ခါးနာဝေဒနာ ခံစားရသူဦးရေ ပိုမိုများပြားလာ၊ နာရီပိုင်းမျှ ကိုယ်နေဟန်ထား မှားယွင်းမှုကြောင့် လနှင့်ချီ ခါးနာနိုင်

By သမန်းကျား

ကမ္ဘာပေါ်မှာ လူတိုင်းနီးပါး ခံစားရတဲ့ ဝေဒနာ တစ်မျိုး ရှိပါတယ်။ အသက်ကြီးကြီး၊ ငယ်ငယ်၊ ပျိုပျိုအိုအို၊ ဆင်းရဲ ချမ်းသာ အယုတ်အမြတ် မရွေး ခံစားရတဲ့ ခါးနာဝေဒနာ ပဲဖြစ်ပါတယ်။ အင်္ဂလန် နိုင်ငံ ရဲ့ စစ်တမ်းအရ သူတို့ ဆီမှာ လူဦးရေ ၁ သန်းမှာ ၂ သိန်း ခွဲလောက်က ခါးနာဝေဒနာကို ခံစားရတယ်လို့  ဆိုပါတယ်။

ခါးနာတယ် ဆိုတာသိပေမယ့် ဘာကြောင့် နာတယ်ဆိုတာ သိသူရှားပါတယ်။ အင်္ဂလန်မှာ ဆိုရင်တော့ ခါးနာဝေဒနာကို ခံစားရတဲ့ လူများစုက အမျိုးသမီးတွေဖြစ်ကြပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ပိုများ ပါတယ်။ သာမန်ထက် အလေးချိန်ပိုလာတဲ့ ခါးနဲ့ ဝမ်းဗိုက်ပိုင်းကို ပင့်တင်ထားရတဲ့အတွက် ခါးနာခါး ကိုက်ခြင်းဖြစ်နိုင်သလို အရိုးအကြော မကောင်းလို့  ခါးနာတယ် လည်းဖြစ်နိုင်ပါတယ်။ လူအများစုမှာတော့ ခါးရိုးကိုဖြစ်စေ၊ ခါးကြောကိုဖြစ်စေ ဒဏ်မဖြစ် အောင် ဂရုမစိုက်တတ်ကြတဲ့အတွက် ခါးနာရောဂါစွဲကပ် လာတာပဲ ဖြစ်ပါတယ်။

ခါးနာရင် လေ့ကျင့်ခန်း လုပ်ပါလားလို့  အပြောမစောလိုက်ပါနဲ့ ။ အမျိုးသမီးအများစုဟာ ခါးနာလို့ ဆိုပြီး ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ်တာကိုလည်း လုံးဝရပ်နား ပစ်လိုက်လေ့ ရှိပါသေးတယ်။ ဒီတော့ ခါးနာလို့  ကျန်းမာရေးလေ့ကျင့်ခန်း မလုပ်သလို ခါးနာလို့ ဆိုပြီး အိပ်ယာထဲမှာ ငြိမ်သက်စွာ လဲလျောင်း တတ်ကြ ပါသေးတယ်။ တစ်ဖက်က ကျန်းမာရေးလေ့ကျင့်ခန်း မလုပ်ဖြစ်တော့သလို တစ်ဖက်ကလည်း အိပ်ယာထဲမှာ ငြိမ်ငြိမ်လေးဇိမ်နဲ့  နေလိုက်ကြတဲ့အတွက် ကျန်းမာရေးကိုပိုပြီး ထိခိုက်စေလာတဲ့အပြင် အိပ်ယာထဲမှာ အနေကြာလာပြန်ရင်လည်း အိပ်ယာကြောင့်ကို ခါးကထပ်ပြီး နာနိုင်ပါသေးတယ်။

လေ့ကျင့်ခန်းလုပ်လို့  ခါးပိုနာတာလား လို့ မေးလာမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်လို့  ခါးနာတယ် ဆိုတာ ထက် လေ့ကျင့်ခန်းလုပ်တဲ့ပုံစံ မှားယွင်းနေလို့  ခါးနာတာလို့  ပြန်ဖြေရမှာ ဖြစ်ပါတယ်။ ဒီတော့ ခါးနာ လို့  လေ့ကျင့်ခန်း မလုပ်ရဲတော့သူတွေအတွက် Relaxation Exercise လို့ ခေါ်တဲ့ ကြွက်သားနဲ့  အကြောတွေ ဖြေလျော့ပေးတဲ့ လေ့ကျင့်ခန်းက အလွန်သင့်တော်ပါတယ်။

Relaxation Exercise တွေကို မလုပ်ခင်မှာ သေသေချာချာ သဘောပေါက်ရမှာက ခန္ဓာကိုယ်ရဲ့  အလို အလျောက် ပြန်လည်ကုသစနစ်ဟာ အလွန်ကောင်းမွန်ပါတယ်။ ကြွက်သားတွေ မခံမရပ်နိုင်အောင် နာကျင်ဖူးခဲ့ပြီး အဲဒီနာကျင်မှု တွေ အလိုအလျောက် ပျောက်ကင်း သက်သာသွားတာ အားလုံး ကြုံဖူးကြမှာပါ။

ဒါပေမယ့် ခါးနာဝေဒနာကိုကျတော့ ခန္ဓာကိုယ်ဟာ အလိုအလျောက်ပျောက် ကင်းသက်သာအောင် အလွယ်တကူ မလုပ်နိုင်တာကို တွေ့ ရပါတယ်။ ခါးနာပြီဆိုတာနဲ့  ကျွန်တော်တို့  အားလုံးလိုလိုဟာ ခါးကို ငြိမ်ငြိမ်လေး ထားလိုက်ပါတယ်။ ဒီလိုလုပ်တဲ့အတွက် ခါးတစ်ဝိုက်က ကြွက်သားတွေက လှုပ်ရှားမှု နဲသွားပြီး တင်းတောင့်သွားပါတယ်။ ကြာလာတော့ လမ်းလျှောက်ရင်ကိုပဲ ခါးကို မလှုပ်ပဲလျှောက်တော့ ခါးချိနေသလိုဖြစ်နေတာကို ယောက်ျားလေးရော မိန်းကလေးတွေမှာပါ တွေ့ နေရပါ တယ်။

နောက်ပြီး ခါးနာလို့  အိပ်ယာပေါ်မှာအနားယူလိုက်တာ (Bed Rest) ဆိုတာကလည်း ၂-ရက်ထက် ပိုသွားရင် ခါး ကြွက်သားတွေကို အားပျော့စေပြီး ခါးရိုးကိုတောင် ပင့်မထားနိုင်တော့တဲ့အတွက် ခါးရိုးက အလုပ်ပိုလုပ်ရပြီး နာကျင်မှုကိုလည်း ပိုလာစေပါတယ်။

ခါးနာရတဲ့အကြောင်းရင်းနောက်တစ်ခုကတော့ အ၀လွန်လာခြင်းပဲ ဖြစ်ပါတယ်။ ခါးနာဝေဒနာ အစကတည်း က ရှိတယ်ဆိုရင် တစ်စတုံလောက် ကိုယ်အလေးချိန်တိုးလာတယ်ဆိုရင်တောင် ခါးနာကျင်မှုကို ပိုစေပါ တယ်။ ခါး မနာ သေးဘူးဆိုရင်လည်း ကိုယ်အလေးချိန်တိုးလာလို့  ၀မ်းဗိုက်ကို ပင့်မရပြီဆိုရင် သေချာ ပါတယ်။ ခါးက နာတော့မှာပါ။

၂၀၁၁ ခုနှစ်တုန်းက တစ်နိုင်ငံလုံးနီးပါး ကိုယ်အလေးချိန် တိုးလာကြပြီး ခါးနာတဲ့လူဦးရေပိုလာတာကြောင့် အင်္ဂလန် အစိုးရဟာ နိုင်ငံထဲကို တင်သွင်းနေတဲ့ တရုတ်ခေါက်ဆွဲထုပ်တွေကို တားမြစ်လိုက်သလို အမြန်ရ အစားအစာဆိုင် တွေကိုလည်း နည်းအမျိုးမျိုးနဲ့  ကန့် သတ်ခဲ့ပါတယ်။ နောက်ထပ် ၂-နှစ်အတွင်းမှာ လူတွေရဲ့ ကိုယ်အလေးချိန် ဟာလည်း သိသိသာသာ ကျသွားခဲ့ပါတယ်။

ဒီနေရာမှာ ‘တစ်မျိုးသားလုံးကျန်းမာရေး’ ဆိုတဲ့ဆောင်ပုဒ်ဟာ သိပ်ကို ပညာသားပါပါတယ်။ အိမ်တစ်အိမ်မှာ လူတစ်ယောက်ဖျားနာပြီဆိုတာနဲ့  အဲဒီတစ်မိသားစုလုံးဟာ အလုပ်ကိုဖြောင့်ဖြောင့် မလုပ်ရတော့ သလို ငွေကုန် ကြေးကျလည်း များလာပါတယ်။ အဲဒီဖျားနာမှုဟာ နာတာရှည်ဖြစ်မယ်ဆိုရင် မိသားစု ဖွံ့ ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒီလိုပါပဲ။ နိုင်ငံတစ်နိုင်ငံမှာ လူထုကျန်းမာရေး မကောင်း ဘူးဆိုရင် အဲဒီနိုင်ငံရဲ့  ဖွံ့ ဖြိုး တိုးတက်မှုကိုလည်း များစွာနှောင့်နှေးကြန့် ကြာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် လည်း အင်္ဂလန်အစိုးရဟာ လူတွေ အ၀လွန် မလာအောင် ဘယ်လို စားသောက်ကုန်တွေကို တင်သွင်းနေ သလဲဆိုတာ စိစစ်ပြီး ကန့် သတ်သင့်တာ တွေကို ကန့် သတ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒီတော့ ခါးနာဝေဒနာ သက်သာအောင် နေ့ စဉ်ဆောင်ရန်ရှောင်ရန်တွေကို အင်္ဂလန် သုတေသီတွေ က ပြောပြ ထားတဲ့ အတိုင်း ဖော်ပြသွားပါမယ်။

ပထမဆုံးအချက်ကတော့ ကိုယ်အလေးချိန်ကို အတတ်နိုင်ဆုံး လျော့ချထိန်းသိမ်းထား ပါ။ အားကစား၊ အစားအစာ၊ အအိပ်အနေ အားလုံးကိုဆင်ခြင်ပါ။

ဒုတိယအချက်ကတော့ ဘယ်တော့မှ ခါးအနေ အထား ပျက်အောင် ထိုင်တာ၊ရပ်တာမျိုး မလုပ်ပါနဲ့ ။ သင် တစ်နာရီလောက် စားပွဲနဲ့ ရင်ဘတ်ကပ်ပြီးထိုင်လိုက်တာ ဟာ ခါးကို လပေါင်းများစွာ ဒဏ်ဖြစ်စေပါတယ်။ သင်ခါးနာတာ ထိုင်ခုံပုံစံကြောင့်မဟုတ်ပါဘူး။ သင်ထိုင်တဲ့ပုံစံ ကြောင့်ပါ။ ဘယ်လိုထိုင်ခုံနဲ့ ပဲဖြစ်ဖြစ် သင် ထိုင်တဲ့ပုံစံ မှားနေမယ်ဆိုရင် ခါးက နာနေအုံးမှာပါပဲ။ သင့်အိပ်ယာနဲ့  ခေါင်းအုံးဟာ ကျောရိုးကို ပုံမှန် အနေအထားဖြစ်စေရပါမယ်။ မဖြစ်လို့ ကတော့ တစ်ညလုံး ခါးအနေအထားမှန် အောင် ပြန်တည့်ပေးနေ ရတာနဲ့ ပဲ အိပ်ရေးလည်း ပျက်ပါမယ်၊ ခါးလည်းနာပါမယ်။

နောက်ဆုံးအနေနဲ့  သင်စီးတဲ့ ဖိနပ်ဟာ အောက်ခံ မာလွန်းတယ်ဆိုရင် သင့်ခြေဖနောင့်နဲ့  ဖိနပ်ကြား ဖော့ပြားလေး ခံပေးပါ။ ခါးကိုသွားဆောင့်မယ့် တုန်ခါနှူန်းကို အဲဒီဖော့ကလေးက စုပ်ယူပေလိုက် ပါလိမ့်မယ်လို့  လေ့လာရေးသား တင်ပြလိုက် ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...