအောက်ထဲမှာ သံပချုပ်လို အဆိပ်ရှိတဲ့ငါးများ၊ ငါးလိပ်ကျောက်လို ငါးများဟာ ပင်လယ်ကမ်းခြေအနီးမှာပဲ သဘာဝအလျှောက် ကျက်စားတဲ့အတွက် အန်တရယ် အရမ်းရှိပါတယ်...။ အခန့်မသင့်ရင် မြွေအန် တရယ်လည်း စိုးရိမ်ရသလို...။ နောက်ထပ် စိုးရိမ် ရတာကတော့ ကျောက်ဆောင်တွေ ကျောက် ခဲတွေ ဖြစ်ပါတယ်...။

ခြေဖဝါးတွေ ကွဲနိုင်ပါတယ်... လက်ဖဝါးတွေ ကွဲပါလိ့မ်မယ်...။ (ကွဲကို ကွဲပါလိ့မ်မယ်...။ သေချာပေါက်ပါပဲ) အဲ့ဒီ့ထက် အရေးကြီးတာက ရေအောက် ကျောက်ဆောင်တွေကြားထဲမှာ ခြေထောက်ညပ်ပြီး ကျိုးတာမျိုး ဖြစ်နိုင်ပါတယ်...။

ကျောက်ဆောင်များနားမှာ ရိုက်တဲ့အခါ လှိုင်းနဲ့ကျောက်ဆောင်ကြားမှာ ညပ်နိုင်ပါတယ်...။

ဒါတွေက ကျွန်တော် ဖြဲချောက်နေတာ မဟုတ်ပါဘူး...။ ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ခဲ့လို့ သတိပေးခြင်းဖြစ်ပါတယ်....။

ကျောက်ဆောင်ထဲညပ်ပြီး ခြေထောက်မကျိုးခဲ့ပေမယ့်...။ သံပချုပ်နဲ့လည်း သီသီလေး လွဲခဲ့ပါတယ်...။ ငါးလိပ်ကျောက်လည်း မျက်စိရှေ့က ဖြတ်သွားခဲ့ပါတယ်...။ လှိုင်းနဲ့ကျောက်ဆောင်ကြားမှာလည်း ခဏခဏညပ်ခဲ့ရပါတယ်...။

ဒါ့ကြောင့် အထူး သတိထားစေချင်လို့ ပဲ ဖြစ်ပါတယ်...

နိဂုံး

ဒီလောက်ဆိုရင်တော့ အကြမ်းဖျင်းအားဖြင့် တော်တော်လေး တီးမိ ခေါက်မိရှိသွားပြီလို့ ကျွန်တော် ယုံကြည်ပါတယ်...။ တစ်ချို့သော ပညာရပ်တွေဟာ ဘယ်လောက်ပဲ ဖတ်ရှုလေ့လာပါစေ ပြီးပြည့်စုံနိုင်ခြင်း မရှိနိုင်ပါ...။ အတွေ့အကြုံ သင်ခန်းစာနဲ့ ရင်းမှသာ ပြီးပြည့်စုံနိုင်ပါလိမ့်မယ်...။

ကျွန်တော့်အနေနဲ့လည်း ကျွန်တော် ကြုံတွေ့ခဲ့ရသလောက် သာ ဝေမျှနိုင်မှာ ဖြစ်ပြီး..။ ကျွန်တော် မကြုံတွေ့ဖူးသေးတဲ့ အခြေအနေတွေလည်း များစွာ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်....။

ဒါ့ကြောင့် ကျွန်တော် အရင်ပြောနေကြအတိုင်းပဲ...

များများလေ့လာပါ....။ များများရိုက်ပါ....။ ရိုက်ရင်းလေ့လာပါ...။ လေ့လာရင်း ရိုက်ပါ လို့တိုက်တွန်းရင်း....။


လေးစားစွာဖြင့်
Black Dream


-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...