ထမင်းရည်မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ

“ ထမင်းရည်သည် ခွန်အားကို ဖြစ်စေသည် ”လို့  မူလတန်း ကလေးဘ၀က သံပြိုင်ရွတ်ဆို ခဲ့ဖူးတာကို မှတ်မိနေကြ မှာပါ။ ဖိုးဖိုး ဖွားဖွားတို့ ခေတ်က ဆန် ကို သန့် စင်သွားအောင် ရေနဲ့ ဆေး၊ ပြီးတော့ ထမင်း ချက်တဲ့အခါ ရေပိုထည့်၊ ထမင်းအိုး ဆူ ပွက်လာရင် ထမင်းရည်ကို ဇလုံခွက်ကြီးထဲဌဲ့ ထဲ့၊ ဆား အနည်းငယ်ခပ်၍ ထမင်းရည်သောက်လေ့ ရှိပါတယ်။ ရှေးလူကြီးများက ထမင်းရည်ကို အဆာပြေ စားစရာတစ်ခ သဖွယ် စားသောက်ခဲ့ကြသလို၊ ခွန်အားဖြစ်စေဖို့ ၊ ခန္ဓာကိုယ်တွင်း အပူအအေး မျှတစေဖို့၊ ၀မ်းမှန်စေဖို့ ၊ ခံတွင်းနာ အပူကန် နာတွေ သက်သာဖို့ ၊ မျက်စိ အားကောင်းစေဖို့၊ အစာအိမ် နဲ့ အူရောင်နာတို့ မှ ကာကွယ်ဖို့ … စသဖြင့် ကျန်းမာရေး အတွက်ဆေး တစ်ခွက်အဖြစ် သောက်သုံး လာခဲ့ကြတာပါ။

ဒါ့ပြင်မျှစ်ချဉ်ရည်ဟင်း ချက်တဲ့အခါမှာ အနည်း ငယ်ပျစ်စေးပြီး အရသာကောင်းစေဖို့ အတွက် ထမင်းရည် အနည်းငယ် ထဲ့၍ ချက်ကြသလို၊ ဖော့ရှံ နှင့် အရိပ်ပန်းတို့ လို အကျီ အပျော့သားတွေကို ကော်တင်တဲ့  အနေဖြင့် ရိုးရိုးရေထဲမှာ ထမင်းရည်အနည်းငယ်ရောဖျော်၍ အသုံးပြုခဲ့ကြပါတယ်။ ဒါတင်မက သေးပါဘူး။ ချဉ်ဖတ်တည်တဲ့ အခါမှာလည်း စဥ့်အိုး တစ်လုံးထဲမှာ အချဉ်တည်လိုတဲ့ ဟင်းသီးဟင်းရွက်တွေ ထဲ့ပြီး ဆား အနည်း ငယ်နဲ အတူ ထမင်းရည်ပူပူလောင်း၍ အိုးကိုလုံအောင်ပိတ်ကာ အချဉ်တည်ခဲ့ကြပါတယ်။ ဒီလို သဘာဝနည်းဖြင့် အချဉ်တည် ခြင်းက ယနေ့ ခေတ်မှာ ချဉ်ဖတ်မြန်မြန်ရစေဖို့ အက်ဆစ် အပျော့စားတွေ ထဲ့တာမျိုး မဟုတ်တဲ့အတွက် အန္တရာယ် ကင်းဝေးစေပါတယ်။

ကျန်းမာရေး သုတေသီများ၏ လေ့လာ စမ်းစစ်ချက်များအရ၊ ထမင်းရည်ထဲမှာ မရှိမဖြစ် အမိုင်နိုအက်စစ် ရှစ်မျိုးပါဝင်နေတဲ့အတွက် ခန္ဓာကိုယ်၏ တစ်သျှူးနဲ့ကြွက်သားများ ပြန်လည် တည်ဆောက်ရာမှာ အထောက် အပံ့ပေးနိုင်ကြောင်း၊ နံက်အိပ်ယာထ ခြေလက် အဆစ်အမြစ်တွေ အကွေးအဆန့် နာကျင်မှုမှ သက် သာစေကြောင်း၊ ခြေသလုံးကြွက်သားများ ကြွက်တက်ခြင်းမှ ကာကွယ်ပေး နိုင်ကြောင်း၊ နောက်ပြီး ထမင်းရည်ထဲမှာ ကာဗိုဟိုက်ဒရိတ် အများအပြား ပါတာကြောင့် လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့ ကူ ညီပေးနိုင် ကြောင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောင်ရမ်းလို့ ကုသတဲ့နေရာမှာ အသုံးဝင်ကြောင်း၊
ခေါင်းကိုက်၊ ဇက်ကြောတက်ဝေဒနာ တွေကို ပြေပျောက်စေရုံမျှမက အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ကြောင်း၊ ကိုယ်အပူချိန် ကျစေတဲ့အပြင် ကင်ဆာကြောင့်ဖြစ်တဲ့ သွေးဖိအား တိုးတာတွေ မှလည်း ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။

အလှအပရှုထောင့်မှ ကြည့်တဲ့အခါ ထမင်းရည်ဟာ (က) မျက်နှာအသားအရေ (ခ) ဆံပင် (ဂ) ခန္ဓာကိုယ် အရေပြားတို့ အတွက် သူမတူအောင် ကောင်းကျိုးပြုပေးနိုင်ကြောင်းကိုလည်း လေ့လာတွေ့ ရှိရပါတယ်။ 

(က) ထမင်းရည်မှာ Inositol(ခေါ်) ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှုဖြစ်စဉ် ကိုနှေးစေပါတယ်။ ဒါ့အပြင် ရေဓာတ်ကို ထိန်းသိမ်းပေးနိုင်တဲ့ ဓာတ်တွေ၊ အင်တီအောက်ဆီဒင့်(ခေါ်) အကျိုးပြုဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေ၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူနိုင်တဲ့ ဓာတ်တွေ ပါရှိနေ တာ ကြောင့် မျက်နှာပြင် အသားအရေကို ကြည်လင် ၀င်းပစေရုံမျှမက၊ အသက်ကြီး၍ဖြစ်ပေါ် လာတတ် တဲ့ အနီကွက်တွေမှ ကာကွယ် ပေးပါတယ်။ ဒါကြောင့် ထမင်းရည်နဲ့ မျက်နှာသစ်ပေးခြင်းအားဖြင့် ဖော်ပြပါ အကျိုးကျေးဇူးတွေကို ရရှိနိင်မှာဖြစ်သလို၊ ပိတ်နေတဲ့ ချွေးပေါက်မွှေးညှင်းပေါက်တွေကို ပွင့်လာစေ တာကြောင့် အဆိပ်အတောက်ပြေစေပါတယ်။ မျက်နှာအသားအရေ နူးညံ့ချော မွေ့ လာပါတယ်။ ဒါ့ပြင် အသားအရေမှာ အောက်စီဂျင်ဓာတ် ရရှိသွားကာ သွေးလည်ပတ်မှုကောင်း လာတာကြောင့် ၀က်ခြံ ကင်း စေဖို့ အထောက်အပံ့ဖြစ်လာပါတယ်။

(ခ) ခေါင်းလျှော်ပြီးတဲ့ အခါမှာ ကြိုတင် အအေးခံထားတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသား မှာ လိမ်းပေးပြီး မိနစ်အနည်းငယ် ထားပါ။ နည်းနည်းကြာ ရင်ရေဆေးချပါ။ ထမင်းရည် ထဲမှာပါတဲ့ ပရိုတင်း ဓာတ် အစွမ်းကြောင့် ဦး ရေပြားနဲ့  ဆံသားတွေကို ကျန်းမာစေပြီး၊ ဆံပင်အရောင်ကို နက်မှောင်တောက် ပစေပါတယ်။ ဆံပင်နှစ်ခွ သုံးခွကွဲထွက်နေသူ များအတွက် ထမင်းရည်က အကျိုးကျေးဇူးများလှပါတယ်။ 

(ဂ) ထမင်းရည်မှာ ချောမွေ့နေတဲ့သဘာဝရှိတာကြောင့် ခန္ဓာကိုယ် မှာ အဖုအပိမ့်ထွက်၍ ကျိန်း စပ်စပ်ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အရေပြားနေရာတွေမှာ သက်သာစေပါတယ်။ Brussels University လေ့လာတွေရှိချက်အရ အရေပြားရောဂါရှိ သူတွေနဲ့ နာတာရှည် အရေပြားရောင် ရမ်းသူတွေအတွက် တစ် နေ့နှစ်ကြိမ်ကျစီဖြင့် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ဆေးပေးခြင်းဖြင့် ရက်အနည်းငယ် အတွင်းမှာပင် ထိုအရေပြားရောဂါများ မှာ တိုးတက်မှု ၂၀ ရာခိုင်နှုန်းထိ ရှိလာတယ်လို့ ဆိုပါတယ်။

သို့ သော် အဲဒီလို ဘက်စုံ ကျန်းမာ လှပရေးအတွက် အာနိသင် အပြည့်အ၀ရစေနိုင်ဖို့ အတွက်ကတော့ ထမင်းမချက်ခင် ဦးစွာ ဆန်ဆေးတဲ့အခါမှာ ရေနဲ့ တစ်ကြိမ်သာ ဆေးပေးရမှာဖြစ်ပါတယ်။ အကယ်၍ ဆန်ကိုရေဖြင့် နှစ်ကြိမ်လောက် ပွတ်တိုက်ဆေး ကြောလိုက်တဲ့အခါ ဆန်ထဲမှာ ပါရှိတဲ့ အာဟာရဓာတ် များဟာ ဆန်ဆေးရည်နဲ့ အတူ ပါသွာ*းပါတော့*တယ်။ ယနေ့ ခေတ်မှာတော့ ထမင်းကိုဌဲ့ မချက်ကြတော့ ဘဲ (၁) ထမင်းပေါင်းအိုး(Pressure Cooker)ဖြင့် ထမင်းရေ ခန်းချက်ခြင်း (၂) ရိုးရိုးထမင်းအိုးဖြင့် ရေ ခန်း ချက်စားလာကြပါတယ်။ ၄င်း နှစ်နည်းမှ မည်သည့် နည်းကိုဘဲ သုံးသုံး ဦးစွာဆန်ကို ရေဖြင့် တစ်ထပ်တည်း သာ ဆေးကြော ပေးခြင်းဖြင့် အလားတူ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အပြည့်အ၀ရှိစေ မှာဖြစ်ပါတယ်။ သို့ ပါ၍ ထမင်းရည်ဌဲ့ ချက်သူများ အတွက် အထူးမှာကြားလိုသည်မှာ အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည်ကို လက် တွေ့ မိမိတို့ ရရှိမည့် အခွင့်အရေးကို လက်မလွှတ် ကြစေလိုကြောင်း အကြံပြုလိုက်ရပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...