သင်မကောင်းလျှင် အကျွန်ုပ်မဆိုးပါ

www.sodahead.com
**** အပိုင်း (၁) နှင့် (၂)၊ ပြန်လည်ပူးပေါင်း ဖော်ပြပါသည်။ ***

အသိဥာဏ်ပညာ အတွေးအခေါ် မရှိတဲ့ လူမိုက် တွေဟာ........

၁။ နည်းမှားတွေကို လုပ်တယ်။
၂။ သူတစ်ပါးကိုလည်း အဲဒီနည်းအမှားတွေကို လုပ်ခိုင်းတယ်။
၃။ အဲဒီနည်း အမှားကြီးတွေကိုလည်း သိပ်တန်ဖိုး ထားတယ်။
၎။ မှားနေတယ် လို့ပြောပြရင်လည်း ပြောပြတဲ့ သူကို ရန်ရှာတယ်။
(သီတဂူ ဆရာတော်ကြီး)

''သင်ကောင်းလျှင် အကျွန်ုပ်မဆိုးပါ''တဲ့။ တွေ့ နေကျ၊ ကြားနေကျစကားပုံ။ သင်ကောင်းလျှင် မဆိုး ဘူး၊ သင်မကောင်းလျှင် ဆိုးမယ့်သဘောပေါ့။ သင် ကောင်းကောင်း မကောင်းကောင်း ကိုယ်မဆိုးဖို့လို ပါတယ်။ သူမကောင်းတိုင်းသာ ကိုယ်လိုက်ဆိုးရရင် သူနစ်နာတာထက် ကိုယ်နစ်နာသည်ကိုစဉ်းစားပါ။ ''ခွေးကို ရန်ပြုရိုက်သောသူသည် ရိုက်သူလည်းခွေး ခွေးလည်ခွေး''ဟူသော စကားကို ကြားဖူးပါလိမ့်မည်။ ခွေးသည် တိရစ္ဆာန်ဖြစ်၍ တွေးခေါ်တတ်တဲ့ အသိဥာဏ်ပညာမရှိပေ။ အသိဥာဏ် မရှိသော တိရစ္ဆာန် ကို ရန်ပြုသူဟာ တိရစ္ဆာန်လောက် အသိဥာဏ်မရှိရာ ရောက်ပေသည်။

တချို့စကားပုံတွေဆိုရင် လူမိုက်အားပေးများ ၏။ မကောင်းမှုကို လက်ရဲဇက်ရဲ လုပ်ရဲအောင် မြှောက် ပေးတာနှင့်တူ၏။ ဤစကားပုံဆိုလျှင် သူများမကောင်း လျှင် ကိုယ်လည်းမကောင်းနဲ့၊ သူကောင်းမှ ကိုယ်လည်း ကောင်း၊ သူဆိုးလျှင် ကိုယ်လည်းဆိုး ဆိုတဲ့သဘော သည် အလွန်ကြောက်စရာကောင်းပေ၏။ သီတဂူ ဆရာတော်ကြီး မိန့်ဆိုသကဲ့သို့ အသိဥာဏ်ပညာ အတွေး အခေါ်မရှိတဲ့ လူမိုက်တွေဟာ....

''(၁) နည်းမှားတွေကို လုပ်တယ်။
(၂) သူတစ်ပါးကိုလည်း အဲဒီ နည်းအမှားတွေကို လုပ်ခိုင်းတယ်။
(၃) အဲဒီနည်းအမှား ကြီးတွေကိုလည်း သိပ်တန်ဖိုးထားတယ်။
(၄) မှားနေ တယ်လို့ပြောပြရင်လဲ ပြောပြတဲ့သူကို ရန်ရှာတယ်'' ဆိုတဲ့ မိန့်ဆိုချက်သည် အလွန်ထိထိမိမိရှိလှပေ၏။ ဆရာတော်ကြီးမိန့်ဆိုသည့် စကားကိုထောက်ခံသော ဇာတ်တော်တစ်ခုရှိ၏။ တစ်ခါတော့ ပုပ္ဖဝတီပြည်က ပြည့်တန်ဆာမတစ်ယောက်ဟာ အလွန်ချောမောလှပ ပြီး အပြုအစုအယုအယ ကောင်းတော့ ပျော်ပါးသူတွေ များပြီး အင်မတန်မှ ပစ္စည်းဥစ္စာတွေ ပေါများချမ်းသာ တယ်။

တစ်ရက်တော့ သူ့ရဲ့ အြေ>ွခအရံတွေနဲ့ ရထားစီး ပြီး နန်းတော်ရဲ့ဘေးက နေဖြတ်သွားတော့ ဘုရင်ကမေး တယ်။ ''ဟေ့....အခု လှည်းအများကြီးနဲ့ဖြတ်သွား တာ ဘယ်သူလဲ''ပေါ့။

''ဒါက အရှင်မင်းကြီးမြှောက်စားထားတဲ့ ပြည့် တန်ဆာမပါဘုရား''ဆိုတော့ ရှင်ဘုရင်ကလည်း စိတ် မကြည်လင်တဲ့အချိန်နဲ့တူတယ်။ ''အဲဒီမိန်းမ ကြည့်မရ ဘူး။ မျက်စိဆံပင်မွေးစူးတယ်။ ပြည့်တန်ဆာရာထူး က ချလိုက်တော့'' လို့ပြောတယ်။ ရာထူးအချခံလိုက်ရ တဲ့ အဲဒီအမျိုးသမီးလည်း အခြွေအရံမရှိ၊ ဝင်ငွေမရှိ တော့ စိတ်ဆင်းရဲစွာနဲ့ မင်းဥယျာဉ်ထဲကို အဝတ်တစ် ထည် ကိုယ်တစ်ခုနဲ့သွားတယ်။ မင်းဥယျာဉ်ထဲရောက် တော့ ကိဿဝိစ္ဆ(ညစ်ပေသော) ရသေ့ကို သွားတွေ့ တယ်။ အဲဒီရသေ့ကို ပုပ္ဖဝတီပြည်က စစ်သူကြီးက ကြည်ညိုလွန်းလို့ ပင့်ပြီးတော့ ကိုးကွယ်ထားတာပါ။ ဘုရားအလောင်းတော် ရသေ့ကြီးပါ။ ရသေ့ဆိုတာ သာသနာပကာလမှာ မဂ်ဥာဏ်ဖိုဥာဏ်မရသော်လည်း ဈာန်အဘိညာဉ်ရတဲ့ ရသေ့ဆိုတော့ ကိလေသာနည်း အောင် ကျင့်တဲ့ သူတော်ကောင်းပါ။ ကိလေသာကို အပေါ်မခံပါဘူး။

ရသေ့ကြီးကိုတွေ့တော့ အဲ့ဒီမိန်းမက ရွံသွားတယ်။ ရွံချင်ရွံမှာပေါ့။ ရသေ့က ရေချိုးချင်မှချိုးမယ်။ သူ့ အနေနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ကိလေသာထက် စိတ်မှာ ပေါ်တဲ့ကိလေသာကို အဓိကထားပြီးသုတ်သင်တာ။ ဒီတော့ ခန္ဓာကိုယ်မှာ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေ နဲ့ ညစ်ပတ်နေမှာပေါ့။ တကယ်တော့ ခန္ဓာကိုယ်မှာရှိ နေတဲ့ အညစ်အကြေးတွေဟာ အပါယ်လေးပါးရောက် အောင် ဆွဲမချနိုင်ပါဘူး။ စိတ်မှာပေါ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ အညစ်အကြေးတွေကသာ လျှင် အပါယ်လေးပါးကိုဆွဲချတာပါ။ ဒါကြောင့် ခန္ဓာ ကိုယ်က အညစ်အကြေးထက် စိတ်အညစ်အကြေး မတင်ဖို့ မိမိပြုထားတဲ့ ကုသိုလ်ကို အကြိမ်ကြိမ်အခါခါ ပြန်သတိရအောက်မေ့ခြင်းတည်းဟူသော ဘာဝနာ ပွားဖို့လိုပါတယ်။ အဲဒါကို ပြည့်တန်ဆာမက မသိဘူး။ သူက ခန္ဓာကိုယ်ကိုပဲ အဓိကထားပြီးတော့ စင်ကြယ် အောင်လုပ်တဲ့မိန်းမကိုး။ ခန္ဓာကိုယ်သန့်အောင် နေ သော်လည်း စိတ်ကို စင်ကြယ်အောင်လုပ်မထားတော့ ပုပ်သိုးနေတဲ့သူ ဖြစ်နေတယ်။ သူ့စိတ်နဲ့နှိုင်းတော့ ရသေ့ကြီးကို သူတော်ကောင်းမှန်းမသိဘူး။

''ဟာ...လူယုတ်မာကြီးပဲ။ ညစ်ပတ်ပေရေလို့။ ဒါကြီး ဒီဥယျာဉ်ထဲမှာရှိလို့ ငါရာထူးကျတာနေမှာ။ ဒီနေ့ ဒါကြီးမြင်ရတာ ကျက်သရေမရှိဘူး။ နိမိတ် မကောင်းဘူး။ နိမိတ်ကောင်းအောင် ယတြာချေရ မယ်၊ နိမိတ်ဖျက်ရမယ်''ဆိုပြီး အဲဒီရသေ့ခေါင်းပေါ်ကို တံတွေးထွေးချတယ်။ လက်ဆေးရေတွေနဲ့လောင်း ချတယ်။ ဘုရားအလောင်းတော်ရသေ့ကြီးကတော့ ဒေါသ အဖြစ်မခံဘူး။ ဘာမှမပြောဘူး။ ဖြစ်ပေါ်လာ တဲ့ ဒေါသကလည်း အကြာကြီးမဟုတ်၊ ခဏကလေး ဖြစ်ပြီး ပျက်သွားတာပဲ။ သူမကောင်းတိုင်းသာ ကိုယ် လိုက် မကောင်းရင် သူလည်းပေ ကိုယ်လည်းပေ ဖြစ် မည်။ ကိုယ်ပေတာက ခန္ဓာကိုယ်အပေါ်ယံပေတာ၊ ရေ ချိုးရင်ရပါတယ်။ သူက စိတ်မှာပေနေတာ၊ ရေချိုးတိုင်း မစင်ကြယ်ပေ။ သူမိုက်တိုင်းမမိုက်နဲ့။ အဲဒီလိုမိုက်တဲ့ သူတွေနဲ့တွေ့တိုင်း ကိုယ်ပြန်မမိုက်ဖြစ်အောင် ဆုံးမ နေတာ၊ သည်းခံနေတာသည် တရားအားထုတ်နေ တာပါပဲ။

အဲဒီလို ရသေ့ကြီးကို စော်ကားပြီး နောက်ရက် ကျတော့ ဘုရင်က စိတ်ကောင်းပြန်ဝင်ပြီးတော့ မူး ကြီးမတ်ရာတွေကိုမေးတယ်။ ''မနေ့က ငါရာထူးချလိုက် တဲ့ ပြည့်တန်ဆာမ ဘယ်လိုနေတုန်း''ဆိုတော့ ''အ ရှင်မင်းကြီး ဆင်းရဲသွားပါပြီဘုရား။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ စားစရာ မရှိတော့ပါဘုရား'' ဒီသတင်း ကြားရတော့ ဘုရင်က သနားသွားပြီး ရာထူးပြန်ပေး လိုက်တယ်။ ဒီနေရာမှာ စဉ်းစားစရာရှိပါတယ်။မသိ လျှင် အယူပါ ပြောင်းသွားနိုင်တယ် ကြောက်စရာပါ။ သူ မနေ့ကလုပ်ခဲ့တာက အကုသိုလ်၊ အကုသိုလ်ဆို တာက ဆိုးကျိုးပေးရမှာ။ အခုတော့ ရာထူးပြန်ရသွား တယ် ထင်စရာရှိပေမယ့် မတူပါ။ ရာထူးပြန်ရတာက အတိတ်က ကောင်းမှုကုသိုလ် အကျိုးပေးကံကြောင့် ပါ။ သူတော်ကောင်းရသေ့ကိုစော်ကားတဲ့ အကုသိုလ် ကံကလည်း အကျိုးပေးမှာပါ။ အကျိုးမပေးခင်တော့ လူမိုက်တွေက ကိုယ်လုပ်တာမှန်တယ် ယူဆတတ် ပါတယ်။

ယခု ပြည့်တန်ဆာမလည်း အထင်မှားသွားပြီ။ ရသေ့ကြီးခေါင်းပေါ် တံတွေးထွေးမိလို့ ရာထူးပြန်ရတာလို့ ထင်သွားတယ်။ နောက်တစ်ကြိမ် အမတ်တစ်ယောက် ရာထူးကျပြန်ရော။ အဲဒီအမတ် ကလည်း ရာထူးပြန်လိုချင်တော့ ပြည့်တန်ဆာမဆီသွား ပြီး ရာထူးပြန်ရအောင် ဘယ်လို ယတြာလုပ်လဲမေး တော့ ရသေ့ခေါင်းပေါ် တံတွေးနဲ့ထွေးလိုက်ရင် ရာထူး ပြန်ရတာပဲလို့ ပြောလိုက်တယ်။

အမတ်ကလည်းယုံတယ်။ မိမိရာထူးကလေးပြန် ရဖို့ အကုသိုလ် ဘယ်လောက်ကြီးကြီးလုပ်တော့မယ်။ အကုသိုလ်သည် ဆိုးကျိုးကိုပေးသည်။

ကုသိုလ်သည် ကောင်းကျိုးကိုပေးသည်။ လူတွေကဆိုးကျိုးပေးသည့် အကုသိုလ်ကိုမကြောက် ပြဿဒါး၊ ရက်ရာဇာ၊ ဝါရမိတ္တူ စသည်တို့ကိုတော့ ကြောက်၏။ မိမိရရှိထားသည့် ရာ ထူးအာဏာ နေရာကလေးမြဲဖို့ဆိုရင် အကုသိုလ်ဘယ် လောက်ကြီးပါစေ လုပ်ရဲကြသည်။ ကြောက်စရာကောင်း ပေ၏။ အခုလည်းကြည့် ရာထူးပြန်ရဖို့ အမတ်လည်း ပြည့်တန်ဆာမပြောသလို ရသေ့ဦးခေါင်းပေါ် တံတွေး တွေ အားရပါရထွေးတယ်။ များများထွေးလေကောင်း လေထင်ပြီး ထွေးတယ်။ တိုက်ဆိုင်မှုရှိတော့ အမတ် လည်း နောက်နေ့ ရာထူးပြန်ရသွားပြန်တယ်။ နှစ်ကြိမ် ရှိသွားပြီ။

နောက်တစ်ကြိမ် ထပ်တိုက်ဆိုင်မှုရှိသေး တယ်။ အဲဒါကဘာလဲဆိုရင် တိုင်းပြည်ရဲ့အစွန်အဖျား မှာ သူပုန်တွေထလို့ သူကိုယ်တိုင် သွားနှိမ်နင်းရမယ်။ စစ်ထွက်ခါနီး အမတ်နဲ့ မိဖုရားကအကြံပေးတယ်။

''အရှင်မင်းကြီး၊ တိုက်ပွဲနိုင်ချင်ရင် ဘုရင်ကြီးနှင့် တကွ စစ်သားတွေအားလုံး မင်းဥယျာဉ်ထဲက ရသေ့ ကြီးခေါင်းပေါ် တံတွေးတွေဝိုင်းထွေးကြရင် စစ်ပွဲအောင် လိမ့်မယ်''ဆိုပြီးပြောတယ်။ ဘုရင်ကလည်းယုံပြီး လိုက် လုပ်တာ၊ အရှုံးရှိတာမှ မဟုတ်ဘဲ လုပ်လိုက်တာကောင်း ပါတယ်ဆိုကာ ဘုရင်နဲ့တကွ နောက်လိုက်တွေ အားလုံး တံတွေးနဲ့ ဝိုင်းထွေးကြတယ်။ နောက်လိုက်တပ်သား တွေအားလုံးဆိုတော့ ရသေ့ကြီးလည်း တကယ့်ကို သူ များတံတွေးခွက်ထဲ မျောတော့တာပါပဲ။

ရသေ့ကြီးကို တံတွေးနဲ့ အားရပါးရထွေးကြပြီး စစ်တိုက်ထွက်ကြတယ်။ တိုက်ဆိုင်ချင်တော့ စစ်ပွဲကအောင်လာပြန်တယ်။ သုံး ကြိမ်ရှိပါပြီ။ တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်ကတောင် လုပ်လို့အောင်မြင်တယ် ဆိုတော့ တိုင်းသူပြည်သားတွေ ကလည်း တို့ဘုရင်ကြီးလုပ်တာမှန်တယ်ဆိုပြီး ကြွေး ကြော်ကြ၊ ထောက်ခံကြပေါ့။ သူတို့ကတော့ ရသေ့ကြီး ခေါင်းပေါ် တံတွေးထွေးချလို့ အဆင်ပြေတယ် အောင် မြင်တယ်လို့ထင်ကြတယ်။
သူတို့ကောင်းကျိုးရသွားတာ က ကုသိုလ်ကံကြောင့်ဆိုတာ မသိပေ။ စော်ကားတဲ့ အကုသိုလ်က မကောင်းကျိုးပေးမှာ။ အခုတော့ အချိန် ကျတော့မယ်။ စစ်သူကြီးက ဒီအကြောင်းတွေကိုသိ တော့ ရသေ့ကြီးကို ရေမိုးချိုးပေးပြီး အားလုံးကိုယ်စား တောင်းပန်တယ်။

''အရှင်ရသေ့ကြီးဘုရား သူတို့တစ်တွေဟာ မသိ တတ်တဲ့ပုဂ္ဂိုလ်၊ မိုက်မဲတဲ့ ပုဂ္ဂိုလ်များမို့ ခွင့်လွှတ်ပေး ပါဘုရား''ဆိုတော့ ''အေး...ငါကတော့ ခွင့်လွှတ် တယ်။ ဒါပေမဲ့ ငါတို့လိုသူတော်ကောင်းတွေကို ကြည် ညိုတာ လူတွေတင်မကဘူး။ နတ်တွေပါ ကြည်ညိုတာ။ ငါခွင့်လွှတ်သော်လဲ ငါ့ကိုကြည်ညိုတဲ့ နတ်တွေက ခွင့် မလွှတ်တော့ဘူး။ မင်းတို့တစ်ပြည်လုံးကို မိုးကိုးမျိုးရွာ ပြီးတော့ အသေသတ်ကြတော့မယ်။ သူတို့ဆုံးဖြတ်ပြီး ကြပြီ၊ သူတို့ဆုံးဖြတ်တာကို ငါ အဘိညာဉ်တန်ခိုးနဲ့ကြား တယ်''လို့ပြောလိုက်တော့ စစ်သူကြီးလည်း အရမ်း ကြောက်သွားတယ်။ ရသေ့ကြီးကို ကယ်ပါဦးလို့ပြော တယ်။

ဒီအဖြစ်ဆိုးကနေလွတ်အောင် နည်းမရှိတော့ ဘူးလား။ ရှိရင် ညွှန်ပြပေးဖို့လျှောက်တော့ ရသေ့က ''တစ်ခုတော့ရှိတယ်။ ငါ့ကိုစော်ကားတဲ့ ပုဂ္ဂိုလ်အား လုံး ငါ့ကိုလာကန်တော့တောင်းပန်ကြရင်တော့ နတ် တွေကမသတ်ဘဲ ခွင့်လွှတ်ကြလိမ့်မယ်'' စစ်သူကြီး လည်း ဘုရင့်ဆီပြေးပြီး ''အရှင်မင်းကြီး၊ ရသေ့ကြီးကို အရှင်မင်းကြီးတို့ စော်ကားမိတာမှားပြီ။ ရသေ့ကြီးကို သွားပြီတော့ တောင်းပန်ကန်တော့ကြပါ။ နို့မို့ဆိုရင် တိုင်းပြည်ကြီးပျက်စီးပါလိမ့်မယ်''။

မင်းကြီးကလည်း ''မကန်တော့နိုင်ဘူး''လို့ ပြောတယ်။ ဘာဖြစ်လို့လဲဆို တော့ ''ရသေ့ကြီးကို ပြည့်တန်ဆာမတံတွေးနဲ့ထွေး တော့ ရာထူးပြန်ရတယ်။ အမတ်တစ်ယောက်လဲ ဒီလို ပဲ။ ငါတို့လဲ တံတွေးနဲ့ထွေးလို့ စစ်ပွဲအောင်တယ်။ ဒါ မှန်တာပဲ။ အကောင်းဆုံးယတြာမို့လို့ အောင်တာပေါ့။ မကန်တော့နိုင်ဘူး''လို့ ပြောတယ်။ စစ်သူကြီးကလည်း ''မကန်တော့ရင်လဲနေ အရှင်မင်းကြီးတို့ကံပဲ။ ကျွန်တော် ကတော့ မင်းကြီးပေးတဲ့ စစ်သူကြီးရာထူးကိုပြန်အပ် တယ်'' ဆိုပြီးပြောတယ်။ ပြီးတာနဲ့ထွက်ပြေးတယ်။

နတ်တွေက ခုနစ်ရက်အတွင်း လူတွေအကုန် သတ်မှာဆိုတော့ ရသေ့ကြီးကိုလည်း သူ့တပည့်တွေက တန်ခိုးနဲ့ပဲ ဟိမဝန္တာတောထဲကို ပြန်ခေါ်သွားကြတယ်။ နတ်တွေက တိုင်းပြည်တစ်ပြည်လုံးကို ဖျက်ဆီးတော့ မှာဆိုတော့ တိုင်းပြည်မှာ သူတော်ကောင်းရှိမရှိ၊ ကျန် မကျန် ကြည့်တယ်။ မှားပါမှာစိုးတယ်။ ကြည့်တော့ ရာမ ပုဏ္ဏားကလေးကိုသွားတွေ့တယ်။ သူက ဗာရာဏသီ ပြည်ကနေ ကုန်ရောင်းကုန်ဝယ်နဲ့ ပုပ္ဖဝတီကိုရောက်နေ တယ်။ လူသန်းပေါင်းများစွာရှိတဲ့ နိုင်ငံကြီးထဲမှာ မိဘ ကိုလုပ်ကျွေးတဲ့ သားလိမ္မာ သူတော်ကောင်းကို တွေ့ တယ်။ ဒီလူငယ်ကလေးက သူတော်ကောင်းကလေး။ မိဘကိုလည်း ရိုသေစွာလုပ်ကျွေးပြုစုတယ်။ ဒါကြောင့် နတ်တွေက တန်ခိုးနဲ့ ဗာရာဏသီပြည်ကို ပြန်ပို့ပေး တယ်။ တိုင်းပြည်မှာ သူတော်ကောင်း တစ်ယောက်မှ မရှိတော့ဘူး။ အကျင့်တူ၊ စရိုက်တူတွေပဲကျန်တော့တဲ့ အချိန်။ နတ်တွေက ရိုးရိုးမိုးရွာချတယ်၊ ပြီးတော့ ပန်း မိုးရွာချတယ်၊ လူတွေကအံ့သြပြီး ပန်းတွေထွက်ကောက် တယ်။ အမှန်တော့ လူတွေအပြင်ထွက်အောင် နတ်တွေ က မြှူဆွယ်နေကြတာပါ။ နောက်ထပ် ပဲစေ့မိုး။ ပိုက်ဆံ အသေးစား။

လေးခုမြောက်က ကျပ်စေ့မိုး၊ တန်ဖိုးရှိတဲ့ ပိုက်ဆံ။ အဲဒီကျတော့ လူတွေမနေနိုင်တော့ဘူး သူထက် ငါ အပြိုင်အဆိုင်၊ အလုအယက် ကောက်ကြတယ်။ သူဌေးနဲ့မင်းညီမင်းသားတွေက မကောက်သေးဘူး။ ငါးခုမြောက်ကျတော့ လက်ဝတ်တန်ဆာမိုး။ ရွှေတွေရွာ ချပေးတာ။ အဲဒီကျတော့ ဘုရင်တောင်မနေနိုင်တော့ ဘူး ထွက်ကောက်တယ်။ သူတို့စိတ်ထဲမှာလည်းပဲ ရသေ့ ကြီးကိုစော်ကားလို့ ရတနာမိုးတွေရွာချပေးတာ။ အား လုံးက ဒီစိတ်ဖြစ်တာနဲ့ ရသေ့အပေါ်စော်ကားတဲ့အကု သိုလ်ချင်းတူသွားပြီ။

လက်ဝတ်လက်စားတွေ တကုန်း ကုန်းနဲ့ကောက်နေကြတဲ့ ပုပ္ဖဝတီပြည်သူပြည်သားတွေ ရဲ့ ကျောပြင်ပေါ်ကို နတ်တွေက ဓားမိုးတွေ၊ လှံမိုးတွေ၊ ပုဆိန်မိုးတွေ ရွာချလိုက်တယ်။ နောက်တစ်ပြည်လုံး မီးလောင်တယ်။ ပြီးတော့ ကျောက်ခဲမိုးတွေရွာချလိုက် တယ်။ ကျောက်တွေနဲ့ တစ်ပြည်လုံးကို ပိပြီးဖျက်လိုက် တာ။ ကိုးခုမြောက် သဲမိုးတွေရွာချပြီးတော့ သဲတွေနဲ့ ဖုံးလိုက်တာ တိုင်းပြည်တစ်ခုလုံး တောင်တောင်ပျက် တက်တက်ကို ပြောင်သွားတာပါပဲ။ ကမ္ဘာမှာ ခုချိန် အထိ အဲဒီတိုင်းပြည်မရှိတော့ပါ။

ဒါကြောင့် အသိဥာဏ်ပညာ၊ အတွေးအခေါ် မရှိ တဲ့လူမိုက်တွေဟာ........

၁။ နည်းမှားတွေကိုလုပ်တယ်။
၂။ သူတစ်ပါးကိုလည်း အဲဒီနည်းအမှားတွေကို လုပ် ခိုင်းတယ်။
၃။ အဲဒီနည်းအမှားကြီးတွေကိုလည်း သိပ်တန်ဖိုး ထားတယ်။
၎။ မှားနေတယ်လို့ ပြောပြရင်လည်း ပြောပြတဲ့သူ ကိုရန်ရှာတယ်။

မိုက်တဲ့သူ၊ အသိဥာဏ်မရှိတဲ့သူနဲ့ ပြိုင်ပြီးလိုက် မိုက်ရင် ကိုယ်ပဲနစ်နာမှာပါ။

သူမိုက်တိုင်း လိုက်မမိုက် ပါနဲ့။ သူအသိဥာဏ်မရှိတိုင်း ကိုယ်အသိဥာဏ်မမဲ့ပါ နဲ့။ သူမိုက်ချင်မိုက် ကိုယ်မမိုက်ဖို့လိုသည်။ သူဆိုးချင် ဆိုး ကိုယ်မဆိုးဖို့လိုသည်။ သူမကောင်းပေမယ့် ကိုယ် ကောင်းအောင်နေပါ။ ''သင်မကောင်းလဲ အကျွန်ုပ် မဆိုး''အောင်နေပါလို့ တိုက်တွန်းရင်း။

- အရှင်ပညာသိရီ (မွန်ကျောင်းဆရာတော်)

‪#‎TheYangonTimes‬
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...