အိပ်ချိန်မမှန်တဲ့ အလုပ်တွေက ကိုယ်တွေကို သတ်နေလား

By ဟိန်းထက်

ညပိုင်းမှာ အိပ်ပျက်ခံပြီး အလုပ်လုပ်ရသူများ ကျန်းမာရေး ထိခိုက်နိုင်ကြောင်း လေ့လာမှု စစ်တမ်းပေါင်း များစွာက သတိပေးနေကြသည်။ ယခုနှစ်ပိုင်းအတွင်း ထိုအကြောင်း စစ်တမ်းသစ် များစွာလည်း ထပ်မံထွက်ပေါ်လာသည်။ BBC radio 4 ၏ “ယနေ့” ရုပ်သံအစီအစဉ် တင်ဆက်သူ ဆာရာမွန်တေဂူက ညပိုင်းမှာ အလုပ်လုပ်ရသည့် သူ့ကိုယ်တွေ့ကို သုတေသန အကိုးအကားများနှင့် ဖွင့်ဆိုထားသည်။

ကျွန်မအလုပ်က မနက်ခင်း အစီအစဉ် တင်ဆက်ရတာ ဖြစ်တဲ့အတွက် ညလယ်လောက်ဆို ထရပြီ။ ထိုသို့ ညလယ်လောက်ဆို ထပြီးအလုပ်အတွက် ပြင်ဆင်နေရတာ နှစ်တွေ ကြာလာတာနဲ့ အမျှ ကျန်းမာရေး ဆိုးကျိုး ဘာတွေ ဖြစ်လာနိုင်လဲ၊ ကျွန်မ အမြဲစဉ်းစားမိသည်။ ခန္ဓာကိုယ်က အိပ်ဦး အိပ်ဦး ဟု အော် ဟစ်နေသည့်တိုင် ကျွန်မ ထရပြီ။ အိပ်ကောင်းနေချိန်မှာ ထရတာ နေ့စဉ်ရက်ဆက် ဖြစ်နေသောကြောင့် ကျန်းမာရေး ဆိုးကျိုး ဘယ်လိုရှိမလဲ ကျွန်မ သိချင်နေသည်။

ဥပမာအားဖြင့် ဗြိတိန် တစ်နိုင်ငံတည်းမှာပင် ညဥ့်နက်သည်အထိ သို့မဟုတ် တစ်ညလုံး သို့မဟုတ် ကျွန်မလို မနက်(၃) နာရီလောက်ကတည်းက ထပြီး အလုပ် လုပ်ရသူပေါင်း သုံးသန်းခွဲလောက် ရှိသည်။ ယနေ့ခေတ်တွင် ညပိုင်း အလုပ်လုပ်ရသူ တိုးလာသလို၊ ညပိုင်းမှာ အိပ်ရေးဝအောင် မအိပ်နိုင်သူလည်း တိုးလာသည်။ လွန်ခဲ့သော နှစ်ငါးဆယ်က ဗြိတိန်တွင် အရွယ်ရောက်ပြီး သူများ၏ ပျမ်းမျှအိပ်ချိန်သည် တစ်ညလျှင် ရှစ်နာရီနှုန်း ရှိသည်။ ယခုအခါ ခြောက်နာရီခွဲသာ ရှိတော့သည်။

မနက်(၃)နာရီဆို ကျွန်မ နိုးစက်နာရီ မြည်ပြီ။ ဒီမနက် အိပ်ရေးပျက်တာ ညကျတော့ အစားဖြည့်အိပ်မည်ဟု ကိုယ့်ကိုယ် ကိုယ် နှစ်သိမ့်အားတင်းရင်း မနက်တိုင်း ကုန်းရုန်းထရသည်။ ညရောက်လျှင်လည်း ကတိ စကားပျက်ပြီး ထုံးစံအတိုင်း အိပ်ရာဝင် နောက်ကျပြန်သဖြင့် နောက်နေ့မနက် သုံးနာရီမှာ ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်ရပြန်သည်။

အိပ်စက်ခြင်းသည် အသက်ရှူခြင်း၊ စားသောက်ခြင်း နည်းတူ လူအတွက် အရေးကြီး၏။ တစ်နေ့လုံး မှတ်သား သင်ယူထားသည့် အချက်အလက်ပုံကြမ်း အစုအဝေးကြီးကို ညဘက် အိပ်နေစဉ်မှာ ဦးနှောက်က စနစ်တကျ နေရာချခြင်း ဖြစ်သည်။ အိပ်ရေးဝပါမှ ဦးနှောက်သည် စနစ်တကျရှိကာ လန်းဆန်းပြီး မှတ်ဉာဏ်တွေ ကောင်းနေလိမ့်မည်။ အိပ်ချိန်ဟူသည်လည်း အိပ်စက်သည့် နာရီ ပမာဏ ရှစ်နာရီပြည့်လျှင် ပြီးရော သတ်မှတ်ထား လို့မရ။ ညပိုင်းမှာ ရှစ်နာရီ ပြည့်အောင် အိပ်ပါမှ ဦးနှောက်က ပုံမှန် အလုပ် လုပ်ခြင်း ဖြစ်သည်။ နေ့ဘက်မှာ ရှစ်နာရီ အိပ်ခြင်းသည် ဦးနှောက်ကို ရာနှုန်းပြည့် အကူအညီ မပေးနိုင် သဖြင့် နိုးလာလျှင် နုံးချိချိ ထုံထိုင်းထိုင်းနဲ့ နိုးလာတတ်သည်။

ဗြိတိန်ရှိ အိပ်စက်ခြင်းဆိုင်ရာ ထိပ်တန်း သုတေသနပညာရှင် အောက်စ်ဖို့ တက္ကသိုလ် ပါမောက္ခ ရပ်ဆယ် ဖိုစတာက ခန္ဓာကိုယ်သည် အိပ်ချိန် မမှန်းခြင်း ဖြစ်စဉ်နဲ့ အံဝင်အောင် နေနိုင်စွမ်း မရှိကြောင်း၊ နေ့တိုင်း အိပ်ရာဝင်နောက်ကျလို့ ခန္ဓာကိုယ်က ထိုဖြစ်စဉ်နဲ့ အသားကျကာ ဦးနှောက် အလုပ်လုပ်ပုံများပါ ပြောင်း သွားခြင်းမျိုး မရှိကြောင်း၊ အိပ်ပျက်ညတိုင်းသည် ခန္ဓာနှင့် ဦးနှောက်ကို ထိခိုက်စေသည်ချည်း ဖြစ်ကြောင်း ပါမောက္ခ ဖိုစတာက အခိုင်အမာ ဆိုလိုက်သည်။

ညပိုင်းမှာ အလုပ်လုပ်ရသူများသည် ဆီးချို၊ နှလုံးနှင့် ကင်ဆာတို့ ဖြစ်နိုင်ခြေ ရှိကြောင်းလည်း လေ့လာမှု စစ်တမ်းများစွာက သတိပေးနေကြပြီ။ မနက် လေးနာရီဆို ကျွန်မရုံးကို ရောက်ပြီ။ တခြား လုပ်ဖော် ကိုင်ဖက်တွေလည်း ရောက်ကြပြီ။ ထိုအချိန်တွင် ကျွန်မတို့ ဦးနှောက်များ၏ လုပ်ငန်းဆိုင်ရာ စိစစ် အကဲဖြတ် နိုင်စွမ်းများသည် ဘီယာတစ်ခွက် နှစ်ခွက်လောက် သောက်ထားသူများ၏ အကဲဖြတ်နိုင် စွမ်းလောက် နီးတူ ချွတ်ချော် မှားယွင်းမှုလေးများ ရှိနေကြောင်းလည်း သတိထားမိသည်။

ကျွန်မတို့ အိပ်ချိန်တွင် အသည်းက အစာ ချေဖျက်ရာတွင် ကူညီသည့် အင်ဇိုင်းများ ထုတ်ပေးမှုကို လျှော့ချ လိုက်ပြီး နိုးလာချိန် မနက်တွင် တိုးမြှင့်ပေးသည်။ နှလုံးခုန်နှုန်း သည်လည်း ထိုနည်းလည်းကောင်း ဖြစ် သည်။

“ကျွန်တော်တို့ ခန္ဓာစနစ်ဟာ တချို့သော အလုပ်တွေကို နေ့ဘက်မှာသာ လုပ်ရ မယ်၊ တချို့ကိုတော့ ညဘက်မှာသာ လုပ်ရမယ်လို့ မွေးကတည်းက အစီအစဉ် ချထားပြီးသား။ ဘယ်တော့မှ မဖောက်ဖျက်ဘူး။ အဲ့ဒါကြောင့်ပဲ ညပိုင်းမှာ နိုးနေပြီး အလုပ် လုပ်နေသူတွေရဲ့ ခန္ဓာစနစ်ဟာ ကျန်းမာရေး ယိုယွင်းမှု ပိုများ လာရတာပဲ”ဟု ကိန်းဘရစ် တက္ကသိုလ်မှ အိပ်စက်မှု ဆိုင်ရာ ပါမောက္ခ မိုက်ကယ် ဟတ်စတင်းက ဆိုသည်။

ညဘက်မှာ အလုပ် လုပ်နေသူသည် အစာချေလုပ်ငန်း နှေးကွေးနေချိန်တွင်မှ အစားအစာများ ထပ်စား ဖြစ်သဖြင့် အစာချေ နိုင်စွမ်းများ လျော့နည်းကာ သွေးထဲတွင် သကြားဓာတ်နှင့် အဆီဓာတ်များ ပုံမှန်အိပ်သူထက် ပိုစုဝေးနေတတ်ပြီး ပိုပြီးလည်း အ၀လွန်လာတတ်သည်။ သွေးတွင်း သကြားဓာတ် များနေခြင်းသည် ဆီးချိုကို လက်ကမ်းခေါ်ရာလည်း ရောက်နေသည်။ သွေးတွင်း အဆီဓာတ် များနေခြင်း သည်လည်း သွေးကြောများပို ပိတ်စေနိုင်ပြီး နှလုံးရောဂါ ဖြစ်ပွားလာအောင် လမ်းဖွင့်ပေးရာ ရောက်သည်။

ညပိုင်း အလုပ်လုပ်သူများသည် ကင်ဆာဖြစ်နိုင်ခြေ ပိုများကြောင်းလည်း ၂၀၀၇ ခုနှစ်ကတည်းက ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက သတိပေး ပြောကြားပြီး ဖြစ်သလို နောက်ပိုင်းတွင်လည်း အခြားသော လေ့ လာသုတေသန ပေါင်းများစွာက အလားတူ သတိပေးနေကြသည်။

အ၀လွန်၊ ဆီးချို၊ နှလုံး၊ ကင်ဆာ စသည်ဖြင့် ညပိုင်း အလုပ် လုပ်သူများကို ၀ိုင်းရံနေသော ရောဂါတွေက များလှသည်။ ထိုမျှနှင့်လည်း မပြီးသေး။ နောက်ထပ် စိတ်အားပျက်စရာ လေ့လာတွေ့ရှိချက် အရကား (၁၀)နှစ်လောက် ဆက်တိုက် ညပိုင်း အလုပ် လုပ်လာသူ၏ ဦးနှောက်သည် နေ့ဘက်မှာ လုပ်သူနှင့် ယှဉ်ပါက ခြောက်နှစ်ခွဲစာလောက် ပိုအိုမင်း ရင့်ရော် သွားကြောင်းလည်း သိရသည်။ ညပိုင်း အလုပ် လုပ်ပါများသူသည် မေ့လွယ်ခြင်း၊ တစ်ခုခုပြောမည် ကြံပြီးကာမှ ဗြုန်းစားကြီး မေ့သွားခြင်းမျိုးကို ပိုကြုံရ သည်။

အမေရိကန်နိုင်ငံတွင် နေ့ဆိုင်း ညဆိုင်း ကူးပြောင်း လုပ်ကိုင်ရသော သူနာပြု အမျိုးသမီး(၇၅၀၀၀)ကို ပြီးခဲ့သည့် (၂၂) နှစ်အတွင်း လေ့လာထားချက်အရ နေ့ည အိပ်ချိန်မမှန် အလုပ် လုပ်ရသူများသည် ပုံမှန်သမားများထက် သေဆုံးနိုင်ခြေ ခြောက်နှစ်လောက် ပိုစောကြောင်း သိရသည်။

ညပိုင်းအလုပ်ကြောင့် ကိုယ့်ကိုယ် ကိုယ် ဒုက္ခပေးမိနေသည့် သာဓကများလည်း ဖြစ်သည်။ ကိုယ်အိပ်ရေး ပျက်တာကြောင့် ကိုယ့်ကျန်းမာရေး ဒုက္ခရောက်ရတာ ရှိသလို အခြားသူများအတွက်ပါ အန္တရာယ်ဖြစ်စေသော အလုပ်များလည်း ရှိသေးသည်။ ကျွန်မနဲ့ စကားပြောဖူးသော သန့်ရှင်းရေးသမား တစ်ဦးဆိုလျှင် ညပိုင်း ကနေ မိုးလင်းခါနီးထိ သန့်ရှင်းရေးလုပ်၊ မနက်စောစော အလုပ်ချိန်ပြီး လျှင် ရေ ချိုးပြီးတာနဲ့ ထရပ်ကား မောင်းသည့်အလုပ်ကို ဆက်ကူးသည်။ ထိုအတိုင်း တစ်ပတ် ခြောက်ရက်လုပ် သည်။ တစ်ရက် သုံးနာရီ လောက်သာ အိပ်သည်။ အိပ်ချိန် မမှန်သော သူ့ဦးနှောက်သည် သူ့အတွက် သာမက အခြားသူများကိုပါ အန္တရာယ် ကျရောက် စေနိုင်သည်။

ညပိုင်း အလုပ်ဆင်းရသူများ၏ ကျန်းမာရေး ထိခိုက်ရမှုများကို တာဝန်ယူ ပေးလာသည့် အစိုးရများလည်း ရှိလာသည်။ ဒိန်းမတ် အစိုးရသည် ညပိုင်း အလုပ်ဆင်းရသော အမျိုးသမီးများ ရင်သား ကင်ဆာ ဖြစ်ပွား ပါက ကုသမှုစရိတ် စိုက်ထုတ် ကုန်ကျခံပေးနေသည်။ တောင်ကိုရီးယား အီလက်ထရောနစ် စက်ရုံများတွင် ညပိုင်း လုပ်ကိုင်သူများသည်လည်း ကျန်းမာရေး ထိခိုက်ပါက နေ့ပိုင်းသမားများထက် နစ်နာကြေး ပိုမို ခံစားခွင့်ရှိသည်။

ခန္ဓာကိုယ်စနစ်က နေ့ညအာရုံခံ တုံ့ပြန်မှုကို လူသားတို့ အလိုအတိုင်း ပြောင်းပစ်နိုင်မည့် တစ်နေ့ကျ လျှင်တော့ အိပ်ချိန် မမှန်ခြင်းဆိုင်ရာ ကျန်းမာရေး ဆိုးကျိုးများကိစ္စ ဖြေရှင်းနိုင်သွားလိမ့်မည်။ ဆေးဝါးဖြင့် ထိန်းချုပ် ပြောင်းပစ်နိုင်မည့် နည်းလမ်းများ သုတေသန ပြုနေကြပြီ ဖြစ်သော်လည်း လက်တွေ့ သုံးနိုင် ဖို့တော့ ဝေးနေသေးသည်။

ညပိုင်းမှာ အလုပ် လုပ်သူများအတွက် ကျန်းမာရေး သတင်းဆိုးတွေချည်း ပြည့်နေသည်။ အကောင်း ဆုံး ဖြေရှင်းနည်းကား လူသားတို့ ဖြစ်စဉ်အတိုင်းနေ့မှာ အလုပ် လုပ်ပြီး ညမှာနှစ်ခြိုက်စွာ အိပ်စက်နိုင်အောင် ကြိုးပမ်းကြဖို့ဖြစ်သည်။ ညဘက်မှာ လုံလောက်စွာ အိပ်မရစေသော မိမိ၏ လူမှုဘ၀ ပုံစံများကို ပြုပြင် ယူကြဖို့ အရေးသည် ယနေ့ခေတ်၏ ကျန်းမာရေး ပြုပြင် ပြောင်းလဲမှု တစ်ရပ်အဖြစ် ရှေ့တန်း ရောက်လာပြီ။

Ref: Are night shifts killing me? By Sarah Montague (BBC)

The Messenger Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...