ပျော်ရွှင်စွာ နေထိုင်နည်း

လူသား အားလုံးအတွက် မရှိမဖြစ် အရေးအကြီးဆုံး အရည်အချင်း တစ်ရပ်ရှိပါတယ်။ ဘ၀အောင်မြင်မှုရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက် ဆိုရင်လည်း မမှားပါ ဘူး။ အဲဒီ အရည်အချင်းကတော့ ““ပျော်ရွှင် ချမ်းမြေ့စွာ နေထိုင်တတ်ခြင်း”” ပဲ ဖြစ်ပါတယ်။

၁၆ ယောက်မြောက် အမေရိကန် သမ္မတကြီး အေဗရာဟင် လင်ကွန်းက ““ကျွန်ုပ်တို့သည် မိမိ၏ စိတ်ပျော်ရွှင် ချမ်းမြေ့မှုကို မိမိတို့ ကိုယ်တိုင်သာ ဖန်တီးနိုင်ကြသည်။ မည်သည့် အရာကမှ သင့်အား စိတ်ဆင်း ရဲအောင်ဖြစ်စေ၊ စိတ်ချမ်းသာအောင် ဖြစ်စေ မဖန်တီးနိုင်ပေ”” လို့ မိန့်ဆို ခဲ့ပါတယ်။

လူတွေအားလုံး တွေးထင်နေကြတာက စိတ်ဆင်းရဲတာတွေ၊ စိတ်ပျော်ရွှင်တာတွေဟာ ပြင်ပက သက်ရောက် မှုတွေနဲ့ သက်ဆိုင်တယ်ဆိုတာပါပဲ။ ““ဒီအရာဟာ ငါ့ကို စိတ်ချမ်းသာစေတယ်။ ဒီအရာဟာ ငါ့ကို စိတ်ဆင်းရဲစေတယ်”” ဆိုပြီး ကြုံတွေ့လာတဲ့ ပြင်ပက အခြေအနေတွေက အတွင်းစိတ် အခြေ အနေတွေကို ဖန်တီးပေးတယ်လို့ လက်ခံထားကြပါတယ်။

ဒီအတွက်ကြောင့်လည်း လူတွေဟာ စိတ်ချမ်းသာ ပျော်ရွှင်စေမယ့် အခြေအနေတွေကို ပြင်ပမှာ လိုက်လံ ရှာဖွေတတ်ကြပြီး၊ စိတ်ဆင်းရဲစေမယ့် အခြေအနေတွေကိုတော့ မမြင်ချင်၊ မကြားချင်၊ မကြုံတွေ့ချင်ကြပါ ဘူး။ အမှန်တော့ စိတ်ပျော်ရွှင်တယ်၊ စိတ်ဆင်းရဲတယ်ဆိုတာ ပြင်ပက သက်ရောက်မှုတွေ ထက် မိမိရဲ့ အတွင်းစိတ်ရဲ့ နှလုံးသွင်း ဆင်ခြင်မှုပေါ်မှာ အများဆုံး သက်ဆိုင် နေတာ ဖြစ်ပါတယ်။

ပြင်ပအခြေအနေတစ်ခုကို လူတစ်ဦးက အကောင်းမြင်ကာ စိတ်ပျော်ရွှင်ပြီး၊ နောက်တစ်ဦးကတော့ အဆိုးမြင်ကာ စိတ်ဆင်းရဲနေတတ်ပါတယ်။ အခြေအနေ၊ အကြောင်းအရာ ဖြစ်စဉ်တူပေမဲ့ ရှုမြင်တွေးခေါ်ပုံ မတူတော့တဲ့ အခါမှာ တချို့က ပျော်ရွှင်ပြီး၊ တချို့က စိတ်ဆင်းရဲတတ်ကြပါတယ်။ ဥပမာ ပြောရရင် ကုမ္ပဏီ တစ်ခုမှာ ရာထူးတူ သူငယ်ချင်းနှစ်ယောက် တစ်ပြိုင်တည်း အလုပ်ကထုတ်ပစ်တာ ခံလိုက်ရပါတယ်။ ပထမ တစ်ယောက်က ““ဒါဟာ ငါ့အတွက် အခွင့်အလမ်းတစ်ခုပဲ။ ခုမှပဲ လွတ်လွတ်လပ်လပ်နဲ့ ငါ စိတ်ဝင်စားတဲ့ အလုပ်မျိုးမှာ လုပ်နိုင်မယ်။ အလုပ်သစ်တွေမှာ အတွေ့အကြုံအသစ်တွေ ရနိုင်မယ်။ အခွင့်အ လမ်းကောင်းတွေ ကြုံလာနိုင်တာပဲ”” ဆိုပြီး တွေးကာ ရည်မှန်းချက်အသစ်တွေနဲ့ ပျော်ရွှင်နေပါတယ်။ ကျန် တစ်ယောက်ကတော့ စိတ်တွေညစ်၊ စိတ်ဓာတ်တွေကျပြီး သူနေထိုင်တဲ့ တိုက်ခန်းပေါ်က ခုန်ချဖို့တောင် ကြိုးစားခဲ့ပါတယ်။

အလုပ်ထုတ်ခံရတဲ့ အခြေအနေချင်း အတူတူတောင် တစ်ယောက်က ပျော်ရွှင်စွာလက်ခံပြီး အခွင့်အ လမ်းတွေ ပိုမို ပွင့်လင်းလာစေပေမဲ့၊ ကျန်တစ်ယောက်ကတော့ စိတ်အဆင်းရဲကြီး ဆင်းရဲကာ လောကကြီး မှာ မနေချင်တော့လောက်အောင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပျော်ရွှင်စွာ နေထိုင်တတ်ဖို့ ဆိုတာ ပြင်ပက အခြေအနေတွေထက် မိမိကိုယ်တိုင်ရဲ့ အကောင်းမြင်စိတ်၊ အပြုသဘော ရှုမြင်မှုနဲ့ နှလုံးသွင်း မှန်ကန်မှုတွေ ဟာ ပိုမိုအရေးကြီးကြောင်း ထင်ရှားပါတယ်။

ကြုံလာသမျှ အရာရာတိုင်းကို အကောင်းမြင်စိတ်နဲ့ ရှုမြင်နိုင်ဖို့က လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး အထပ်ထပ် ကြိုးစားလေ့ကျင့်ရ ပါလိမ့်မယ်။ အမြဲတမ်း ပျော်ရွှင် စွာ နေထိုင်နိုင်ဖို့ မလွယ်ကူပေမဲ့ ““ငါ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ပျော်ရွှင်ချမ်းမြေ့အောင်နေမယ်”” လို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ တစိုက်မတ်မတ် ထိန်းချုပ်ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်။ ဇွဲရှိဖို့၊ ခံနိုင်ရည်ရှိဖို့၊ သည်းခံစိတ်မွေးဖို့ အထူးလေ့ကျင့် တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ပျော်ရွှင်စွာနေထိုင်တတ်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ပျော်ရွှင်ဖွယ်ရာ အတွေးတွေကိုသာ အာရုံစိုက်ပြီး တွေးတောတတ်ရန် လိုအပ်ပါတယ်။ ပျော်ရွှင်စရာတွေတွေးမှ ပျော်ရွှင်စရာတွေ ဖြစ်လာပါမယ်။ စိတ်ဆင်းရဲစရာတွေ တွေးနေရင် စိတ်ဆင်းရဲစရာတွေပဲ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် သတိပြုရမှာက မိမိရဲ့အတွေးတွေနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ် ကွပ်ကဲနိုင်ရမယ်ဆိုတဲ့ အသိတရား ဖြစ်ပါတယ်။

မိမိရဲ့စိတ်ကို အကောင်းဆုံး ထိန်းသိမ်းနိုင်ရမယ်။ သတိတရားအမြဲထားပြီး ဆင်ခြင်သုံးသပ်နိုင်ရမယ်။ မှန်ကန်တဲ့ ရှုမြင်မှု၊ နှလုံးသွင်းမှုတွေကို လုပ်ဆောင်နိုင်ရမယ်။ အလေ့အကျင့် ဖြစ်လာအောင် လေ့ကျင့် ပျိုးထောင်ယူရမယ်။ ဒီလို လုပ်ဆောင်တာဟာ မိမိကိုယ်ကို အကောင်းဆုံး တည်ဆေက် နေထိုင်တာ ဖြစ် ပါတယ်။ မကြာခင်မှာ စိတ်တွေတည်ငြိမ် ရင့်ကျက်လာလိမ့်မယ်။ ဒေါသတွေ နည်းပါးလာပြီး ပျော်ရွှင် ချမ်းမြေ့မှုတွေကို ပိုမိုရရှိ ခံစားရလိမ့်မယ်။ လောကရဲ့ လောကဓံတရားတွေကို ပျော်ရွှင်စွာနဲ့ ရင်ဆိုင် ကျော်ဖြတ်လာနိုင်လိမ့်မယ်။

ကြုံလာသမျှ အခြေအနေအရပ်ရပ်ကို အကောင်းဘက်ကနေ တတ်နိုင်သမျှ ရှုမြင်တတ်ဖို့ကိုလည်း လေ့ကျင့်ပြု လုပ်ဖို့ လိုပါတယ်။ ပြတင်းပေါက် အပြင်ဘက်က လှပတဲ့ရှုခင်းကို ကြည့်ရှုခံစားပြီး ပျော်ရွှင်သာယာမှုကို ခံစားနိုင်သလို ညစ်ပေနေတဲ့ ပြတင်းပေါက်ဘောင်တွေကို ကြည့်ပြီး စိတ်ညစ် နေလို့လည်း ရပါတယ်။ ပျော် ရွှင် ချမ်းမြေ့စရာကိုသာ မြင်အောင်ကြည့်ပါ။ စိတ်မချမ်းသာစရာတွေကို အချိန်ကုန်ခံ တွေးတောမနေပါ နဲ့။ ပျော်စရာ၊ စိတ် ချမ်းသာစရာတွေကိုသာ တွေးတောနိုင်တဲ့ စိတ်ကို ပိုင်ဆိုင်နိုင်အောင် တည် ဆောက် ထားဖို့ လိုပါတယ်။

ပျော်ရွှင်စွာနေထိုင်တတ်ဖို့ လက်တွေ့အသုံးချရမယ့် အကောင်းဆုံး နည်းလမ်းတစ်ခုကို ပြောပြပါမယ်။ တစ်ခါတုန်းက အမြဲပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်တတ်တဲ့ အဘိုးအိုတစ်ယောက်ကို စိတ်ဓာတ်ကျနေတဲ့ သူငယ်လေး တစ်ယောက်က မေးပါတယ်။ ““အဘိုး အခုလို တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေနိုင်စေတဲ့ နည်းလမ်းကောင်းလေးကို ပြောပြပါလား”” လို့ တောင်းဆိုတာ ပေါ့။ ဒီအခါမှာ အဘိုးအိုက ““ငါ့အသက် အစိတ်ခန့်အရွယ်တုန်းက စိတ် မချမ်းသာစရာတွေ၊ အသည်းနာစရာတွေ၊ ဒုက္ခတွေ၊ သောကတွေ၊ နာကျည်း မှု တွေ၊ စိုးရိမ်စိတ်တွေနဲ့ ကြုံတွေ့ခဲ့ရတာ အများကြီးပဲ။ ဒီစိတ်တွေဟာ ငါ့ကို နှစ်ပေါင်းများစွာ ပျော်ရွှင်မှုတွေ ကင်းပျောက်စေခဲ့တယ်။ နောင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ စိတ်ချမ်းသာစွာ နေထိုင်ရမှာပဲလို့ တွေးပြီး အတိတ်နဲ့ အနာဂတ်ကိုသာ စဉ်းစားနေခဲ့တာ အချိန်အတော်ကြာကြာပါပဲ။ ဒါပေမဲ့ ဖြစ် မလာခဲ့ပါဘူး။

တစ်နေ့မှာ ငါ အိပ်ရာကနိုးလာတော့ စဉ်းစားမိတယ်။ အခုအချိန် ကစပြီး အတိတ်ကဖြစ်ခဲ့ တာတွေကို မေ့ ပစ်၊ အနာဂတ်မှာဖြစ်လာမယ့် ကိစ္စတွေကိုလည်း တွေးကာ ပူပင်မနေတော့ဘဲ၊ လက်ရှိအချိန်က စတင် ကာ ပျော်ပျော်ရွှင်ရွှင် နေထိုင်တော့မယ်လို့ စိတ်ကို တုံးတုံးချပြီးနေခဲ့တာ အခုအချိန်အထိပါ ပဲ။ ဒီအသက် အရွယ် ရောက်တဲ့အထိ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ နေထိုင်နိုင်တာ အဲဒီ ဆုံးဖြတ်ချက်ကြောင့်ပါ”” လို့ ပြောခဲ့ ပါတယ်။

ဒါကြောင့် ပျော်ရွှင်စွာ နေထိုင်တတ်ဖို့ အကောင်းဆုံး နည်းလမ်းက တော့ လက်ရှိ ပစ္စုပ္ပန်အချိန်မှာ ပင် ပျော်ရွှင်စွာ နေထိုင်ခြင်းသာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင် အခုပဲ ပျော်ရွှင်နေလိုက်ပါ။ မနေ့က ဘာတွေဖြစ်ခဲ့တာ၊ မနက်ဖြန်မှာ ဘာတွေဖြစ်လာဦးမှာ ဆိုတဲ့ စိတ်ညစ်စရာအတွေးကို အခုပဲ ဖြတ် တောက် လိုက်ပါ။ မနေ့က ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့၊ မနက်ဖြန်မှာ ဘာတွေ ဖြစ်လာဖြစ်လာ သင်ပိုင်ဆိုင်နေတာ အခု ဆိုတဲ့ ပစ္စုပ္ပန်ကာလပါပဲ။

ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို ဖြစ်ပေါ်စေတဲ့ အဓိကအချက်ကတော့ ကျွန်တော်တို့အားလုံးရဲ့ စိတ်တွေကို ပစ္စုပ္ပန်တည့်တည့်မှာသာ အခြေခံထားပြီး အကောင်းဆုံးရှုမြင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အခုလက်ရှိ ပစ္စုပ္ပန်မှာ ပျော်ပျော်ရွှင်ရွှင် စိတ်ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်တဲ့ အခြေအနေတွေ ရှိနေပါ တယ်။ စိတ်ညစ်နေတယ်၊ စိတ်ဆင်းရဲနေတယ်ဆိုတာ မနေ့ကဆိုတဲ့ အတိတ်တွေကို ပြန်တွေးနေ တာကြောင့်လည်း ဖြစ်နိုင်သလို၊ မဖြစ်လာသေးတဲ့ အနာဂတ်အတွက် ပူပင်စိုးရိမ်နေတာကြောင့် လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ပူလောင်စေတဲ့ အတွေးတွေနဲ့ အာရုံတွေ များမနေပါနဲ့။ ဒီအတွေးတွေကို ဖယ်ထုတ်ပစ်ပြီး ပျော် ရွှင်မှုတွေနဲ့သာ အစားထိုးလိုက်ပါ။ စိတ်ဆင်းရဲစေမယ့် အာရုံအစား၊ စိတ်ပျော်ရွှင်စေမယ့် အကြောင်း အရာပေါ်မှာသာ သင့်ရဲ့အာရုံကို ပြောင်းလဲထားလိုက်ပါ။ အခုလက်ရှိ ပိုင်ဆိုင်နေတဲ့ ပစ္စုပ္ပန် အချိန်ကိုသာ အကောင်းဆုံး၊ အကျိုးရှိဆုံး အသုံးချပြီး ပျော်ရွှင်ချမ်းမြေ့စွာ စတင်နေထိုင်သင့် ပါတယ်။ ပျော်ရွှင်စွာ နေထိုင် တတ်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave)
JOB seekers Journal, Vol.3, No.41
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...