တရုတ်နိုင်ငံရဲ့ ဆိုးရွားလှတဲ့ ကျန်းမာရေး ၀န်ဆောင်မှုများထဲက ကင်ဆာ တည်းခိုခန်းများ

photo - cnn.com 
ဘေဂျင်းမြို့ အနောက်ဖက်မှာတော့ ကင်ဆာရောဂါဆိုင်ရာ သုတေသနနှင့် ကုသမှုဆိုင်ရာ ဆေးရုံများ ရှိပါတယ်။ အဲဒီဆေးရုံများနဲ့ မလှမ်းမကမ်း မီတာ တစ်ရာအကွာအဝေးလောက်မှာ ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ နှစ်ထပ်တိုက်နှစ်လုံး ထဲမှာတော့ ပြောမပြနိုင်တဲ့ ဒုက္ခဝေဒနာတွေနဲ့ ပြည့်နှက် လို့နေပါတယ်။ အဲဒီနေရာကတော့ မိမိနေအိမ်ကိုရောင်းစားပြီး ကင်ဆာရောဂါ ကုသဖို့အတွက် ဝေဒနာရှင်တွေ လာရောက်ခိုနားတဲ့ ကင်ဆာတည်းခိုခန်းပဲ ဖြစ်ပါတယ်။ 

အဲဒီနယ်တ၀ိုက်မှာတော့ “ကင်ဆာဟိုတယ်” လို့ နာမည်ကြီးနေပြီး ငွေရေးကြေးရေး အခက်အခဲသာမက ရောဂါကို အပြင်းအထန်ခံစားနေရတဲ့ နိုင်ငံအတွင်းရှိ ရာနဲ့ချီနေသော ရောဂါဝေဒနာရှင်တွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ ယာယီတည်းခိုခွင့်ရနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

ညပိုင်းမှာဆိုရင် တည်းခိုဆောင်ရဲ့ လျှောက်လမ်းတွေမှာ လူနာတွေရဲ့ ရောဂါဖိစီးမှုကြောင့် ပေါ်ထွက်လာတဲ့ ညည်းတွားသံကို အတိုင်းသားကြားရမှာဖြစ်ပါတယ်။ လူနာတွေကတော့ မြို့ငယ်များ၊ ကျေးလက်တောရွာများနဲ့ ဝေးလံခေါင်ပါးတဲ့ အရပ်ဒေသများမှာ မရရှိနိုင်တဲ့ ကုသမှုကို ရရှိနိုင်ဖို့ အတွက် ခရီးအဝေးမှ ရောက်ရှိလာသူတွေပဲ ဖြစ်ပါတယ်။ ဘေဂျင်းမြို့ရဲ့ မြောက်ဖက် ကမ်းရိုးတန်းမြို့တစ်မြို့မှာ နေထိုင်သူ လျူဒါဂျင်းကတော့ “ကျွန်တော့ အမျိုးသမီးမှာ ရောဂါရှိနေပြီဆိုတဲ့ သတင်းကို ကြားကြားချင်းမှာပဲ မူးမေ့လဲသွားမတတ် ဖြစ်မိခဲ့ပါတယ်။ သူ့မှာ သားအိမ်ခေါင်း ကင်ဆာရှိနေတာကို (၂၀၁၄)ခုနှစ် စက်တင်ဘာလကတည်းက စတင်သိရှိခဲ့ပြီး ဈေးနှုန်းအသက်သာဆုံး တည်းခိုခန်းတွေထဲက တစ်ခုမှာ နေထိုင်ရင်း ရောဂါအတွက် ဆေးသွင်းတာတွေ၊ ဓါတ်ကင်တာတွေ၊ ခွဲစိတ်မှုတွေပြုလုပ်ဖို့အတွက် စောင့်ဆိုင်းနေကြတာပါ။ ကျွန်တော်တို့တည်းခိုနေတဲ့ နေရာမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိနိုင်ပါဘူး။ ဒါပေမယ့် အများသုံး မီးဖိုချောင်တစ်ခုကို စီစဉ်ပေးထားပြီး ဈေးသက်သက်သာသာနဲ့ တည်းခိုနိုင်တဲ့အပြင် တခြား ဘ၀တူ ဝေဒနာရှင်တွေဆီကနေတော့ အကူအညီ ရနိုင်ပါတယ်။ သူမရဲ့ရောဂါကို ကုသဖို့အတွက် ကျန်းမာရေးဝန်ဆောင်မှုကို မြို့ငယ်လေးတွေမှာ မရနိုင်ဘူးလေ။" လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံမှာ ကင်ဆာဖြစ်ပွားမှုနှုန်းဟာ ကြောက်စရာကောင်းလောက်အောင် မြင့်မားလျက်ရှိပြီး တနှစ်မှာ အမျိုးသား အမျိုးသမီးပေါင်း (၂.၂)သန်းကျော်ဟာ ကင်ဆာရောဂါနဲ့ သေဆုံးနေကြပါတယ်။ ၄င်းသေဆုံးသူများထဲက အချို့မှာ ကြိုတင်ကာကွယ်မှု ပြုနိုင်ရဲ့သားနဲ့ သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ အမျိုးသားများအတွက် အဖြစ်အများဆုံး ကင်ဆာမှာ အဆုတ်ကင်ဆာဖြစ်ပြီး အမျိုးသမီးတွေအတွက်ကတော့ ရင်သားကင်ဆာ ဖြစ်ပါတယ်။

“နိုင်ငံရဲ့ အဓိက မြို့ကြီးတွေမှာရှိနေတဲ့ နာမည်ကြီးဆေးရုံများရဲ့ ဘေးပတ်ဝန်းကျင်မှာ ကင်ဆာဟိုတယ်တွေ မှိုလိုပေါက်သလို များပြားနေခြင်းဟာ တရုတ်နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှု စနစ် အားနည်းမှုကြောင့် ဖြစ်ပြီး လူနာအများစုဟာ ၄င်းတို့နေထိုင်ရာ အရပ်ဒေသမှာ အရည်အသွေးရှိပြီး ဈေးနှုန်းသက်သာတဲ့ ကင်ဆာကုသမှုကို မရရှိနိုင်လို့ပဲ ဖြစ်တယ်၊ ကင်ဆာရောဂါ ကုသဖို့ စရိတ်ဟာ အင်မတန်ကြီးလှပြီး ကျန်းမာရေးအာမခံအတွက် ရရှိထားတဲ့ အခြေခံ စရိတ်ကလည်း ရောဂါကုသဖို့အတွက် မလုံလောက်ပါဘူး။” လို့ တရုတ်နိုင်ငံရှိ WHO ရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဘမ်းဟတ် ရှဝက်လန်ဒါဆိုသူက CNN သတင်းဌာနကို ဆိုပါတယ်။

ကျေးလက်တောရွာမှာ နေထိုင်တဲ့ လူတန်းစားများအဖို့ ဆေးဖိုးဝါးခအတွက် အိတ်စိုက်ထုတ်ကုသနေရခြင်းဟာ ၄င်းတို့ရဲ့ ငွေရေးကြေးရေးကို အကြီးအကျယ်ထိခိုက်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါဟာ လူများအတွက် ငွေကြေးချွတ်ခြုံကျမှုတစ်ခုဖြစ်နိုင်ပြီး မိသားတစုလုံးကိုပါ ဆင်းရဲတွင်းထဲ ပို့ပစ်လိုက်နိုင်ပါတယ်။ တချို့မြို့များရဲ့ဆေးရုံတွေမှာတော့ ကင်ဆာရောဂါအတွက် လုံလောက်တဲ့ ပြုစုကုသမှုတွေကိုပေးနိုင်ပေမယ့် အချို့သူများကတော့ မြို့ကြီးများမှာရှိတဲ့ ဆေးရုံများကသာ အရည်အသွေးရှိတဲ့ စောင့်ရှောက်ကုသမှုကို ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် သူတို့အတွက်ကတော့ ရောဂါဖြစ်လာရင် နာမည်ကြီး ဆေးရုံတွေကို သွားရောက်ကုသဖို့ကတော့ အသင့်တော်ဆုံး ဆုံးဖြတ်ချက်တစ်ခု မဖြစ်နိုင်ပါဘူး၊ တကယ့်အရည်အသွေးရှိတဲ့ ကုသစောင့်ရှောက်မှုတွေကလည်း ၀န်ဆောင်မှုရရှိဖို့အတွက် စောင့်ဆိုင်းရတာကြောင့် အမြဲပိုကောင်းလေ့ရှိတယ်လို့ ပြောလို့မရပါဘူး။ ဒါပေမယ့် မြို့ကြီးများမှာရှိတဲ့ အထူးကုများနဲ့ ပြသပြီး ကုသမှ ဖြစ်နိုင်မယ့် ဖြစ်တောင့်ဖြစ်ခဲ ကင်ဆာမျိုးတွေလည်း ရှိပြန်သေးတယ်လို့လည်း သူက ထပ်လောင်းပြောဆိုထားပါသေးတယ်။

လျူ ဆိုသူကတော့ ၄င်းငှားထားတဲ့ အခန်းမှာ ကုတင်(၂)လုံးပါဝင်ပြီး တီဗီတလုံးကလွဲလို့ ဘာပရိဘောဂမှ မပါရှိပါဘူး။ လျူရဲ့ဇနီးကတော့ ဂျာနယ်လစ်တွေနဲ့ စကားပြောဆိုလိုခြင်း မရှိတာကြောင့် တီဗီဖွင့်ထားလည်း ကုတင်ပေါ်မှာ လဲလျောင်းလို့ မျက်စိကို မှိတ်ထားပါတယ်။ “သူ အရမ်းအားနည်းနေပါတယ်။ အိပ်ရာက ထတယ်ဆိုတာကို မရှိဘူး။ အနီးအနားကို လမ်းလျှောက်ဖို့ ကျွန်တော်ပဲ အဖော်ပြုပေးရတယ်” လို့ လျူက ဆိုပါတယ်။


မိမိနာမည်အပြည့်အစုံကို မဖော်ပြလိုသူ ဟိုတယ်ပိုင်ရှင် မန်း ဆိုသူကတော့ “ ဆေးကုသဖို့အတွက် ကိုယ့်အိမ်ယာတွေကို ရောင်းချပြီးလာတဲ့ ဝေဒနာရှင်တွေနဲ့ ဆုံဖူးပါတယ်၊ အများစုကတော့ ပြန်လည်နေကောင်းသွားကြပေမယ့် တချို့ကတော့ ဆေးရုံကနေကို ဘယ်တော့ မှ ပြန်မလာတော့နိုင်တဲ့ လူတွေလည်း ရှိပါတယ်” လို့ဆိုပါတယ်။ မန်းဟာ (၂၀၁၀)ခုနှစ်ကစလို့ အဆောက်အအုံတစ်ခုကို ငှားရမ်းခဲ့ပြီး အခန်း(၇၀)နဲ့ ဘုံရေချိုးခန်း (၁၀)ခန်းပါတဲ့ ဟိုတယ်တစ်ခုဖြစ်အောင် ပြုပြင်ခဲ့ပါတယ်။ “တခြားသော သာမန် တည်းခိုခန်းတွေလို အစားအသောက်တွေကို စီစဉ်ထားပေးလို့မရပါဘူး။ လူနာတွေဟာ ဖြည့်စွက်အစားအစာတွေ စားပေးဖို့ လိုတာမို့ သူတို့ ချက်စားချင်တာလေးတွေကို ဒီမှာ ချက်စားခွင့်ပြုထားပါတယ်၊ လူနာတွေကလည်း အချင်းချင်းသင့်မြတ်ကြပြီး မပြောပလောက်တဲ့ ကိစ္စ တွေအတွက်နဲ့ ရန်ဖြစ်တာမျိုး မရှိပါဘူး။

သူတို့တွေအားလုံးမှာ ဝေဒနာကိုယ်စီ ရှိကြတာမို့ တစ်ဦးနဲ့တစ်ဦး ကောင်းကောင်း နားလည်ကြပါတယ်၊ ကံဆိုးပြီး အမင်္ဂလာနဲ့ ပြည့်နေတဲ့ ဘ၀ဇာတ်ကြောင်းတွေကို ကျွန်တော်ကိုယ်တိုင်လည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားဖူးနေပါပြီ။ လာရောက်တည်းခိုသူတိုင်းကလည်း ကျွန်တော့်ကို ယုံကြည်နေကြတော့ ကျွန်တော့်ကိုပဲ စကားတွေ လာလာပြောကြတယ်။ လုပ်စရာတွေ အများကြီးနှောင့်နှေးသွားပေမယ့် သူတို့ပြောတာတွေကို နားမထောင်ဘဲ၊ နားမလည်ဘဲနေဖို့ ဘယ်ဖြစ်နိုင်ပါ့မလဲ ” လို့ မန်းကဆိုပါတယ်။

တချို့လူနာတွေကတော့ သူ့ရဲ့ဟိုတယ်မှာ ခန့်မှန်းထားတဲ့ အချိန်ထက် ပိုပြီးကြာအောင် နေဖြစ်ကြတယ်။ ကုသမှုရဖို့ စာရင်းပေးပြီး စောင့်နေရတဲ့သူတွေကလည်း မနည်းပါဘူး။ အမည်မဖော်လိုသူ တစ်ဦးကတော့ သူဟာ မန်းရဲ့ ဟိုတယ်မှာ (၂)လနီးပါး သူ့ဇနီးရယ်၊ သမီးလေးရယ်နဲ့ အတူ နေထိုင်ခဲ့ရပါတယ်လို့ ဆိုပါတယ်။ သူဟာ ဂျလင်မြို့ကဖြစ်ပြီး မေးရိုးမှာရှိနေတဲ့ အကျိတ်ကို ခွဲထုတ်ပြီး ဘေဂျင်းကို ကင်ဆာဆေးရုံမှာ ဓါတ်ရောင်ခြည်နဲ့ ကုသမှုခံယူဖို့ ရောက်ရှိလာရခြင်း ဖြစ်ပါတယ်။ “ ကျွန်တော်တို့ မြို့မှာရှိတဲ့ ကုသမှုပေးတဲ့ စက်ယန္တရားတွေထက်တော့ ဘေဂျင်းကစက်တွေ သာတယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒါပေမယ့် စောင့်ရှောက်မှုပေးတဲ့ အနေအထားကိုတော့ ကျွန်တော် စိတ်တိုင်းမကျလှပါဘူး။ ကင်ဆာ စတင်ရှိကြောင်း သိကတည်းက ခုထိဆို ဒေါ်လာ(၇)သောင်းလောက် ကုန်ကျခဲ့ပြီးပါပြီ။ လူတိုင်းကတော့ အကောင်းဆုံး ဆရာဝန်နဲ့ တွေ့ချင်ကြတာပါပဲ။ ဒါပေမယ့် ဆရာဝန်တွေကရော တကယ်ပဲ အကူအညီပေးနိုင်သူတွေဖြစ်ရဲ့လားဆိုတာကိုတော့ အတတ်မပြောနိုင်ပါဘူး။ ကျွန်တော့်ကိုကြည့်ပေးတဲ့ ဆရာဝန်ကတော့ ကျွန်တော့ကို လေကုန်ခံပြီးတော့တောင် စကားပြောချင်တာ မဟုတ်ဘူး၊ ဆေးရုံမှာ ကုသခွင့်ရဖို့ မှတ်ပုံတင်ရတာကို ယွမ် (၁)သောင်းခွဲ ကုန်နေပါပြီ။ ဒါတောင် ကုသစရိတ်မပါသေးဘူး။ ကျွန်တော့်ကို သတ်နေသလိုပါပဲ။

လျူ ရဲ့ဇနီးကတော့ ဆေးရုံမှာ ဓါတ်ရောင်ခြည်နဲ့ ကုသဖို့ တစ်ကြိမ်သာလိုအပ်ပြီး အဲဒီ တစ်ကြိမ်ပြီးရင် ကင်ဆာဟိုတယ်ကနေ အိမ်ကိုပြန်နိုင်ပါပြီ။ ဒါပေမယ့် အခုအခါမှာတော့ ကုသစရိတ်တွေရော၊ ဘေဂျင်းကိုလာရတဲ့ ခရီးစရိတ်နဲ့ နေထိုင်စရိတ်တွေအတွက် ချေးငှား ပေးလိုက်ရပြီး အကြွေးတင်နေတဲ့ ဒေါ်လာ (၃)သောင်းအကြောင်းကိုပဲ စဉ်းစားနေမိပါတော့တယ်။ လျူဟာ ယခင်က အသေးစားစီးပွားရေးလုပ်ငန်း တစ်ခုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် ဇနီးသည် ဖျားနာပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့လုပ်ငန်းကို ရပ်တန့်လိုက်ရပါတယ်။ ဟိုတယ်ရှိ တခြားသူများကဲ့သို့ပဲ လျူဟာလည်း လိုအပ်တဲ့ ပစ္စည်းတွေကို ၀ယ်ခြမ်းလို့ ကိုယ်တိုင် ချက်ပြုတ်စားသုံးရင်း အသုံးအစွဲကို ချွေတာနေရသူဖြစ်ပါတယ်။ “အကြွေစေ့တိုင်းကို ချွေတာသုံးစွဲနေရတာပါ။ ကျွန်တော်တို့ တောသူတောင်သားတွေဟာ စရိတ်စက အလွန်မြင့်မားတဲ့ ကုသမှုတွေရရှိဖို့အတွက် မတတ်နိုင်ကြပါဘူး။” လို့ လျူ က ဆိုထားပါသေးတယ်။

ခင်အေးမြလွင်
ကိုးကားသတင်း။ ။ http://edition.cnn.com/2015/05/03/asia/china-cancer-hotels/index.html
The Irrawaddy's Blog
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...