မူးယစ်သုံးစွဲသူများ နှင့် ဆေးကုသခွင့်

By စိုးစည်သူ

မူးယစ်ဆေးဝါး သုံးစွဲသူများ အား ပြစ် ဒဏ် လျှော့ပေါ့ပေးနိုင်ရန် ၁၉၉၃ ခုနှစ်၊ မူးယစ် ဥပဒေအား ပြန် လည် ပြင်ဆင်ရေးဆွဲ သွား မည် ဖြစ်ပြီး ယင်းသို့ ရေးဆွဲရာတွင် ထောင်ဒဏ် အစား သုံးစွဲသူမှ ဆေးပြတ်သည် အထိ ဆေးရုံ တက်၍ ကုသသည့် ပြစ်ဒဏ် ပြောင်းလဲရန် စီစဉ်လျက် ရှိသည်။

““သုံးစွဲတဲ့ သူတွေကို ထိခိုက် နစ်နာမှုတွေ မရှိအောင် ဥပဒေကို ပြန်ပြင်မှာပါ။ သူတို့ကို တရားခံလို့ မသတ် မှတ်ဘဲ လူနာအနေနဲ့ပဲ ထားရှိသွားမှာပါ”” ဟု မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး (ဗဟို) မှ ဒုရဲမှူး ကျော်ကျော်မင်းက ပြောသည်။

သို့သော် ဆေးကုသနေချိန် ပုံမှန် ကုသခြင်း မရှိသူများနှင့် လွှတ်ပေးလိုက် သော်လည်း ထပ်မံ သုံးစွဲ သူများ ကိုမူ လက်ရှိတွင် အရေးယူ ဆောင်ရွက် နေသကဲ့သို့ ထောင်ဒဏ် အပြစ်ဒဏ်ဖြင့်သာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

မူးယစ်ဆေး သုံးစွဲသူများကို ပြစ်ဒဏ် လျှော့ပေါ့ပေးခြင်းသည် ကောင်းသည့် လက္ခဏာ တစ်ခု ဖြစ်သော် လည်း ရောင်းချသူများကိုမူ ပြစ်ဒဏ် ပြောင်းလဲမှု မရှိဘဲ လိုအပ်လာပါက ပြစ်ဒဏ်ကို ထပ်မံ တိုးမြှင့်သွား မည် ဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး (ဗဟို) ထံမှ သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါး ရောင်းချနေသူများအား ၁၉၉၃ ခုနှစ် မူးယစ် ဥပဒေအရ အနည်းဆုံး ထောင်ဒဏ် (၁၀) နှစ် ချမှတ်ပြီး သုံးစွဲသူများ အား အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ချမှတ်ကာ အရေးယူ ဆောင် ရွက် နေကြောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး (ဗဟို) ထံမှ သိရသည်။

““အခုနောက်ပိုင်းဆို ဆေးဝါးတွေကလည်း စုံလာပြီဖြစ်တဲ့ အတွက် ဆေးဖြတ်သူတွေ အတွက် အရမ်း အဆင်ပြေတယ်။ ဒီလို ပြောင်းလဲတာ ကောင်းတယ် ဆိုပေမယ့် ဆေးရောင်းတဲ့ သူတွေအနေနဲ့ အခွင့် အရေး တစ်ခု ဖြစ်လာနိုင်တယ်”” ဟု စိတ်ကျန်းမာရေး အထူးကု ဒေါက်တာ အောင်မြတ်ကျော်စိန်က ဆိုသည်။

မူးယစ်ဆေးဝါး သုံးစွဲသူများအား ပြစ်ဒဏ် လျှော့ပေးလိုက်ပါက သုံးစွဲသူများ အနေဖြင့် ကြောက်ရွံ့ စိတ် မရှိတော့ဘဲ ပိုမိုအတင့် ရဲလာနိုင်သည့် အပြင် သုံးစွဲသူ အရေအတွက် မှာလည်း တိုးပွား လာနိုင်သည့် အခြေအနေ တစ်ရပ်ကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။

သို့သော် ယင်းဥပဒေသစ်မှာ မူးယစ်ဆေးဝါး ဖြတ်တောက် လိုသူများနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းအား စွန့်လွှတ် လိုသူများ အတွက်ကိုမူ များစွာ အထောက်အကူ ပေးနိုင်မည် ဖြစ်သည်။ ကောင်းကျိုးနှင့် ဆိုးကျိုး သည် ဒွန်တွဲနေသောကြောင့် ဥပဒေ များရေဆွဲကာ စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်သည်။

““မူးယစ်ဆေးဝါး ဖမ်းတဲ့အခါ သုံးတဲ့သူထက် ရောင်းတဲ့ သူတွေကို ပဲ အဓိကထားပြီး ဖမ်းဆီးနေတာ။ အဲဒါကြောင့် သုံးတဲ့ သူတွေကို ပြစ်ဒဏ် လျှော့ပေးတာ သိပ်တော့ စိုးရိမ်စရာ မရှိတော့ပါဘူး”” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ပြောသည်။

လက်ရှိ နိုင်ငံတကာတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲသူများအား ထောင်ချခြင်း မရှိဘဲ ဆေးကုသခွင့် ပေး ထားပြီး၊ ထိုသို့ ဆေးကုသခွင့် ပေးရာတွင် နိုင်ငံတော်မှ ထောက်ပံ့ ပေးခြင်း ရှိသကဲ့သို့ မိမိစရိတ်ဖြင့် ဆေး ကုခြင်းများလည်း ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာ နည်းအတိုင်း ကျင့်သုံးသွားမည် ဖြစ်ပြီး ဆေးဖြတ်ရာတွင် နိုင်ငံတော် စရိတ်ဖြင့် ကုသပေးမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် မိမိစရိတ်ဖြင့်သာ ကုသခြင်း ပုံစံသို့ ပြောင်းလဲ သွားမည် ဖြစ်ကြောင်း သိရသည်။

““ဆေးသုံးတဲ့သူ အများစုက ဆေးရုံတက်ပြီး ဖြတ်လည်း ဆင်းလာရင် ပြန်လုပ်ကြတာပဲ။ အဓိက မသုံးဖြစ်အောင် ကြိုတင်တားဖို့ ဆိုတာ ကိုယ့်ရဲ့စိတ်အပေါ် မူတည်တယ်”” ဟု မူးယစ်ဆေးဝါး သုံးစွဲဖူးသူ ကိုအောင်လေးက ဆိုသည်။

မူးယစ်ဆေးဝါး သုံးစွဲရာတွင် ဆေးခြောက်၊ WY ၊ ဘိန်းဖြူ စသည်တို့ကို အများဆုံး သုံးစွဲကြပြီး ၄င်းတို့ အနက် ဘိန်းဖြူ သုံးစွဲမှုမှာ ကုန်ကျစရိတ် ပိုများသည့်အပြင် ဆေးဖြတ်ရာတွင်လည်း မလွယ်ကူကြောင်း ဆေး သုံးစွဲသူ လူငယ်များထံမှသိရ သည်။

ထို့ကြောင့် သုံးစွဲသူ အနည်းစုသာ ဆေးပြတ်သော်လည်း အများစုမှာ ဆေးပြတ်တောက်ခြင်း မရှိ၍ မူးယစ် ဥပဒေသစ် အရ ဆေးသုံးစွဲသူများအား ဆေးရုံတက်၍ ကုသပေးခြင်းမှာ ထိရောက်မှု မရှိနိုင်ကြောင်း လူငယ်များက ဆိုသည်။

““အပြင်မှာ ရှိတုန်းကလည်း ငွေကုန် စိတ်ဆင်းရဲရတာပဲ။ အခု ထောင်ထဲ ရောက်နေတော့လည်း ကုန်ကျ စရိတ်တွေက များတာပဲ။ သူ့ကြောင့် တစ်အိမ်သားလုံး ဒုက္ခရောက်နေရတယ်”” ဟု မူးယစ်ဆေး သုံးစွဲ မှုကြောင့် ဖမ်းဆီးခံရသူ တစ်ဦး၏ မိခင် ဒေါ်နွဲ့နွဲ့ဝင်းက ပြောသည်။

မူးယစ်ဆေးဝါး သုံးစွဲမိပါက နောက်ပိုင်းတွင် ဆိုးကျိုးများ ခံစား ရမည့်အပြင် မိသားစုဝင်များအတွက် လည်း စိတ်သောက ရောက်ရှိရမည် သာ ဖြစ်သည်။

မူးယစ်ဆေးဝါး သုံးစွဲသူများ လျော့နည်း ပပျောက်ရေး အတွက် ရဲ တပ်ဖွဲ့ဝင်များက အသိပညာပေးခြင်း၊ တားဆီးနှိမ်နင်းခြင်း တို့အပြင် မိသားစုဝင် များကလည်း ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း ဒုရဲမှူး ကျော်ကျော်မင်းက ဆိုသည်။

““လူငယ်တွေ မူးယစ်ဆေးမစွဲ ဖို့ အဓိက မိသားစုဝင်တွေက သေချာ စောင့်ကြည့်သင့်တဲ့ အပြင် သုံးစွဲနေ ရင်လည်း နောက်မသုံးဖို့ စည်းရုံး သိမ်းသွင်းဖို့လိုမယ်”” ဟု ဒုရဲမှူး တစ်ဦးက ဆိုသည်။

မိသားစုဝင်များ အနေဖြင့် ထိုသို့ ဆောင်ရွက်ပေးခြင်း မရှိပါက သုံးစွဲ မိသူများမှာ မူးယစ် ကျေးကျွန် ဘ၀ သို့ ရောက်ရှိနိုင်သည့် အပြင် ကျန်းမာရေး ထိခိုက်လာကာ နောက်ပိုင်းတွင် အသက် ဆုံးရှုံးရခြင်းများ ဖြစ် လာနိုင်သည်။

ထို့ကြောင့် မူးယစ်ဆေး အသုံးပြုနေကြောင်း သိရှိရပါက ကျန်းမာရေး ၀န်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ် ဆေးကုသရေး ဌာနကြီး (၂၆)ခု နှင့် ဌာနငယ် (၄၀) ခုတို့တွင် သွားရောက် ကုသနိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောသည်။

အစိုးရသစ် တာဝန်ယူချိန်မှ စ၍ ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်း အထိ မူးယစ်ဆေးဝါး အမှုပေါင်း (၁၅၇၇၀) မှု ဖမ်းဆီးခဲ့ပြီး ယင်းသို့ ဖမ်းဆီးရာတွင် WY ၊ ဆေးခြောက်နှင့် ဘိန်းဖြူတို့မှ အများဆုံး ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု မှာ နှစ်စဉ် တိုးမြင့်လာလျက်ရှိပြီး အများဆုံး ဖမ်းဆီးရမိသည့် ဒေသများမှာ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသများမှာ ဘိန်း စိုက်ပျိုးမှု အများဆုံး ဒေသများဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု၊ ငွေ ရလွယ်မှု တို့ကြောင့် ဒေသခံများမှာ အသက်မွေး ၀မ်းကျောင်း အတွက် ဘိန်းစိုက်ပျိုးခြင်းကို စွန့်လွှတ်ရန် မလွယ်ကူကြကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့အစည်းများထံမှ သိရသည်။ ထို့အပြင် ဒေသခံ အများစုမှာလည်း မူးယစ်ဆေးဝါး၏ သားကောင်များ ဖြစ်နေကြရပြီး လူငယ်များနှင့် အမျိုးသမီးများလည်း ပါဝင်နေကြောင်း အဆိုပါ အဖွဲ့အစည်း များထံမှ သိရသည်။

၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါး ဥပဒေ ပြန်လည် ပြင်ဆင် ဖြည့်စွက်ရာတွင် မူးယစ်ဆေးဝါး သုံးစွဲသူများ အတွက် ပြစ်ဒဏ် လျှော့ပေါ့ပေးရန် စီစဉ်နေခြင်းမှာ ကောင်းမွန်သော်လည်း နောက်ပိုင်း ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သေချာစွာ ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။

ထိုသို့မဟုတ်ပါက ခုတ်ရာ တခြား ရှရာ တလွဲဖြင့် ဥပဒေကို အခွင့်ကောင်းယူကာ သုံးစွဲမှုများ ယခင်ကထက် ပိုများလာမည့် အချက်ကိုလည်း မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည်သာ ဖြစ်သည်…။

The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...