ပညာရေးလောကမှာ ဘာ့ကြောင့် အမျိုးသားကျောင်းဆရာတွေ နည်းပါးနေရတာလဲ

ဆယ်စုနှစ် တစ်ခုအထိ မိမိတို့၏ ဘဝတွင် ပါဝင်ပတ်သက်နေခဲ့ရသော သူများမှာ ဒုတိယမိဘဟု တင်စား ရမည့် ဆရာ၊ ဆရာမများ ပင်ဖြစ်သည်။

သို့သော် ဆရာများထက် ဆရာမများ ဟုပြောလျှင် ပို၍မှန်မည်ထင်သည်။ အဘယ်ကြောင့် ဆိုသော် ကျောင်းသား၊ ကျောင်းသူ များဖြတ်သန်း လာရသော ပညာရေး ခရီးလမ်းတွင် ဆရာများထက် ဆရာမ များနှင့်သာ အများဆုံးကြုံတွေ့ကြရသောကြောင့်ဟု ဆိုချင်သည်။

ယင်းသို့ဆိုရခြင်း အကြောင်းတရားမှာ အခြေခံပညာ ကဏ္ဍတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆရာ၊ ဆရာမစုစုပေါင်း လေးသိန်း ဝန်းကျင်တွင်ရှိပြီး ကျောင်းဆရာမ စုစုပေါင်းမှာ လေးသိန်းဝန်းကျင်၏ ၇၅၊ ၈၀ ရာခိုင်နှုန်းအထိရှိနေပြီး ကျောင်းဆရာအင်အားမှာ ၂၅ ရာခိုင်နှုန်းခန့်သာရှိနေကြောင်း အခြေခံ ပညာဦးစီးဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါကျောင်းဆရာအင်အားအရ အခြေခံပညာကျောင်းတစ်ကျောင်းတွင် ကျောင်းဆရာတစ်ဦးနှုန်း မရှိသေးသည့်အတွက် ဆရာမများဖြင့်သာ ကြုံတွေ့ရခြင်းဟုဆိုခြင်းဖြစ်သည်။ ဆရာမများဖြင့်သာ အခြေခံပညာရေးခရီးရှည်တစ်ခုကို ဖြတ်ကျော်နေရဆဲဖြစ်သည်။

တချို့ကျောင်းများတွင် ဆရာဆိုသည်မှာလုံးဝမရှိ၊ ဆရာမတွေချည်းသာဖြစ်သည်။ ကျောင်းဝေယျာဝစ္စ ကအစ သင်ကြားရေး၊ ပို့ဆောင်ရေး၊ လုံခြုံရေး၊ အားကစားကိစ္စများကို ဆရာမများကသာတာဝန်ယူနေ ကြရသည်။

ယင်းအတွက်ကြောင့် အမျိုးသားတစ်ဦးဆောင်ရွက်ရမည့် ကိစ္စအချို့ကိုလည်း ဆရာမများကတာဝန် ယူဆောင်ရွက်နေရသည့် အနေအထားတွင်ရှိနေသည်။

အရည်အချင်းခြင်းတူသော်လည်း နင်လား၊ ငါလားဆုံးဖြတ်မှုများရှိလာပြီဆိုပါက ယောက်ျားလေးနှင့် မိန်းကလေးဆုံးဖြတ်ချက်များသည် ကွာဟချက်များရှိနေဆဲဖြစ်ကြောင်း၊ ယင်းအတွက် အခြေခံပညာ ရေးတွင် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စများ၌ လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ဖြစ်ပေါ်နေရသည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်လေးစုခန့်ကတည်းက ဖြစ်နေရသည့် အနေအ ထားတစ်ခုဖြစ်ကြောင်း၊ ယခုဆိုလျှင် ယင်းအချိန်ကထက် ကျောင်းဆရာအင်အားလျော့နည်းမှုမှာ တ ဖြည်းဖြည်းတိုးတက်နေပြီဖြစ်သည်။

ကျောင်းဆရာများ နည်းပါးလာရခြင်း၏ အကြောင်းအရင်းတချို့ရှိနေသည်။ အဓိကအချက်တစ်ခုမှာ လစာနည်းပါးမှုပင်ဖြစ်သည်။ အိမ်ထောင်ဦးစီးဖြစ်မြောက်လာမည့် အမျိုးသားတစ်ဦးသည် ကျောင်း ဆရာအလုပ်ထက် ဝင်ငွေပိုမိုကောင်းမွန်သော စီးပွားရေးလုပ်ငန်းများကိုသာ အဓိကဦးတည်ကြသည် ဟုပညာရေးအသိုင်းအဝိုင်းမှ သုံးသပ်သည်။

“ပညာရေးမှာ ကျောင်းဆရာနည်းပါးလာတာ တော်တော်များလာတဲ့အခြေအနေရှိလာတယ်။ အမျိုး သားတွေအနေနဲ့ ကျောင်းဆရာအလုပ်အပေါ်မှာ ရွေးချယ်မှုနည်းလာတာကြောင့် တဖြည်းဖြည်းနည်း လာတယ်။ အမျိုးသမီးတွေက ရွေးချယ်မှုများလာလို့ တဖြည်းဖြည်း အချိုးမညီဖြစ်လာတယ်လို့ အ ကြမ်းဖျင်းပြောရမှာပဲ။ ထိခိုက်မှုအနေနဲ့တော့ ဆရာသင်တာနဲ့ ဆရာမသင်တာက သိပ်တော့ကွာဟမှု မရှိဘူး။ ကျောင်းသားတွေကို တိုက်ရိုက်ကွပ်ကဲတာမှာတော့ ဆရာနဲ့ဆရာမက မတူဘူး။ ဆရာတွေက ထိထိရောက်ရောက် ပိုဆုံးမနိုင်တဲ့ အနေအထားတော့ရှိတယ်။ ဆရာမကတော့ နဂိုကတည်းက မိခင် စိတ်ဓာတ်နဲ့ဆိုတော့ အုပ်ချုပ်မှုပိုင်းမှာတော့ ဆရာတွေလောက် တိကျမှုမရှိနိုင်ဘူး။ အခြေခံပညာမှာ ဆရာတွေ၊ ဆရာမတွေ တစ်ပြေးညီဖြစ်အောင်လုပ်ဖို့တော့ လွယ်မယ်မထင်ဘူး။ ကျောင်းဆရာရဲ့ သဘောက အခြေခံဖြစ်ဖြစ်၊ တက္ကသိုလ်ဖြစ်ဖြစ် တည်ငြိမ်တဲ့သဘောကိုဆောင်တယ်။ ဆရာအလုပ်အ ကိုင်က လှုပ်လှုပ်ရှားရှားသိပ်မရှိဘူး။ အမျိုးသားတွေက တည်တည်ငြိမ်ငြိမ်လုပ်ရတာထက် လှုပ်ရှား သွားလာနေရတဲ့ အလုပ်မျိုးတွေကို ပိုစိတ်ပါဝင်စားကြလို့ ကျောင်းဆရာအလုပ်ကို မရွေးချယ်ကြတာ လို့ထင်တယ်” ဟု အေစီအေကိုယ်ပိုင်အထက်တန်းကျောင်းမှ အကြံပေးပုဂ္ဂိုလ်ဦးစန်းဝင်းက သုံးသပ် ပြောကြားသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ပညာရေးကောလိပ် ၂၁ ခုမှ လုပ်ငန်းခွင်အကြိုဆရာ အတတ် ပညာသင်တန်းသားအရေအတွက် ၄၀၀၀ ကျော်ခေါ်ယူရန် လျာထားသတ်မှတ်ထားကြောင်း၊ ယင်းကဲ့ သို့ခေါ်ယူရာတွင် လာရောက်လျှောက်ထားသော ကျား/မ အချိုးညီမျှစေရန်အတွက် ယောက်ျားလေး များ၏ရမှတ်ကို မိန်းကလေးများထက် လျှော့ချပေးထားကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာရေးတွင် ကျောင်းဆရာများ ယုတ်လျော့မှုကို လျှော့ချနိုင်ရန်အ တွက် ပညာရေးတက္ကသိုလ်၊ ကောလိပ်များတွင် ခေါ်ယူသောဝင်ခွင့်များ၌ မိန်းကလေးအမှတ်များထက် ယောက်ျားလေးအမှတ်များကို လျှော့ချခေါ်ယူမည့် အစီအစဉ်များ ပြုလုပ်ရန်ရှိကြောင်း၊ ယောက်ျား လေးများ၏ စိတ်နေစိတ်ထားသဘာဝအရ စီးပွားရေးလုပ်ငန်းများကိုသာ စိတ်ပါဝင်စားသည့်အတွက် ကျောင်းဆရာများ ရှားပါးမှုဖြစ်နေရကြောင်း မြန်မာနိုင်ငံပညာရေးသုတေသနဦးစီးဌာနမှ သိရသည်။

အခြေခံပညာရေးတွင် ကျောင်းဆရာများအရေးပါမှုသည် အခန်းကဏ္ဍတစ်ခုအဖြစ်ရှိနေပြီး အဓိက သော့ချက်တစ်ခုဖြစ်သော ဝေးလံဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်သည့် အခြေအနေများ တွင် ဆရာမဖြစ်သူထက် ကျောင်းဆရာများကသာ ပိုမိုသင့်တော်ကြောင်း၊ ကျောင်းများတွင် တွဲဖက် သင်ကြားမှုပြုလုပ်ရသော ကာယ၊ အားကစားဘာသာရပ်များတွင် ဆရာမများ သင်ကြားခြင်းထက် ဆရာသင်ကြားမှုများသည် ပိုမိုထိရောက်မှုရှိကြောင်း သိရသည်။

“ကျောင်းဆရာတွေ နည်းလာတာအခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်လေးငါးဆယ်လောက်ကတည်းက ပါ။ အဲဒီအချိန်တုန်းက ကျောင်းဆရာ၊ ဆရာမအရေအတွက်က အခုလောက်ထိတော့ ကွာဟမှုမရှိပါ ဘူးပေါ့။ အဲဒီခေတ်က ကျောင်းဆရာလုပ်တာဖြစ်ဖြစ်၊ အခြားဝန်ထမ်းလုပ်တာဖြစ်ဖြစ် လစာနဲ့အိမ် ထောင်တစ်ခုကို ထိန်းနိုင်တယ်။ အဓိကလိုတာဝါသနာပေါ့။ နယ်မြေကြမ်းတမ်းတဲ့နေရာတွေကို လွှတ် တဲ့နေရာမှာ ဆရာတွေက ပိုသင့်တော်တဲ့အတွက် ဆရာတွေကိုပိုပြီးလိုချင်တယ်။ အခုဆိုရင်နိုင်ငံတော် ကလဲ လစာတိုးပေးထားတယ်။ အမှတ်တွေလျဲ လျှော့ပြီးခေါ်တယ်။ ပညာရေးတက္ကသိုလ်ကောလိပ် တွေက ဆင်းရင်ဘွဲ့ရအလုပ်လက်မဲ့ဆိုတာလဲ မရှိတဲ့အတွက်ဆရာဦးရေတိုးတက်မှုက ရှိလာမယ်လို့ တော့ ထင်တယ်” ဟု မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက ပြောသည်။

အခြေခံပညာရေးတွင် ကျောင်းဆရာများရှားပါးလာမှုအတွက် ပညာရေးဝန်ကြီးဌာနမှ ပြင်ဆင်ဆောင် ရွက်မှုကို ပြုလုပ်လျက်ရှိသော်လည်း ထိရောက်မှုအတိုင်းအတာအရ လိုအပ်ချက်များ ရှိနေဆဲဖြစ် ကြောင်း ကျောင်းဆရာများ ပေါများမှုရှိရန်အတွက် ပညာရေးတက္ကသိုလ်၊ ကောလိပ်များ၏ ယောက်ျား လေးရမှတ်များကို လျှော့ချပေးသည့်အပြင် သင်တန်းကာလအတွင်း လစာစရိတ် ထောက်ပံ့ထားခြင်း၊ လုပ်ငန်းခွင်ရောက်ရှိပါက ရာထူးတိုးများလျင်မြန်စွာ ချထားပေးခြင်းများဖြင့် ဆွဲဆောင်နိုင်ရန် လိုအပ် ကြောင်း၊ လက်ရှိအနေအထားဖြစ်သော ရမှတ်များလျှော့ချပေးရုံဖြင့် ကျောင်းဆရာဦးရေ တိုးတက်မှု နှုန်းသည် လျင်မြန်စွာပေါ်ပေါက်ဦးမည်မဟုတ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

“ပညာရေးမှာ ကျောင်းဆရာနည်းပါးတာတင်မဟုတ်ဘူး။ တခြားရုံးပိုင်းဆိုင်ရာတွေမှာလဲ နည်းနေ တယ်။ မိန်းကလေးတွေများတယ်။ အခုနောက်ပိုင်းတော့ ဆရာအင်အားများဖို့အတွက် ယောက်ျားလေး တွေကို အမှတ်လျှော့ပေးတာတွေတော့ လုပ်ပေးနေတယ်။ လုပ်ငန်းခွင်မှာ ယောက်ျားအားနဲ့ မိန်းက လေးအားက မတူဘူး။ အထူးသဖြင့် စီမံခန့်ခွဲရေးကို လုပ်လာကြတဲ့အခါမှာ အရည်အသွေးတူတယ်ဆို ပေမယ့် အနည်းငယ်ကွာဟမှုတော့ရှိတာပေါ့။ မြို့နယ်ပညာရေးမှူးလို ဖြစ်လာကြပြီဆိုပါစို့။ သွားရမယ်။ လာရမယ်။ ဆုံးဖြတ်ရတော့မယ်ဆိုရင် မိန်းကလေးတွေလဲ ထက်မြက်ကြပါတယ်။ သို့သော်ငြားလည်း လက်တွေ့အနေအထားမှာ လိုအပ်ချက်ရှိနေဆဲပဲ။ ကျောင်းဆရာနည်းတာ အခက်အခဲတော့ရှိဆဲပဲ” ဟု အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

“ကျောင်းသားတွေအပေါ်မှာ ပိုပြီးစည်းရုံးပြောဆိုနိုင်တာကြတော့ ဆရာမတွေထက် ဆရာတွေက ပို အားကောင်းတယ်လို့ ထင်တယ်။ ဆရာမတွေက မိခင်စိတ်ဓာတ်အခံနဲ့ဆိုတော့ စိတ်ထားနူးညံ့တဲ့အ သွင်ဆောင်တယ်။ သွားကြဟေ့။ လုပ်ကြဟေ့လို့ သွက်သွက်လက်လက်လုပ်ရမယ့် အခြေအနေတွေ မှာတော့ ဆရာတွေက ပိုသင့်တော်တယ်လို့ထင်တယ်။ ဥပမာ-ကျောင်းတွေမှာ နိုင်ငံတော်အလံတင်ပြီး အလေးပြုလို့ အမိန့်ပေးတဲ့အသံက ဆရာမအသံထက် ဆရာတစ်ယောက်ရဲ့အသံက ပိုပြီးမာန်ပါ တယ်။ ပိုပြီးစိတ်ဓာတ်တက်ကြွတာပေါ့။ အဲဒီလိုပုံစံတွေနဲ့ဆင်တဲ့ ကိစ္စတွေက ဆရာတွေပဲတတ်နိုင်ကြ တယ်။ ဒါကြောင့်ဆရာတို့အခြေခံကဏ္ဍမှာ ကျောင်းပေါင်းလေးသောင်းကျော်ရှိတယ်။ တစ်ကျောင်းမျှာ ဆရာတစ်ဦးစီလောက်တော့ လိုတယ်လို့တော့ ဆရာ့အနေနဲ့ ယူဆတယ်” ဟု ယင်းကသုံးသပ်ပြော ကြားသည်။

မြန်မာနိုင်ငံတွင် ပညာရေးကောလိပ် ၂၁ ခုရှိသည်။ အဆိုပါကောလိပ်များမှ နှစ်စဉ်တက္ကသိုလ်ဝင်တန်း အောင်မြင်သောကျောင်းသား၊ ကျောင်းသူများကို ခေါ်ယူလေ့ရှိသည်။ သို့သော်လည်း ယင်းကောလိပ် ၂၁ ခုတည်းတွင် အချို့ကောလိပ်များသို့ ယောက်ျားလေးလျှောက်ထားခြင်းများ လုံးဝမရှိခဲ့ကြောင်း၊ ယင်းအတွက် ဝင်ခွင့်သတ်မှတ်ချက်များကို ယောက်ျားလေးများအတွက် လျှော့ချပေးထားရခြင်းဖြစ် ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။

“အချုပ်ကတော့ အိမ်ထောင်ဦးစီးတွေအတွက် စားလောက်တဲ့လစာမဟုတ်လို့ ကျောင်းဆရာအလုပ် ကို အာရုံစိုက်မှုနည်းပါးကြတယ်။ စားလောက်သောက်လောက်တဲ့ လုပ်ငန်းကိုပဲ ဦးစိုက်သွားကြတာ ကြောင့်ပါ။ မိန်းကလေးတွေကတော့ အိမ်ထောင်ဦးစီးမဟုတ်သလောက်ဖြစ်လို့ ဆရာမအလုပ်ကိုလုပ် နိုင်ကြတယ်။ ဝင်ငွေကောင်းကောင်းပေးထားနိုင်ရင် အဲဒီအလုပ်ကိုယောက်ျားတွေများလာမှာပေါ့။ ကျောင်းမှာလက်တွေ့အားဖြင့် ကျောင်းလုပ်ငန်းတွေ၊ ကျားကျားလျားလျားလုပ်ရမယ့် လုပ်ငန်းတွေရှိ တယ်။ အဲဒီလိုအလုပ်တွေကျတော့ အမျိုးသားကျောင်းဆရာတွေက အမျိုးသမီးတွေထက် ပိုလုပ်နိုင် ကြတယ်။ အဲဒီဘက်မှာတော့ ဟာသွားတာပေါ့။ သင်ကြားရေးမှာ ယောက်ျားဆရာ၊ မိန်းမဆရာရယ်လို့ တော့ ခွဲခြားလို့မရဘူး။ သင်ပြမှုကတော့ များသောအားဖြင့် တန်းတူသင်နိုင်ကြပါတယ်” ဟု မြန်မာနိုင် ငံဝိဇ္ဇာသိပ္ပံပညာရှင်များ ဥက္ကဋ္ဌဆရာကြီးဦးသန်းဦးက ပြောကြားသည်။

ဖွံ့ဖြိုးပြီးနိုင်ငံအချို့တွင် အခြေခံပညာရေးကဏ္ဍ၌ အမျိုးသားကျောင်းဆရာများရရှိစေရန်အတွက် လစာကောင်းများပေးအပ်ပြီး စုဆောင်းလေ့ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အခြေခံပညာရေးကဏ္ဍ၏ မူလတန်းအဆင့်၌ မူလတန်းပြဆရာများ၏ လစာနှုန်းထားမှာ အနည်းဆုံးဖြစ်ကြောင်း၊ ယင်းအတွက် မူလတန်းပြဆရာများ၏ လစာနှုန်းထားများကိုလည်း တိုးမြှင့်ပေးနိုင်ရန် လိုအပ်ကြောင်း ဆရာကြီးဦး သန်းဦးက ထောက်ပြပြောဆိုသည်။

“အမှန်တိုင်းပြောရရင် ဆရာလုပ်ငန်းမှာ ဝင်ငွေတိုးတက်ကောင်းမွန်လာရင် ဆရာလုပ်ငန်းကို စုံမက် မယ်၊ နှစ်သက်မယ်။ ဆရာလုပ်ငန်းကို နှစ်နှစ်ခြိုက်ခြိုက်၊ ပျော်ပျော်ပိုက်ပိုက်လုပ်နိုင်လာမယ်။ ယော က်ျားဆရာလဲ ပိုရလာမယ်။ ဆရာလောကမှာ အထူးသဖြင့် မူလတန်းမှာ မူလတန်းပြလစာက အနည်း ဆုံးဖြစ်တယ်။ အဲဒီမှာ ယောက်ျားဆရာလဲ လစာနည်းသွားတာပေါ့။ လစာကိုတိုးပေးနိုင်ဖို့တော့လို တယ်။ လစာကို တိုးမပေးနိုင်ရင် ထပ်ဆောင်းပေးတာမျိုးတွေကို ကြိုးစားကြရမှာပါ။ နိုင်ငံကြီးတွေကို သတိထားကြည့်မိတော့ ဥရောပလိုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဆရာလစာတော်တော် ကောင်းကောင်းပေးပြီး ဆရာလောကမှာ ကောင်းတဲ့သူတွေရအောင် ကြိုးစားဆောင်ရွက်နေကြတာကိုတွေ့ရတယ်။ လစာ ကောင်းကောင်းပေးနိုင်လို့ ယောက်ျားကျောင်းဆရာတွေများလာရင် တော်တော်အားရှိလာမယ်” ဟု ယင်းကဆက်လက်ပြောသည်။

ကျောင်းဆရာရှားပါးမှုသည် အခြေခံပညာရေးကဏ္ဍတွင်သာမက အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ် ကောလိပ်များတွင်ပါ ရှားပါးနေသည်ကို ပညာရေးဝန်ကြီးဌာနအဆင့်မြင့်ပညာဦးစီးဌာန စာရင်းများအရ သိရသည်။

ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်ကောလိပ်များတွင် ပါမောက္ခအဆင့်မှ နည်းပြသရုပ်ပြ အဆင့်အထိ အမျိုးသားအရေအတွက်မှာ ၁၉၀၀ အထိသာရှိနေပြီး အမျိုးသမီးအရေအတွက်မှာ ၉၀၀၀ ခန့်အထိရှိနေကြောင်း သိရသည်။

ပညာရေးကဏ္ဍတွင် ဖြစ်ပေါ်နေသော ကျောင်းဆရာနည်းပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် အသိပညာ ပေးခြင်းဆိုင်ရာနည်းလမ်းများကိုလည်း အသုံးပြုသင့်သည့်အပြင် တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသော ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်လေ့လာရေး အစီအစဉ်များတွင် ဆရာ၊ ဆရာမများ ကို မွေးထုတ်ပေးနေသော ပညာရေးတက္ကသိုလ်ကောလိပ်များသို့ခေါ်ယူပြီး ဆရာ၊ ဆရာမလုပ်ကိုင်ရ ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောဆိုခြင်းများဖြင့် ဆွဲဆောင်သင့်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ အရာရှိတစ်ဦးက အကြံပြုသည်။

“တချို့နိုင်ငံတွေမှာ အထက်တန်းအောင်ရင် တက္ကသိုလ်တက်မယ့် ကျောင်းသား၊ ကျောင်းသူတွေ အတွက် တက္ကသိုလ်လေ့လာရေးအစီအစဉ်တွေကို လုပ်ပေးတာတွေရှိတယ်။ ဆရာတို့ဆီမှာတော့ မရှိ သေးဘူးပေါ့။ မရှိသေးပေမယ့် ရှိလာအောင်လုပ်ရမယ်။ အဲဒီလိုအစီအစဉ်တွေမှာ ဆရာလုပ်ချင်စိတ်ရှိ လာအောင် ဆွဲဆောင်စည်းရုံးတာမျိုးတွေလုပ်သင့်တယ်။ လစာတိုးပေးတာကြောင့် လုပ်တာထက် တကယ်လုပ်ချင်လို့ ဆရာဝင်လုပ်တာက ပိုကောင်းတဲ့သင်ကြားမှုမျိုး ရမှာလို့တော့ ဆရာကမြင်တယ်။ ပြီးတော့ပညာပေးအစီအစဉ်တွေကို လက်ရှိသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေကတစ်ဆင့် ရိုက်သွင်း ပေးတာမျိုးတွေ၊ ဝါသနာပါလာအောင် ပြောပြပေးတာမျိုးတွေကို လုပ်စေချင်တယ်။ နည်းလမ်းတစ်ခု တည်းလုပ်တာထက် နည်းလမ်းအသွယ်သွယ်နဲ့လုပ်တဲ့အလုပ်က ပိုအောင်မြင်နိုင်မယ်လို့ထင်တယ်။ အမှတ်လျှော့ပေးတယ်ဆိုပေမယ့် နဂိုကတည်းက ဝါသနာမပါတဲ့သူကလုပ်ချင်မှ လုပ်မှာလေ” ဟု ယင်းအရာရှိက ထောက်ပြပြောဆိုသည်။

“အခြေခံပညာရေးမှာ ဆရာတွေကိုချုပ်ကိုင်ထားတာမျိုးတွေ မရှိဘူး။ မလုပ်ချင်ရင်ထွက်လို့ရတဲ့ အနေ အထားမျိုးတွေ ရှိတယ်။ ဒါကြောင့်ရှိပြီးသား အမျိုးသားကျောင်းဆရာတွေကိုလဲ လျော့မသွားအောင် ထိန်းထားဖို့လဲ လိုတယ်။ ပြီးတော့ စတင်တာဝန်ထမ်းဆောင်မယ့် အမျိုးသားကျောင်းဆရာတွေကို ထိုက်ထိုက်တန်တန် လစာချီးမြှင့်ပြီး ဘယ်နှနှစ်တာဝန်ထမ်းဆောင်ပေးရမယ်ဆိုတဲ့ ကတိခံဝန်ချက်မျိုး တွေလဲ လုပ်နိုင်ဖို့လိုတယ်။ တချို့ဆိုရင် ကျောင်းဆရာစလုပ်တဲ့အချိန်မှာပဲ နယ်ဘက်မှာ တာဝန်ထမ်း ဆောင်ခိုင်းလိုက်တာ အခက်အခဲတွေတွေ့ပြီး စိတ်ပျက်သွားတာမျိုးတွေကြောင့် နှစ်အနည်းငယ်နဲ့ ထွက်သွားပြီးအပြင်မှာပဲ ကျူရှင်သင်ကြတယ်။ ဒါမျိုးတွေမဖြစ်အောင်လဲ လုပ်နိုင်ဖို့လိုပါတယ်” ဟု ယင်းကဆက်လက်ပြောကြားသည်။

နိုင်ငံတော်က ယခုနှစ်မှစတင်ပြီး နိုင်ငံ့ဝန်ထမ်းလစာများကို တိုးမြှင့်ပေးထားသည့် အခြေအနေများ အပြင် ပညာရေးတက္ကသိုလ်များ၏ ဝင်ခွင့်ရမှတ်များကိုလည်း ယောက်ျားလေးများအတွက် လျှော့ချ ပေးထားသည့်အတွက် ကျောင်းဆရာများအဖြစ် ဝင်ရောက်လျှောက်ထားမှုများ တိုးတက်လာနိုင် ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများဖြတ်သန်းရသော ပညာရေးခရီးတွင် ဆရာမများကသာအဓိကတာဝန်ယူ နေရသည်။ တာဝန်ယူရသည့် အထိုက်အလျောက် ဆရာမများကလည်း မိဘသဖွယ်ထိန်းကျောင်းပေး ကြသည်။

ယင်းကဲ့သို့ထိန်းကျောင်းပေးရာတွင် ဆရာများဆောင်ရွက်ရမည့်ကိစ္စများလည်း အပါအဝင်ဖြစ်သည်။ ဆရာများဆောင်ရွက်ရမည့်ကိစ္စများကို တာဝန်ယူရင်းဆရာမများ အခက်အခဲအချို့ရှိမည်ကတော့ အမှန်ပင်ဖြစ်သည်။

သို့အတွက်ကြောင့် ပညာရေးကဏ္ဍတွင် အမျိုးသာကျောင်းဆရာများ ယခုထက်ပိုမိုပေါ်ပေါက်လာရန် လိုအပ်ပါသည်။ ဆရာမများ၏ စိတ်ကူးစိတ်သန်းများဖြင့် ပညာသင်ကြားရသလို ဆရာများ၏ စိတ်ကူး စိတ်သန်းများနှင့်လည်း ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားနိုင်ရန် လိုအပ်မည်ဟုထင်မိပါ သည်။

ယင်းအတွက် ပညာရေးဝန်ကြီးဌာနက အမျိုးသားကျောင်းဆရာများ ယခုထက်ပိုမိုရရှိစေရန် ကြိုးပမ်း သင့်ပါကြောင်း အကြံပြုရေးသားတင်ပြအပ်ပါသည်။

Democracy Today Daily
မေလ (၃) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...