ချစ်ခြင်းရဲ့ပုစ္ဆာ

ရှန်ဟိုင်းက တက္ကသိုလ်တစ်ခုရဲ့ ဝက်ဆိုက်မှာ ပုစ္ဆာတစ်ပုဒ် တွက်ချက်ဖို့ မျှဝေထားတယ်။ အဲဒီပုစ္ဆာက မိဘအပေါ်ထားတဲ့ သားသမီးတွေရဲ့ ချစ်ခြင်းကို တွက်ချက်တဲ့ ပုစ္ဆာဖြစ်တယ်။ တွက်ချက်လို့ ရလာတဲ့ အဖြေက ၁/၂ဝ၈ဝ၅ဖြစ်တယ်။ ဒါဟာ မိဘကို သားသမီးတွေပြန်ပေး ဆပ်တဲ့ ချစ်ခြင်းနဲ့ မိဘက သားသမီး ကိုပေးတဲ့ ချစ်ခြင်းရဲ့အချိုးအစားဖြစ် တယ်။ မေး တဲ့မေးခွန်းနဲ့ တွက်ချက်ပုံက အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း---- အကယ်၍ သားသမီးအပေါ်ထားတဲ့ မိဘရဲ့ချစ်ခြင်းက နေ့ရက်တိုင်းမှာ ၁ကီလိုမီတာ အကွာအဝေး ရှိတယ်ဆိုရင် မိဘအပေါ်ထားတဲ့ သားသမီးရဲ့ စုစုပေါင်းချစ်ခြင်းကရော ဘယ်လောက်ရှိနိုင် မလဲ။

အဖြေ--- ၁ကီလိုမီတာဖြစ်ပါတယ်။

Proof--- အကယ်၍ သားသမီးအပေါ် ထားတဲ့ မိဘရဲ့ချစ်ခြင်းက နေ့ရက်တိုင်းမှာ ၁ကီလိုမီတာအကွာအဝေး ရှိတယ်။

ဒီလိုဆိုရင် တစ်နှစ်မှာ ၁ x ၃၆၅ရက် = ၃၆၅ ကီလိုမီတာ ရှိတယ်။

မိဘတွေရဲ့ပျမ်းမျှ အသက်သက်တမ်းက ၈၅နှစ်ဆိုပါစို့။

ကျွန်မတို့ကိုမွေးဖွားချိန် (ပျမ်းမျှကလေးဖွားချိန်ဟာ အသက်၂၈နှစ်မှာဆိုရင်) ကနေ မိဘသေဆုံးသွားထိ ဆိုရင် ၈၅-၂၈= ၅၇နှစ်ပဲ မိဘနဲ့ ကျွန်မတို့ အတူနေရပါတယ်။

ဒီလိုဆိုရင် ကျွန်မတို့အပေါ် မိဘတွေထားတဲ့ ချစ်ခြင်းက ၅၇ x ၃၆၅ = ၂ဝ၈ဝ၅ ကီလို မီတာဖြစ်တယ်။ ဒါဟာ ကမ္ဘာကို တစ်ခြမ်းပတ်တဲ့ အကွာအဝေးလောက် ရှိတယ်။

ကျွန်မတို့အပေါ် မိဘတွေထားတဲ့ ချစ်ခြင်းနဲ့ မိဘတွေအပေါ် ကျွန်မတို့ထားတဲ့ ချစ်ခြင်းက အစတုန်းကတော့ ၂ဝ၈ဝ၅ ကီလိုမီတာချင်း အတူတူပါပဲ။

ဒါပေမယ့် ကျွန်မတို့ ပညာရှာကျောင်းနေဖို့ အတွက်ဆိုပြီး အဲဒီချစ်ခြင်း ၂ဝ၈ဝ၅ ကို square root (နှစ်ခြမ်းခွဲ) လိုက်ရတယ်။

√ ၂ဝ၈ဝ၅ = ၁၄၄.၂၃၉၃၈ (ကီလိုမီတာပဲကျန်တယ်)

အဲဒီနောက် အလုပ်အကိုင်အတွက် ဆိုပြီး အဲဒီချစ်ခြင်းကို ခွဲလိုက်ရပြန်တယ်။

√ ၁၄၄.၂၃၉၃၈ = ၁၂.ဝဝ၉၉၇ (ကီလိုမီတာပဲ ကျန်တယ်)

အဲဒီနောက် အိမ်ထောင်ကျပြီး ကိုယ့်မိသားစုအဖြစ် တစ်အိုးတစ်အိမ် ထူထောင်လာခဲ့တဲ့အခါ အဲဒီချစ်ခြင်း ကိုခွဲလိုက်ရပြန်တယ်။

√ ၁၂.ဝဝ၉၉၇ = ၃.၄၆၅၅၄ (ကီလိုမီတာပဲကျန်တယ်)

သားသမီးတွေ ရလာတဲ့အခါ သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့ဆိုပြီး မိဘတွေကို မကြည့်ရှု မစောင့်ရှောက်နိုင် ကြပြန်ဘူး။ ချစ်ခြင်းကို ထပ်ခွဲလိုက် ရပြန်တယ်။

√ ၃.၄၆၅၅၄ = ၁.၈၆၁၆ဝ (ကီလိုမီတာပဲကျန်တယ်)

ပြီးရင် လူမူရေး၊ စီးပွားရေး.. စတာတွေနဲ့ မိဘဆီပြန်ဖြစ်ချိန် နည်းလာခဲ့တယ်။ ချစ်ခြင်းကို ထပ်ခွဲလိုက်တယ်။

√ ၁.၈၆၁၆ဝ= ၁.၃၆၄၄ဝ (ကီလိုမီတာလေးပဲ ကျန်တော့တယ်)

ခရီးဝေးလို့၊ တိုင်းတစ်ပါးရောက်သွားလို့ဆိုပြီး ချစ်ခြင်းကို ထပ်ခွဲရပြန်တယ်။

√ ၁.၃၆၄၄ဝ = ၁.၁၆၈ဝ၈ (ကီလိုမီတာလေးပဲ ကျန်တော့တယ်)

ဘဝမှာ အခက်အခဲ၊ ကိုယ်ရေးကိုယ်တာ စိတ်ညစ်ဝမ်းနည်းတာတွေနဲ့ကြုံလာတဲ့အခါ ချစ်ခြင်းကို ထပ်ခွဲ ရပြန်တယ်။

√ ၁.၁၆၈ဝ၈ = ၁.ဝ၈ဝ၇၈ (ကီလိုမီတာလေးပဲ ကျန်တော့တယ်)

ကိုယ့်အိမ်ထောင် ကိုယ့်အပူနဲ့မို့ မိဘတွေကိုပေးနိုင်တဲ့ အချိန်တွေ နည်းသထက် နည်းနည်းလာခဲ့တယ်။ ချစ်ခြင်းက ထပ်ခွဲခံရပြန်တယ်။

√ ၁.ဝ၈ဝ၇၈ = ၁.ဝ၃၉၆၁ (ကီလိုမီတာလေးပဲရှိတော့တယ်)

အဲဒီလို မိဘအပေါ်ထားတဲ့ ကျွန်မတို့ရဲ့ချစ်ခြင်း ဂရုစိုက်စောင့်ရှောက်ခြင်းက အခြေအနေ၊ အခက်အခဲ၊ အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းလာခဲ့လို့ နောက်ဆုံးမှာ ၁ ကီလိုမီတာပဲကျန်ခဲ့တော့တယ်။

အချိန်နာရီတွေက ခြေသံတိတ် အညှာတာမဲ့စွာ ကျွန်မတို့အနား တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းသွားခဲ့တယ်။ ကျွန်မတို့ရဲ့ ပညာရေး၊ လူမူရေး၊ စီးပွားရေးတွေက ရှေ့ဆက်ရာလမ်းမှာ မြားအလျင်လို တိုးတက်ပြေး လွှားနေချိန် မိဘတွေရဲ့ပါးပြင်ပေါ်မှာလည်း အရစ်အကြောင်းရာတွေ နက်သထက် နက်လာခဲ့တယ်။ အချိန်အများကြီးကျန်သေးတယ်၊ အခွင့်အရေး ရှိသေးတယ်လို့ ကျွန်မတို့ ထင်ကောင်းထင်တတ်ပေးမယ့် မိဘအပေါ်ထားတဲ့ ကျွန်မတို့ရဲ့ဂရုစိုက်စောင့်ရှောက်ခြင်းက တစ်သက်မှာ စုစုပေါင်း ၁ ကီလိုမီတာပဲ ရှိတာကို ကျွန်မတို့မေ့လျော့ခဲ့ကြတယ်။ အဲဒီ ၁ ကီလိုမီတာဟာ ကျွန်မတို့အပေါ် မိဘတွေထားတဲ့ တစ်ရက် စာချစ်ခြင်းနဲ့ပဲ ညီမျှနေခဲ့ပါတယ်။

ဒီပုစ္ဆာက တင်းကြပ်တဲ့ ပုစ္ဆာတစ်ပုဒ် မဟုတ်ခဲ့ပေမယ့် ကျောင်းသားတိုင်း လေးလေးနက်နက် တွက်ချက် သင့်ပါတယ်။

မိဘတွေကို ဂရုစိုက်စောင့်ရှောက်ဖို့မမေ့ပါနဲ့။ ၁ကီလိုမီတာခရီးကို တစ်လှမ်းချင်း တစ်လှမ်းချင်းနဲ့ လက်တွေ့ လုပ်ဆောင်နိုင်ပါစေ…

-----
မူရင်းလင့် -- http://www.85nian.net/chengzhang/18314.html

နိုင်းနိုင်းစနေ (April. 5. 2015)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...