ဘယ်နိုင်ငံတွေ ဘယ်လောက် ကျန်းမာလဲ

By ကိုထိုက်

ကျန်းမာရေးဟေ့ဟု ဆိုလျှင် ကမ္ဘာ့နိုင်ငံ အများစုသည် အိပ်ရေးဝခြင်းကို ဦးစားပေး ပြောလေ့ ရှိကြောင်း သဘောထား စစ်တမ်း တစ်ရပ်က ဖော်ပြ သည်။ အိပ်ရေးဝခြင်းသည် ကျန်းမာရေး အတွက် အရေးအကြီးဆုံးဟု ပြောသူများ နောက်တွင်မှ ကျန်းမာစေသော အစားအသောက်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ လုပ်ခြင်း၊ ဗီတာမင်ဆေးဝါးတွေ သောက်သုံးခြင်း စသည့် အကြောင်းအရာများက တန်းစီ လိုက်သည်။

ကမ္ဘာတစ်ဝန်း အိပ်ရေး၀၀ အိပ်စက်ခွင့်ရ ခြင်းကြောင့် ကျန်းမာ ရသည်ဟု သဘောထား ဖော်ပြသူက (၆၆) ရာခိုင်နှုန်းထိ ရှိသည်။ ကျန်းမာ သော အစားအစာများ စားခြင်းကြောင့် ကျန်းမာနေ ရသည်ဟု ဆိုသူက (၅၉) ရာခိုင်နှုန်း၊ တက်ကြွ လှုပ်ရှား ကျန်းမာရေး လိုက်စားမှုကြောင့် ကျန်းမာနေ ရသည်ဟု ဆိုသူက (၅၇) ရာခိုင်နှုန်းရှိသည်။ အင်ဒိုနီးရှားနှင့် အိန်္ဒိယသားများသည် ကောင်းကောင်း အိပ်စက်နား နေခွင့် အရဆုံး ဖြစ်ကြောင်း စစ်တမ်း အရ သိရသည်။ အင်ဒိုနီးရှားမှ စစ်တမ်း ဖြေဆိုသူ (၈၅) ရာခိုင်နှုန်း၊ အိန်္ဒိယမှ (၇၇) ရာခိုင်နှုန်းထိက အိပ်ရေး၀၀ အိပ်စက်ကြရကြောင်း သဘောထား ဖော်ပြကြသည်။

အခြားတစ်ဖက်ခြမ်းတွင်ကား အိပ်ရေးမ၀ဆုံး အဖြစ် ပိုလန်နှင့် ရုရှားသားများရှိ နေသည်။ ပိုလန်သား (၅၁) ရာခိုင်နှုန်း၊ ရုရှားသား (၅၂) ရာခိုင်နှုန်း ကသာ အိပ်ရေး၀၀ အိပ်ရကြောင်း သဘောထား ဖော်ပြ ထားသည်။ လေ့လာမှု စစ်တမ်းကို ဈေး ကွက် သုတေသန လုပ်ငန်း GfK က နိုင်ငံပေါင်း (၂၃) နိုင်ငံမှ လူပေါင်း (၂၈၀၀၀) ကို ဆက်သွယ်ကာ ကျန်းမာရေး အတွက် အလိုအပ်ဆုံး အရာကို ဖြေပေးပါဟု မေးမြန်းစစ်တမ်း ကောက် ခဲ့သည်။

ဂျပန်စာ ဆူရှီသည် ကျန်းမာ ရေးကို အထူးအထောက်အကူပြု သည်ဟု ကမ္ဘာတစ်ဝန်းက မှတ်ယူ နေကြချိန်တွင် ဂျပန် နိုင်ငံသား (၂၉) ရာခိုင်နှုန်းကသာ ကျန်းမာရေး အတွက် အရေးအကြီးဆုံးမှာ အစား အသောက်ကောင်း ဖြစ်သည်ဟု သဘောထားပေး ကြသည်ကို စိတ်ဝင်စားဖွယ် တွေ့ရသည်။

ကယ်လိုရီများသော ဟင်းလျာ များကို ညဘက်မှာ အစာများလျှင် ကျန်းမာရေးအတွက် မကောင်းဟု ကမ္ဘာ့နိုင်ငံ အများစုက သတ်မှတ်ထား ကြသော်လည်း ထိုသို့သော ဟင်းလျာမျိုးကိုသာ မြိန်ရေယှက်ရေ စားသုံးသော အိန်္ဒိယသားများ၏ (၇၉) ရာခိုင်နှုန်းထိက အစားအသောက်ကြောင့် သူတို့ ပိုကျန်းမာရသည်ဟု ဆိုထားကြ ပြန်သည်။

မက္ကစီကိုနှင့် တရုတ်နိုင်ငံသား များကား တက်ကြွလှုပ်ရှား လေ့ကျင့်ခန်းများ လုပ်ခြင်းသည် ကျန်းမာစေခြင်း သော့ချက်ဟု ဖြေထား ကြသည်။ မက္ကစီကို နိုင်ငံသား (၆၈) ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသား (၆၇) ရာခိုင်နှုန်း ဖြစ်၏။ အခြားတစ်ဖက် ခြမ်းတွင်ကား ဂျပန်နှင့် ရုရှားသည် ကိုယ်လက် လှုပ်ရှားမှု အနည်းဆုံး ဖြစ်နေကြ ပြန်သည်။ ဂျပန် (၃၉) ရာခိုင်နှုန်း၊ ရုရှား (၄၀) ရာခိုင်နှုန်း ကသာ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း များသည် ကျန်းမာရေး သော့ချက်ဟု သဘောထားရှိ ကြသည်။

GfK သည် နိုင်ငံပေါင်း (၂၃) နိုင်ငံမှ အသက် (၁၅) နှစ်အထက် လူပေါင်း (၂၈၀၀၀ ) ကို အွန်လိုင်းမှ လည်းကောင်း၊ လူချင်းတွေ့ဆုံ၍ လည်းကောင်း စစ်တမ်းပြုစု ထားခြင်း ဖြစ်သည်။ ပါဝင်သော နိုင်ငံ များမှာ အာဂျင်တီးနား၊ သြစတြေး လျ၊ ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန်္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ မက္ကဆီကို၊ ပိုလန်၊ ရုရှား၊ တောင် အာဖရိက၊ တောင်ကိုရီးယား၊ စပိန်၊ ဆွီဒင်၊ တူရကီ၊ ဗြိတိန်၊ ယူကရိန်း နှင့် အမေရိကန်တို့ ဖြစ်သည်။

ရွေးချယ်စရာ ၁၄ မျိုးပေး ထားသည်။ အိပ်စက်ခြင်း မှသည် ကျန်းမာရေး လေ့ကျင့်ခန်းအလယ် နည်းပညာ ပစ္စည်းများနဲ့ အဆက်ဖြတ် ထားခြင်းအဆုံး တရားထိုင်ခြင်းပါ မကျန် (၁၄) မျိုးထဲကမည် သည့် အမျိုးအစားသည် မိမိအတွက် ကျန်းမာရေး သော့ချက်ဟု ထင်သနည်း ဟု ရွေးချယ်စေသည်။ တွဲဖက် စစ်တမ်းတစ်ရပ် အရလည်း ကျန်းမာစေဖို့ မိမိ ခန္ဓာကိုယ်ကို ခွဲစိတ် ပြုပြင်ခြင်းသည် ကောင်း၏ မကောင်း၏ကိုပါ သဘောထား ကောက်ယူခဲ့ရာ ကောင်းသည်ဟု ဆိုသူက ကမ္ဘာတစ်ဝန်း ပျမ်းမျှ (၆) ရာခိုင်နှုန်းသာ ရှိကြောင်းလည်း သိရသည်။

နေရောင်ကြောင့် ကျန်းမာရေး ထိခိုက်နိုင် မထိခိုက်နိုင်အပေါ် ကျားနှင့်မ သဘောထား သိသိသာသာ ကွဲလွဲသည် ကိုလည်း တွေ့ရသည်။ ကမ္ဘာတစ်ဝန်း နေလောင်ခံ ဆေးသုံးသော အမျိုးသမီးထုက အမျိုးထုထက် နှစ်ဆကျော် ပိုများပြားသည်။ ဘရာဇီးနိုင်ငံသည် နေလောင်ခံ ဆေးလိမ်းသူ အများဆုံးရှိသော နိုင်ငံဖြစ်သည်။ နိုင်ငံသား (၄၆) ရာခိုင်နှုန်းသုံးကြသည်။ သြစတြေးလျ နှင့် စပိန်တို့က (၄၂) ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးနားမှာ ကပ်လိုက် နေသည်။

ကလေးရှိခြင်းက ပိုကျန်းမာစေပုံ ပေါ်သည်။ စစ်တမ်းဖြေဆိုထား ချက်များအရ ကလေးရှိသော အိမ်ထောင်သည် များသည် မရှိသူများထက် (၂) ရာခိုင်နှုန်းလောက် အိပ်ရေး ပိုဝကြောင်း တွေ့ရသည်။ အစားအသောက်ပိုင်းတွင်လည်း (၈) ရာခိုင် နှုန်းနီးပါး ပိုကျန်းမာစွာ စားသောက် ဖြစ်ကြသည် ကို တွေ့ရသည်။

စိတ်ဝင်စားဖွယ် တစ်ချက်ကား ကလေးရှိသူ များသည် ကလေး နောက် လျှောက်ပြေးလိုက်နေ ရခြင်းကြောင့် ပိုလှုပ်ရှားဖြစ်ကြ လိမ့်မည်ဟု ထင်စရာ ရှိသည်။ တကယ်တမ်းတွင်ကား ကလေးမရှိသူများက လှုပ်ရှား တက်ကြွမှုပိုင်းတွင် (၃) ရာခိုင်နှုန်း လောက် ပိုသာနေကြ ပြန်ကြောင်း တွေ့ရ သည်။

မက္ကစီကို နိုင်ငံသား များသည် တက်ကြွ လှုပ်ရှား လေ့ကျင့်ခန်း အလုပ်ဆုံး အဖြစ် စစ်တမ်း ရလဒ်များက ဖော်ပြသည်။ စစ်တမ်းနှင့် ကိုက်ညီ အောင် မက္ကစီကို နိုင်ငံသားများ တကယ်ရော ကျစ်လျစ် ဖျတ်လတ်ကြပါ ရဲ့လား မေးခွန်း ထုတ်စရာ ရှိသည်။

GfK အဆိုအရမူ တက်ကြွ လှုပ်ရှား လေ့ကျင့်ခန်းများ လုပ်ခြင်းကို တစ်နိုင်ငံနှင့် တစ်နိုင်ငံ အဓိပ္ပာယ်ဖွင့်ပုံချင်း ကွာခြားသည် ဟု သိရသည်။ သို့ဖြစ်ရာ တက်ကြွ လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းဟု ဆိုလျှင် မည်သို့သော လှုပ်ရှားမှုများ ကို ထည့်သွင်း အဓိပ္ပာယ် ဖွင့်ကြကြောင်း ကိုပါ သိနုင်မှ ပြည့်စုံမည်ဟု GfK က ဆိုသည်။

တစ်နိုင်ငံတွင် အလုပ်ချိန်က တစ်နေ့ (၈) နာရီထက် ကျော်နေ ခြင်းကိုပင် ပုံမှန် အခြေအနေ အဖြစ် လက်ခံထားချိန်တွင် အခြားနိုင်ငံ တစ်နိုင်ငံတွင်ကား ကျန်းမာရေးကို ထိခိုက်စေသော အခြေအနေအဖြစ် လက်ခံထား ခြင်းမျိုး ရှိနိုင်သည်။ ထိုအခါ သဘောထားပေးပုံ ချင်းလည်း ကွာခြားနိုင်သည်ဟု GfK က ပြောသည်။ အလားတူပင် အစားအသောက် အနေအထိုင်ပိုင်း များတွင် တစ်နိုင်ငံက ကျန်းမာစေ သည်ဟု လက်ခံထား သောကိစ္စသည် နောက်တစ်နိုင်ငံတွင် ကျန်း မာရေးပြဿနာ ဖြစ်နေနိုင်သည်။

ထင်ရှားသည့် ဥပမာတစ်ရပ်ကား မက္ကစီကို နိုင်ငံသည် ၁၉၈၀ နောက်ပိုင်း ကမ္ဘာပေါ်တွင် အ၀လွန်မှု အဆိုးဆုံးနိုင်ငံ အဖြစ် စံချိန်တင်နေ သည်။ သို့သော် စစ်တမ်းကောက် လိုက်သည့်အခါတွင်ကား မက္ကစီကို နိုင်ငံသားများက သူတို့သည် ကျန်းမာရေး လေ့ကျင့်ခန်း အလုပ်ဆုံး၊ ကိုယ်လက် လှုပ်ရှားမှု အရှိဆုံးဟု ထွက်လာသည်။ ကမ္ဘာက လက်ခံ ထားသည်မှာ ကိုယ်လက် လှုပ်ရှားမှု ရှိလေ ခန္ဓာကိုယ် သွယ်လျ ကျစ်လျစ် ကျန်းမာလေ ဟူ၍ ဖြစ်သည်။ သို့ဖြစ်ရာ မက္ကဆီကို၏ စစ်တမ်း ရလဒ်က အငြင်းပွားစရာ ဖြစ်နေသည်။ ထိုပြဿနာကို ပြေလည်လိုလျှင် ယဉ်ကျေးမှုနှင့် သမိုင်းနောက်ခံကို ပြန်ကြည့်ဖို့ လိုမည်။ မက္ကဆီကို နိုင်ငံသည် အ၀လွန်သူ များပြားသဖြင့် တတ်နိုင်သမျှ လှုပ်ရှားကြဖို့ အစိုးရ က ပြည်သူများကို တိုက်တွန်း နှိုးဆော်ရသည်။ အိမ်နားက ဈေးဆိုင်ကို သွားတာက အစ ဖြစ်နိုင်သမျှ လမ်းလျှောက် သွားကြဖို့ ပညာပေးရသည်။ သို့ဖြစ်သောကြောင့် နေ့စဉ် ဘ၀လမ်းလျှောက်ဖြစ်သည့် အခြေအနေကိုပါ မက္ကဆီကို နိုင်ငံသား များက တက်ကြွလှုပ်ရှား ကျန်းမာရေး လိုက်စားသော အပြုအမူ အဖြစ် သတ်မှတ်ကြသည်။ မက္ကဆီကို နိုင်ငံသား များအဖို့ ပန်းခြံထဲ သွားပြီး အေရိုးဗစ် လေ့ကျင့်မှ မဟုတ်၊ အားကစားခန်းမထဲ သွားပြီး ပြေးစက် ပေါ် တက်ပြေးမှ မဟုတ်၊ နေ့စဉ် ဘ၀မှာ လှုပ်ရှား တက်ကြွစွာ နေခြင်းသည်လည်း ကျန်းမာရေး လိုက်စားသော အပြုအမူအဖြစ် သဘောထား ကြသည်။ ထို့ကြောင့်ပင် သဘောထား စစ်တမ်း ကောက်သည့် အခါ မက္ကစီကို နိုင်ငံသားများသည် ကိုယ်လက် လှုပ်ရှားကျန်းမာရေး လိုက်စား ဖြစ်ပါသလား ဟူသော အကွက်တွင် အမှန်ခြစ်နှုန်း အများဆုံး ဖြစ်နေသည်။

နှိုင်းယှဉ်ရလျှင် ဗြိတိန်၊ ဂျာမနီ စသည့် နိုင်ငံသားများကား အားကစား ခန်းမ သွားပြီး လေ့ကျင့်ခန်း လုပ်ခြင်းမျိုး၊ အားကစား တစ်ခုခု လိုက်စားခြင်းမျိုး ကိုသာ ကိုယ်လက် လှုပ်ရှား တက်ကြွခြင်းဟု သဘောထားကြပြီး ကျန်လှုပ်ရှားမှုများ ကိုကား နေ့စဉ်ဘ၀ သွားလာလှုပ်ရှားမှု အဖြစ် သာ သဘောထားကြသည်။ ထို့ကြောင့်ပင် ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လိုက်စား ဖြစ်ပါသလား ဟူသော အကွက်တွင် အမှန်ခြစ်နှုန်း နည်းကြခြင်း ဖြစ်သည်။

Ref: Daily Mail
http://www.messengernewsjournal.com/news/Health/detail.php?id=35197
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...