ဂျပန် သက်ကြီးပိုင်းတွေကို ဘယ်သူတွေ ပြုစု စောင့်ရှောက်ကြမလဲ

By ကိုထိုက်

မီဒိုရီအီဒါ တစ်ယောက် အသက်(၉၆) နှစ်အရွယ် အဘွားဖြစ်သူကို အိမ်သာ လိုက်ပို့ဖို့ တစ်ည တစ်ည ကို အကြိမ်ကြိမ်ထ ရသည်။ အဘွား အိပ်သာ သွားချင်တိုင်း အမြန်ဆုံး လိုက်ပို့ပေး နိုင်အောင် အဘွားဘေးမှာ ပဲသူ အိပ်လိုက်သည်။ အသက် (၂၉) နှစ်အရွယ် အမျိုးသမီး အများစု သဘောကျ နိုင် စရာ မရှိသည့် တာဝန် ၀တ္တရားမျိုး ဖြစ်၏။ သို့သော် မီဒိုရီ အဖို့ သူ့ အဘွား အတွက် တစ်ပတ်မှာ တစ်ရက် သာ ထိုသို့ လုပ်ပေးနိုင် သဖြင့် အပြစ်မကင်း သလိုပင် ခံစားနေ ရသည်။ မီဒိုရီသည် တစ်ပတ်မှာ ခြောက် ညကိုအခြားသော သက်ကြီးရွယ်အို ပြုစု စောင့်ရှောက်ရေး စင်တာ များတွင် လုပ်ကိုင်ရပြီး နားရက် တွင်သာ သူ့အဘွားရှိ ရာဂေဟာတွင် လာအိပ်ပေး နိုင်ခြင်း ဖြစ်သည်။

ကျွန်မ မိသားစုကလည်း မချမ်းသာတော့ အပြင်ထွက် အလုပ်လုပ်ရ တာပေါ့။ အဘွားနဲ့ တူတူ ညတိုင်းနေ မပေးနိုင် တာတော့ စိတ်မကောင်းဘူး ဟု မီဒိုရီက ပြောသည်။ ကျွန်မ (၁၅) နှစ်သမီးမှာ အဘိုးဆုံးတယ်။ အဘိုးဆုံး ကတည်းက ငါ သူနာပြု လုပ်မယ်လို့ ရည်မှန်းချက်ထား ခဲ့တာ။ ဒါကြောင့် အခု လုပ်နေတဲ့ သူနာပြု အလုပ် ကိုလည်း ကျွန်မ မြတ်နိုးတယ်။ ဒီအလုပ်ကို မစွန့် ချင်ဘူး ဟု မီဒိုရီက ပြောသည်။ သူနာပြု အလုပ်ကြောင့် သူပေးဆပ်လိုက် ရတာများရှိသည်။ မီဒိုရီက ပြည်ပထွက် ပြီးလည်း လုပ်ကိုင်ချင် သေးသည်။ သူ့ သူငယ်ချင်းတွေ ပြည်ပနိုင်ငံတွေဆီ သွားပြီး လုပ်ကိုင်နေတာ သူအားကျ သည်။ နိုင်ငံတကာကို ခြေ ဆန့်နိုင် သူများမို့ အမြင် ကလည်း ကျယ်ကြသည်။

ကျွန်မ နိုင်ငံခြား ထွက်ချင်တဲ့ အကြောင်းတော့ အဘွားကို မပြောပြဘူး။ အဘွား စိတ်ဆင်းရဲ သွားမှာ စိုးတယ်။ ခက်တာက ကျွန်မလည်း အခု အသက် (၃၀) နားကပ် နေပြီ။ အိမ်ထောင်ပြုပြီး ကိုယ်ပိုင် မိသားစုလေး ထူထောင်သင့်တဲ့ အချိန်ရောက် နေပြီ မဟုတ်လား ဟု မီဒိုရီက ဆိုသည်။ ဒီလို ပြောလို့ အဘွားနားက ခွာချင်တယ်ရယ်လည်း မဟုတ်ပါဘူး။ ညည အဘွား အိမ်သာသွားဖို့ ကျွန်မကို လာမနှိုးတော့ မယ့် နေ့မျိုးရောက် မလာပါစေနဲ့လို့ ကျွန်မအမြဲ ဆုတောင်းနေတယ်။ အဘွားအသက် (၁၀၀) ပြည့်မွေးနေ့ ကို ပျော်ပျော်ကြီး ကျင်းပချင်သေးတယ်။

ပင်ပန်းလွန်းတယ်

ဂျပန်နိုင်ငံတွင် မိသားစုထဲက သက်ကြီးပိုင်းများကို ပြုစု စောင့်ရှောက်သည့် တာဝန်ကို ယူထားကြသော အသက် (၁၅) မှ (၂၉) နှစ်ကြား လူငယ် (၁၇၇၆၀၀) ဦးအနက် မီဒိုရီသည် တစ်ဦး အပါအ၀င်ဖြစ်သည်။ မီဒိုရီလို ကိုယ်တိုင်က သူနာပြု ဘ၀ကို ကျေနပ်ကာ လုပ်နေသူများလည်းရှိသည်။ မလွှဲမရှောင်သာ၍ အချိန်ပြည့် ပြုစု စောင့်ရှောက်သူ အဖြစ် ခံယူထားရသူ များလည်း ရှိကောင်းရှိ လိမ့်မည်။ အကြောင်း အမျိုးမျိုးကြောင့် သက်ကြီး စောင့်ရှောက်ရေး ဂေဟာသို့လည်း မသွားနိုင် သဖြင့် အိမ်မှာပင် သက်ကြီးပိုင်း တစ်ယောက်နဲ့ တစ်ယောက် စောင့်ရှောက်နေ ရသည့် အိမ်ထောင်စုတွေ လည်း ရှိနေပြန်သည်။

ပြီးခဲ့သည့် လကပင် အသက်(၇၁) နှစ်အရွယ် ခင်ပွန်းက စိတ်ကျဝေဒနာ ဖြစ်ပွားနေ သော ဇနီးသည်အား သတ်ဖြတ်သဖြင့် ဖမ်းဆီးခဲ့ ရသည်။ မုန်းလို့ မဟုတ်ပါဘူး။ နှစ်ရှည်လများ ပြုစု စောင့်ရှောက်နေရ တာကို အရမ်းငြီး ငွေ့လာလို့ပါ။ ဒါကြောင့် သတ်လိုက်ရ တာပါ။ ကျွန်တော့်ကိုယ် ကျွန်တော် လည်း သတ်သေဖို့ စိတ်ကူးထားပါတယ် ဟု အသက်(၇၁) နှစ်အရွယ် အမျိုးသားကြီးက ပြောသည်။

ထိုဖြစ်စဉ်မျိုးသည် ဂျပန်၏ အလွန်အမင်း တိုးပွားလာ နေသော သက်ကြီးရွယ်အို ၀န်ပိမှု ပြဿနာကို မီးမောင်း ထိုးပြ နေသည်။ သက်ကြီးပိုင်း တွေက များလာ နေသည်။ တစ်ချိန်တည်းတွင် မွေးနှုန်းများက ကျဆင်း နေ သည်။ အကျိုးဆက် အဖြစ် ဂျပန်သည် သက်ကြီးပိုင်း များကို ပြုစု စောင့်ရှောက်မည့် လူရှားပါး သထက် ရှားပါးလာ နေသည်။

ယနေ့ ဂျပန်နိုင်ငံသား (၂၅) ရာခိုင်နှုန်း သည် အသက်(၆၅)နှစ်ကျော်များ ဖြစ်သည်။၂၀၅၅ ခုနှစ်ရောက်သည့် အခါ (၄၀) ရာခိုင်နှုန်း အထက် ထိ ရောက်ရှိလာမည်ဟု လူဦးရေ တွက်ချက်မှုများအရ သိရသည်။ မွေးနှုန်း များ ကျဆင်းနေသဖြင့် လက်ရှိတွင် ဂျပန် လူဦးရေသည် (၁၂၇) သန်းရှိ နေရာမှ ၂၀၅၅ ခုနှစ် ရောက်သည့် အခါ သန်း(၉၀) သာကျန်တော့ မည်ဟုလည်း သိရသည်။ ၂၀၂၅ ခုနှစ်ရောက် သည့်အခါ ဂျပန်နိုင်ငံသည် သူနာပြုနှင့် သက်ကြီး ရွယ်အို စောင့်ရှောက်ရေး ကျွမ်းကျင်သူ တစ်သန်းကျော် ထပ်မံ လိုအပ်လာမည်ဟု ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် ပြည်သူ့ ဖူလုံရေး ၀န်ကြီးဌာနက သတိပေး ပြောကြားသည်။

ပြည်ပ ကနေ လူခေါ်မလား

ဂျပန်တွင် လူဦးရေကျုံ့လာမှုကို ဖြေရှင်းရန် အလွယ်ဆုံးနည်းကား ပြည်ပ နိုင်ငံများမှ လာရောက် လုပ်ကိုင် မည့် လူများကို များများ စားစား လက်ခံ လိုက်ဖို့ ဖြစ်သည်။ ဖြေရှင်းနည်းက လွယ်ကူ သော်လည်း လူကြိုက် မများသော နည်းလမ်း ဖြစ်နေသည်။ ဂျပန်သည် ကမ္ဘာပေါ်တွင် ပြည်ပ နိုင်ငံသား အနည်းဆုံး နိုင်ငံ လည်း ဖြစ်သည်။ လူဦးရေ၏ (၂)ရာခိုင်နှုန်းသာ ပြည်ပ နိုင်ငံသားများ ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ပမှ လူ အများအပြားကို အချိန်တိုအတွင်း နိုင်ငံသို့ ၀င်ခွင့်ပေး လိုက်မည် ဆိုပါက လူမှုရေး ပဋိပက္ခများ ဖြစ်ပွားလာ မည့် အန္တရာယ်လည်းရှိ နေသည်။

၂၀၀၈ ခုနှစ်တွင် ဂျပန်အစိုးရသည် နိုင်ငံခြားသား သူနာပြုများနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ၀န်ထမ်းများကို ဂျပန်သို့ ၀င်ရောက် လုပ်ကိုင်ခွင့် ပေးခဲ့သည်။ ဂျပန်မှာ အလုပ်လုပ်ကိုင်ရေး သတ်မှတ်ချက် များ ကလည်း မြင့်မားသည်။ အလုပ်အကိုင်စာမေးပွဲကို ၀င်ဖြေခဲ့ ကြသော ပြည်ပ နိုင်ငံသား များစွာ အနက် (၃၀၄) ဦးသည်သာ အောင်မြင်ကာ ဂျပန်နိုင်ငံကို ၎င်းတို့၏ ယာယီအိမ်အဖြစ် သဘောထားကာ နေ ထိုင်နိုင်ခဲ့ ကြသည်။

နိုင်ငံခြားသား လုပ်သားများ ဂျပန်ကို အိမ်လို သဘောထားကာ နွေးထွေးစွာ နေနိုင်အောင် ဖန်တီးပေး သွားမည် ဖြစ်ကြောင်း ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအဘေးက ကတိပြု ပြောကြား ထားသည်။ သို့သော် နိုင်ငံခြား သား များကို ဂျပန်တွင် အချိန်ကြာကြာ နေခွင့်ပေးမည် မဟုတ်ဘဲ သုံးနှစ်မှ ငါးနှစ် အတွင်း ပြည်တော်ပြန် ရမည်ဟု သတ်မှတ် ထားသည်။

အစိုးရရဲ့ လုပ်ပုံတွေက ဂျပန်နိုင်ငံ ကြုံတွေ့နေရတဲ့ လူဦးရေကျုံ့မှု ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူး ဟု ဂျပန်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန အကြီးအကဲ ဟိုင်ဒါနိုရီ ဆာကာနာကီက ပြောသည်။ ဂျပန်ဟာ လာမယ့် နှစ်ငါးဆယ် အတွင်း ပြည်ပက ပြောင်းဝင် နေထိုင်သူ(၁၀) သန်း လောက်ထိကို လက်ခံပြီး ကိုယ့်နိုင်ငံသား အဖြစ် အသိအမှတ်ပြုပေးမှ နိုင်ငံ ပုံမှန် လည်ပတ် လုပ်ကိုင်နိုင်မယ် ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဂျပန်ဟာ ဘက်စုံ အခြေအနေတွေ ကြောင့် လူမျိုး တစ်မျိုးတည်း နိုင်ငံအဖြစ် ဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်တော့ တာကြောင့် လူမျိုးစုံနိုင်ငံ အဖြစ် ရပ်တည်ရမယ် ဆိုတာ ယနေ့ လူငယ်တွေကို အချိန်ယူ ပညာပေး သွားမယ် ဆိုရင် လူမှုရေး ပဋိပက္ခတွေ ဖြစ်မလာအောင် ကာကွယ်နိုင်ပါလိမ့်မယ် ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဂျပန်ဟာ လူမျိုးတစ်မျိုးတည်း ရေရှည် နေထိုင်လာခဲ့တာ မှန်ပေမယ့် ခုချိန်မှာ အခြေအနေအရ လူမျိုးစုံ နိုင်ငံ အဖြစ်ကို ကူးပြောင်း နိုင်ပါမှ အရှိန်မပျက် ဆက်လည်ပတ်နိုင်မယ့် အနေအထား ရောက်နေ ပါတယ် ဟု မီဇူဟို နိုင်ငံတကာ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းမှ ဆိုင်ဂျီရို တာကီရှီတာက ပြောသည်။ ဂျပန်နိုင်ငံ အနေဖြင့် လူမျိုး တစ်ခုတည်း မူဝါဒလည်း မပျောက်ကွယ်စေ၊ လူမျိုးစုံဖြင့်လည်း ပူးပေါင်းနိုင်စေဟူသော အလယ်အလတ် လမ်းစဉ် တစ်ရပ် ဖော်ဆောင်ဖို့ လိုအပ်ကြောင်း၊ ဥရောပ၏ လူမျိုးစုံ မူဝါဒ မအောင်မြင်ပုံကို ယခုနောက်ပိုင်း ကြီးထွား လာသော လူမျိုးရေး ပြဿနာများက မီးမောင်းထိုးပြ နေကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

မီဒိုရီလို အဘွားကို ပြုစု စောင့်ရှောက် ရတာ ပျော်သူက အနည်းစုသာ ရှိလိမ့်မည်။ ပြုစုစောင့်ရှောက်ပေး မည့်သူ ရှာမရခြင်းကြောင့် ကိုယ်တိုင် ၀င်ပြုစုနေရ သူတွေလည်း ရှိလိမ့်မည်။ မီဒိုရီ၏ အဘွားက ကံကောင်း သေးသည်။ ပြုစုစောင့်ရှောက်မည့် မြေး ရှိနေ သေးသည်။ သားထောက်သမီး ခံလည်း မရှိ၊ ဘေးဝန်းကျင်မှာလည်း လူငယ်ရှားပါးသဖြင့် ပြုစုမည့်သူပင် ရှာမရနိုင်ဘဲ တစ်ကိုယ်တည်း ခရီးဆက်နေ ရသည့် သက်ကြီးရွယ်အို များလည်း ရှိနေသည်။ လူဦးရေ ကျုံ့လာနေသော ဂျပန်တွင် ထိုပြဿနာက ကြာလေ ဆိုးလေ ဖြစ်လာနေသည်။ ဂျပန်အနေဖြင့် အဖြေတစ်ခု မြန်မြန်ရှာဖို့ လိုနေပြီ။

Ref: Who will look after Japan]s elderly? By Mariko Oi (BBC)

The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...