တရုတ်စာရေးဆရာ Yan Liankeပြောတဲ့ စာပေဆု

၂ဝ၁၄ခုနှစ် အောက်တိုဘာလ ၂၂ရက်နေ့ညနေမှာ ၂ဝ၁၄ခုနှစ်ရဲ့တစ်နှစ်တာ Kafka စာပေဆုကို ချက် သမ္မတနိုင်ငံရဲ့မြို့တော် Pragueမြို့မှာ ကျင်းပခဲ့တယ်။ တရုတ်စာရေးဆရာ Yan Lianke က ဒီKafka စာပေဆုပြု လုပ်လာခဲ့တဲ့ ၁၄နှစ်တာကာလအတွင်းမှာ ဒီဆုချီးမြှုင့်ခြင်းခံရတဲ့ ပထမဆုံးသော တရုတ်စာရေး ဆရာဖြစ်တယ်။ ဒါကြောင့် သူ့ဘေးပတ်လည်မှာ သတင်းထောက်တွေ ဝိုင်းဝိုင် လည်ခဲ့တယ်။

သတင်းထောက် တစ်ဦးက “ဒီဆုအတွက် အံ့သြမိပါသလား ဆရာ” လို့မေးတော့ Yan Lianke က “နည်းနည်းမှ မအံ့သြမိဘူး”လို့ ပြန်ဖြေတယ်။ သူ့အဖြေကြောင့် သတင်းထောက်တွေ နေမသိထိုင်မသာဖြစ်သွားကြတယ်။

Yan Lianke ကဆက်ပြီး “ဒီဆုကို ကျွန်တော်မယူခင် ရှေ့ရက်ပိုင်းမှာ အကဲဖြတ်ဒိုင်အဖွဲ့က ကျွန်တော့်ဆီ အီးမေးလ်ပို့တယ်၊ Pragueမြို့လာပြီး ဆုလက်ခံနိုင်မလားတဲ့။ သူတို့က အရွေးခံ စာရင်းဝင်ထားတဲ့ စာရေးဆရာ တိုင်းဆီကို ဒီလိုအီးမေးလ် မျိုးပို့ခဲ့မယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် မအံ့သြမိဘူး။ တကယ်ဆုရပြီလို့ကြေညာချိန်ကျမှ အော်.. ငါ ဆုရစာရင်းထဲပါပြီလို့ တွေးမိတယ်။ ဆုရတယ်ဆိုတာ သာမန်ပဲလေ.. ဘာထူးဆန်းအံ့သြတာမျိုးမှ ကျွန်တော်မခံစားမိဘူး”လို့ ဖြေတယ်။

သတင်းထောက်ကဆက်ပြီး “စာပေနိုဘယ်လ်ဆုကို လူအများအာရုံစိုက်ကြတယ်။ ၂ဝ၁၂ခုနှစ်တုန်းက စာရေးဆရာ Mo Yan ရပြီးတဲ့နောက် စာပေလောကမှာ နောက်ထပ်နိုဘယ်လ်ဆုရနိုင်တဲ့ တရုတ်စာရေးဆရာဟာ ဆရာပဲဖြစ်မယ်လို့ ခန့်မှန်းနေကြတယ်။ စာပေဆုအပေါ် ဆရာရဲ့သဘောထားနဲ့ အမြင်ကို ကျေးဇူးပြုပြီးပြောကြည့်ပေးပါ” လို့မေးတယ်။

ဆရာ Yan Lianke က “ကျွန်တော့်အထင် စာရေးဆရာ တစ်ဦးဟာ စာပေဆုအပေါ်ထားတဲ့ အကောင်းဆုံးသဘောထားက သူ့အလိုအလျောက် ပဲဖြစ်သင့်တယ်။ အဲဒီဆုတွေကို “မိုးပေါ်ကကျလာတဲ့မုန့်”လို့ပဲ သဘောထားသင့်တယ်။ ကျလာပြီး ကိုယ့်ခေါင်းတည့်တည့် လာထိရင် လက်ခံလိုက်ပေါ့။ တကယ့်လို့ မထိခဲ့ရင် ခြေလှမ်းကျဲခွလှမ်း လက်ဆန့်ထုတ်ပြီး သွားမခံလိုက်နဲ့၊ ဒီလိုဆိုရင် အဲဒီမုန့်က အမှိုက်ဖြစ်သွားလိမ့်မယ်”။

ဆုရတာနဲ့ပတ်သက်ပြီးပြောနေတဲ့ Yan Liankeရဲ့မျက်နှာက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။

“ဆုရတယ်ဆိုတာ တခဏတာ အမှတ်တရလေးပါပဲ.. နောက်ပိုင်း ရှည်လျားတဲ့ စာပေခရီးမှာ စာရေးခြင်း၊ စာရေးခြင်းပဲရှိနေပါတယ်။ စာရေးဆရာဆိုတာ စာဖတ်သူတွေအတွက် အကောင်းဆုံး စာပေတွေ အများကြီးရေး ထုတ်ပေးနေမှ ဒါဟာ သူ့ရဲ့တကယ့် အင်အားကိုပြရာ အကောင်းဆုံး သက်သေဖြစ်တယ်” လို့ Yan Liankeပြောခဲ့တဲ့ စကားတစ်ခွန်းက သတင်းထောက်နဲ့ ပရိသတ်အများကို ပိုလေးလေးနက်နက် ခံစားစေခဲ့ပါတယ်။

--------

**** Kafka စာပေဆုက ဂျာမဏီဘာသာစကားနဲ့ စာတွေရေးသားခဲ့တဲ့ စာရေးဆရာ Franz Kafka ကို ဂုဏ်ပြုတဲ့ဆုဖြစ်တယ်။ တစ်နှစ်တစ်ခါကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ စာပေဆုဖြစ်တယ်။ ၂ဝဝ၁ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အရေးပါတဲ့ ဆုဖြစ်သလို ဒီကနေ့ခေတ်မှာ ဂုဏ်အရှိဆုံး စာပေဆုတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ နိုင်ငံ၊ လူမျိုးမခွဲခြားတဲ့ဆုဖြစ်ပေမယ့် အနည်းဆုံးတော့ ဆုရစာရေးဆရာရဲ့စာအုပ်တစ်အုပ် သို့မဟုတ် ဝတ္ထုတစ်ပုဒ်ဟာ ချက်ဘာသာစကားအဖြစ် ပြန်ဆိုခံထားရမှာဖြစ်ပါတယ်။ ဆုရသူကို Pragueမြို့တော်ဝန်နဲ့ ချက်လွှတ်တော်အမတ်က အမေရိကန်ဒေါ်လာတစ်သောင်းနဲ့ Kafka ရုပ်တု ချီးမြှင့်ပါတယ်။ ဂျပန်စာရေးဆရာ Haruki Murakami က ဒီဆုကိုရခဲ့တဲ့ ပထမဦးဆုံးသော အာရှစာရေးဆရာဖြစ်ပါတယ်။

နိုင်းနိုင်းစနေ (April. 28. 2015)
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...