လူငယ်တို့ရဲ့ ပညာရေး နဲ့ မိသားစုရဲ့ နွေးထွေးမှု

အာရှနိုင်ငံတော်တော် များများလိုပဲ ရန်ကုန်မြို့မှာလည်း ပညာရေးဟာ လူလတ်တန်းစားနဲ့ အထက်တန်း စားလူတွေကြားမှာ အရေးကြီးဆုံးအရာ ဖြစ်နေပါတယ်။ နိုင်ငံခြား တက္ကသိုလ်တွေမှာ ကျောင်းသွားတက်ဖို့အတွက် ပညာရေးဟာ အဓိကသော့ချက်ဖြစ်ပြီး လခကောင်းတဲ့အလုပ်တစ်ခုရကာ ပျော်ရွှင်တဲ့ ဘ၀ကိုပိုင်ဆိုင်ဖို့ အတွက်လည်း ပညာရေးဟာ အခရာဖြစ်ပါတယ်။ သားသမီးတွေကို စနေ တနင်္ဂနွေပါမကျန် တစ်ပတ်လုံးအပြည့် ကျောင်း၊ ကျူရှင်တွေမှာ ပြည့်ပြည့်စုံစုံထားနိုင်ဖို့ မိဘတွေဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကြရပါ တယ်။ ဒါမှသာ သားသမီးတွေကို ကောင်းမွန်ပြည့်စုံတဲ့ ပညာရေးကို ပေးနိုင်မယ်လို့ မိဘတွေက ယူဆကြပါတယ်။

ရန်ကုန်ကို ကျမ စရောက်ရောက်ချင်းမှာပဲ ရန်ကုန်နေလူထုရဲ့ ပညာရေးအပေါ် အလေးထားမှုကို သိမြင်ခဲ့ရပြီး အရမ်းကို သဘောကျလေးစားခဲ့မိပါတယ်။ အမေရိကနဲ့ ဥရောပမှာ နေထိုင်ခဲ့ဖူးတဲ့ ကျမအနေနဲ့ အာရှနိုင်ငံသားတွေရဲ့ ပညာရေးလိုလားမှုဟာ ပိုမိုသာလွန်နေတာကို သိလာရပါတယ်။ အနောက်တိုင်းမှာလို ကျောင်းစာသင်ချိန်ပြီးရင် ကစားခုန်စားတွေတောင် မလုပ်ကြတော့ပဲ ကျူရှင်ကိုပဲ တန်းပြီးပြေးကြပါတယ်။ ဒီလိုမျိုးကြိုးစားပုံနဲ့ဆိုရင် အာရှတိုက်သားတွေဟာ ကမ္ဘာတစ်ဝှမ်းက ကုမ္ပဏီကြီးတွေမှာ ရာထူးကြီးကြီးတွေ ရလောက်အောင် ပညာပြည့်ဝတဲ့လူတော်တွေ ဖြစ်လာပြီး အနောက်နိုင်ငံကိုကျော်သွားမယ်လို့ ခံစားမိပါတယ်။ သင်တန်းဆရာမ တစ်ယောက်ဖြစ်တဲ့ကျမဟာ ဒီအချက်ကို အရမ်းစိတ်ဝင်စားမိပြီး ကျမရဲ့ ကျောင်းသားများနဲ့ သူတို့ရဲ့ မိသားစုဝင်များကတဆင့် ပညာရေးအပေါ် သူတို့ရဲ့ သဘောထားကို အနီးကပ် လေ့လာကြည့်ခဲ့ပါ တယ်။

ပညာရေးဟာ အရေးပါကြောင်းကို လူတိုင်း လက်ခံနားလည်ကြပေမယ့် ကောင်းမွန်တဲ့ပညာရေးဟာ ဘယ်လိုမျိုးလဲဆိုတာ အမြင်အမျိုးမျိုးနဲ့ ငြင်းခုန်နေကြဆဲပါပဲ။ ခေတ်အဆက်ဆက် သမိုင်းအထောက် အထားတွေအရ လူ့အဖွဲ့အစည်းကို ပြောင်မြောက်ထင်ရှားစွာ အကျိုးပြုခဲ့ကြတဲ့ လူပုဂ္ဂိုလ်တိုင်းဟာ ကျောင်းစာဘက်မှာ ထူးချွန်သူများ မဟုတ်ကြောင်းတွေ့ရှိရ ပါတယ်။ အိုင်းစတိုင်း (Albert Einstein) ကို ဘာမှသင်ကြားလို့တတ်မှာမဟုတ်ကြောင်း သူ့ဆရာတစ်ဦးက ပြောဖူးခဲ့တာ လူတိုင်းသိပြီးဖြစ်မှာပါ။

သင်တန်းဆရာမအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာတဲ့ကာလတလျှောက်မှာ ပညာလေ့လာလိုက်စားမှုတွေကို အိမ်မှာရော ကျောင်းမှာပါ စိတ်ဝင်တစားပြုလုပ်ပြီး တခြားဝါသနာပါ ရာ ပညာရပ်တွေကိုလည်း စိတ်အားထက်သန်စွာလုပ်တတ်တဲ့ အထူးချွန်ဆုံးကျောင်းသားတွေ အများကြီးတွေ့ ခဲ့ဖူးပါတယ်။ သူတို့ဟာ ကျောင်းမှာ အမြဲတမ်း အမှတ်အမြင့်ဆုံးရချင်မှ ရကြမှာဖြစ်ပေမဲ့ စိတ်ဝင်စားဖွယ် အကြံဥာဏ်များ၊ တင်္ခဏုပ္ပတိဥာဏ်ထက်သန်မှုနဲ့ ကျောင်းစာကို ထူးခြားတဲ့ရှုထောင့်က သုံးသပ်နိုင်စွမ်းရှိမှု တွေနဲ့ စာသင်ခန်းထဲက လူအားလုံး (ဆရာမဖြစ်တဲ့ ကျမအပါအ၀င်) ကို ပိုမိုစိတ်ဝင်စားအောင် ဆွဲဆောင်ခေါ်ယူသွားနိုင်ကြပါတယ်။ ဒီလိုကလေးမျိုးဟာ မိသားစုစည်းစည်းလုံးလုံးနဲ့ အတူတူစကားတွေပြော၊ အတူတူကစားပြီး ပျော်ရွှင်တဲ့ဘ၀ကို ရရှိကြတဲ့ကလေးမျိုး များပါတယ်။ မိဘတွေဟာ မိမိရဲ့ကလေးတွေကို ပစ္စည်းလေးတွေ ဖန်တီးတတ်ဖို့၊ စားစရာကိုပြင်ဆင်တတ်ဖို့၊ သေတ္တာလေး တစ်ခုဆောက်တတ်ဖို့ စတဲ့ဖန်တီးမှု ပညာရပ်ကို အတူတူလုပ်ဆောင်ရင်း သင်ကြားပေးသင့်ပါတယ်။ ဒါ့အပြင် ရေကူးခြင်း၊ စက်ဘီးစီးခြင်းနဲ့ တခြားအားကစားတစ်ခုခုလုပ်ခြင်း တို့ကိုလည်း အချိန်ပေးသင်ကြားပေးသင့်ပါတယ်။ မိဘနဲ့ သားသမီးကြားက နွေးထွေးတဲ့ ဆက်သွယ်ပြောဆိုဟာ ကလေးတွေရဲ့ မိမိကိုယ်ကိုယုံကြည်မှု၊ မိမိကိုယ်ကိုအလေးအမြတ်ထားမှု၊ အပြန်အလှန်ယုံကြည်လေးစားမှုတို့ကို နှစ်ဆတိုးမြင့်လာစေပြီး ကျောင်းပညာသင်ကြားရာမှာ တာဝန်ခံဆရာ/ဆရာမက ပျိုးထောင်ပေးတဲ့အခါ တိုးတက်နှုန်းပိုမြန်စေပါတယ်။

ရန်ကုန်မှ မိသားစုတွေနဲ့ ပညာရေးရဲ့ ဆက်နွယ်မှုကို ပိုမိုမြင်သာထင်သာရှိစေဖို့ ကျမဟာ သင်တန်းက ကျောင်းသားတွေကို မိသားစုနဲ့ပညာရေးဆက်စပ်မှုအကြောင်း စာစီစာကုံးတွေရေးစေခဲ့ပါတယ်။ ရလဒ်တွေကတော့ အံ့သြဖွယ်ရာပါပဲ။ မိသားစုနွေးထွေးမှုမရှိခြင်းဟာ ပညာရေးမှာ ဆိုးဝါးစွာထိခိုက်နိုင်ကြောင်း ခြွင်းချက်မရှိမှန်ကန် တာ တွေ့ရှိခဲ့ရပါတယ်။ မိဘတွေဟာ သားသမီးတွေကို နိုင်ငံခြားမှာ ပညာသင်ပို့နိုင်ဖို့ ပင်ပင်ပန်းပန်းငွေရှာကြတဲ့အတွက် အိမ်ပြန်မိုးချုပ်ကာ မိသားစုနဲ့အတူပျော်ရွှင်စွာနေဖို့ အင်အားတွေလည်း မကျန်ရှိတော့ပါဘူး။ ထမင်းစားချိန်တွေဟာ တစ်ဦးနဲ့တစ်ဦး ညှိမရကြတော့တဲ့အတွက် မိသားစုထမင်းလက်ဆုံ မစားဖြစ်ကြတာများလာပါတယ်။ ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုကို သူတက်တဲ့ကျူရှင်အရေအတွက်နဲ့ ကျောင်းမှာရတဲ့ သူ့အမှတ်နဲ့ပဲ တိုင်းတာကြပါတော့တယ်။

ကလေးတွေအနေနဲ့ကလည်း အထီးကျန်တဲ့အခြေအနေကို ရင်ဆိုင်နိုင်ဖို့ ဖုန်း၊ ဂီတ၊ ရုပ်ရှင်နဲ့ ဗွီဒီယိုဂိမ်းတွေကိုပဲ အဖော်ပြုကာ အိပ်ခန်းထဲမှာပဲ အချိန်ကုန်နေပါတော့တယ်။ မိဘနဲ့ သားသမီးကြား စကားစမြည်ပြောဆိုခြင်းဟာ လုံးဝကိုမရှိတော့တဲ့အထိ နည်းပါးသွားပြီး တစိမ်းဆန်ခြင်းကတော့ ကြီးမားသထက် ကြီးမားလာခဲ့ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ ပုန်ကန်သောင်းကျန်းမှုတွေ အနောက်နိုင်ငံမှာလို သိသာဆိုးဝါးစွာ မဖြစ်ပေါ်တာဟာ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာရဲ့ အရိပ်အောက်တည်ရှိတဲ့နိုင်ငံဖြစ်ပြီး မိဘ၊ ဆရာဆိုတာ ဘုရား၊တရား၊ သံဃာနဲ့ တစ်တန်းတည်းဖြစ်ကြောင်း ဟောကြားထားတဲ့ တရားတော်ကြောင့်ဖြစ်ပါတယ်။ ကလေးတွေဟာ မိသားစုတွေ ထမင်းလက်ဆုံစား၊ အတူစကားပြောပြီး စုစုစည်းစည်းပျော်ရွှင်ခဲ့ကြတဲ့ ရှေးမြန်မာခေတ်ကို တမ်းတနေကြပါတယ်။ မိဘတွေဟာ ကလေးတွေကို အိမ်အကူများနဲ့ ထားခဲ့ပြီး အလုပ်မှပြန်လာတဲ့အခါ သူတို့ရဲ့လုပ်ဆောင် ချက်တွေကို ပြန်လည်တိုင်ကြားဖို့ ညွှန်ကြားကြတတ်ကြပါတယ်။ ဒါဟာ ကလေးတွေအနေနဲ့ ကိုယ့်အိမ်ကိုယ်နေရင်း ကိုယ့်ကိုသူများစောင့်ကြည့်နေသလို နောက်ကျောမလုံတဲ့ အဖြစ်ကို ခံစားကြရပါတယ်။ ကလေးတော်တော်များ များဟာ လူကြီးတွေရဲ့ပြောစကားကို နားထောင်တတ်ကြတဲ့ လိမ္မာတဲ့ကလေးတွေဖြစ်ပေမဲ့ ပျော်ရွှင်မြူးထူးနေကြတာတော့ နည်းပါးကြပါတယ်။ ဒီတော့ တစ်ခုမေးချင်တာက မြန်မာနိုင်ငံမှာ ကလေးတွေကို ဘယ်လိုလူတွေဖြစ်လာအောင် မွေးမြူနေတာလဲ ဆိုတဲ့အချက်ပါပဲ။

မြန်မာနိုင်ငံကို အရင်လို ပြည့်စုံကောင်းမွန်တဲ့ ရွှေနိုင်ငံအဖြစ် ပြန်လည်ရောက်ရှိအောင် နိုင်ငံတကာမှ အတွေ့အကြုံရင့်ပညာရှင်တွေက ကူညီဖော်ဆောင်ပေးနေကြပါတယ်။ ဒါကြောင့် သက်တမ်းနုဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုအနေနဲ့ ဥာဏ်ပညာ၊ အမြော်အမြင်၊ စိတ်အားထက်သန်မှုနဲ့ လူသားဆန်တဲ့နှလုံးသားရှိတဲ့ လူငယ်လူရွယ်လေးတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပညာသင်စေလွှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက မိသားစုမှာ သင်ယူရရှိနိုင်မယ့် အခမဲ့ပညာရေးကို မိဘများက စိတ်ရှည်လက်ရှည်သင်ကြား ပေးခြင်းဖြင့် ပညာပြည့်ဝတဲ့ နိုင်ငံ့သားကောင်းရတနာများကို မွေးမြူပျိုးထောင်ပေးနိုင်မှာ အသေအချာပါပဲ။

Win Pa Pa San
YangonLife
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...