ဗြိတိန်တွင် ဆယ်ကျော်သက် မိန်းကလေး၏ ရင်သားကို ကိုင်တွယ်ခဲ့မိသည့် မြန်မာဆရာဝန် ထောင်ဒဏ် ၁၈ လ ချမှတ်ခံရ

လန်ဒန်၊ ဧပြီ ၁၉

ဗြိတိန်ရှိ ဆေးရုံတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာဆရာဝန်တစ်ဦးသည် ရင်ဘတ်နာကျင်မှု ဝေဒနာ ခံစားနေရသဖြင့် လာရောက်ပြသသော ဆယ်ကျော်သက်အရွယ် အမျိုးသမီးလူနာ၏ ရင်သားကို ကိုင်တွယ်ပွတ်သပ်ခဲ့သည် ဆိုကာ
ထောင်ဒဏ် ၁၈ လ ချမှတ် ခံလိုက်ရကြောင်း Daily Mail သတင်းဌာနတွင် ဖော်ပြထားသည်။

အသက် ၄၃ နှစ် အရွယ်ရှိ ဒေါက်တာ အံ့ထွန်းမောင်သည် ၂၀၁၂ ခုနှစ်က အင်္ဂလန်ရှိ ဆေးရုံတစ်ခုတွင် လုပ်ကိုင်နေစဉ် ပုံမှန်စစ်ဆေးမှု လာရောက်ခံယူသည့် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်ဟု ဒါဟမ်ခရောင်း တရားရုံးက ပြောကြားထားသည်။

အိမ်ထောင်သည်တစ်ဦး ဖြစ်ပြီး ကလေးတစ်ဦး၏ ဖခင်လည်းဖြစ်သည့် ဒေါက်တာအံ့ထွန်းမောင်သည် ဗြိတိန် ကျန်းမာရေး ဝန်ကြီးဌာန၏ အများပြည်သူဆိုင်ရာ သီးသန့်ဌာနခွဲတစ်ခု ဖြစ်သော NHS တွင် ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်းနှင့် တဒင်္ဂ ရူးသွပ်မှုတစ်ခုကြောင့် အရာရာအားလုံး ဆုံးရှုံးလိုက်ရသူ ဖြစ်ကြောင်း ၎င်း၏ ရှေ့နေက တရားရုံးသို့ လျှောက်လဲခဲ့သည်။

ဒေါက်တာအံ့ထွန်းမောင်သည် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ရင်ဘတ်နာကျင်မှု ဝေဒနာ ခံစားနေရသဖြင့် လာရောက်ပြသသော ဆယ်ကျော်သက် မိန်းကလေးလူနာကို အတွင်းခံ ချွတ်ခိုင်းကာ ရင်သားကို ဖျစ်ညှစ်ခဲ့ပြီး ထို့နောက်တွင် အဝတ်အစား ပြန်ဝတ်ခိုင်းခဲ့သည်။

ထိုကဲ့သို့ ဖြစ်ပွားပြီးနောက် လူနာမိန်းကလေးက သူမအနေဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသည်ဟု ထင်ကြောင်း သူမ၏ သူငယ်ချင်းများထံ မက်ဆေ့ခ်ျ ပေးပို့ခဲ့သည်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသည်ဟု မယုံကြည်လိုသော်လည်း ၎င်းအနေနှင့် ထိုအဖြစ်အပျက်ကို စိတ်ထဲမှ ဖျောက်ဖျက်၍မရဟု တရားရုံးသို့ တင်သွင်းသည့် လျှောက်လဲချက် တစ်စောင်ထဲတွင် လူနာမိန်းကလေးက ပြောကြားထားသည်။

ထို့ကဲ့သို့ ဖြစ်ပွားပြီး လအနည်းငယ်ကြာပြီး နောက်တွင် နောက်ထပ် ရင်ဘတ်စစ်ဆေးမှုတစ်ခု ခံယူရန် အခြားဆေးခန်း တစ်ခုသို့ သွားရောက်ပြသသည့် အချိန်တွင် သူမအနေဖြင့် အလွန်တရာ ကြောက်ရွံ့နေမိသည်ဟုလည်း ယင်းမိန်းကလေးက တရားရုံးကို လျှောက်လဲခဲ့သည်။

လူနာမိန်းကလေးသည် ဖြစ်စဉ်ကို NHS သို့သာ တိုင်ကြားခဲ့ပြီး လအတန်ကြာသည်အထိ ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း မရှိဟု အစိုးရရှေ့နေ ပီတာမိတ်ခ်ပိစ်က ပြောကြားသည်။

ဒေါက်တာအံ့ထွန်းမောင်သည် ၂၀၀၀ ပြည့်နှစ်က ဗြိတိန်သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် အချိန်မှစပြီး NHS တွင် လုပ်ကိုင်ခဲ့သူဖြစ်ကာ လုပ်ငန်းခွင်တွင်ရော၊ ပုဂ္ဂိုလ်ရေးဘဝတွင်ပါ ပတ်ဝန်းကျင်၏ လေးစားယုံကြည်မှုကို ရရှိထားသူ ဖြစ်သည်ဟု တရားခံရှေ့နေ အန်ဒရူးဟက်စ်က ပြောကြားသည်။

ထို့ပြင် ဒေါက်တာအံ့ထွန်းမောင်သည် ၎င်း၏ ဗုဒ္ဓဘာသာ အဖွဲ့အစည်း အတွင်းတွင်လည်း တတ်နိုင်သမျှ ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိသူတစ်ဦး ဖြစ်သည်ဟုလည်း မစ္စတာဟက်စ်က ပြောကြားခဲ့သေးသည်။

ဒေါက်တာအံ့ထွန်းမောင်သည် ယခုအမှုကြောင့် ဝင်ငွေအားဖြင့် များစွာကျဆင်းသွားသလို ပတ်ဝန်းကျင်၏ လေးစားယုံကြည်မှုကိုလည်း ဆုံးရှုံးလိုက်ရပြီး ဖြစ်သဖြင့် ဆိုင်းငံ့ပြစ်ဒဏ်သာ ချမှတ်ပေးရန် မစ္စတာဟက်စ်က တရားသူကြီးကို လျှောက်လဲခဲ့သည်။

သို့ရာတွင် တရားသူကြီးကမူ ဒေါက်တာအံ့ထွန်းမောင်သည် အလုပ်ကြိုးစားပြီး ပတ်ဝန်းကျင်၏ လေးစားယုံကြည်မှုကို ရရှိသူတစ်ဦး ဖြစ်သည်မှာ မှန်သော်လည်း အခြားသူများကို ယခုကဲ့သို့သော ပြစ်မှုမျိုးကျူးလွန်ခြင်းမှ တားဆီးနိုင်ရန်မှာ လက်ငင်းထောင်ဒဏ် ပြစ်ဒဏ်ချမှတ်သည့် နည်းလမ်းသာ ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။

ဒေါက်တာအံ့ထွန်းမောင်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ကတည်းက ဆေးကုသခွင့် ဆိုင်းငံ့ခံခဲ့ရပြီး လက်ရှိတွင် General Medical Council ၏ စုံစမ်းစစ်ဆေးမှုကိုလည်း ရင်ဆိုင်ရလျက် ရှိသည်။

ဒေါက်တာအံ့ထွန်းမောင် အနေနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားသူအဖြစ် ၁၀ နှစ်ကြာ စာရင်းသွင်းခံထားရမည် ဖြစ်သော် 
လည်း အကျူးလွန်ခံရသူ မိန်းကလေးကိုမူ လျော်ကြေး တစ်စုံတစ်ရာပေးရန် ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း မရှိချေ။

The Voice Journal
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...