အသံမဲ့ချစ်ခြင်း

ဆောင်းနေ့ တစ်နေ့ရဲ့ ညနေခင်းမှာ ခါတိုင်းလိုပဲ အိမ်အပြန်ဘတ်စ်ကားစီးဖို့ တန်းစီစောင့်နေတဲ့ လူတွေထဲ ကျွန်မ ဝင်ရောက် တန်းစီလိုက်ပါတယ်။ ကားစောင့်နေသူတွေ ၅ယောက် ၆ယောက်လောက်ပဲရှိပါတယ်။ အားလုံးက အစီစဉ်တကျနဲ့ တိတ်ဆိတ်ငြိမ် သက်နေပါတယ်။ အဲဒီအချိန်မှာ လူတစ်ယောက်က ခွေးတစ်ကောင်ကို ဆွဲပြီး အဝေးဖက်ကနေ လျှောက်လာပါတယ်။ လမ်းဘေးမီးရောင်ကြောင့် အဲဒီပုံရိပ်ဟာ ရွှေရောင်အနား ကွပ်ထားသလို ဆည်းဆာနေရောင်အောက်မှာ လင်းလင်းထင်းထင်း ရှိနေခဲ့ပါတယ်။

အဲဒီပုံရိပ်ဟာ လျှောက်ရင်းလှမ်းရင်း ကျွန်မတို့နဲ့ နီးသထက် နီးလာခဲ့ပါတယ်။ ရပ်မြင့်မြင့် ခါးမတ်မတ် လူရွယ်တစ်ယောက်ဟာ တုတ်တစ်ချောင်းနဲ့ သူ့ခွေးအနား ထပ်ကြပ်မခွာ လိုက်နေတာကို တွေ့မြင်လိုက်ပါတယ်။ ဒါဟာ မျက်မမြင်လမ်းပြအဖြစ် လေ့ကျင့်ထား တဲ့ခွေးဖြစ်ပြီး အဲဒီလူရွယ်က မျက်မမြင် တစ်ဦးဖြစ်ပါတယ်။ လူရွယ်ဟာ ကားဂိတ်ရှိရာဆီ လျှောက်လှမ်းလာပြီး ကားစောင့်ဆိုင်းတဲ့နေရာရဲ့မလှမ်းမကမ်းမှာ ရပ်လိုက်ပါတယ်။

ဘယ်သူကမှ အဲဒီမျက်မမြင် လူရွယ်ကို လှမ်းမနှုတ်ဆက်ပါဘူး။ သူ့ကို တန်းစီတဲ့နေရာဖက်ဆီ တွဲခေါ်လိုက်ရင် ကောင်းမလားလို့ ကျွန်မလည်းတွေဝေနေဆဲမှာ တန်းစီစောင့်ဆိုင်းနေတဲ့ လူတွေထဲက လူလတ်ပိုင်း တစ်ဦးဟာ ဖတ်လက်စသူ့လက်ထဲကစာအုပ်ကို ပိတ်ပြီး မျက်မမြင်လူရွယ်ရဲ့နောက် ဝင်ရောက် စီတန်းလိုက်ပါတယ်။ ကားစောင့်နေ သူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် အဲဒီလူလတ်ပိုင်းရဲ့နောက် ဝင်စီလိုက်ကြတယ်။ နေရာလု ရုန်းရင်းဆန်ခတ်တာမျိုး၊ ငြင်းခုန်တာမျိုးမရှိခဲ့ကြဘူး။

ဘတ်စ်ကားရောက်လာတဲ့ အထိ အားလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။

“ကျေးဇူးပြုပြီး ခဏစောင့်ပါဦး.. ကျွန်တော်ချက်ချင်းပဲ….”

ဘတ်စ်ကားမောင်းသူက နေရာကခွာပြီး မျက်မမြင်လူရွယ်ကို ကားပေါ်တွဲခေါ်ဖို့လုပ်ပါတယ်။

“ကျေးဇူးတင်ပါတယ်.. ကိစ္စမရှိပါဘူး”

မျက်မမြင်လူရွယ်က ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်ပြီး လမ်းပြခွေးရဲ့ဦးဆောင်မှုနဲ့ ကားပေါ်တက် လိုက်ပါတယ်။ အဲဒီအချိန်က ရုံးဆင်းချိန်မို့ ကားပေါ်မှာ လူအများနဲ့ပြည့်ကျပ်နေချိန်ပါ။ ဒါပေမယ့် မျက်မမြင် လူရွယ်ကားပေါ်ရောက်တာနဲ့ လူတွေအားလုံး ကားနောက်ပိုင်းဆီ စုပုံရောက် သွားကြပါတယ်။ ပြည့်ကျပ်နေတဲ့ကားပေါ်မှာ သူ့အတွက် သေးငယ်တဲ့ လမ်းတစ်နေရာစာ ဖယ်ပေးကြတာဖြစ်ပါတယ်။

ကားမောင်းသူရဲ့နောက်ခုံမှာ အသက် ၆နှစ် ၇နှစ်အရွယ် ကလေးတစ်ယောက် ထိုင်နေပါတယ်။ ကလေးရဲ့ဘေးမှာရပ်နေတဲ့ အမေဖြစ်သူက ကလေးငယ် ကိုဖြတ်ခနဲ ဆွဲထပြီး မျက်မမြင်လူရွယ်အတွက် ထိုင်ခုံနေရာဖယ်ပေးလိုက်တယ်။ အမေဖြစ်သူက ရုတ်တရက်ပြုမူ လိုက်တယ်ဆိုပေမယ့် လိမ်မာတဲ့ ကလေးငယ်လေးမှာ မကျေမနပ်ဖြစ်သွားတဲ့ ပုံစံမျိုး မတွေ့လိုက်ရပါဘူး။

လမ်းပြခွေးက ခေါင်းတစ်ချက်မော့ကြည့်ပြီး မျက်မမြင်လူရွယ်ကို ထိုင်ခုံအလွတ်နား လမ်းပြခေါ်ဆောင်သွားပါတယ်။ အဲဒီနောက် လူရွယ်ဘေးမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် ထိုင်ချလိုက်ပါတယ်။ ကားပေါ်ဖြစ်ပျက်သွားတဲ့ အဖြစ်အားလုံးကို မျက်မမြင်လူငယ် မတွေ့မသိ လိုက်ပါဘူး။

“ဘယ်မှာ ဆင်းမလဲခင်ဗျား”

“ဟုတ်ကဲ့.. ကျွန်တော် ရူခင်းသာလမ်းမှာ ဆင်းမှာပါ”

“ဟုတ်ကဲ့ပါ.. အရှင်…”

ကားမောင်းသူရဲ့ ရယ်ရွှင်ဖွယ်စကားက ကားပေါ်ပါလာတဲ့ ခရီးသည်အားလုံးကို ရယ်မောစေခဲ့ပါတယ်။

ကားပေါ်ကခရီးသည်တွေဟာ လေးစားနှစ်လိုထိုက်တဲ့ လမ်းပြခွေးကို အကဲခတ်ကြည့်ရှုနေကြတယ်။ လမ်းအကွေ့အကောက်ရောက်လို့ ကားအနည်းငယ် ယိုင်သွားလည်း သူဟာ ဟန်မပျက် ရှေ့တူရှုကိုသာ စိုက်စိုက်မတ်မတ် ကြည့်နေခဲ့ပါတယ်။ ဒါဟာ အိမ်မွေးခွေးအပေါ် ဆက်ဆံတာမျိုးနဲ့ မတူတဲ့ အခြေအနေမျိုးပါ။ ဘယ်သူကမှ အဲဒီလမ်းပြခွေးနားသွားပြီး လက်နဲ့သပ်ပေးတာမျိုး၊ ဓာတ်ပုံရိုက်တာမျိုး မရှိခဲ့ပါဘူး။ ကျွန်မဘေးနားရပ်နေတဲ့ ထိုင်ခုံနေရာဖယ်ပေးတဲ့ ကလေးငယ်လေးက လက်ထဲက စားလက်စပေါင်မုန့် တစ်ဝက်ကို ကိုင်မြှောက်ပြီး လမ်းပြခွေး ကိုကျွေးဖို့ပြင်တော့ အမေဖြစ်သူက သူ့နားနားကပ်ပြီး “သူအလုပ်လုပ်နေတယ်.. သူ့မှာ သူ့တာဝန်ရှိတယ်.. သူ့ကို သွားမနှောင့်ယှက်ပါနဲ့” လို့ တိုးတိုးပြောလိုက်ပါတယ်။ “အလုပ်လုပ်နေတယ်”ဆိုတဲ့ အသံကြားတာနဲ့ ကလေးငယ်လေးက သူ့လက်ကို ချက်ချင်းရုတ်လိုက်ပါတယ်။

မြို့ကသိပ်မကြီးတော့ မျက်မမြင်လူရွယ် သွားလိုတဲ့ဂိတ်ဆီ ကားရောက်လာခဲ့ပါတယ်။ လူရွယ်က ကားမောင်းသူကိုကျေးဇူးတင်စကားပြောပြီး လမ်းပြခွေးနဲ့အတူ ကားပေါ်က ဆင်းသွားခဲ့ပါတယ်။ ကားထဲမှာ နဂိုအတိုင်းပဲ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ အဲဒီအချိန်ကျမှ ဒီတိတ်ဆိတ်ငြိမ်သက်ခြင်းထဲမှာ အသံမဲ့ချစ်ခြင်းနဲ့ နက်ရှိုင်းတဲ့လေးစားစိတ်တွေကို ကျွန်မခံစားလိုက်မိပါတယ်။

မူရင်းရေးသားသူ-- Féng xuě jùn
မူရင်းလင့်-- http://www.85nian.net/chengzhang/17208.html

နိုင်းနိုင်းစနေ (April. 15. 2015)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...