ကလေးများအား အခြေခံ အသက်ကယ်နည်း ( Paediatric Basic Life Support )

မြန်မာနိုင်ငံမှာ အရေးပေါ် အသက်ကယ်ခြင်းနှင့် ပက်သက်၍ ဥပဒေများပေါ်ထွန်းလာသည်နှင့် အညီ မိမိတို့ မိသားစု သို့ မဟုတ် ပတ်ဝန်းကျင် များဖြစ်သည့် ကျောင်းများ ၊ ဈေးများ၊ ကုန်တိုက်များ ၊ အားကစားကွင်းများ ၊ လမ်းဘေးများစသည်တို့ တွင် ကလေးငယ်များ၏ အသက်ကို အချိန်မှီ ကယ်နိုင်ရန်အလို့ ငှာ အခြေခံကျန်းမာရေး သင်တန်း တက်ရောက်နေ သူများနှင့် မိဘပြည်သူများအတွက် ဤ စာကိုရေးသား လိုက်ရပါသည်။ ကျွန်မသည် အရေးပေါ် သူနာပြုစုမှု နှင့်စပ်လျဉ်း၍ သင်တန်း များစွာကို တက်ရောက်ခဲ့ရာမှ လွယ်ကူပြီး ထိရောက်မည့် ကလေးများအား အခြေခံ အသက်ကယ်နည်း Basic Life Support ကို အမေရိကန် နှလုံးဖောင်ဒေးရှင်း၏၂၀၁၀ စည်းမျဉ်းအတိုင်း စုပေါင်းရေးသား ခဲ့ပါသည်။

အသည်းအသန် သို့ မဟုတ် နှလုံးရပ်နေသော ကလေးငယ်တွေကို အခြေခံပြုစုကုသရာမှာ DRSABCDE နဲ့  ချဉ်းကပ် ရပါတယ်။

• D- Danger

ပထမဦးစွာ ကလေးအား မချဉ်ကပ်မှီမှာ Sign of Danger လို့ ခေါ်တဲ့ ကိုယ့်ကိုယ် ကျရောက်နိုင်တဲ့ အန္တရာယ် ရှိမရှိကြည့်ရပါမယ်။ ကိုယ်က ဒုတိယ သားကောင်( second victim ) ဖြစ်သွားနိုင်ပါတယ်။ ကလေးကိုလည်း အန္တရာယ်ရှိတဲ့ နေရာက အမြန်ဆုံး ဖယ်ရှားရပါမယ်။ မာတဲ့ ကြမ်းခင်းလိုမျိုးမှာ ပက်လက် အနေထားနဲ့  ချလိုက်ပါ။

• R- Response

ကလေးရဲ့ တုန့် ပြန်မှု့ ရှိမရှိ လှုပ်နှိုးကြည့်ပါ။ သတိရှိမရှိ စမ်းသပ်ခြင်းဖြစ်ပါတယ်။ Are you alright ? မြန်မာတွေကတော့ ... “ဟေ့...ကလေး၊ နိုးလား ၊ မျက်လုံး ဖွင့်ကြည့်ပါအုံး ’’ ဒီလိုပြောလို့ ရတယ်။

နောက်ပြီးတော့ နာအောင် လုပ်ပြီးနှိုးတာ။ ညင်ညင်သာသာ လုပ်ဖို့ တော့ လိုပါတယ်။ ကလေးရဲ့ ရင်ညွန့် ရိုးပေါ်တို့ ၊ နဖူးတို့ မှာလုပ်လို့ ရတယ်။ သို့ သော် လည်ပင်းရိုး ကျိုးနိုင်တယ်လို့ ယူဆရင် ကလေးလည်ပင်း ကိုငြိမ်အောင်ထားဖို့ လိုပါတယ်။ နာလာရင် ၁နှစ်အောက် ကလေးတွေက စကားမပြောနိုင်တော့ အော်ငိုသံ ထွက်ချင်ထွက်မယ်။ ၁နှစ်အထက် ကလေးတွေက တော့ မျက်လုံးလေး ဖွင့်ချင် ဖွင့်လာမယ်ပေါ့။ တုန့် ပြန်မှု့ မရှိပဲ ကလေးငြိမ်သက်နေပါက .....

• S- Shout for help ( Call for help )

နီးစပ်ရာ အကူအညီတောင်းပါ။ ဆေးဝါး အကူအညီရရန် ဖုန်းဆက်ပါ။ နိုင်ငံခြားမှာ ၉၁၁ လို့ ခေါ်ရင် ရပါတယ်။ မြန်မာပြည်မှာတော့ လူမှု့ ရေးအသင်းအဖွဲ့ လူနာတင်ယာဉ်ကား တစ်မျိုးမျိုးကို ဖုန်းနံပါတ်သိအောင် လုပ်ထားပါ။ ( မြန်မာနိုင်ငံတွင်တော့ EMS ဟုခေါ်သော အရေးပေါ်ဆေးပညာ ကယ်ဆယ်ရေးအဖွဲ့ကို အစပျိုးနေပါပြီ )

• Airway

အသက်ရှုလမ်းကြောင့် ဖွင့်ပေးရမှာပါ။ မေးစေ့ကို လက်မနှင့် လက်ညိုးကို အသုံးပြုပြီး ညင်သာစွာမပြီး ကျန်လက်တစ်ဖက်က နဖူးစပ်ကနေ ဖြည်းတွန်းလိုက်ပါ ။ ဒါကို Head Tilt- Chin Lift manoeuvre လို့ ခေါ်ပါတယ်။ တစ်ချို့ ကလည်း “
 ခေါင်းထောင် - မေးမ ’’ လို့  လွယ်ကူအောင်ခေါ်တယ်။

ဒုတိယနည်းကတော့ မေးရိုးထောင့် တစ်ဖက်တစ်ချက်စီကို လက်နှစ်ဖက်နဲ့  အပေါ်ကိုအသာ ပင့်တင် လိုက်တာပါ။ ဒီနည်းကို Jaw Thrust manoeuvre လို့ ခေါ်ပြီး ဒဏ်ရာပြင်းထန်မှု့ ပေါ်မူတည်ပြီး သုံးတယ်။( ဥပမာ- အမြင့်ပေါ်က ပြုတ်ကျတာ၊ ကားတို့  ဆိုင်ကယ်တို့ နဲ့  အရှိန်ပြင်းပြင်းတိုက်မိတာ မျိုးတွေမှာ သုံးရတယ်။ ဘာကြောင့်လဲဆိုတော့ လည်ပင်းရိုးကို ကာကွယ်ချင်လို့ ပဲ။ ဒီလိုပျင်းထန်တဲ့ ဒဏ်ရာမျိုးတွေမှာ လည်ပင်းရိုးကျိုးနေတယ် / နိုင်တယ်လို့ ယူဆပြီး သုံးပါတယ်။ တကယ်ကျိုးနေတာ ၊ အက်နေတာကို ကိုယ်က မမြင်ရ ၊ မသိရတော့ လူနာကို ကူညီချင်ပေမယ့်လည်း ကိုင်တွယ်တာ မတော်ရင် ကိုယ့်ကြောင့် လူနာ တစ်သက်လုံး အိပ်ယာထဲ ရောက်သွားနိုင်တယ်။ အခန်းမသင့်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ )

တစ်ခုတော့ရှိတယ်.... ဘယ်နည်းပဲ သုံးသုံး ကလေးငယ်တွေကို အင်အားသုံးပြီး ကိုယ့်ရဲ့ လက်နဲ့ သူတို့ ရဲ့ မေးရိုးအောက်ဖက်တွေကို မဖိမိစေဖို့ လိုပါတယ်။ ဘာလို့ လဲဆိုတော့ သူတို့ ရဲ့ ကြွက်သားလေးတွေက အရမ်းနုနယ် လွန်းလို့ ပါပဲ။ ကြွက်သားတွေ နာကျင်လာရင် ကလေးတွေက အသက်ကို မရှုပဲအောင့်ထား တတ်ပါတယ်။ ဦးခေါင်းထောင် ( Head Tilt ) လုပ်တဲ့အခါမှာလည်း အလွန်အမင်း မလုပ်ရပါဘူး။

အသက်ရှုလမ်းကြောင်း ဖွင့်ရတဲ့ အကြောင်းရင်းကတော့ သတိလစ် မေ့မျောသွားရင် လည်ပင်းကြွက် သားတွေလျော့လာပြီး မေးရိုးက အောက်ကို ပိကျလာတဲ့အခါ အသက်ရှုလမ်းကြောင်းကို ပိတ်နိုင်တယ်။ အဓိက ကတော့ ခံတွင်းထဲမှာ အကြီးဆုံးအင်္ဂါဖြစ်တဲ့ လျှာကအာဂေါင်မှာ လာပိတ်နိုင်သလို ချွဲသလိပ်တွေ ၊ သွေးတွေ၊ ပြင်ပ ပစ္စည်းတစ်ခုခု ( Foreign Body ) ပိတ်ဆို့ နိုင်တဲ့ အတွက် ဖြစ်ပါတယ်။ ၎င်းတို့ ကိုစစ် ဆေး ပြီး တွေ့ ရှိပါက လက်ဖြင့်နှိုက်ထုတ် ဖယ်ရှားပေးပါ။ ပြီးလျှင် အသက်ရှုလမ်းကြောင်းဖွင့်လျှက် အနေအထားဖြင့် " B " ကိုဆက်ပါ ။

• B- Breathing

အသက်ရှုမရှု စစ်ဆေးဖို့ ရာ 3L ဆိုသည့် Look , Listen , Feel ကို သုံးရမည်။

Listen- ကိုယ့်ရဲ့ နားက ကလေးရဲ့ နှာဝ မှာကပ်ပြီး အသက်ရှုသံကို နားထောင် ရင်း နဲ့ 

Look -ကလေးရင်ဘတ် အပေါ်မြင့်တက်လာ/ မလာ ( Chest raise ) ကို ကြည့်တယ်။

Feel- တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ ပါးကို ကလေးနှာဝကနေ အသက်ရှုသွင်း ရှုထုတ်တဲ့အခါ လေတိုး လာတာကို ခံစား
တာဖြစ်ပါတယ်။

( မှတ်ချက်။ ။ DRSAB ကို ဆန်းစစ်ရာမှာ လျင်မြန်စွာ စစ်ဆေးဖို့ လိုပါမယ်။ ကလေးအတွက် မိနစ်တိုင်းဟာ အသက်ရှင်ဖို့ အခွင့်အလမ်းပေါ် မူတည်လို့ ဖြစ်ပါတယ်။ )

အသက်ရှုမရှု စစ်ဆေးပြီးလို့ ကလေးအသက် မရှုဘူးလို့ သံသယ ရှိတာပြီဆိုရင် Mouth to mouth Resuscitation ( Rescue breath ) ကို စလုပ်ရပါမယ်။ နည်းလမ်းကတော့ ၁နှစ်အောက် ကလေးတွေဆိုရင် နှာခေါင်းနဲ့ ပါးစပ်ကို မိမိပါးစပ်နဲ့ ငုံပြီးလေကို ၂ ကြိမ်မှုတ်သွင်းပါ။ ၁နှစ်အထက် ကလေးအရွယ်တွေမှာ နှာခေါင်းကို ညှစ်ထားပြီး ပါးစပ်ကိုပဲ ငုံပြီးလေမှုတ်သွင်းပါ။ ထိုသို့ မှုတ်သွင်းနေစဉ်မှာ မျက်လုံးထောင့်မှ ကလေး ရင်ဘတ်ဖေါင်းကြွမှု ရှိမရှိ ကြည့်ရပါမယ်။ ဒီလို ၂ကြိမ်လေမှုတ်သွင်းလို့ မှ ကလေးက အသက်မရှုလာဘူး ။ Signs of life မရှိဘူးဆိုရင်တော့ နောက်တစ်ဆင့်က .....

• C- Circulation

ကလေးရဲ့ သွေးလည့်ပတ်မှု့ ရှိမရှိ သွေးခုန်နှုန်းကို စမ်းပါ။ ( သာမန်အရပ်သူ အရပ်သားများအဖို့  စမ်းသပ်စရာမလိုပါ) ကလေးတွေမှာ လူကြီးတွေလို လည်ပင်းမှ သွေးလွှတ်ကြော( Carotid Artery ) ကိုစမ်းသလိုစမ်းလို့ မရပါဘူး။ ကလေးတွေက ဂုတ်တိုပါတယ်။ စမ်းရလည်း ခက်ပါတယ်။ ဒါကြောင့် လက်ဖျံကသွေးလွှတ်ကြော (Brachial Artery) နဲ့ ပေါင်တွင်း ( Groin) ကသွေးလွှတ်ကြော (Femoral Artery ) တွေမှာ သွေးခုန်နှုန်းများကို စမ်းသပ်နိုင်ပါတယ်။ စမ်းသပ်ချိန် ၁၀ စက္ကန့် ထက်မပိုရပါဘူး။ စမ်းလို့ မမိဘူး / နှလုံးခုန်နှုန်းနှေးနေတယ်/ မသေချာဘူးဆိုတာနဲ့  Start CPR- Cardiopulmonary Resuscitation ) နည်းလမ်းတွေကတော့...

ကလေးငယ်ရင်

( ၁ ) လက်ညိုးနဲ့ လက်ခလယ်နှစ်ချောင်းကို အသုံးပြုပြီး ကလေးရဲ့ ရင်ညွန့် ရိုး ၂ပုံ ၁ပုံ (အောက်ဘက် ၁ပုံ) ကိုတည့်မတ်စွာအောက်စိုက်ပြီး ဖိနှိပ်ရပါမယ်။

( ၂ ) နောက်တစ်နည်းကတော့ လက်မကို ကလေးရဲ့ ရင်အုံ တစ်ဖက်တစ်ချက်စီပေါ်တင်ထားရင် ကျန်လက်လေးချောင်းကို ကျောဘက်ကို လျှို သွင်းလိုက်ပါ။ လက်မကဖိနှိပ်နေစဉ် ၎င်းလက်လေးချောင်းကို ငြိမ်အောင်ထားရပါမယ်။ လိုက်ညှစ်စရာမလိုပါဘူး။

ကလေးနည်းနည်းကြီးရင်

( ၁ ) လက်ဖနှောင့် တစ်ဖက်တည်းနဲ့ ရင်ညွန့် ရိုးရဲ့ ၂ပုံ ၁ပုံ ( အောက်ဘက်၁ပုံ ) အပေါ်တည့်တည့် ထောင့်မတ်အနေအထားနဲ့ ဖြောင့်တန်းစွာ ထားလျှက် ဖိနှိပ်ရပါမယ်။ တံတောင်ဆစ်တွေ မကွေးရပါဘူး။

( ၂ ) နောက်တစ်နည်းက ခန္ဓာကိုယ်ကြီးထွားပြီး ၀မယ်၊ လူကြီးအရွယ် နီးပါးဖြစ်မယ် ဆိုရင်တော့ လက်ဖ၀ါးနှစ်ဖက်ကိုအပေါ်ကယှက်ပြီး လက်ဖနှောင့်ကိုသုံးကာ အထက်ပါနည်းအတိုင်း ဖိနှိပ်ရပါမယ်။

ကူညီမည့်သူရောက်လာလျှင် တစ်ယောက်က လေမှုတ်သွင်း ၊ တစ်ယောက်က ရင်ခေါင်းကို ဖိနှိပ်လို့ ရပါတယ်။

• ဘယ်နှစ်ကြိမ်လဲ အကြိမ်ရေကတော့ အချိုးအားဖြင့် ၁၅:၂ ဖြစ်ပါတယ်။ ၁၅ ကြိမ်နှိပ် ပြီးရင် ၂ကြိမ်က လေမှုတ်သွင်းပါ။ ၁မိနစ်အတွင်း အကြိမ် ၁၀၀ ခန့် ( 100 beats /min )

• မွေးကင်းစကလေး (Neonatal ) မှာဆိုရင် ၃:၁ / လူကြီးများအတွက် ၃၀:၂ ဖြစ်ပါတယ်။

• ( Lay rescuers ) ကျန်းမာရေး ၀န်ထမ်းမဟုတ်သူ /မကျွမ်းကျင်သူများက ရုတ်တရက် အခြေအနေမှာ စိုးရိမ်ကြောက်ရွံ့ တတ်ပါတယ်။ ထို့ ကြောင့် မိမိ တစ်ယောက်တည်းဖြစ်ပါက ၃၀:၂ အတိုင်း လုပ်လို့ ရပါတယ်။

• ဘယ်လောက်ဖိနှိပ်ရမလဲ ကလေးရဲ့ ရင်ခေါင်းပတ်လည် ( အရှေ့ နောက် ) Anterio Posterior Diameter ရဲ့ ၃ပုံ ၁ပုံလောက်ကိုဖိနှိပ်ပါ။

• ဖိနှိပ်တဲ့အခါ စည်းချက်ညီညီ မှန်မှန်နှိပ်ပေးရမယ်။

• ၁ကြိမ်ဖိနှိပ်ပြီးတိုင်း ရင်ခေါင်းကို လုံလောက်စွာပြန်ကြွပေးရမည်။

• ဘယ်လောက် ကြာအောင်နှိပ်ရမလဲ ဖိနှိပ်နေစဉ်အတွင်း ကလေးနိုးလာတဲ့ လက္ခဏာ မပြရင် မရပ်ပါနဲ့ ။ ဆက်တိုက်လုပ်ပါ။ ၂မိနစ် သို့ မဟုတ် ၅ cycle ပြည့်လျှင် ABC ပြန်ကြည့်ပါ။ ဆက်လုပ်ရမယ်ဆိုရင် လူလဲပြီး ဆက်လုပ်ပါ။ နိုင်ငံခြားမှာတော့ AED- Automated External Defibrillator လို့ ခေါ်တဲ့ အလိုအလျောက် နှလုံးနှိုးစက်ရောက်လာပြီး Shock ရိုက်ဖို့ အစဉ်သင့်ဖြစ်ရင် ဖိနှိပ်ခြင်းကို ရပ်လို့ ရပါတယ်။ ဒါတောင် စက်က ထပ်မံဖိနှိပ်ခိုင်းရင် ဆက်လုပ်ရပါမယ်။

• ကလေးနဲ့ လူကြီးအသက် ကယ်နည်း BLS မှာ ချဉ်းကပ်ပုံက လူကြီးမှာ C.A.B နဲ့ လုပ်သော်လည်း ကလေးများမှာတော့ ABC အတိုင်း သွားပါတယ်။ ဘာလို့ လဲဆိုတော့ ကလေးတွေမှာ အောက်ဆီဂျင်ကို ပိုပြီးလိုအပ်ပါတယ်။

** ဆေးဝါး အထောက်အကူ ရယူပါ။ နီးစပ်ရာ ဆေးရုံဆေးခန်းသို့ ပို့ ဆောင်ပါ။

အသက်ကယ်နည်း အနှစ်ချုပ်
*******************************

၁။ Danger - အန္တရာယ်ကိုကြည့်ပါ။

၂။ Response- တုန့် ပြန်မှု့ ကိုစမ်းသပ်ပါ။

၃။ Airway- အသက်ရှုလမ်းကြောင်း ပွင့်မပွင့် ဆန်းစစ်ပါ။

၎။ Breathing- အသက်ရှု/ မရှုကို Look, Listen , Feel ဖြင့်စမ်းသပ်ပါ။

၅။ Circulation- သွေးလည်ပတ်မှု့ ကို စမ်းသပ်ပါ။ ၁၀ စက္ကန့် ထက်မပိုပါနဲ့ ။

၆။ CPR လုပ်ရာတွင် Hard – (၁နှစ်အောက် ကလေးများတွင် ရင်ခေါင်းရဲ့ ၁လက်မခွဲ / ၂စင်တီမီတာ)

( အရွယ်ထွားသော ကလေးများတွင် ၂လက်မ သို့ မဟုတ် ၅ စင်တီမီတာ )

Fast - ၁မိနစ်အတွင် အကြိမ်၁၀၀ ဖိနှိပ်ရန် ( 100 beats/ min )

၇။ နှလုံးခုန်ခြင်းသို့ မဟုတ် နိုးလာသည့် လက္ခဏာ မရှိလျှင် မရပ်တန့် ရ

၈။ ၁ကြိမ်ဖိနှိပ်ပြီးတိုင်း ရင်ခေါင်းကို လုံလောက်စွာပြန်ကြွပေးရမည်။

( D & E ကိုခေတ္တ ချန်လှပ်ထားပါအုံးမည်။ )

သိကျွမ်းနားလည်သော ဆရာကြီး၊ ဆရာမကြီးများ လိုအပ်ပါက ဖြည့်စွက်ပေးပါရန်မေတ္တာရပ်ခံ ပါသည်ရှင့်။

(မိမိအား သင်ကြားပေးခဲ့သော သူနာပြုဒီပလိုမာ ဘ၀မှသည် ယနေ့ တိုင်အောင် ကျေးဇူးရှိသော ဆရာ ၊ ဆရာမများ၊ ဆီးဂိမ်းမှစ ၍ စာတွေ့ လက်တွေ့ BLS ကို သင်ကြားပေးခဲ့သော အရေးပေါ် ကုသဆရာဝန်ကြီးများ၊ မန္တလေးဆေးရုံကြီးမှ နှလုံးအထူးကု ဆရာဝန်ကြီးများ၊ Australian Volunteers International မှ WHO coordinator Sayar Nigel Klein , Prof Dr Simon Young , Dr Stephen.Priestley , Dr Chris Sanderson, Adam Skinner တို့ အား ဤစာဖြင့် ဂါရ၀ပြုရေးသား
ရင်း တစ်ထောင့်တစ်နေရာမှ အနာဂါတ်၏ ရင်သွေးငယ်တို့ ၏ အသက်ကို ကယ်နိုင်မည်ဟု ယူဆလျှက်.....

မေတ္တာဖြင့်

Thida Khin
3:36pm/ 8.2.2015
https://www.facebook.com/notes/thida-khin






--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...