အခွန်ဘာကြောင့် ဆောင်ကြသလဲ အခွန်ဘာကြောင့် ရှောင်ကြသလဲ

လူတွေဟာ အခွန်ဆောင်ခြင်း အကြောင်းထက် အခွန်မဆောင်ခြင်းကို ပိုပြီးသိချင် ကြပါတယ်။ ဒါကတော့ လူ့သဘောသဘာဝပါ။ စာရေးသူ မြန်မာနိုင်ငံ အဂတိ လိုက်စားမှုအကြောင်း ဆောင်းပါးရေးတိုင်း လူတွေ၊ စာရေးသူကို မကြိုက်ကြပါဘူး။ လူအားလုံးနီးပါး လစ်ရင်၊ လစ်သလို အဂတိ လိုက်စားချင်ပါတယ်။ မြန်မာပြည် တင်မက စင်ကာပူမှာလည်း အတူတူပါပဲ။ စင်ကာပူက စာပို့သမားကို အိမ်တိုင်ယာရောက် စာပို့ပေးလို့ ဒေါ်လာတစ်ဆယ် This is Gift Money for your service ဆိုရင် ယူမယ်ထင်ပါသလား။ သင့်မျက်နှာကိုကြည့်ပြီး... Thank You ဆိုပြီး ယူချင်ယူသွားမယ်။ no no no လို့ပြောပြီး တံစိုးလက်ဆောင် မဖြစ်စလောက်ကြောင့် သူအဖမ်းခံ ရမလား ဘေးဘယ်ညာ ကြည့်ပြီး လက်မခံတဲ့ စာပို့သမား ဖြစ်ချင်ဖြစ်မယ်။ မြန်မာပြည်အ၀င် လူဝင်မှုကြီးကြပ်ရေးဆီ ပတ်စ်ပို့ကြားမှာ ဒေါ်လာ တစ်ဆယ်ထည့်ပြီး ဖျက်ဆီးနေတဲ့ လူတစ်စုကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကြီး အခုလို ကမ္ဘာ့လာဘ်အစားဆုံး၊ လာဘ်အပေးဆုံး နိုင်ငံဘဝ ရောက်သွားရတာလို့ လူသိနည်းပါတယ်။ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တွေကိုပဲ အပြစ်တင်ကြတယ်။ တကယ်အပြစ်တင်ရမှာက ကိုယ့်ကိုယ်ကိုယ်ပဲ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ System Fault လို့ ရေဘူးထဲ ရေနည်းနည်း ရှိသေးတာ တော်သေးတာပေါ့လို့ အကောင်းမြင်၊ ရောင့်ရဲလွန်းရင်လည်း ရပါတယ်။ ကိုယ့်အိတ်ထဲပဲထည့်တဲ့ ဒါမျိုးစိတ်ထားမျိုးတွေ အစိုးရ မလုပ်သင့်ပါဘူး။ စီးပွားရေးပဲ လုပ်စားသင့်ပါတယ်။

အဂတိလိုက် မကင်းနိုင်သူများ ... စီးပွားရေးပဲ လုပ်ကြပါလို့၊ အစိုးရ ထိပ်တန်းပုဂ္ဂိုလ်များ စီးပွားရေးသမား၊ အခွင့်အရေးသမားများနဲ့ မိတ်ဆွေတောင် မလုပ်သင့်ပါဘူး။ စီးပွားရေးလုပ်မယ် ဆိုတဲ့ မိတ်ဆွေများ၊ အစိုးရလုပ်ချင်တဲ့ မိတ်ဆွေများကို အခွန်ရှောင်နည်းအကြောင်း သိမှတ်သမျှ ရှယ်လိုက်ပါတယ်။ 

အခု စင်ကာပူ အခွန်ဆောင်ခြင်းဆိုရင်

စင်ကာပူမှာ တစ်လ ဒေါ်လာ ၂၅၀၀ လစာရတဲ့လူ အခွန်ဆောင်စရာ မလိုပါ။ တွက်နည်းတွေနဲ့ဆိုရင် ဥပမာ- မြန်မာနိုင်ငံသားတစ်ဦး တစ်လကို ဒေါ်လာ ၂၅၀၀၊ တစ်နှစ် ဒေါ်လာ ၃၀၀၀၀ ဖြစ်သွားမယ်။ အိမ်ထောင်၊ ဇနီး၊ ကလေး၊ မိခင်၊ ဖခင်တွေကို ကြည့်ရှုစောင့်ရှောက်ရတယ်လို့ ထည့်ရေးလိုက်ရင် သက်ညှာမှုများကြောင့် အခွန်မပေးရတော့ပါဘူ။ လူပျို၊ အပျို ကြည့်ရှုရမယ့်လူမရှိ ဆိုရင်တော့ ဒေါ်လာတစ်ထောင်ကျော်လောက် အခွန်ဆောင်ရနိုင်ပါတယ်။ အဲ... ခြောက်လပဲ အလုပ်လုပ်ပြီး မြန်မာပြည် ပြန်သွားတယ်ဆိုရင်တော့ အခွန်ဥပဒေအရ အများကြီး ဆောင်ရတယ်။ အဲဒီလူ ပြန်မလာတော့ဘူးဆိုရင် အဲဒီလူကို အလုပ်ခန့်တဲ့ ကုမ္ပဏီကပဲ အစိုးရကို အခွန်ပေးရတယ်။ ဒါကြောင့် ကုမ္ပဏီတွေက နိုင်ငံခြားတစ်ဦး အလုပ်ထွက်မယ်၊ လစာ ၂၀၀၀ အထက်ဆိုရင် တစ်လလခကို အခွန်ရှင်းလင်းပြီးမှ ထုတ်ပေးမယ်လို့ ကိုင်ထားကြပါတယ်။ စင်ကာပူနိုင်ငံသားများ၊ ပီအာ (အမြဲနေထိုင်ခွင့်ရသူများ) ကတော့ လစာ ၂၅၀၀ လောက်ရတယ် ဆိုရင်တောင် အခွန်မဆောင်ရသလောက်ပါ။

ဒါကြောင့် အခွန်ဆောင်နည်းကို ရေးနေလည်း မြန်မာအများစု စိတ်ဝင်စားမှာ မဟုတ်ပါဘူး။

ဗဟုသုတလိုချင်တဲ့ မြန်မာများပဲ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် အခွန်မဆောင်နည်းကို ရေးခြင်းဖြစ်ပါတယ်။ အခွန်မဆောင်နည်းဆိုရင် လူတွေ ပိုစိတ်ဝင်စားကြမယ်။ နောက်တစ်ခု မှန်ကန်တဲ့အစိုးရ Good Government, တကယ်ဖြစ်လိုသူတွေလည်း အခွန်မဆောင်နည်းကို သိထားရပါတယ်။ တိုင်းပြည်၊ အိမ်ထောင်ဦးစီး လုပ်နေရပြီဆိုရင် ဟာကွက်၊ ဖာထေးနည်းတွေကို သိထားရပါတယ်။

မိမိအိမ်ထောင်၊ အဖွဲ့အစည်းကို စနစ်တကျ လုပ်စေချင်တယ်ဆိုရင် မိမိကိုယ်တိုင်-

၁။ ကောင်းတာတွေကို သိထားရပါတယ်။ ဥပမာ- အခွန်ဆောင်နည်း
၂။ မကောင်းတာတွေကို လုပ်နေသူများကို တားဆီးဖို့၊ မကောင်းတဲ့ နည်းလမ်းများကိုလည်း သိထားရပါမယ်။ ဥပမာ- အခွန်မဆောင်နည်း။

ဒီဆောင်းပါးက အခွန်မဆောင်နည်း၊ အခွန်ရှောင်နည်းပါ။

လစာ ဒေါ်လာတစ်ထောင်တောင်မှ မရတဲ့ စင်ကာပူမှာ အလုပ်လုပ်သူ၊ အိမ်ဖော်များ၊ WP အလုပ်သမားများကတော့ အခွန်ဆောင်နည်း၊ အခွန်ရှောင်နည်း သိစရာလည်း မလိုပါဘူး။ ဝင်ငွေများလာမှပဲ ဒါတွေကို သိရပါတယ်။ သိအောင်လုပ်ရပါတယ်။

စင်ကာပူမှာ တစ်လဝင်ငွေ ဒေါ်လာငါးထောင်ရတဲ့ လူပျိုကြီးတစ်ယောက် ဆိုရင် မိဘကို ကြည့်ရှုရတယ် ပြောရင်တောင် တစ်နှစ်ကုန်ရင် ဒေါ်လာ ၅၀၀၀ လောက် အခွန်ဆောင်ရပါတယ်။ တစ်နှစ်လုပ် တစ်လအခွန်ဆောင် ဆိုတော့ အလွန်များပါတယ်။

နောက်တစ်ဆင့် တစ်လ ဒေါ်လာတစ်သောင်းရတယ် ဆိုပါတော့၊ နှစ်ကုန်လို့ ဘောနပ်စ်လည်း လေးလစာလောက် ဆုကြေးရတယ် ဆိုပါတော့။ ဒီလူရဲ့ တစ်နှစ်ဝင်ငွေက စုစုပေါင်း ဒေါ်လာတစ်သိန်း ကျော်သွားပြီး၊ အတိအကျပြောရရင် တစ်နှစ်ဝင်ငွေ ဒေါ်လာတစ်သိန်းခြောက်သောင်း SGD 160,000 ဝင်ငွေရသွားပြီ။ ဒါဆိုရင် ဒီလူ အခွန်ရှောင်နည်းကို သိဖို့ လိုလာပါတယ်။ အခွန်ရှောင်နည်း မသိရင် ပွဲစားလက်ကို အပ်ရတယ်။ ရိုးသားစွာနဲ့ အစိုးရ အခွန်အရာရှိမင်းကို ဥပဒေအတိုင်း အခွန်ဆောင်ပါမယ် ခင်ဗျားလို့ အစိုးရဝန်ထမ်း လက်ထဲအပ်လိုက်ရင် အခွန်ငွေ ၃၀ ရာခိုင်နှုန်း ဒေါ်လာလေးသောင်းရှစ်ထောင်လောက် Tax SGD 48,000 ပေးရတော့မယ်။ စင်ကာပူက အစိုးရဝန်ထမ်းက လာဘ်ပေးလို့လည်း မရဘူး။ အခွန်ဝန်ထမ်းကို လက်ဖက်ရည်ဆိုင် ခေါ်သွားပြီး ဒေါ်လာလေးသောင်းရှစ်ထောင် ခင်ဗျားကို ဒေါ်လာနှစ်သောင်းပေးပါမယ်။ ကျွန်တော့်ကို အခွန်မပေးရအောင် လုပ်ပေးပါ ..သွားပြောလို့မရဘူး။ ပြောရင် ပြောတဲ့လူပဲ ထောင်ကျသွားနိုင်ပါတယ်။ စင်ကာပူ အခွန်ဝန်ထမ်းကလည်း ဟိုနားမှာ ရပ်နေတဲ့ ကိုဟဝါဆီသွားပါ။ သူက ခင်ဗျားကို အခွန်ရှောင်နည်း ပြောပြပါမယ်လို့ ပွဲစားနဲ့ ပေါင်းလုပ်စားတဲ့ အစိုးရ အခွန်ဝန်ထမ်းတွေ စင်ကာပူ၊ အမေရိကားမှာ မရှိပါဘူး။ ဒီတော့ ဘာတတ်နိုင်တော့မလဲ။ ကျသင့်သလောက် ပေးလိုက်ရတာပေါ့။ ကျန်တဲ့ငွေ ဒေါ်လာတစ်သိန်းကျော် ကိုယ်ရတာပဲ။

မြန်မာနိုင်ငံမှာတော့ ဥပမာ- အိမ်ရောင်းမယ်၊ အိမ်ဝယ်မယ်ဆိုရင် ငွေမည်း (အစိုးရဆီ ပိုက်ဆံအလွဲသုံးငွေ၊ တစ်နည်းအားဖြင့် လိုင်စင်ပါမစ် ရောင်းစားလို့ ရတဲ့ငွေ) အဲဒီငွေမည်းကိုတောင် အစိုးရက ၃၅ ရာခိုင်နှုန်း အခွန်ဆောင်ပြီး ဝယ်ခွင့်ပေးထားတယ်။ ဒါတောင်မှ သိန်းတစ်ထောင် အိမ်ကိုဝယ်ရင် သိန်း ၃၅၀ အခွန်ပေးရမယ်။ ဒီအစိုးရက ပေးထားတဲ့ လိုင်စင်၊ ပါမစ်ကို ရောင်းစားပြီး ရထားတဲ့ ငွေမည်းနဲ့ အိမ်သိန်းတစ်ထောင်တန် ဝယ်မယ်ဆိုရင် ထပ်ပြီး အိမ်တန်ဖိုးကို သိန်း ၃၀၀ ပဲ ထားလိုက်ပါ။ ငွေမည်းကိုလည်း နိုင်ငံခြားမှာ တရားဝင် အလုပ်လုပ်လို့ ရတယ်။ ဒါမှမဟုတ် ပြည်တွင်းမှာ ဒေါ်လာရတဲ့ အလုပ်ဆိုပြီး ငွေဖြူအဖြစ် ပြလိုက်ရင် အခွန် သိန်း ၃၅၀ ပေးစရာ မလိုဘဲ အခွန် ၃၅ သိန်းလောက်ပဲ ပေးရအောင် လုပ်စားနေတဲ့ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတော် အရမ်းနစ်နာပါတယ်။ နိုင်ငံတော် အရမ်းနစ်နာနေတာ ဒီအခွန်ရှောင် လူတန်းစားတွေကြောင့် ဖြစ်ပါတယ်။ 

စင်ကာပူ အခွန်ရှောင်နည်း

မြန်မာနိုင်ငံအကြောင်း ရောက်သွားတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ။ ဒီတော့ စင်ကာပူအကြောင်း ဆက်ရေးပါမယ်။

စင်ကာပူမှာ အခွန်ရှောင်နေသူလူများကတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်သူများနဲ့ ကုမ္ပဏီကြီး၊ ကုမ္ပဏီငယ်များ ဖြစ်ပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း ကုမ္ပဏီလုပ်ငန်း လုပ်ပါတယ်။ ဗီယက်နမ် ပရောဂျက်တစ်ခုကို ဒေါ်လာတစ်သန်းဖိုးလောက် တစ်နှစ်လုပ်ရပါတယ်။ ပညာရှင်လေးဦးကို စေလွှတ်တဲ့ ကန်ထရိုက်ရရှိပြီး တစ်ဦးကို တစ်လ ဒေါ်လာငါးထောင်နဲ့ ငှားတော့ တစ်နှစ်ဆို ခြောက်သောင်းပေးရပါတယ်။ လေးယောက်ဆိုတော့ ဒေါ်လာနှစ်သိန်းလေးသောင်း ကုန်ပါတယ်။ အဲဒီပညာရှင်လေးဦးကို ဗီယက်နမ်မှာ နေစရိတ်၊ စားစရိတ် အိပ်ခန်းနှစ်ခန်း၊ ကွန်ဒိုနှစ်လုံး တစ်လကို ဒေါ်လာ ၇၀၀ နဲ့ငှားတော့ ကွန်ဒိုနှစ်လုံးငှားခ တစ်နှစ်ကို ဒေါ်လာတစ်သောင်းခြောက်ထောင် ကျပါတယ်။ စားစရိတ်က သူတို့ဘာသာ စားသောက်ပေါ့။ ဗီယက်နမ်မှာ အသားဟင်းနှစ်မျိုးနဲ့ ထမင်းချိုင့်မှာစားရင် တစ်လမှ ဒေါ်လာ ၂၀၀ မကုန်ပါဘူး။ အလွန်ဈေးချိုပါတယ်။ ကားတစ်စီး ငှားပေးတာတော့ ဈေးကြီးတယ်။ တစ်လကို ဒေါ်လာ ၂၀၀၀ လောက် ပေးရတယ်။ မရှိမဖြစ် သယ်ယူပို့ဆောင်ရေးဖြစ်လို့ လူရော၊ ကုန်ပါတင်တဲ့ တိုယိုတာ ဗင်ကားတစ်စီးငှားတာ တစ်နှစ်ကို ဒေါ်လာလေးသောင်း ကုန်တယ်။ အဆုံးသတ်တော့ ဒေါ်လာသုံးသိန်းလောက် အမြတ်ရပါတယ်။ စင်ကာပူ- ဗီယက်နမ် ကုန်၊ လူ လေယာဉ်စရိတ်က တော်တော်ကုန်သွားပါတယ်။

အကျဉ်းရေးရရင် - ဝင်ငွေ ကန်ထရိုက်ရရှိငွေပေါင်း- ဒေါ်လာ ၁,၀၀၀,၀၀၀
စင်ကာပူ အင်ဂျင်နီယာ ငှားရမ်းခ- ဒေါ်လာ ၂၄၀,၀၀၀
ဗီယက်နမ် အလုပ်သမားငှားခ- ဒေါ်လာ ၁၉၀,၀၀၀
ကွန်ဒိုနှစ်လုံး ငှားခ- ဒေါ်လာ ၁၆,၀၀၀
ကားတစ်စီးငှားခ - ဒေါ်လာ ၄၈,၀၀၀
လူနှင့်ကုန် လေယာဉ်ခရီးစရိတ်- ဒေါ်လာ ၁၀၀,၀၀၀
စင်ကာပူ ရုံးသုံးစရိတ်- ဒေါ်လာ ၁၀၀,၀၀၀
ဗီယက်နမ်ရုံးစရိတ် (လာဘ်ပေးရမှု အနည်းငယ်)- ဒေါ်လာ ၃၀,၀၀၀
အမြတ်ငွေ- ဒေါ်လာ ၃၀၀,၀၀၀

ဒီတော့ အမြတ်သုံးသိန်း ရပါတယ်ဆိုပြီး စင်ကာပူအစိုးရ အခွန်ဝန်ထမ်းကို အမှန်အတိုင်း တင်ပြလိုက်မယ်ဆိုရင် အခွန်အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပေးရမယ်။ ဒီတော့ ဒေါ်လာကိုးသောင်း အခွန်ပေးရမယ်။

ဒီတော့ အမြတ်နည်းအောင် လုပ်ရတော့မယ်။ အမြတ်ဒေါ်လာ တစ်သိန်းပဲ ရတယ်လို့ လိမ်ရေးလိုက်ရင် ၃၀ ရာခိုင်နှုန်း အခွန်ကောက်မယ် ဆိုတော့ ဒေါ်လာသုံးသောင်းကြီးများတောင် အခွန်ပေးရဦးမယ်။

ကဲ ရှုပ်ပါတယ်ကွာ၊ ၃၀ ရာခိုင်နှုန်း အခွန်မဆောင်ချင်တော့ဘူး။ အခွန်ဝန်ထမ်းနဲ့လည်း ညှိလို့မရဘူးဆိုတာ သေချာတယ်။ စင်ကာပူ အခွန်ဝန်ထမ်းက လာဘ်စားမှု လုံးဝမလုပ်ဘူး။ ဘောင်အတွင်း ဝင်အောင်တော့ အကြံပေးချင်ပေးနိုင်တယ်။ ဒီတော့ အခွန်ဒေါ်လာတစ်သောင်း ဆိုတာ အများကြီးပဲ။ အခု အမှန်အတိုင်း ဆောင်ရမယ်ဆိုရင် ဒေါ်လာကိုးသောင်းဆိုတော့ ဘယ်အခွန်ဆောင်ချင်ပါ့မလဲ။ ရှောင်လို့ရတဲ့ နည်းလမ်းရှိရင်၊ အခွန်ဆောင် ပွဲစားလက်အပ်ချင်စရာပါပဲ။ 

စင်ကာပူက ကုမ္ပဏီအသေးတစ်ခု အခွန်ရှောင်ခြင်း

စင်ကာပူမှာ အမြတ် တစ်နှစ်ကို ဒေါ်လာသုံးသိန်း ရတယ်ဆိုတဲ့ ကုမ္ပဏီက အသေးစားအဆင့်ပဲ ရှိပါတယ်။ အစိုးရက ဒါမျိုးအသေးစား၊ အလတ်စား ကုမ္ပဏီတွေကို ဂရုတောင် မစိုက်ပါဘူး။ အကြီးစားတွေ၊ တစ်ဦးချင်း လူတွေကိုပဲ အခွန်မလွတ်အောင် လုပ်နေပါတယ်။ ဒါကြောင့် ဘယ်လိုနည်းနဲ့ အခွန်ရှောင်ရမလဲ၊ အသေးစား၊ အလတ်စား ကုမ္ပဏီပိုင်ရှင် အဖွဲ့အစည်းထဲဝင်ပြီး စုံစမ်းလိုက်တော့ လွယ်လွယ်လေးပါပဲ။ တစ်ပြားမှ လာဘ်ပေးစရာ မလိုဘူး။ အဖွဲ့အစည်းဝင်ကြေး လစဉ်ကြေး၊ တစ်လကို ဒေါ်လာတစ်ရာလောက်ပဲ ပေးရတယ်။ အခွန်ရှောင်နည်း သင်ပေးတဲ့ အစ်ကို၊ အစ်မ ကုမ္ပဏီပိုင်ရှင်များက အကြံပေးတဲ့အတိုင်း လုပ်လိုက်ပါတယ်။

နည်းလမ်းကတော့ အင်ဂျင်နီယာ ငှားရမ်းခကို ဒေါ်လာ ၂၄၀,၀၀၀ အမှန်အတိုင်း မရေးဘဲ ဒေါ်လာ ၅၄၀,၀၀၀ ဆိုပြီး အမြတ်ဒေါ်လာ သုံးသိန်းကို အလုပ်သမားခထဲ ထည့်လိုက်ပေါ့။ ဟ... ဒါဆိုရင် အလုပ်သမားတွေကို ပေးစလစ် Pay Slip ပြဿနာ ဖြစ်မှာပေါ့လို့ မေးတော့၊ ကိုယ့်မိတ်ဆွေ၊ မိသားစုတွေကို အလုပ်သမားစာရင်းထဲ ထည့်လိုက်ပေါ့။ ဒါမှမဟုတ် ဗီယက်နမ်မှာ ကွန်ဒိုငှားခ၊ ကားငှားခတွေ နှစ်ဆစာရင်း တင်ပြလိုက်ပေါ့လို့ အလွယ်ကလေးပါ။

ဒေါ်လာတစ်သန်းနဲ့ ကန်ထရိုက် တစ်နှစ်ကြာအောင် လုပ်တာ အမြတ်မထွက်ဘူးဆိုတော့ အစိုးရက ယုံပါ့မလားမေးတယ်။ သုံးနှစ်အထိ အရှုံးပြနေတဲ့ ကုမ္ပဏီတွေချည်းပဲ။ အဲ... သုံးနှစ်ကျော်လို့ အရှုံးပဲပြနေရင်တော့ အစိုးရစာရင်းစစ်က ဘယ်သူ့ကိုမှ ညှာမှာမဟုတ်ဘူးနော်လို့ သင်ကြားပေးပါတယ်။ အစိုးရကို အကြီးအကျယ် မလိမ်ချင်တော့ အမြတ်ငွေ ဒေါ်လာငါးသောင်းရတယ်လို့ စာရင်းတင်ပြလိုက်တယ်။ ၄၀ ရာခိုင်နှုန်း Tax အခွန်နှစ်သောင်း ဆောင်လိုက်ရပါတယ်။

ဒါကတော့ စင်ကာပူက ကုမ္ပဏီအသေးတစ်ခုရဲ့ အခွန်ရှောင်နည်းပါ။

စင်ကာပူမှာ ဒေါ်လာတစ်သန်း လည်ပတ်ငွေ Turnover Money 1 million dollar ကုမ္ပဏီဆိုတာ အသေးစား၊ အလတ်စား အဆင့်မှာပဲ ရှိပါတယ်။ ဒီကုမ္ပဏီတွေကို အစိုးရက အခွန်မကောက်တဲ့အပြင် ပံ့ပိုးမှုတွေတောင် လုပ်ပေးပါတယ်။ မြန်မာပြည် ဘာကြောင့် ဆင်းရဲသွားသလဲဆိုတော့ ... ဒီလို အသေးစား၊ အလတ်စားကုမ္ပဏီများ SME Small & Medium Enterprise တွေကို မြှင့်တင်မပေးဘဲ အခွန်နင်းကန်ကောက်လို့ ဖြစ်ပါတယ်။ ကုမ္ပဏီ စထောင်လိုက်တာနဲ့ တစ်နှစ်စာ အခွန်ကျပ်သိန်းတစ်ရာ အရင်ပေးရတဲ့ လာဘ်စားစနစ်ကြီး အောင်မြင်စွာ လည်ပတ်နေဆဲ ဖြစ်ပါတယ်။ တရုတ်ပြည်လို အခွန်ကောက်နိုင်ဖို့ဆိုတာ ဒီလိုလူတွေနဲ့ ဆက်လုပ်နေလို့တော့ အဝေးကြီးပဲ။ ဗီယက်နမ်နိုင်ငံတောင် မီဖို့မလွယ်ဘူး။ ဗီယက်နမ်က အမီလိုက်ဖို့ဆိုတာ သူကလည်း ရပ်နေတာမှ မဟုတ်တာ။ မြန်မာစနစ် (Burmese way of Socialism, Myanmar way of Democracy) ကို ပြောင်းဖို့ပဲ လုပ်နေကြပါတယ်။ စနစ်ဆိုတာ လူကလုပ်တာ မဟုတ်ပါလာ။ ထိပ်ဆုံး၊ အမြင့်ဆုံး အာဏာပိုင်တဲ့ စနစ်ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။ အဲဒီဥပဒေကြီးကလည်း စက္ကူပါပဲ။ အချိန်မရွေး ပြောင်းနိုင်ပါတယ်။ အာဏာသိမ်းပြီး စစ်အစိုးရသစ်ကို အပ်ချင်ကြတာတော့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ လူတွေရဲ့ အကြံပါပဲ။ အမိမြန်မာပြည် နတ်သမီးက ခွင့်ပြုမယ် မထင်ပါဘူး။ 

အခွန်ရှောင်/ဆောင် သင်ပြသော ဆရာများ

ဒီအကြောင်းတွေကို လက်တွေ့သင်ပြပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက ဗီယက်နမ် သန်းကြွယ်သူဌေးကြီးနဲ့ သူလက်အောက်မှာ လုပ်တဲ့ အာမခံလုပ်ငန်းရှင်များကို ကျေးဇူးတင်ကြောင်း၊ ချမ်းသာသူများပဲ အခွန်ရှောင်နည်းကို သိကြပြီး ဆင်းရဲသူများက အခွန်ဆောင်နည်းကို သိကြကြောင်း၊ အစိုးရဆိုတာ ဆင်းရဲသူကို အခွန်လျှော့ကောက်ပြီး၊ ချမ်းသာသူများကို အခွန်အမှန်အကန် ကောက်တဲ့လူကို အစိုးရကောင်းလို့ ခေါ်ကြောင်း၊ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံများမှာ ငွေနဲ့အာဏာပဲကြီးစိုးတဲ့ နိုင်ငံများ ဆင်းရဲတွင်းထဲ ကျသွားကြောင်း American and Singapore Good Attitudeများက ရှင်းပြကြပါတယ်။ လက်တွေ့လုပ်ဖို့က အဆတစ်ထောင်လောက် ခက်ပါတယ်။ အခုပဲ ဥရောပ IME, ဂျပန်၊ အာရှဘဏ်၊ အမေရိကန် ကမ္ဘာ့ဘဏ်အဖွဲ့ကြီးတွေ မြန်မာပြည် ကူညီဖို့လာတော့ အစိုးရက ရုံးခန်းတောင် အခမဲ့လုပ်မပေးချင်ဘူး။ ဗိုလ်ချုပ်ဟောင်း အစိုးရလုပ်ပိုင်ခွင့် ရှိသူတွေက မင်းတို့ငါ့အိမ်ကို တစ်နှစ်ဒေါ်လာတစ်သန်းနဲ့ ငှားကြပါ။ ငှားရင် မင်းတို့လုပ်ငန်းတွေ အဆင်ပိုပြေအောင် ငါကူညီပေးပါမယ်လို့ ပံ့ပိုးပါတယ်။ ဒီတော့ ဒီလိုစိတ်မျိုး ရှိသူတွေကြောင့် ဘိန်းဘုရင်ဟောင်း၊ ဝိသမစီးပွားရေး လုပ်စားတဲ့ အေရှားဝေါလို ကုမ္ပဏီမျိုး မြစ်ဆုံစီမံကိန်းကအစ၊ မြင်းခြံသံမဏိစက်ရုံ အထိ လုပ်စားသွားကြတယ်။ လုပ်စားနေဆဲ ဖြစ်ပါတယ်။ 

စင်ကာပူက SME ဆိုင်ခန်းတစ်ခု

ဥပမာ- ထမင်းဆိုင်ဆိုရင် တစ်ယောက် လေးဒေါ်လာနှုန်း၊ တစ်ရက်ကို လူ ၁၀၀ လာစားကြတယ်။ တစ်ရက် ဒေါ်လာ ၄၀၀ ရပါတယ်။ တစ်လဆိုတော့ ဒေါ်လာတစ်သိန်းရှစ်သောင်း ဝင်ငွေရပါတယ်။ Turnover ဒေါ်လာ ၁၄၄,၀၀၀ ရပါတယ်။ ဒါက ဆိုင်ပေါက်စတစ်ခုပဲ ဖြစ်ပါတယ်။ Turnover လည်ပတ်ငွေများရင် အမြတ်များတယ်ဆိုတာ လူတိုင်းသိပါတယ်။ လူတစ်ယောက် လာစားတိုင်း တစ်ဒေါ်လာပဲ မြတ်တယ် ဆိုရင်တောင် ၂၅ ရာခိုင်နှုန်း အမြတ်ထွက်နေပါပြီ။ Investment ရင်းနှီးမှုငွေရင်း ဘယ်လောက်လိုသလဲ ဆိုတာ့ ထမင်းဆိုင်လုပ်ငန်း ဆိုင်ခန်းငှားခ ဒေါ်လာငါးထောင်၊ နေ့စဉ် ချက်ပြုတ်ကိရိယာ၊ ကုန်ကြမ်းဒေါ်လာ ၂၀၀ ဆိုတော့ နေ့တိုင်းအမြတ် ဒေါ်လာ ၂၀၀ ရပါတယ်။ အလုပ်သမားခ နှစ်ယောက်ကို တစ်ရက် ဒေါ်လာ ၁၀၀၊ ဆိုင်ခန်းငှားခ တစ်ရက် ဒေါ်လာ ၇၀ ဆိုရင် ဆိုင်ရှင် အမြတ်သိပ်မကျန်ပါဘူ။ ဒါက အနိမ့်ဆုံးအဆင့် Turnover ဒေါ်လာ ၁၄၄,၀၀၀ ဆိုင်လေးတစ်ခုပါ။ စာရေးသူရဲ့ စင်ကာပူ ကုမ္ပဏီအသေးလေး အလုပ်က Turnover 1 million dollar ဆိုတာ လူခြောက်ယောက်လောက် ငှားပြီး လုပ်ရတာဖြစ်လို့ ဒါလောက်အလုပ်မျိုးတွေ စင်ကာပူမှာ အများကြီးပါပဲ။

ဒီတော့ စင်ကာပူမှာ အသေးစားနဲ့ အလတ်စား စီးပွားလုပ်ငန်းများ လုပ်ရင် အမြတ်ငွေ များစွာရလို့ နိုင်ငံခြားသားများစွာ လာလုပ်ကိုင်ကြပါတယ်။ စင်ကာပူအစိုးရက အဲဒီလုပ်ငန်းတွေကို အခွန်လွတ်ပေးပါတယ်။ အခွန်လုံးဝ ရှောင်လို့မရတဲ့ ကုမ္ပဏီတွေကတော့ ဘဏ်တိုက်ကြီးများ၊ ရေနံလုပ်ငန်း၊ သင်္ဘောလုပ်ငန်း၊ သွင်း/ထုတ်ကုန်လုပ်ငန်း၊ ကုန်တိုက်ကြီးများ၊ ဆူပါမားကက်များ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ အရောင်းဝယ်ပွဲစားများ ...စတဲ့ ဧရာမကုမ္ပဏီကြီးများ၊ ဝန်ထမ်း ရာ၊ ထောင် ခန့်ထားတဲ့ ကုမ္ပဏီကြီးတွေကို အလွန်ထက်မြက်တဲ့ စာရင်းစစ်စနစ် Audit System နဲ့ အခွန်ကောက်ပါတယ်။ ကောက်လို့ရတဲ့ ပိုက်ဆံကို နိုင်ငံရဲ့ ပညာရေး၊ အခြေခံပညာနဲ့ တက္ကသိုလ်၊ ပိုလီဒီပလိုမာကျောင်းများကို ပြန်သုံးပါတယ်။ နောက် လမ်းတံတား၊ ရထား၊ ကားလမ်းများကို ဆောက်ပါတယ်။ အဲ... စစ်တပ်ကိုလည်း အများကြီးသုံးပါတယ်။ စင်ကာပူစစ်တပ် အသုံးစရိတ်က အခွန်ကောက်ရသမျှရဲ့ ၃၀ ရာခိုင်နှုန်း အထက်ကို သုံးပါတယ်။ ပညာရေးက ၁၅ ရာခိုင်နှုန်းလောက် သုံးပါတယ်။ စင်ကာပူစစ်တပ်က ပိုက်ဆံအရမ်းသုံးတာ။ စင်ကာပူစစ်တပ် ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်ဟောင်းတွေ လာဘ်စား၊ သူတို့အိတ်ထောင်ထဲ ထည့်လို့မရပါဘူး။ ဗိုလ်ချုပ်တွေ မပြောနဲ့၊ အကြပ်တပ်သားတောင် မိသားစု လုံလောက်အောင် လစာရပါတယ်။ စားဝတ်နေစရိတ်ကိုလည်း အစိုးရက တာဝန်ယူပါတယ်။ ပင်စင်ယူရင်လည်း မပူပင်ရအောင်၊ သားစဉ်မြေးဆက် အစိုးရက တာဝန်ယူပါတယ်။ 

နိဂုံး (အခွန်ရှောင်ခြင်း)

မြန်မာပြည်မှာ မှတ်ပုံတင်ရုံး၊ ကားမောင်းလိုင်စင်ရုံး၊ ခရီးသွား ထောက်ခံစာကအစ ရောက်လေရာ ရုံး၊ ဌာနဆိုင်ရာတွေမှာ အခွန်ရှောင်ဖို့ ကြိုးစားသူများက ဌာနဆိုင်ရာများက မလွတ်တမ်း အခွန်ကောက်နေပါတယ်။ စင်ကာပူမှာတော့ မြန်မာအချင်းချင်း လူလိမ်လူပွဲစား၊ အလုပ်ပွဲစားတွေပေါ့။ စကားကြမ်းကြမ်းရေးရင် တောင်းစားနေကြတယ်ပေါ့။ သူတို့ကို အရေးမယူချင်ပါ။ အာဏာရှိနေတဲ့ အခွန်ရှောင် ထိပ်တန်းခေါင်းဆောင်ကြီးတွေတော့ တိုင်းပြည်အတွက် လုပ်နေတာမို့ အရေးမယူသင့်ပါဘူး။ ရှိပါစေတော့။ ဒါပေမဲ့ ဟိုး ... မြန်မာနိုင်ငံတွင် အမြိုင့်သားထိုင်နေတဲ့ အခွန်ရှောင်၊ ဘိန်းဘုရင်ဟောင်းတွေကိုပဲ အရေးယူလိုက်စေလိုပါတယ်။ ဒီလိုအစပြုရင်းတော့ တဖြည်းဖြည်း အဆင်ပြေသွားမှာပါ။

အခွန်ဆောင်ခြင်း၊ အခွန်ရှောင်ခြင်းများကို Singapore and Myanmar Good Attitude များအတွက် ဒါလောက်ပဲ ရေးလိုက်ပါတယ်။ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။

ဝတ်မှုန် (စင်ကာပူ)

The Voice Journal
http://thevoicemyanmar.com/index.php/perspective/item/6892-akb#sthash.bMwwGKOz.dpuf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...