သင့်ရဲ့စိတ်အစွမ်းက တန်ခိုးထက်တာ သင်သိပါသလား

စီးပွားရေး နယ်ပယ်မှာဖြစ်ဖြစ် ဘယ်နယ်ပယ် မှာဖြစ်ဖြစ် လူတွေအနေနဲ့ အလုပ်လုပ်ကြ ရတဲ့အခါ စိတ်ပင်ပန်းမှု ဒဏ်ကို ပြေလျော့နိုင်ဖို့မိမိတို့ရဲ့ ဗဟုသုတ အတွေးအမြင်တွေကို ကောင်းကောင်း အသုံးချတတ်ဖို့လိုပါတယ်။ လူတွေမှာ ကဏ္ဍစုံ၊ အလွှာစုံမှာ ပုံစံအမျိုးမျိုးနဲ့ ရုန်းကန် လှုပ်ရှားနေကြရာမှာ တစ်ချို့မှာ ငွေရပေမယ့် စိတ်မပျော်တဲ့ သူရှိသလို၊ တစ်ချို့က လုပ်ရတဲ့ အလုပ်က ပေါ့ပါးတဲ့အပြင် စိတ်နှလုံးကလည်း ရွှင်လန်း ရတာရှိပြီး တစ်ချို့ကျတော့လည်း ရတဲ့လုပ်အားခနဲ့မမျ စိတ်ပင်ပန်း ဖိစီးမှုတွေကို အလူးအလဲ ခံနေကြရသူတွေလည်း ရှိပါတယ်။ ဒါကို ကံတရားလို့ ပြောလို့ရပေမယ့် တစ်ခါတစ်ရံမှာ လူတွေမှာ ကံတရားကို ပြောင်းလဲနိုင်တဲ့အစွမ်းတန်ခိုး အာဏာတွေ ရှိတတ်ကြတယ်လို့ ဆိုရပါမယ်။ ဒီလို တန်ခိုးအာဏာတွေကို အသုံးချနိုင် သူတွေအတွက် ပင်ပန်းခါးသီးမှုတွေကို ပါးနပ်စွာ ရှောင်နိုင်သွားပြီး ပုံသေနည်း တစ်ခုထဲမှာ လွယ်ကူစွာ တွက်ချက်နိုင်တဲ့ သင်္ချာတစ်ပုဒ်လိုဖြစ်သွားစေ ခဲ့ပါတယ်။

စိတ်အစွမ်းနဲ့ ကံတရား

လူတွေ အများစုဟာ ငါ့ဘဝကံကြမ္မာကို ဆိုးလိုက်တာဆိုပြီး တွေးထင် လက်မှိုင် ချတတ်ကြပါတယ်။ တကယ်တော့ လူတိုင်းမှာ အမြဲတမ်း ကံမဆိုးနိုင်သလို အမြဲတမ်းလည်း ကံမကောင်း တတ်ကြပါဘူး။ အချိန်ကာလ တစ်ခုအတွင်းမှာ လောကကြီး က သဘာဝရဲ့ သဘောတရားကို နားလည် သဘောပေါက်အောင် သင်ပေးတာဘဲ ရှိပါတယ်။ ဒီလို ကံကြမ္မာ က သင်ပေးနေချိန်မှာ လူတွေအနေနဲ့ မိမိတို့ကိုယ်မိမိ ကံဆိုးလှချည်ပြီး စဉ်းစားကာ လောကနိယာမ စာမေးပွဲကို အောင်မြင်အောင် မဖြေဘဲ လက်လျော့ သွားကြသူရှိသလို အောင်မြင်စွာ ကျော်လွှားနိုင်သူတွေလည်း ရှိပါတယ်။ လောကနိယာမ စာမေးပွဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင် သူတွေကတော့ လုပ်ငန်းခွင်မှာ လစာကောင်းသလိုမျိုး ဘဝနေထိုင်မှုစနစ်မှုမှာ အခြေခိုင်သွားခဲ့ပါတယ်။

စိတ်အစွမ်းနဲ့ ပျော်ရွှင်မှု

သမဒ္ဒရာ ဝမ်းတစ်ထွာအတွက် အလုပ်လုပ်နေကြ ရသူတွေမှာ ဘယ်နေရာ ဘယ်အလုပ်မှာဖြစ်စေ မိမိရဲ့အလုပ်တွေကို စိတ်လက်ပေါ့ပါးစွာနဲ့လုပ်ဆောင်နိုင်ဖို့ ဘာတွေ လိုအပ်ပါသလဲ။ အဓိကတော့ မိမိရဲ့ခံယူချက် ၊ဇွဲသတ္တိနဲ့ ပြောင်းလဲနိုင်စွမ်းတို့ဘဲဖြစ်ပါတယ်။ အရာတစ်ခုအပေါ်မှာ အစွဲအလန်းကြီးစွာ ဖမ်းဆုပ်ကိုင် ထားခြင်းဟာ လူတွေကို ပင်ပန်းစေဆုံး အရာတွေဘဲဖြစ်ပါတယ်။ ဒါကို မလွတ်ချနိုင်တဲ့အခါ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ထမ်းထားရ သလိုမျိုးဖြစ်စေပြီး သွားရတဲ့ခရီးလမ်းကို နှောင့်နှေးကြန့်ကြာနေစေခြင်းဘဲဖြစ်ပါတယ်။ ပေါ့ပါးသွက်လက်စွာ ဘဝကို ရှင်သန်ဖြတ်သန်းနေရသူတွေ အများစု ကိုလေ့လာကြည့်လိုက်တဲ့ အခါ သူတို့ဟာ လေးလံတဲ့ အတွေးအမြင်၊ ခံယူချက်တို့ကို ရှောင်ရှားကာ ပေါ့ပါးစွာနဲ့ဘယ်လို စွမ်းဆောင်နိုင်မလဲ ဆိုတာကို နည်းလမ်းရှာပြီး ကြိုးပမ်းဆောင် ရွက်ကြခြင်းဘဲဖြစ်ပါတယ်။ အဓိကတော့ လူတွေဟာ လမ်းကြောင်း အများကြီး ရှိနေပါရက်နဲ့ လမ်းကြောင်း တစ်ခုတည်းအပေါ်မှာ ထွက်ပေါက် ပိတ်ကုန်ဆုံးနေတတ်ပြီး ပန်းတိုင်ကို မလှမ်းနိုင်ခြင်းဘဲဖြစ်ပါတယ်။

လူမှုလောကမှာ အောင်မြင်သူတွေကို လေ့လာခံစားပြီး ကြိုးစားအားထုတ် တတ်မှုက မိမိအတွက် ကောင်းမွန်တဲ့ခွန်အားတစ်ခုကိုရရှိစေတတ်ပါတယ်။ မိမိရဲ့ မိတ်ဆွေတွေ တိုးတက်ကြီးပွားနေမှုကို မြင်ပြီး မိမိကိုယ်မိမိ အားငယ်တတ်မှုက မိမိဘဝအတွက် ဆုတ်ယုတ်မှုကို ဦးတည်စေပါတယ်။ အခုလို ကြီးပွားအောင်မြင်ဖို့ ဘယ်လို ရုန်းကန်အားထုတ်ခဲ့ရသလဲဆိုတဲ့ အခြေခံအကြောင်း အရင်းအပေါ်လေ့လာပြီး မိမိအနေနဲ့ ဘယ်လို အားထုတ်ခြင်းဖြင့် ကောင်းကျိုးချမ်းသာရနိုင်မလဲဆိုတာနည်းလမ်းရှာဖွေခြင်းက မိမိရဲ့ဘဝကို လုံခြုံစေဖို့လမ်းစတစ်ခု ဘဲဖြစ်ပါတယ်။

စိတ်အစွမ်းနဲ့ ဘ၀ပုံစံအနေအထား

ကံကြမ္မာက လူသားတွေအပေါ်ပေးအပ်တဲ့အခွင့်အရေး က အချိန်ကာလအားဖြင့် မတူညီကြပါဘူး။ ဒါကြောင့် မိမိရဲ့မိတ်ဆွေတွေ ရရှိသွားတဲ့အခွင့်အရေးကိုမြင်ပြီး မိမိအနေနဲ့လည်း အချိန်ကာလတစ်ခုမှာ ရရှိလာနိုင်တယ်ဆိုတာယုံကြည်ထားဖို့လိုပြီး ဒီအတွက် သက်လုံကောင်းအောင် အချိန်ကိုဘယ်လို အသုံးချထားသင့်တယ်ဆိုတာ က ပဓာနကျလှပါတယ်။ကိုယ့်အစွမ်းအစ၊ ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့ ဥာဏ်အားအပေါ်မူတည်ပြီး ကံကြမ္မာ က လူတိုင်းကိုပေးအပ်တာဖြစ်တာကြောင့် ခံယူလက်ခံမှုအပေါ်မူတည်ပြီး လူတွေရဲ့ ဘဝပုံစံအနေအထားကို ပြောင်းလဲသွားစေတာဘဲဖြစ်ပါတယ်။

အချိန်ကာလတစ်ခုလောက် လူတစ်ယောက်ကို အခွင့်အရေးပေးခြင်းဟာ လူတစ်ယောက်ရဲ့ဘဝကို အင်အားဖြစ်စေပါတယ်။ စိတ်အာရုံခံစားချက်နဲ့ လူတစ်ယောက်ကို ဆုံးဖြတ် တန်ဖိုးဖြတ်ခြင်းဟာ လူတစ်ယောက်ရဲ့ အရင်းအမြစ်ကို အင်အားယုတ်စေပါတယ်။ဘဝအခြေခံအားနည်းသူတွေကို လုံးဝအားပြတ်စေပြီး ဘဝအခြေခံအားကောင်းသူတစ်ယောက်အတွက်တော့ မိမိတို့အတွက် ရရှိမယ့် တန်ဖိုးတရားတစ်ခုကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ဒါတွေဟာ လူမှုလောက မှာ လူတွေ နေ့စဉ်ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ ခံစားမှုဆိုင်ရာ ၊ ထိတွေ့လှုပ်ရှားမှုပိုင်းဆိုင်ရာ အကြောင်းတရားတွေဘဲဖြစ်ပါတယ်။ လူတွေအနေနဲ့ မိမိတို့ဖြစ်ပျက်ဖြတ်သန်းနေတာတွေကို ရှင်းလင်းပီပြင်စွာ မသိနိုင်ကြတဲ့အခါ အမှောင်ထဲမှာ လျောက်နေရသလို စမ်းတစ်ဝါးဝါးနဲ့ နေထိုင်မှုပုံစံကို ရှုပ်ထွေးစေကြပါတယ်။ အကျိုးဆက်အနေနဲ့ မိမိဖန်တီးလုပ်ဆောင်လိုက်တဲ့အရာတွေဟာ မိမိရဲ့ အမှောင်ဖုံးလွှမ်းမသိမှုအောက်မှာ မိမိရဲ့ဆက်နွယ်မှုတွေကို သက်ရောက်မှုရှိသွားပြီး လူ့ဘဝဟာ ဒုက္ခနဲ့ကျင်လည်ခြင်းဆိုတဲ့ စကားလုံးနဲ့အဆုံးသတ်သွားကြရပါတယ်။

ဒါဟာ လူမှုဘဝမှာ လူတွေရဲ့ မတူညီတဲ့စိတ်ရောင်စုံတွေအရ ဘဝပုံဖော်ပြောင်းလဲသွားမှုတွေဖြစ်ပါတယ်။ အဖြူရောင် နှစ်သက်တွေက အဖြူရောင်နယ်မြေကို ရွေးချယ်လျောက်လှမ်းသွားကြပြီး အနက်ရောက်ကို နှစ်သက်တွေက အနက်ရောင်နယ်မြေကို ရွေးချယ်လျောက်လှမ်းသွားကြပါတယ်။ ရွေးချယ်လက်ခံမှုအပေါ်မူတည်ပြီး လူတွေရဲ့ ဘဝဟာလည်း ပြောင်းလဲဖြစ်ပေါ်လာပြီး အေးချမ်းခြင်း ၊ ငြိမ်းချမ်းခြင်း ၊ တန်ဖိုးထားတတ်ခြင်း ၊ ဆိုးရွားခြင်း ၊ ပျက်စီးခြင်း ၊ ဆုတ်ယုတ်ခြင်းဆိုတာတွေဟာလည်း ဖြစ်ပေါ်လာကြပြီး ဒါတွေအားလုံးဟာ လူတွေရဲ့ စိတ်ရောင်စုံတွေကြောင့် ဖြစ်ပေါ်လာကြရတဲ့ အကျိုးတရားများသာဖြစ်တယ်ဆိုတာ ခံစားဖော်ပြလိုက်ပါတယ်။

Yangon Life
http://yangonlife.com.mm/mm/article/13798
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...