ဆယ်ကျော်သက် အရွယ်များကို မိဘများက ပြောပြထားသင့်သော နှလုံးသားရေးရာများ

သမန်းကျား၊ ရတနာပုံနေ့ စဉ်

မိဘ တစ်ယောက်အနေနဲ့  ကိုယ့်ကလေးကို နာကျင်ထိခိုက်စေမယ့် အရာမှန်သမျှကနေ ကာကွယ်ပေး ချင်ကြတာ ဓမ္မတာပါပဲ။ ဒါပေမယ့် ဒီကလေးကို မွေးပြီးပြီး ချင်းတောင်မှ ၂၄ နာရီအပြည့် သူနဲ့ အတူရှိနေဖို့  မလွယ်ခဲ့ပါဘူး။ ဒီတော့ ဆယ်ကျော်သယ် အရွယ်ရောက်လာ တာနဲ့ အမျှ သူနဲ့ အချိန်ပြည့်ရှိဖို့ ဆိုတာ ပိုပြီးခက်ခဲ လာပါတယ်။ ဒါကြောင့် သား၊သမီးကို အကောင်း ဆုံးစောင့်ရှောက် နည်းကတော့ သူ့ ကိုယ်သူ ကာကွယ်စောင့်ရှောက်တတ် အောင် လေ့ကျင့်သင်ကြား ပေးခြင်းပဲ ဖြစ်ပါတယ်။ လေ့ကျင့် သင်ကြားပေး ရမယ့်အရာ အမြောက်အများကို ကိုယ့်အမှားကို အရင်းခံပြီး သင်ကြား ပေးနိုင်ပါတယ်။ ဥပမာ နှလုံးသားရေးရာနဲ့ လူမှုဆက်ဆံရေးတွေပေါ့။

အချစ်ဆိုတာ အရွယ်နဲ့ မဆိုင်ဘူး၊ လိုအပ်ချက်နဲ့ ဆိုင်တယ်။ ကလေးတွေကိုလူကြီးတွေက ပြောကြတယ်။ အရမ်း ငယ်သေးတယ်။ ရည်းစားမထားကြနဲ့ ။ အသက် ၁၆-၁၇ လောက်မှထား ဆိုတော့ အသက်ကလေး ၁၆ နှစ် ပြည့် လိုက်ရင်ကိုပဲ ရည်းစားထားမှကိုဖြစ်မှာလိုလို ကလေးတွေထင်သွားတတ်ကြပါတယ်။ တစ်ကယ်တော့ ချစ်သူကို ဘယ်အချိန်စထားရမှာလည်းဆိုတာထက် ဘာလိုအပ်လို့  ထားမှာလည်း ဆိုတဲ့မေးခွန်းကို လေးလေးနက်နက် တွေးတတ်အောင် သင်ပေးသင့်ပါတယ်။ အချစ်ကို အချစ်တစ်ခုတည်းနဲ့ တည်ဆောက်လို့ မရဘူး။ သူ့ ကို ပံ့ပိုးပေး နိုင်မယ့် ယုံကြည်မှု၊ တစိုက်မတ်မတ်ရှိမှု၊ ယုံကြည်အားကိုးနိုင်မှု၊ ကြည်နှူးပီတိဖြစ်မှုတွေလည်း လိုအပ်တယ်ဆိုတာ သူတို့ သိပါစေ။

အချစ်ဆိုတာ နတ်သမီးပုံပြင်လို ဇာတ်သိမ်းခန်းမှာ ရွှေလက်တွဲလို့  နွဲနိုင်ရမယ်။ နတ်သမီးပုံပြင်တွေကို ဖတ်ဖူးမယ် ဆိုရင် အဆုံးသတ်မှာ and they lived happily ever after အဲဒီကစလို့ တစ်သက်လုံး သူတို့  ပျော်ရွှင်စွာနေထိုင် သွား ကြတယ် နဲ့ ပြီးတာ သတိထားမိမှာပါ။ နတ်သမီးပုံပြင်တွေမှာ တိရိစ္ဆာန်ငယ်လေးတွေပါပါတယ်။ သစ်ဥသစ်ဖု တွေကလည်း တန်ခိုးရှိပါတယ်။ မှော်ဆန်တဲ့မျက်လှည့်တွေလည်း ပါပါတယ်။ ဘ၀ဟာလည်း မျက်လှည့်ဆန်တဲ့ အပြောင်းအလဲတွေနဲ့  ကြုံတွေ့ ရနိုင်ပုံ၊ မထင်မှတ်ထားတာတွေ ဖြစ်ပျက်တတ်ပုံ၊ ဆင်းရဲချမ်းသာမရွေး ကိုယ့် အတွက် အထောက်အကူပြုနိုင်ပုံတွေကို နတ်သမီးပုံပြင်တွေက သင်ပေးပါတယ်။ ဒါ့အပြင် ဇာတ်သိမ်းခန်းမှာ ရွှေ လက်တွဲလို့  နွဲနိုင်မယ့်သူကိုပဲ ချစ်သူအဖြစ်ရွေးချယ်ဖို့ လည်း ထောက်ပြပေးနေပါတယ်။

ချစ်သူအတွက်နဲ့ ကျန်တဲ့သူတွေကို လျစ်လျူမရှုပါနဲ့ ။ ဘယ်သူပဲဖြစ်ဖြစ် တစ်ချိန်မဟုတ်တစ်ချိန်တော့ အချစ်နတ်က ဖမ်းစားတာကို ခံရမှာပဲဖြစ်ပါတယ်။ မနက်ထလည်း သူနဲ့ ဖုန်းပြော၊မက်ဆေ့ပို့ ၊ နေ့ လည်လည်းသူနဲ့ ၊ ညလည်းသူနဲ့  လုပ်နေမယ်ဆိုရင် သူတို့ အဲဒီလို ချစ်သူကိုအချိန်ပေးနိုင်အောင် နောက်ကပံ့ပိုးပေးထားတာ မိဘ၊မောင်နှမသားချင်း တွေ ဆိုတာ သူတို့ ကို ချက်ခြင်းသတိပေးပြီး မိသားစုကိုလည်း အချိန်ပေးဂရုစိုက်ဖို့  နားချရပါတယ်။ သူ့ အတွက်နဲ့  မိဘ၊မိသားစုအပေါ် ၀တ္တရားပျက်ပြီဆိုမှတော့ ဘယ်သူကမှ သူ့ ကို သဘောကျတော့မှာမဟုတ်ပါဘူး။ ဒီကောင်မ လေး၊ ဒီကောင်လေးကြောင့် ငါတို့ မိသားစုဘ၀ မချိုမြိန်တော့ဘူးလို့  အားလုံးပဲ အညိုးတွေအာဃာတတွေထားကြ မှာဖြစ်တယ်ဆိုတာ သူတို့ သဘောပေါက်ဖို့  လိုပါတယ်။

အိမ်ထောင်ပြု မစောပါစေနဲ့ ။ သူတို့ ဟာ ဘ၀တစ်ခုကို အတူတကွတည်ဆောက်ဖို့ ထက် နှစ်ဦးသားလွတ်လပ်စွာ တွေ့ စုံချစ်တင်းနှောချင်ကြတာဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့အတိုင်း အချစ်ကို အချစ်တစ်ခုတည်းနဲ့  တည်ဆောက်လို့  မရဘူးဆိုတာ သူတို့  မှန်ကန်ရှင်းလင်းစွာ နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ ချစ်သူကို တစ်ကယ်ချစ်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လူရိုသေ၊ရှင်ရိုသေ ဖြစ်တဲ့အထိ အရင်ပြုစုပျိုးထောင်သင့်ပါတယ်။

မျှတမှုရှိပါစေ။ ချစ်သူအိမ်ထောင်ဘက်တွေဟာ တစ်ဖက်သတ်ကြီး ဖြစ်လာတတ်ပါတယ်။ အမျိုးသားဘက်ကပဲ အလျော့ပေးနေရတာ၊ ဒါမှမဟုတ် အမျိုးသမီးဘက်ကပဲ အလျော့ပေးနေရတာဆိုရင် အဲဒီအချစ်ရေးဟာလည်း ရေရှည် တည်တံ့မှာ မဟုတ်ပါဘူး။ တည်တံ့တယ်ဆိုရင်တောင် သာယာချမ်းမြေ့မှာ မဟုတ်ပါဘူး။ လူတစ်ယောက် ကို ချစ်မိပြီဆိုရင် ကိုယ့်ဘက်ကလည်း လျော့တန်လျော့၊ ပြင်သင့်တာပြင်ပေးရမှာဖြစ်သလို သူ့ ဘက်ကလည်း ညှိ နှိုင်းမှု ရှိဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သင့် သား သို့ မဟုတ် သမီးဟာ အမြဲအနိုင်ကျင့်ခံနေရနိုင်ပါ တယ်။

သစ္စာဆိုတာ ပိုတယ်မရှိပါဘူး။ သတိဆိုတာ ပိုတယ်မရှိဘူး ပြောကြသလိုပဲ သစ္စာဆိုတာလည်း ပိုတယ်မရှိပါဘူး။ သတိ ထားရင်း မှားနေကြသလိုပဲ သစ္စာထားရင်းလည်း သစ္စာပါးသွားတတ်ပါတယ်။ အချစ်ရေးမှာ မပျော်ဘူးဆိုရင် ဘာကြောင့်လည်းဆိုတာ တွေ့ အောင်ရှာပါ။ ပြင်မရနိုင်ဘူးဆိုရင် နှစ်ဦးနှစ်ဖက် စူးစူးနစ်နစ် နာနာကျင်ကျင်မဖြစ်ခင် လမ်းခွဲလိုက်ပါ။ ဆူးစူးတာနက်သွားရင် နုတ်တဲ့အခါ သိပ်နာပါတယ်။

ဆယ်ကျော်သက်အရွယ်ကိုရောက်စပြုနေပြီး သိပ်မကြာခင်မှာဘဲ ကိုယ့်အရိပ်အာဝါသအောက်ကနေ ရုန်း ထွက်ဖို့  ကြိုးစားကြတော့မယ့်ကလေးတွေရှိတဲ့ မိဘ အစ်ကိုအစ်မတွေအတွက် သူတို့ လေးတွေကို ကြိုတင်ပြောပြ အသိပေး ထားရမယ့် အကြောင်းခြင်းရာလေးတွေကို လေ့လာတင်ပြလိုက်ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...