Latest Updates:

ဆူမိုတွေနဲ့ ရိုးရာ ကလေး အငိုပြိုင်ပွဲ

Friday, May 15, 2015
ဟိန်းထက်

တိုကျို ၊ မေ ၈

ဆူမို နပန်း သမားကြီးတွေက ကလေးတွေကို ငိုပြီးရင်း ငိုအောင် လုပ်နေကြသည်ကို မိဘများက ပြုံးရွှင် ၀မ်းသာစွာနဲ့ ကြည့်ရှု အားပေးကြသည့် ရိုးရာပွဲမျိုး ဂျပန်နိုင်ငံတွင် ပြီးခဲ့သော နှစ်ပေါင်း လေးရာကစပြီး ယခုထိ ကျင်းပနေဆဲ ဖြစ်သည်။

ဆူမိုများလက်မှာ အပ်ပြီး ငိုအောင်လုပ်ခြင်းသည် ကလေးကို တစ်သက်လုံး ကျန်းမာသန်စွမ်း စေသည်ဟု ဂျပန်လူမျိုး အများစုက ယုံကြည်ကြသည်။ အသက် တစ်နှစ်အောက် ကလေးများချည်းသာ ပါဝင်သည်။ တိုကျို မြို့ ယူကီဂါရာ ဟာချီမန် ဘုရားကျောင်းတွင် ကလေး အငိုပြိုင်ပွဲ နှစ်စဉ် ကျင်းပသလို နိုင်ငံတစ်ဝန်းတွင်လည်း ကျင်းပလေ့ ရှိသည်။

ဆူမိုများက ငိုအောင်လုပ်ခြင်းဖြင့် ကလေးသည် ငိုယိုကာ ကြီးလာလျှင် သန်မာအောင် လုပ်မည်ဟူသော မခံချင်စိတ်များ နိုးကြားသဖြင့် ကြီးလာသည့်အခါ ပိုသန်မာလာသည်ဟု မိဘများက ယုံကြည်ကြသည်။ ဆူမိုနပန်း သမားကြီးများက ကလေးငယ်များကို ကိုင်မြှောက်ကာ ငိုအောင် အမျိုးမျိုး လုပ်ကြသည်။

ကလေးများ၏ ငိုသံကို ဘုရားရှင် ကြားရသဖြင့် ထိုကလေးများသည် ကျန်းမာသန်စွမ်းပြီး ကြီးလာကြကြောင်းလည်း ယုံကြည်ကြသည်။ ပွဲတော် ကျင်းပသည့် နည်းလမ်းများကား ဒေသတစ်ခု နှင့် တစ်ခု ပုံစံ ကွာခြားသော်လည်း အနှစ်သာရ ပိုင်းကား အတူတူ ဖြစ်သည်။

တချို့ဒေသများတွင် အရင်ငိုသည့် ကလေးက အနိုင်ရသည်ဟု သတ်မှတ်ထားပြီး၊ အချို့ဒေသများ တွင်ကား နောက်မှ ငိုသည့် ကလေးက အနိုင်ဟု သတ်မှတ်သည်လည်း ရှိသည်။

Source: Mirror

The Messenger
http://www.messengernewsjournal.com/General/Eventure/detail.php?id=36049
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

အဆီပြန်သော မျက်နှာကို ဘယ်လို ထိန်းသိမ်းမလဲ

Friday, May 15, 2015
မိုရ်မိုရ် ( YUFEL)

မျက်နှာ အဆီပြန်ရခြင်းဟာ မျက်နှာ အရေပြားက အဆီဂလင်းတွေရဲ့အားကောင်းသောကြောင့် ဖြစ်ပါတယ်။ အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေက အများအားဖြင့် ၀က်ခြံ၊ အမည်းစက်တွေ ရှိပြီး ချွေးပေါက်ကျယ် ကြပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ လေ၊ ရေနဲ့ ဖုန်မှုန့်တွေက အဆီပြန်တဲ့ အသားအရေကို အဖုအပိမ့်တွေ ထွက်စေပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေ အနေ နဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်းသင့်တယ် ဆိုတာ သိဖို့လိုပါတယ်။

၁။ သန့်စင်ပေးပါ။

အဆီပြန်တာကို ထိန်းချုပ်ဖို့ နည်းလမ်းကတော့ မျက်နှာကို သေချာသန့်စင်ပြီး တစ်ချိန်လုံး သန့်သန့်ရှင်းရှင်း ထားတာပါပဲ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ် မျက်နှာသစ်ပေးပါ။ မျက်နှာ ခဏခဏ သစ်လွန်းရင်လည်း မျက်နှာ အစိုဓာတ် မရှိတော့ဘဲ အသားအရေ ခြောက်သွေ့ သွားစေတတ်ပါတယ်။ အဆီမပါဝင်တဲ့ မျက်နှာသစ် ဆပ်ပြာကို ရွေးချယ်ပါ။ မျက်နှာသစ် ဆပ်ပြာမှာ ဤပါဝင် ပစ္စည်းတွေ တစ်မျိုးထက် ပိုပြီးပါဝင်ပါစေ- Salicylic Acid,Tea tree oil, Neem,Tumeric, Honey.

၂။ ဂျီးချွတ်ပေးပါ။

ဂျီးချွတ်ပေးတာက အဆီပြန်တဲ့ မျက်နှာအတွက် ကောင်းပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ် လုပ်ဆောင်ပါ။ ဘာကြောင့်လဲ ဆိုတော့ မျက်နှာပေါ်က အဆီပိုတွေက အရေပြား ဆဲလ်အသေတွေကို ဖြစ်စေပြီးတော့ ရလဒ်အနေနဲ့ ၀က်ခြံနဲ့ အမည်းစက်တွေ ထွက်စေပါတယ်။ ဒါပေမဲ့ မျက်နှာအရေပြားကို ဂျီးချွတ်တဲ့ အခါ ညင်သာပါ၊ ကြမ်းကြမ်း တမ်းတမ်း မပွတ်ဆွဲပါနှင့်။

၃။ မျက်နှာ ပေါင်းတင်ပေးပါ။

မျက်နှာကို ဂျီးချွတ်ပြီးရင် ပေါင်းတင်ဖို့ မမေ့ပါနဲ့။ ပေါင်းတင်နည်းတွေ ကတော့-

(၁) သင်္ဘောသီးမှည့်တစ်လုံးကို ချေပြီး ရှောက်သီး တစ်ခြမ်းကို အရည်ညှစ်ပြီး ရောပါ။ ထို့နောက် မျက်နှာပေါ်မှာ သေချာ နှိပ်နယ်ပြီး လိမ်းပါ။ (၁၅၊ ၂၀) မိနစ်လောက်ထားပြီး ရေအေးဖြင့် ဆေးပါ။ ဤနည်းက အဆီပြန်တာကို အတော်လေး ထိန်းချုပ် ပေးနိုင်ပါတယ်။

(၂) ပန်းသီး လတ်လတ် ဆတ်ဆတ် တစ်လုံးကို ခပ်ပါးပါးလှီးပြီး ကြိတ်ပါ။ ပြီးနောက် ပျားရည် နှစ်ဇွန်းထည့်ပြီး ခပ်ပျစ်ပျစ် ဖြစ်အောင်ရောပြီး လိမ်းပါ။ (၁၅၊ ၂၀) မိနစ် ခန့်ထားပြီး ကြက်သီးနွေးရေဖြင့် ဆေးပါ။ ဒီနည်းက ချွေးပေါက်တွေ ကျယ်တာ၊ မျက်နှာ အဆီပြန်တာကို ထိန်းချုပ်ပေးပါတယ်။

၎။ နေ့စဉ် အရက်ပြန်မပါတဲ့ တိုနာ (Toner) ကိုသုံးပါ။

နေ့စဉ် တိုနာကို အသုံးပြုတာက မျက်နှာက အဆီနဲ့ အညစ်အကြေးတွေကို သန့်စင် ပေးနိုင်ပါတယ်။ ဒါပေမဲ့ တိုနာကို မျက်နှာရဲ့အဆီပြန်တဲ့ အစိတ်အပိုင်းတွေကိုသာ လိမ်းသင့်ပါတယ်။

၅။ အစိုဓာတ် ထိန်းခရင်မ်ကို မမေ့ပါနဲ့။

တကယ်တမ်းတော့ အဆီပြန်တဲ့ အသားအရေက အစိုဓာတ် ထိန်းပေးဖို့ လိုအပ်ပါတယ်။ အစိုဓာတ် မရှိလေ မျက်နှာ အသားအရေက အဆီ ပိုထွက်လေပါပဲ။ အစိုဓာတ်ထိန်း ခရင်မ်ကို ၀ယ်ရင် အဆီမပါတဲ့၊ ရေ ကို အခြေခံထားတဲ့ ခရမ်ကို ရွေးချယ်ပါ။

၆။ နေရောင်ကာ ခရမ် အမြဲတမ်း လိမ်းပေးပါ။

အဆီပြန်တဲ့ အသားအရေ ပိုင်ရှင် အမျိုးသမီး တော်တော်များများ က အဆီ ပိုပြန်မှာစိုးရိမ်လို့ နေရောင်ကာ ခရမ်တွေကို မလိမ်းကြပါဘူး။ ရလဒ် အနေနဲ့ကတော့ မျက်နှာမှာ အညိုစက်တွေ၊ တင်းတိပ်တွေ ဖြစ်လာစေတတ်ပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ အသားအရေအတွက် အထူးပြုလုပ်ထားတဲ့ နေရောင်ကာ ခရမ်ကို လိမ်းသင့်ပါတယ်။

Tips:
- အဆီများတဲ့ မုန့်တွေ (ဥပမာ-ဟမ်ဘာဂါ၊ ချောကလက် စသည်) ကို ရှောင်ပါ။
- ရေများများ သောက်ပေးပါ။
- သစ်သီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို နေ့စဉ် စားသုံးပါ။

Ref: www.stylecraze.com

The Messenger
http://www.messengernewsjournal.com/news/Health/detail.php?id=36055
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

သင့်ကလေး စာများများဖတ်အောင် လေ့ကျင်ပေးသော နည်းလမ်းများ

Friday, May 15, 2015
သင့်ကလေး များများစာဖတ်ဖို့ သင့်မှာ တာဝန် ရှိပါတယ်။ စာဖတ် ၀ါသနာဟာ မွေးရာပါ မဟုတ်ပါဘူး၊ ပျိုးထောင်ပေးလို့ရပါတယ်။ သားသမီးတွေကို တမင်တကာ၊ အတင်းအဓမ္မ စာဖတ်ခိုင်းခြင်းထက် မသိမသာလေး ၀ါသနာ ပါလာအောင် ပျိုးထောင်ပေးတဲ့ နည်းလမ်းဟာ ပိုမိုထိရောက်တတ်ပါတယ်။ အကြံပြုလိုတဲ့ နည်းလမ်းများကတော့ ...

မိသားစုခရီးထွက်ရင် သက်ဆိုင်တဲ့ စာအုပ်တစ် အုပ်ယူသွားပါ

ဆိုပါစို့၊ ငပလီသွားရင် ပင်လယ် (သို့) ပင်လယ် ကမ်းခြေနဲ့ဆိုင်တဲ့ စာအုပ်မျိုး၊ ရေကူးတာနဲ့ သက်ဆိုင်တဲ့ စာအုပ်မျိုး။ ပင်လယ်စာအချက် အပြုတ်နဲ့ သက်ဆိုင်တဲ့ စာအုပ်မျိုး၊ နောက်ဆုံး ငါးဖမ်းတဲ့ စာအုတ်မျိုးကအစ ရွေးယူသွားလို့ရပါတယ်။ အားလပ်တဲ့အချိန်ကျရင် ကလေးတွေနဲ့ ဆွေးနွေးလို့ရတာပေါ့၊ တွေ့ရတဲ့ အခြေအနေနဲ့ စာအုတ်ထဲကပါတဲ့ အကြောင်းအရာတွေနဲ့ အမေးဖြေလုပ် လို့ရပါတယ်။ ကလေးတွေကို စာတွေ့လေ့လာခြင်းနဲ့ လက်တွေ့လေ့လာခြင်း ပူးပေါင်း အသုံးပြုလာအောင် မသိမသာလေ့ကျင့်တဲ့ သဘောပါ။

ပုဂံသွားမယ် ဆိုရင်လည်း သမိုင်းနဲ့ဆိုင်တဲ့ စာအုပ်ဖြစ်ဖြစ်၊ ဘုရားပုထိုးနဲ့ဆိုင်တဲ့ စာအုပ်ဖြစ်ဖြစ် ယူသွားလို့ ရပါတယ်။

စာကြည့်တိုက် များများသွားပေးပါ။

ကလေးကိုခေါ်ပြီး စာကြည့်တိုက် များများ သွားသင့်ပါတယ်။ ကလေးတွေ ကိုယ်တိုင်စာကြည့်တိုက် သွားချင်တဲ့အထိ ကလေးကိုနည်းလမ်းရှာပြီး စွဲဆောင်သင့်ပါတယ်။ စာကြည့်တိုက်အချို့မှာ တစ်ခါတစ်လေ ကဗျာရွတ်ပြိုင်ပွဲတို့၊ စာစီစာကုံးပြိုင်ပွဲတို့ ကျင်းပတတ်ပါသေးတယ်။ ကလေးတွေကို ၀င်ပြိုင်စေခြင်းဖြင့် စာကြည့်တိုက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ခံစားသွားစေတတ်ပါတယ်။

ကလေးနဲ့စာအုပ်ပါ အကြောင်းအရာ များကိုဆွေးနွေးပါ။

ကလေးတိုင်းလိုလို မိဘကို အထင်ကြီးတတ်ကြပါတယ်။ အတုခိုးတတ်ကြပါတယ်။ စာဖတ်တဲ့ မိဘများဟာ စာဖတ်တဲ့သားသမီးများကို ပိုမိုလွယ်ကူစွာ ပျိုးထောင်လွယ်ကြပါတယ်။ ကလေးကို သင်ကြိုက်နှစ်သက်တဲ့ စာအုပ်အကြောင်းပြောပြပါ။ အဲဒီစာအုပ်က သင့်ကိုဘယ်လို အကျိုးပြုခဲ့တယ်ဆိုတာကို သက်သေနဲ့တကွရှင်းပြပါ။ တကယ်လို့ မိမိက စာဖတ်လုံးဝ ၀ါသနာမပါခဲ့တာတောင်မှ ကလေးဖတ်နေတဲ့ စာအုပ်ကိုလိုက်ဖတ်ပြီး ကလေးနဲ့ ဆွေးနွေးသင့်ပါတယ်။ အနည်းဆုံး ကလေးရဲ့အတွေးအခေါ် အယူအဆတွေကို စိတ်ရှည်ရှည်နဲ့ အမေးဖြေလုပ်ပြီး အသိအမှတ်ပြု ချီးမွမ်းပေးသင့်ပါတယ်။

ကလေးကို စာဖတ်ခ်ျိန်ရအောင် စီမံပေးပါ။

အခုခေတ် ကလေးတွေဟာ ကျောင်းပိတ် ခဲ့ရင်တောင်မှ သင်တန်းတွေ များလွန်းတတ်ပါတယ်။ ရေကူးသင်တန်၊ ပန်းချီသင်တန်း၊ စန္ဒာယားသင်တန်း၊ ကရာတေးသင်တန်း တက်စရာများလွန်းလို့ စာဖတ်ချိန် မရှိဖြစ်တတ်ပါတယ်။ အမြော် အမြင်ရှိတဲ့ မိဘများဟာ ကလေးတွေကို စာဖတ်ချိန်ရရှိအောင် စီမံပေးသင့်ပါတယ်။

ကလေးကြိုက်နှစ်သက်ရာဖတ်ပါစေ

ကလေးတွေ စာဖတ်တာ ၀န်ထုတ်ဝန်ပိုး မဖြစ်ဖို့လိုအပ်သလို အနားယူချိန် ထိခိုက်တာမျိုးလည်း မဖြစ်စေသင့်ပါဘူး၊ ကလေးတွေနှစ်သက်တဲ့ စာမျိုးကို သူတို့သဘောနဲ့ သူတို့ရွေးချယ်ပါစေ။ ဟိုစာဖတ်ပါ၊ ဒီစာဖတ်ပါလို့ သွားမပြောမိအောင် မိဘများကိုယ့်ကိုကို ထိန်းသိမ်းသင့်ပါတယ်။ ကလေးတွေဟာ စိတ်ဝင်စားစရာတွေများပြီး ဖတ်ချင်စရာ၊ စူးစမ်းလိုတဲ့အရာ များနေတတ်ပါတယ်။ ကလေးစာဖတ်နေရင် ပျော်ဖို့လိုပါတယ်။ ပျော်အောင်ဖန်တီးပေးနိုင်ရင် စာဖတ်ဝါသနာ တဖြေးဖြေးစွဲသွားမှာပါ။

ကလေးတွေကို အချက်အလက်စုဆောင်းခိုင်းပါ

ဥပမာ၊ နောက်လကျရင် မိသားစုက ရန်ကုန်၊ ဘန်ကောက် သွားလည်မယ်ဆိုပါစို့၊ မိဘလုပ်တဲ့သူက စာကြည့်တိုက်ကနေ သက်ဆိုင်တဲ့စာအုပ်တွေ အများကြီး အိမ်ကိုသယ်လာပြီး သားသမီးတွေနဲ့ သွားလည်ရမယ့်နေရာ၊ ဆောင်ရန်ရှောင်ရန်၊ စိတ်ဝင်စားစရာကောင်းတဲ့နေရာ၊ ရာသီဥတုအခြေအနေ၊ ဆေးသွားစစ်မယ်ဆိုရင်လည်း ဘယ်ဆေးရုံ၊ ဘယ်ဆေးခန်း၊ ဘာကြောင့်အဲဒီနေရာကိုရွေးချယ်ရတယ်၊ စသည်ဖြင့် သားသမီးတွေနဲ့ အကျယ်တ၀င့် စာအုပ်မှာရှာဖွေခိုင်းပြီး ဆွေးနွေးလို့ရပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် ကလေးတွေကို မြေပုံဖတ်ခိုင်း၊ ခရီးစဉ်ဆွဲခိုင်း၊ ကိုယ်တိုင်စီမံခံခွဲခိုင်းနိုင်ရင်တော့ ပိုအားရတာပေါ့။

အသံကျယ်ကျယ်ဖြင့်စာဖတ်ပေးပါ။

ငယ်ရွယ်တဲ့သားသမီးများ ရှိတဲ့မိဘများအဖို့ စိတ်ဝင်စားစရာကောင်းတဲ့ ပုံတွေဝေေ၀ဆာဆာပါတဲ့ ပုံပြင်စာအုပ်လေးတွေကို ရှာဖွေပြီး မိမိကလေးကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြသင့်ပါတယ်။ ကလေးတွေက ပုံပြင်နားထောင်သလိုအရသာတွေ့သွားတတ်ပါတယ်။ ကလေးတဖြေးဖြေးကြီးလာရင် သူ့ကိုယ်သူဖတ်တတ်ချင်လာတတ်ပါတယ်။ အဲဒီအခါကျရင် စာဖတ်ဝါသနာရော ကျောင်းစာအတွက်ပါများစွာ အထောက်အကူဖြစ်သွားစေပါတယ်။

Ref: Wechat

Aung Ko Latt
https://www.facebook.com/profile.php?id=100008712392309&fref=photo
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ကမ္ဘာ့လျှာအရှည်ဆုံး ဆယ်ကျော်သက် အမျိုးသမီး

Friday, May 15, 2015

ကမ္ဘာ့ လျှာအရှည်အဆုံး လူသားဟာ အသက် ၁၈ နှစ်အရွယ် သာရှိသေးတဲ့ ဆယ်ကျော်သက် အမျိုးသမီး တစ်ယောက် ဖြစ်နေတာကို တရားဝင်ဖြစ် မှတ်တမ်းတင်နိုင်အောင် ကြိုးစားနေကြပါတယ်။ လျှာရှည်တယ်ဆိုတာ စကားများတာကို ပြောတာမဟုတ်ပါဘူး။

စကားပြောတဲ့ လျှာရဲ့အလျှားအရှည် ကိုပြောတာဖြစ်ပါတယ်။ နစ်စတိုဘာလ်ဆိုတဲ့ အမျိုးသမီးငယ်လေးရဲ့ လျှာဟာ ၃.၉ လက်မအထိ ရှည်လျှားတာကြောင့် လောလောဆယ်မှာ ကမ္ဘာ့အရှည်ဆုံး လျှာပိုင်ရှင်ဖြစ်နေပါတယ်။ သူမရဲ့ရှည်လျှားတဲ့ လျှာတွေကိုအသုံးပြုပြီး အထူးအဆန်း လုပ်ပြတဲ့ ဗီဒီယိုဖိုင်တွေကို youtube ပေါ်မှာ တင်ရာကတဆင့် နစ်ဟာ ပရိသတ်အတော်များလာခဲ့ပြီဖြစ်ပါတယ်။ ၄ လက်မနီးပါးရှည်လျှားတဲ့ သူမရဲ့လျှာဟာ ကိုယ့်မေးစေ့ကို ကိုယ်ပြန်ထိလို့ရပါတယ်။ ဒါတင်မက သေးပါဘူး။ နှာခေါင်း၊ တံတောင်ဆစ်နဲ့ ကိုယ့်မျက်လုံးကိုတောင် လျှာနဲ့ ပြန်ထိနိုင်လောက်အောင် ရှည်လျှားပါတယ်။

သူမအမေပြောတာကတော့ သူမလျှာရှည်တာဟာ မျိုးရိုးလိုက်သွားတာဖြစ်ပြီး သူမအဘိုး၊ အဘွားတွေလည်း သာမန်လူတွေထက် ရှည်လျှားတဲ့လျှာတွေကို ပိုင်ဆိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

Ref - wittyfeed
Planet Myanmar News
http://www.planet.com.mm/detail/27784/World
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

တခြားနိုင်ငံတွေထက်သာတဲ့ စင်္ကာပူရဲ့အားသာချက် ၉ ချက်

Friday, May 15, 2015
အကျယ်အဝန်း အားဖြင့် ၇၁၈ ကီလိုမီတာသာ ကျယ်ဝန်းတဲ့ စင်္ကာပူနိုင်ငံဟာ နေချင် စရာကောင်းလှတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တခြားဘယ်နိုင်ငံမှ လိုက်မမီနိုင်သေးတဲ့ တိုးတက်မှုတစ်ချို့ကို စင်္ကာပူမှာ တွေ့နိုင်ပါတယ်။ အခြားနိုင်ငံတွေ လိုက်မယှဉ်နိုင်သေးတဲ့ စင်္ကာပူရဲ့ အားသာချက် ၁၀ မျိုးကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

၁။ တစ်ဦးချင်း ချမ်းသာကြွယ်ဝသူ ပေါများခြင်း

အာရှမှာတော့ မီလျံနာအပေါဆုံးနိုင်ငံက စင်္ကာပူဖြစ်ပါတယ်။ အိမ်သား ဆယ်ယောက်ရှိရင် တစ်ယောက်က မီလျံနာသဌေးဖြစ်နေပါတယ်။ ဒါဟာ ဘော့စတွန်အကြံပေးကုမ္ပဏီကပြုစုတဲ့ ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု စစ်တမ်းအရ သိရတဲ့အချက်ဖြစ်ပါတယ်။ မှုခင်းဖြစ်ပွားမှု အနည်းဆုံးနိုင်ငံလည်းဖြစ်သလို လေထုသန့်စင်မှုရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

၂။ ဝံ့ကြွားတဲ့ ကားပါကင်များ

ဆောက်လုပ်ရေးလုပ်ငန်း အဆင့်မြင့်တဲ့နိုင်ငံဖြစ်တာကြောင့် အဆောက်အဦတွေကို လိုအပ်သလို ဒီဇိုင်းဖော်ထားတာ စင်္ကာပူဖြစ်ပါတယ်။ Hamilton Scots လူနေအိမ်ရာဆိုရင် ကိုယ့်ကားကို ဓါတ်လှေကားထဲ မောင်းဝင်သွားပြီး အိမ်ခန်းထဲအထိ မောင်းသွားနိုင်ပါတယ်။ အိမ်ခန်းအတော်များများကတော့ ကားတွေကို ဧည့်ခန်းမှာထားလေ့ရှိပါတယ်။ စင်္ကာပူမှာ ကားရပ်စရာမြေနေရာလည်းရှားပါးလို့ဖြစ်ပါတယ်။

၃။ ပွဲတော်ရက်များပြားခြင်း

စင်္ကာပူက Singposts သတင်းစာဆိုရင် အင်္ဂလိပ်၊ တရုတ်၊ မလေးရှား၊ တမီးလ်ဘာသာ လေးမျိုးနဲ့ ထုတ်ဝေရပါတယ်။ စင်္ကာပူမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံမျှတစွာရှိတဲ့အတွက် ပွဲတော်ရက်တွေဟာ နှစ်တိုင်းနှစ်တိုင်း များပြားလှပါတယ်။

၎။ ကိုလိုနီခေတ် အဆောက်အဦ

ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အဦတွေကို ထိန်းသိမ်းတဲ့နေရာမှာ စင်္ကာပူက ထိပ်တန်းပဲဖြစ်ပါတယ်။ ဗြိတိလျှတွေ ၁၉ ရာစုနှစ်လောက်က ဆောက်လုပ်ခဲ့တဲ့ ကျောက်ပွတ်လုံးတိုင်တွေ ပါဝင်တဲ့ အဆောက်အဦတွေ များစွာ တွေ့နိုင်ပါတယ်။

၅။ ထိပ်တန်းရေကူးကန်များရှိခြင်း

ကမ္ဘာပေါ်မှာ အကောင်းဆုံးရေကူးကန်တွေကို ပိုင်ဆိုင်ထားတာလည်း စင်္ကာပူပါပဲ။ Marina Bay Sands ဟိုတယ်ပေါ်က ရေကူးကန်ဟာ ကမ္ဘာ့ထိပ်တန်းရေးကူးကန်ဖြစ်ပါတယ်။ မိုးမျှော်တိုက်သုံးလုံး ပေါ်မှာ သွယ်တန်း ဆောက်လုပ်ထားတဲ့ ရေကူးကန်ဖြစ်ပါတယ်။ ရေကူးတဲ့အခါ ဓါတ်ပုံမရိုက်ရ မနေနိုင်အောင် ဖြစ်ရတဲ့ ရေကူးကန်ပါ။

၆။ Grand Prix ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲကို ညဘက်မှာကြည့်လို့ရတာ ကမ္ဘာပေါ်မှာ စင်္ကာပူနိုင်ငံ တစ်နိုင်ငံပဲရှိပါတယ်။ ပြိုင်ပွဲနောက်ဆုံးရက်တွေမှာ ကမ္ဘာကျော်အဆိုတော်တွေလည်း လာရောက်ဖျော်ဖြေကြပါတယ်။

၇။ တန်ဖိုးနည်းလမ်းဘေး အစားအစာများရှိခြင်း

နိုင်ငံတကာထိပ်တန်း စာဖိုမှူးတွေကို ပိုင်ဆိုင်ထားတာ စင်္ကာပူက ကြယ်ငါးပွင့်ဟိုတယ်တွေဖြစ်သလို လမ်းဘေးအစားအစာတွေကိုလည်း ဈေးပေါပေါနဲ့ အရသာရှိရှိဝယ်စားလို့ရတဲ့နေရာတွေရှိပါတယ်။ စင်္ကာပူက လူကုံထံတွေတောင် ဒီနေရာမျိုးမှာ မကြာခဏစားကြပါတယ်။ တစ်ခါတရံသူတို့ မလာချင်တဲ့အခါ ဒရိုင်ဘာကို စေလွှတ်ပြီး ဝယ်ခိုင်းလေ့ရှိပါတယ်။

၈။ လူလုပ်ပန်းခြံရှိခြင်း 

ဒေါ်လာ ၁ ဘီလီယံအကုန်အကျခံကာ လေးနှစ်နီးပါးအချိန်ယူတည်ဆောက်ထားတဲ့ သဘာဝမဟုတ်သော လူလုပ်ပန်းခြံလည်းရှိပါတယ်။ သစ်ပင်ပန်းမန်ပေါင်း မျိုးစိတ် ငါးသိန်းကျော်ရှိတဲ့ ပန်းခြံဟာ မနက် ငါးနာရီကနေ နောက်နေ့မနက် ၂ နာရီအထိ ဖွင့်လှစ်ပေးထားပါတယ်။

၉။ သန့်ရှင်းသပ်ရပ်ခြင်း

ဒါကိုတော့ အထူးပြောစရာလိုပါဘူး။ စင်္ကာပူဟာ ပီကေသွင်းလို့မရတဲ့ နိုင်ငံဖြစ်သလို လမ်းပေါ်က နံရံတွေမှာ graffiti ဆွဲလို့မရအောင် ဥပဒေနဲ့ ကန့်သတ်ထားပါတယ်။ သန့်ရှင်းသပ်ရပ်မှုမှာ စင်္ကာပူဟာ နံပတ် ၁ ဖြစ်ပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေဖြစ်တဲ့ ရထားနဲ့ ကားတွေပေါ်မှာလည်း သပ်ရပ်မှု ထိပ်တန်းအဆင့်မှာရှိပါတယ်။

Ref - CNN
Planet Myanmar News
http://www.planet.com.mm/detail/27791/World
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

စာဖတ်ခြင်းနှင့် ကြီးမြတ်သော လူမျိုး

Friday, May 15, 2015
ဆရာမြသန်းတင့်၏ ဆောင်းပါးခေါင်းစီးကို ယူပြီး သုံးထားကြောင်း ကျွန်တော် ကြိုတင်၍ ဝန်ခံထားလိုပါသည်။ အကြောင်းခံရှိနေသောကြောင့်ပါ။

(၃-၅-၂၀၁၅) ရက်ထုတ် ‘စံတော်ချိန်’ အတွဲ (၃) အမှတ် (၇၃၉) စာမျက်နှာ ၁၅ တွင် ကျွန်တော်ရေး သားခဲ့သော ‘စာဆိုတော်ကြီးမှိုင်း၊ မိုး၊ ဇေတို့ရဲ့စာပေ စိတ်ဓာတ်နဲ့စာမဖတ်သူ ပပျောက်ရေးစေတနာ’ ဆောင်းပါးထဲမှာ ‘ဂျွန်ရပ်စ်ကင်း (John Ruskin)’ ၏ စာဖတ်ကြဖို့တွန်းအားပေး လှုံ့ဆော်ရေးကိုဖော် ပြခဲ့ရာ ကျွန်တော့်သူငယ်ချင်းစာရေးဆရာသုံးဦးနှင့် စံတော်ချိန်စာချစ်သူတစ်ဦးက ဂျွန်ရပ်စ်ကင်း၏ ရာ စုခေတ်ကာလ ကွဲလွဲနေကြောင်းနှင့် ဂျွန်ရပ်စ်ကင်း၏ စာဖတ်ကြဖို့၊ တွန်းအားပေးလှုံ့ဆော်ချက် အနှစ် ချုပ်ကိုဖော်ပြပေးမှ အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း အကြံပြုထောက်ပြခဲ့ကြပါသည်။

စာပေဟောပြောပွဲအချို့တွင် ကျွန်တော်နှင့် သူငယ်ချင်းမောင်စိန်ဝင်း (ပုတီးကုန်း) ကလူငယ်တွေ ခေတ်နောက်မကျအောင်၊ အောက်ကျနောက်ကျမဖြစ်အောင်၊ တိုးတက်ကြီးပွားအောင် အားကျအတု ယူဖွယ်ရာ ကောင်းလွန်းလှသည့် ဂျွန်ရပ်စ်ကင်း၏ စာဖတ်ကြဖို့ တွန်းအားပေးလှုံ့ဆော်ချက်များကို အခါအခွင့်သင့်သလို ထည့်သွင်းဟောပြောနေကျမို့ ကျွန်တော်ကလည်း စာမဖတ်သူပပျောက်ရေး ဆောင်ပုဒ်နှင့် လျော်ညီစွာထည့်သွင်းပေါင်းစည်း ရေးသားခဲ့ခြင်းဖြစ်ပါသည်။

ကွဲလွဲနေကြောင်း ထောက်ပြချက်နှင့် အကြံပြုချက်များကို ဖြည့်ဆည်းပေးရမည်က စာရေးသားခဲ့သူ ကျွန်တော့်တာဝန်သာ ဖြစ်လာပါသည်။ ထို့ကြောင့် ကျွန်တော့်စာအုပ်စင်နှင့် စာအုပ်ပုံများထဲတွင် မွှေ နှောက်ရှာဖွေခဲ့ရာ ကံအားလျော်စွာ ‘စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး’ စာအုပ်ကို တွေ့ရသည်။ ထို စာအုပ်ထဲတွင် ဂျွန်ရပ်စ်ကင်း၏ ဟောပြောချက်များပါရှိရာ သူ၏ဟောပြောချက်များထဲမှ လိုရင်းကိုမှတ် ပြီး ကျွန်တော်ဟောပြောခဲ့ခြင်း ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာစာကြည့်တိုက်များ ဖောင်ဒေးရှင်းဖွဲ့ စည်းတည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ၂၀၁၀ ပြည့်နှစ်က တစ်အုပ်လျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ထုတ်ဝေဖြန့်ချိခဲ့သည့် စာအုပ်ဖြစ်သည်။ ယခုဒုတိယအကြိမ် ထပ်မံထုတ်ဝေခဲ့ပြန်ရာ ပြင်ပတွင်မရောင်း ချဘဲ စာကြည့်တိုက်များသို့ ဖြန့်ဝေပေးနေသော စာအုပ်ဖြစ်သည်။

ထိုစာအုပ်တွင် စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးမျိုးစုံပါရှိရာ ဆရာမြသန်းတင့်ရေးသားထားသော ဆောင်းပါးခေါင်းစီး ‘စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး’ ကိုပင် စာအုပ်နာမည်ပေးထားခြင်းဖြစ်သည်။ ဆရာမြသန်းတင့်ကလည်း စာအရေးအသား ပြောင်မြောက်လွန်းသည်ဖြစ်ရာ သူ၏ဆောင်းပါးက လွန် စွာအနှစ်သာရရှိပြီး တာသွားလှသည်။

ဆရာမြသန်းတင့်က ၁၉ ရာစုနှစ်အတွင်းက ပေါ်ပေါက်ခဲ့သော ဂျွန်ရပ်စ်ကင်းနှင့် ၁၇ ရာစုနှစ်က ပေါ် ပေါက်ခဲ့သော ‘တရုတ်စာဆို ကျန်းကျောက်’ ၏အဆိုအမိန့်များကို ရေးသားထားခဲ့ရာ ကျွန်တော်က ၁၇ ရာစုနှစ်ကိုစိတ်မှာစွဲပြီး ရေးသားမိသောကြောင့် ကွဲလွဲသွားခြင်းဖြစ်ပါသည်။

၁၉ ရာစု ဒုတိယပိုင်းကာလ အင်္ဂလန်သည် နပိုလီယံစစ်ပွဲများ ပြီးဆုံးသွားသဖြင့် ကရိုင်းမီးယားစစ်ပွဲကို ဆင်နွှဲနေချိန်ဖြစ်သည်။ အာဖရိကတိုက်မှာ စစ်တိုက်နေခဲ့ကြသလို အာရှတိုက်မှာ အာဖဂန်စစ်ပွဲ ဆင်နွှဲ နေချိန်ဖြစ်သည်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲပြီးဆုံးချိန်ဖြစ်သည်။ အရှေ့ဖျားမှာ အင်္ဂလိပ်တို့က ဘိန်းစစ်ပွဲဆင်နွှဲနေချိန်ဖြစ်သည်။ ပွင့်လင်းစွာဆိုရပါမူ ဗြိတိသျှအင်ပါယာ ကြီးကို မီးကုန်ယမ်းကုန်ဂုဏ်ယူဝင့်ကြွားစွာ ချဲ့ထွင်နိုင်နေချိန်ဖြစ်သည်။

နယ်ချဲ့လောဘဇောကြီးနေပြီး အသိဉာဏ် ဗဟုသုတချည့်နဲ့လာကြသော အင်္ဂလိပ်လူမျိုးများကို မြင် တွေ့လာရသော ဂျွန်ရပ်စ်ကင်းသည် နိုင်ငံရေးတွေးခေါ်ရှင် ဝေဖန်ရေးသမားပီပီ ရဲ့ဝံ့ပြတ်သာစွာ လှုံ့ ဆော်ဟောပြောခဲ့ပါသည်။ သူ့ဟောပြောချက်တွေက ဓမ္မနှင့်အဓမ္မကိုခွဲခြားသရော် လှောင်ပြောင်ထား လေရာ ကြက်သီးမွေးညင်းပင် ထစေပါသည်။ ကိုယ်ကျိုးကိုမငဲ့ဘဲ သတ္တိရှိရှိ၊ ပြောရဲဟောရဲသော ဂျွန်ရပ်စ်ကင်း၏ စာပေစိတ်ဓာတ်ကိုလည်း လေးစားချီးကျူးနေမိပါသည်။

သူ့ဟောပြောချက်များထဲမှ ဆရာမြသန်းတင့်ကောက်နုတ်ဖော်ပြထားသည်ကို ဆက်လက်မျှဝေပေး လိုက်ပါသည်။ နှလုံးသားနှင့်ခံစားကြည့်ကြစေချင်ပါသည်။

‘ကြီးမြတ်သော လူမျိုးတစ်မျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်ကမှန်သလဲ၊ ဘယ်ဘက်က မှားသလဲဆိုတာ မကြည့်ဘဲဒီစစ်ပွဲပြီးရင် ငါတို့ကုန်အရောင်းအဝယ် ဘယ်လိုနေမလဲ။ ငါတို့အမြတ်တွေ ဘယ်လောက်ရ မလဲဆိုတာကိုပဲတွေးပြီး စစ်မြေပြင်မှာလူငယ်တွေနေ့စဉ်နှင့်အမျှ သေနေကြတာကို လက်ပိုက်ကြည့် မနေကြဘူး’

ဂျွန်ရပ်စ်ကင်းက ၁၉ရာစုခေတ်ကနေ ၂၁ ရာစုခေတ်အထိ ရှေ့ပြေးကြိုမြင်နေလေလားမသိ။ ကျွန် တော်တို့နိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံးဝမရသေးသော နှစ်ရှည်ပြည်တွင်းစစ် အိမ်ကြက်ချင်း အိုးမဲသုတ် အခွပ်ခံနေကြရသည့်ဘဝ၊ လွတ်လပ်ရေးအမွေကို စားကျက်လုတိုက်ခိုက်နေကြသည့် အကျည်းတန် ဖြစ်ရပ်များ၊ တိုင်းရင်းသားမြောက်မြားစွာ သေကျေဒဏ်ရာရ၊ ဒုက္ခိတဖြစ်ကြ၊ မိတကွဲ၊ ဖတကွဲနှင့် လော ကငရဲခံစားနေကြသည်ကို ဂျွန်ရပ်စ်ကင်းက ကြိုတင်ဟောကိန်းထုတ်ခဲ့လေရော့သလားဟု ကျွန်တော် စဉ်းစားနေမိပါသည်။

‘ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ သစ်ကြားသီးခြောက်လုံးလောက် ခိုးမိတာနဲ့ ကလေးတွေကို ထောင်လဲ မပို့ဘူး။ ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ဆင်းရဲသားတွေရဲ့ စုငွေနဲ့ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီး တွေ ခိုးဝှက်နေကြတာကို ဒီအတိုင်းလက်ပိုက်ကြည့်မနေဘူး’

လုပ်ပိုင်ခွင့်အာဏာရှိနေကြသူတွေက ကြီးနိုင်ငယ်ညှဉ်း စာနာစိတ်ကင်းမဲ့စွာ ရက်စက်နေမှုများ၊ ဥပဒေ အထက်မှာ အုပ်ချုပ်ရေးအာဏာ မင်းမူကြီးစိုးနေမှုများကို ဓမ္မနှင့် အဓမ္မအားပြိုင်သင့်ကြောင်း မီးမောင်း ထိုးလှုံ့ဆော်ထားရာ အားတက်အားကျဖွယ် ကောင်းလှပါဘိ။ ယနေ့ကမ္ဘာ့ဇာတ်ခုံမှာ ကကြိုးကကွက် များနှင့် တစ်ထပ်တည်းကျနေပါ၏။

‘ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ တောင်တရုတ်ပင်လယ်တစ်ဝိုက်မှာ လက်နက်အပြည့်အစုံတပ်ဆင်ထား တဲ့ သင်္ဘောကြီးတွေနဲ့ အမြှောက်တွေချိန်ပြီး သူများတိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအ တိုင်းလက်ပိုက်ကြည့်မနေဘူး’

‘ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ပိုက်ဆံပေးမလား၊ အသက်ပေးမလာဆိုတဲ့ လမ်းဓားပြတို့ထက် ပိုကဲတဲ့ ပိုက်ဆံရော အသက်ပါပေးရမယ်လို့ နှစ်ခုစလုံးကို တောင်းနေတဲ့ဓားပြအကြီးစားတွေ ဓားပြတိုက်နေ ကြ တာကို ဒီအတိုင်းလက်ပိုက်ကြည့်မနေဘူး’

ကျွန်တော်တို့တစ်တွေဟာ လူတွေစာဖတ်ဖို့ ဘာကြောင့်ပြောနေရသလဲ။ အခုအခြေအနေမှာ ကျွန် တော်တို့လူမျိုးဟာ စာမဖတ်နိုင်ဘဲဖြစ်နေတယ်။ ဒီလိုစိတ်ဓာတ် ပျက်ပြားနေတဲ့လူမျိုးတစ်မျိုးဟာ စာမ ဖတ်ချင်ကြဘူး။ ဘယ်လောက်ပဲကြီးကျယ်တဲ့ စာရေးဆရာက ရေးခဲ့တဲ့စာပဲဖြစ်စေ၊ စိတ်ဓာတ်ပျက်ပြား နေတဲ့ လူမျိုးတစ်မျိုးဟာ နားဝင်မှာမဟုတ်ပါဘူး’

‘အခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့အတွေးအခေါ်ပါတဲ့ စာတွေ ကိုဖတ်နိုင်မှာ မဟုတ်ဘူး။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေဖုံးနေတဲ့အတွက် ဘယ်အတွေးအ ခေါ်ကိုမှလည်း လက်ခံနိုင်မှာ မဟုတ်ဘူး။ လူမျိုးတစ်မျိုးဟာ စာပေနဲ့သိပ္ပံပညာကို အထင်သေးနေရင် အနုပညာနဲ့ဘဝကို အထင်သေးရင်၊ မေတ္တာ၊ ကရုဏာကိုအထင်သေးရင်၊ ပိုက်ဆံနောက်ကို ငမ်းငမ်း တက်လိုက်နေရင် အဲဒီလူမျိုးဟာ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ဘူး’ တဲ့။

ဂျွန်ရပ်စ်ကင်းက သူ့နိုင်ငံရေရှည်တည်တံ့စေရေးအတွက် ခံစားချက်ပြင်းပြရဲဝံ့စွာ ဟောပြောခဲ့ရာ အင်္ဂ လန်နိုင်ငံသူ၊ နိုင်ငံသားတွေကလည်း လက်ခံအမြင်မှန်ရခဲ့ကြပြီး အချိန်မီပြုပြင်ခဲ့ကြ၊ စာတွေကို ဖတ်ခဲ့၊ မှတ်ခဲ့ အကျိုးရှိစွာလိုက်နာကျင့်သုံးခဲ့ကြသောကြောင့် ယနေ့ဗြိတိသျှ အင်ပါယာကြီးသည် ကမ္ဘာ့ လယ်မှာ ဝင့်ထည်တင့်တယ် ဂုဏ်မြင့်ကြွယ်နေခြင်းဖြစ်သည်။

ဤသည်ကို ဆရာမြသန်းတင့်က ‘စာဖတ်ခြင်းနှင့်ကြီးမြတ်သောလူမျိုး’ ဟူ၍တင်စားညွှန်းဆိုခဲ့ခြင်း ဖြစ် သည်။

ယနေ့ကျွန်တော်တို့နိုင်ငံတွင် ကလေး၊ လူငယ်၊ လူရွယ်၊ လူကြီးအချို့ ဘာတွေလုပ်နေကြသနည်း။ စာဖတ်၊ စာမှတ်အားနည်းနေကြလို့ လွတ်လပ်ရေးဗိသုကာဖခင် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အ ကြောင်းတောင် နားလည်မှုမရှိကြဘဲ တုံးနေ၊ အနေကြသည်။ နိုင်ငံတော်မှ တာဝန်ရှိသူတွေက ကျေး ရွာပေါင်းခြောက်သောင်းကျော်ရှိသည့်အနက် စာကြည့်တိုက်ပေါင်းငါးသောင်းကျော် ဖွင့်လှစ်ပေးထား သည်။ ပုဂ္ဂလိကနှင့် အသင်းအဖွဲ့များပိုင် စာကြည့်တိုက်တွေလည်း ရှိသေးသည်။ ခရီးသွားလာကြရင်း လက်လှမ်းမီသမျှ လေ့လာဖတ်ရှုနိုင်ကြစေရန် ‘စာပေရေချမ်းစင်များ’ ကိုလည်း စီစဉ်ပေးထားကြပါ သည်။ ‘စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အကြောင်းစုံပြကာ စာမဖတ်ကြဘဲ အလဟဿအချိန်ဖြုန်းနေကြ ပါသည်။ ‘စာဖတ်မှကြီးပွား’၊ ‘စာပေမြင့်မှ လူမျိုးတင့်မည်’၊ ‘စာဖတ် စာတတ်မှ အလိမ်အညာဘေးမှ ကင်းဝေးမည်’၊ ‘လူလူချင်း၊ နိုင်ငံနိုင်ငံချင်း အောက်ကျနောက်ကျ မျက်နှာငယ်ရမည့်ဘေးမှ ကင်းဝေး မည်’ ကို သတိလစ်မေ့လျော့နေကြလေရော့သလား’ ဟု မေးလိုက်ချင်ပါသည်။ ‘ငါဟာကြီးမြတ်တဲ့လူ မျိုးထဲမှာပါသလား’ ဟု ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပြုပြင်ကြစေချင်ပါသည်။

ဤနေရာတွင် ‘ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ’ ၏သြဝါဒကို မျှဝေပေးချင်ပါသည်။

‘အပြင်မှာ အရောင်တွေလင်းနေဖို့ထက် လူတိုင်းရဲ့ရင်ထဲမှာ အသိဉာဏ်တွေ လင်းနေဖို့က ပိုပြီးအရေး ကြီးတယ်။ ကျေးရွာတစ်ရွာမှာ လျှပ်စစ်မီးလင်းရေးထက် စာကြည့်တိုက်တွေထွန်းကားဖို့ အမြန်ကြိုးစား ကြဖို့လိုတယ်။ မီးလင်းနေပေမယ့် အိပ်နေသူတွေအတွက် ဘာမျှအကျိုးမရှိနိုင်ဘူး။ စာကြည့်တိုက်ဖွင့် ထားပေမယ့် စာမဖတ်သူတွေအတွက်ကတော့ မှောင်မြဲမှောင်နေဦးမှာပဲ’ ဟု မီးမောင်းထိုးပြထားရာ ကိုယ့်ဘဝ၊ ညအလားကွယ် အမှောင်ချထားကြသူများ၊ စာမဖတ်ကြဘဲ အချိန်ဖြုန်းနေကြသူများ၊ အချိန်မီစဉ်းစားပြုပြင်ကြစေချင်ပါသည်။

စံတော်ချိန်သတင်းစာ
မေလ (၇) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

သုံးပြီးသား လက်ဖက်ခြောက် အိတ်လေးတွေရဲ့ အံ့ဖွယ် အသုံးဝင်ပုံ

Friday, May 15, 2015 |
လစ်ပ်တန်တီးလို တစ်ခါသောက် လက်ဖက်ခြောက် အိတ်လေးတွေဟာ သုံးပြီးတာတောင်မှ အကျိုးရှိ တာတွေ ထပ်လုပ်ရတာမို့ အပြည့်အဝ အသုံးချနိုင် ဖို့အတွက် လုပ် ကြည့်နိုင်တာလေးတချို့ကို မျှဝေ လိုက်ပါတယ်။

အနံ့ဆိုးကင်းစေခြင်း

ရေခဲသေတ္တာထဲမှာ ဟင်း တွေ၊ မုန့်တွေ အကြာကြီးသိမ်း ထားပြီး အနံ့အသက် မကောင်းဘူး ဆိုရင်တော့ သုံးပြီးသားလက်ဖက် ခြောက်အိတ်လေးက အနံ့ဆိုး တွေစုပ်ထားနိုင်သလို အမှိုက်ပုံး အောက်ခြေနားမှာ ထားပြီးတော့လည်း အနံ့ဆိုးမထွက်အောင်လုပ် နိုင်ပါသေးတယ်။

လက်အနံ့ဆိုးပျောက်စေခြင်း

ငါး၊ ကြက်သွန်ဖြူ၊ ကြက် သွန်နီတွေကိုင်ပြီး ဆပ်ပြာနဲ့ဘယ် လောက်ဆေးဆေး နံနေတုန်းပဲဆို ရင်တော့ လက်ဖက်ခြောက်အိတ် ဟောင်းလေးကိုဖွင့်ပြီး ပွတ်ဆေး နိုင်ပါတယ်။

အရွယ်တင်စေခြင်း

ရေချိုးကန်ကို ရေနွေးနွေး လေးအပြည့်ထည့်ပြီး သုံးပြီးသား လက်ဖက်ခြောက်အိတ်လေး တချို့စိမ်ထားပြီး ရေချိုးမယ်ဆို ရင် အရေပြားဆဲလ်တွေ မပျက်စီး အောင် ကာကွယ်နိုင်သလို အရွယ်တင်နုပျိုစေပါတယ်။

ခံတွင်းနံ့ကင်းစေခြင်း

အယ်လ်ကိုဟောပါတဲ့ ခံတွင်းနံ့ပျောက်ဆေးရည်တွေ ဟာ ပလုတ်ကျင်းပြီးတဲ့အခါ ပါးစပ်ထဲမှာခြောက်ပြီး ကျန်ခဲ့စေ ပေမယ့် သုံးပြီးသားလက်ဖက် ခြောက်အိတ်လေးကို ရေနွေးဆူ ဆူနဲ့ စိမ်ထားပြီး အေးသွားပြီဆို ရင် ပလုတ်ကျင်းနိုင်ပြီး ခံတွင်း ရှင်းစေပါတယ်။

ဆံပင်ပျော့ဆေး အဖြစ်သုံးနိုင်ခြင်း

ရေနွေးပူပူထဲမှာ သုံးပြီးသား လက်ဖက်ခြောက် အိတ်တွေစိမ် ပြီး အေးလာပြီဆိုရင် ခေါင်းလျှော် တဲ့အခါ ဦးရေပြားခြောက်တာ ကာကွယ်ပေးပြီး ဆံသားနူးညံ့စေပါတယ်။

ခြေထောက်နူးညံ့စေခြင်း

ဇလုံ ခပ်သေးသေးတစ်လုံး ထဲမှာ လက်ဖက်ခြောက်အိတ် ဟောင်းတွေထည့်ပြီး စိမ်ထားပါ။ ခပ်နွေးနွေးဖြစ်လာပြီဆိုရင် ခြေ ထောက်ကိုအသာစိမ်ထားရင် ခြေထောက်နူးညံ့စေတဲ့အပြင် အနံ့ဆိုးလည်း ကင်းစေပါတယ်။

မျက်ကွင်းညို သက်သာစေခြင်း

သုံးပြီးသား လက်ဖက် ခြောက်အိတ်တွေကို ရေခဲသေတ္တာ ထဲမှာ မိနစ်အနည်းငယ်အကြာ အေးခဲအောင်ထားပြီး မျက်လုံး တစ်ဝိုက်ကို ကပ်ပေးရင် မျက်ကွင်းညိုတာတွေ၊ မျက်စိမို့ဖောင်း နေတာတွေကို သက်သာစေပါ တယ်။

ဒဏ်ရာများကို သက်သာစေခြင်း

တစ်ခုခုနဲ့ဆောင့်မိပြီး ဒဏ် ရာအနာတရဖြစ်ရင် လက်ဖက် ခြောက်အိတ်ကို ရေခဲသေတ္တာထဲ ခဏထည့်ထားပြီး ဒဏ်ရာရတဲ့ နေရာကို ကပ်ပေးရင်မြန်မြန် သက်သာစေပါတယ်။

မှန်ကြည်စေခြင်း

ဖန်တွေ၊ မှန်တွေကိုကြည် လင်သန့်ရှင်းစေချင်ရင်လည်း လက်ဖက်ခြောက်အေးနဲ့ ပွတ် တိုက်ပေးနိုင်ပါတယ်။

—Ref: healthdigezt

7Day Daily
http://7daydaily.com/story/37239#.VVWFzJOYrdU
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

မုန်လာဥနီဖျော်ရည် ဘာကြောင့်သောက်သင့်သလဲ

Friday, May 15, 2015
မုန်လာဥနီမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ ဓာတ်တိုးဆန့် ကျင် ဂုဏ်သတ္တိတြွေ ကွယ်ဝတာ ကြောင့် နေ့စဉ်စားသောက်မှုပုံစံ ထဲမှာ ထည့်သွင်း ထားဖို့လိုအပ် သလို အမျိုးမျိုးအဖုံဖုံလုပ်ဆောင် စားသောက်နိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် အထိရောက် ဆုံးဖြစ်စေ တာကတော့ ဖျော်ရည်လုပ်ပြီးသောက် သုံးခြင်းပါပဲ။ ဘယ်လိုကောင်း ကျိုးတွေ ရရှိနိုင် လဲဆိုတာ သိထားဖို့ ဖော်ပြပေး လိုက်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတာ ကြောင့် အစာချေဖျက်မှုကောင်း စေတဲ့အပြင် အသည်းကျန်းမာ ရေးအတွက်လည်း ကောင်းကျိုး ပြုပါတယ်။ မုန်လာဥနီဖျော်ရည် မှာ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ဗီတာမင် အေ၊ စီ၊ အီး၊ ကေတို့ပါဝင်ပြီး ကိုယ်ခံစွမ်းအားကောင်းစေတာ ကြောင့် အအေးမိ၊ တုပ်ကွေး၊ ချောင်းဆိုးမဖြစ်အောင် ကာကွယ် ပေးပါတယ်။

ဒါ့အပြင် ကင်ဆာဆဲလ်တွေ မဖြစ်ပွားအောင်လည်း ကာကွယ် ပေးနိုင်သလို ဆဲလ်တွေပျက်စီး ခြင်းမှလည်း ကာကွယ်ပေးပါ တယ်။ မုန်လာဥနီဖျော်ရည်မှာ ကယ်လိုရီပမာဏလည်းနည်းတာ ကြောင့် ကိုယ်အလေးချိန်လျှော့ လိုသူတွေအတွက် အကောင်းဆုံး အဖော်မွန်ပဲဖြစ်ပါတယ်။ ဒါတင် မက မျက်စိကျန်းမာရေးကောင်း စေပြီး အမြင်အာရုံစူးရှစေနိုင်ပါ တယ်။

အဆစ်အမြစ်နာကျင်၊ ကိုက်ခဲတာတွေနဲ့ ရောင်ရမ်းတာ တွေကိုလျော့ပါးသက်သာစေ သလိုအဆစ်ရောင်နာနဲ့ အရိုးဆိုင် ရာရောဂါတွေကို သက်သာစေပါ တယ်။ မုန်လာဥနီမှာပါတဲ့ ပိုတက်ဆီယမ်က နှလုံးသွေးကြောအဖွဲ့အစည်းအတွက် ကောင်းကျိုးပေးပြီး သွေးတွင်း ကိုလက်စထရောအဆင့်ကို ထိန်း ညှိပေးနိုင်ပါတယ်။ နှလုံးကြွက် သားနဲ့ခန္ဓာကိုယ်က တခြားသော ကြွက်သားတွေ ပုံမှန်အလုပ်လုပ် စေဖို့လည်း ကူညီပေးပါတယ်။

အလုပ်တွေများပြီး စိတ်ဖိစီး နေရင်လည်း မုန်လာဥနီဖျော် ရည်လေးသောက်လိုက်ခြင်းဖြင့် လန်းဆန်းတက်ကြွပြီး စိတ်ဖိစီးမှု တွေဖယ်ရှားပေးနိုင်ပါတယ်။

—Ref: healthdigezt

7Day Daily
http://7daydaily.com/story/37238#.VVWF1JOYrdU
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ဆီးချိုရောဂါ ရှင်များအတွက် အကောင်းဆုံး အသီးအနှံများ

Friday, May 15, 2015
သစ်သီးများတွင် ပါဝင်သော သကြားဓာတ်မှာ ဆီးချိုရောဂါရှင်များနှင့် ကိုယ်အလေးချိန် ပိုများနေ သူများအတွက် မကောင်းသော ထိခိုက်မှု ရှိသော်လည်း ဆီးချိုရောဂါ ရှင်များအတွက် ခန္ဓာကိုယ်ကို အကျိုးရှိစေ ရုံသာမက အင်ဆူလင် ထုတ်လုပ်မှုကို ထိန်းချုပ်နိုင်မည့် အချို့သော သစ်သီးများကိုမူ စားသုံးရန် ဆရာဝန်များက လမ်းညွှန်ထားသည်။

အနီရောင် ဂရိတ်ဖရု သီးများမှာ ဆီးချိုရောဂါသည် များအတွက် ကျန်းမာရေးနှင့်အညီဆုံး သစ်သီးဖြစ်ပြီး တစ်နေ့လျှင် ဂရိတ်ဖရုသီး တစ်ခြမ်းစားပေးရန် ဆရာဝန်များက အကြံပြုထားသည်။

ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများအပြင် အမျှင်ဓာတ်နှင့် ဗီတာမင် ဓာတ်များစွာပါဝင်သော ဘယ်ရီသီးများကိုလည်း ဆီးချိုရောဂါသည် များစားပေး သင့်သည်ဟု ဆရာဝန်များက လမ်းညွှန်ထားသည်။

ဖရဲသီး၊ သခွားမွှေးသီး (သို့မဟုတ်) သခွား မသီးတို့တွင် ဗီတာမင် ဘီနှင့် စီတို့ ကြွယ်ဝစွာ ပါဝင်သည့်အပြင် ပိုတက်ဆီယမ်နှင့် အခြား ကျန်းမာရေးနှင့်ညီသော ဓာတ်များ ပါဝင်သောကြောင့် ခန္ဓာကိုယ် အတွက် အကျိုးရှိစေမည်ဖြစ်သည်။ ဆီးချိုရောဂါရှင်များ တစ်နေ့လျှင် ချယ်ရီသီး ၁၂ လုံးခန့် စားပေးသင့်ကြောင်း ဆရာဝန်များက အကြံပေးထားသည်။

မက်မွန်သီးများတွင် ဗီတာမင်အေနှင့် စီအပြင် ပိုတက်ဆီယမ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် ဆီးချိုရောဂါရှင် များအတွက် သင့်လျော်သည်။ တရုတ်ဆီးသီးများတွင်လည်း အမျှင်ဓာတ်နှင့် ဗီတာမင်အေ ကြွယ်ဝစွာပါဝင်သောကြောင့် ဆီးချိုရောဂါရှင်များအတွက် အထူးကောင်းမွန်သောသစ်သီးဖြစ်သည်။

ပန်းသီးများတွင် အမျှင်ဓာတ်နှင့် ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပြီး အခွံတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်သဖြင့် ပန်းသီး ကို အခွံမနွှာဘဲ စားသင့်သည်။

ကီဝီ(kiwi)သီးများတွင် ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နှင့် ဗီတာမင်စီတို့ ကြွယ်ဝစွာ ပါဝင်သဖြင့် ကျန်းမာရေးအခြေအနေကို ထိန်းညှိပေးနိုင်ကြောင်း သိရသည်။ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိတ် နည်းပါးသော သစ်တော်သီးများကိုလည်း ဆီးချိုရောဂါရှင်များ စားပေးသင့်သည်။

လိမ္မော်သီးများတွင် ကာဗိုဟိုက်ဒရိတ်နည်းပါးပြီး ပိုတက်ဆီယမ်နှင့် ဗီတာမင်စီတို့ ကြွယ်ဝစွာ ပါဝင်သောကြောင့် ဆီးချိုရောဂါ ရှင်များ ဘေးကင်းစွာ စားသုံးနိုင်သောအသီးဖြစ်သည်။

Ref: TOI

7Day Daily
http://7daydaily.com/story/37224#.VVWF9pOYrdU
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

မြောက်ကိုးရီးယားနိုင်ငံမှာ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ ကျွန်ုပ်တို့ နေ့စဉ်လုပ်နေတဲ့ အရာ (၁၀) ခု

Friday, May 15, 2015
ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ မှတ်ယူလိုက်ပါ။ အနည်းဆုံးတော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူ သောက်စားနေလို့ ရတယ်။ ပျင်းတဲ့အချိန် တီဗွီကြည့်လို့ ရတယ်။ နောက်ပြီး အိပ်ခန်းထဲ ကိုယ်ကြိုက်တဲ့ သီချင်းတချို့ကို နားထောင်ပြီး ပေါက်ကွဲလို့ ရတယ်။ ဘာလို့လဲဆိုတော့ ဒါတွေအားလုံးက မြောက်ကိုရီးယားနိုင်ငံမှာ တရားမဝင် ဖြစ်နေလို့ပါပဲ။

၁။ အရက်သေစာ သောက်စားခြင်း

၂၀၁၃ ခုနှစ်မှာ မြောက်ကိုရီးယား စစ်တပ်အရာရှိ တစ်ဦးဟာ ရက်ပေါင်း ၁၀၀ ကြာ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်လုပ်နေစဉ်အတွင်း အရက်သေစာသောက်စားပြီး ကွယ်လွန်သွားပြီးဖြစ်တဲ့ Kim Jong-il ကို မလေး မစားပြုခြင်းကြောင့် ကွပ်မျက်ခံ ခဲ့ရပါတယ်။

၂။ ရုပ်မြင်သံကြားကြည့်ရှုခြင်း

တောင်ကိုရီးယား ရုပ်မြင်သံကြား တင်ဆက်မှုတွေ ကြည့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်က လူ အယောက် ၈၀ ကို အများရှေ့မှာ ကွပ်မျက်ခဲ့တယ်လို့ သိရတယ်။ အဲ့ဒီလို သေဒဏ်ပေးတာကို ကလေးတွေ အပါအဝင် လူ ၁၀,၀၀၀ ကို အာဏာပိုင်တွေက မဖြစ်မနေကြည့်ရှုစေ ခဲ့ပါတယ်။

၃။ ယာဉ်မောင်းခြင်း


အစိုးရ အရာရှိတွေသာ ကားပိုင်ဆိုင်ခွင့် ရှိတယ်။ မြောက်ကိုရီးယားမှာ လူအယောက် ၁၀၀ မှာ တစ်ယောက်မျှသာ ကားပိုင်ကြောင်း ခန့်မှန်းထားပါတယ်။

၎။ သီချင်းနားထောင်ခြင်း

Kim Jong-un ဘယ်လောက်ကောင်းကြောင်း သီချင်းကလွဲရင် ဒီလူတွေအဖို့ Taylor Swift တို့ ဘာတို့ ဆိုတာ မရှိပါဘူး။

၅။ ရေမြေခြားက လူတွေနဲ့ အဆက်အသွယ်ပြုခြင်း

မြောက်ကိုရီးယားနိုင်ငံ ပြင်ပက တစ်စုံတစ်ယောက်ဆီ ဖုန်းခေါ်တာ သင့်အသက် သေဆုံးဖို့သာ ဖြစ်စေပါလိမ့်မယ်။

၂၀၀၇ ခုနှစ်က လူတစ်ယောက်ဟာ နိုင်ငံတကာ ဖုန်းခေါ်မှုတွေပြုလို့ အားကစားကွင်း တစ်ခုအတွင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

၆။ ထင်မြင်ချက်ပေးခြင်း

စစ်အစိုးရကို ဝေဖန်သူမှန်သမျှ ပညာပေးစခန်း (educational camp) သို့ ပို့ခံရတယ်။

၇။ နိုင်ငံခြားထွက်ခြင်း

တောင်ကိုရီးယားကို အားလပ်ရပ်ခရီး တစ်ခေါက်လောက် ထွက်ဖို့ စဉ်းတောင် မစဉ်းစား မိလိုက်ပါနဲ့။ လိုက်လံ ဖမ်းဆီးခံရပါလိမ့်မယ်။

၈။ ဘာသာတရား ကိုးကွယ်ယုံကြည်ခြင်း

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ပြုဖို့ မြောက်ကိုရီးယား အခိုင်အမာ ဆိုထားပေမယ့် သမ္မာကျမ်းဖြန့်ဝေနေတဲ့ ခရစ်ယာန်အမျိုးသမီးတစ်ဦး ရာဇဝတ်မှုနဲ့ အများရှေ့မှာ ကွပ်မျက်ခံခဲ့ရပါတယ်။

၉။ ညစ်ညမ်းခွေကြည့်ရှုခြင်း

အပြာကားကြည့်ရှု၊ ရောင်းချတာတွေ့ရင် သေဒဏ်အပြစ်ပေးပါတယ်။

၁၀။ အင်တာနက်သုံးခြင်း

မြောက်ကိုရီးယားမှာ world wide web (www.) မရှိပါဘူး။ အဲဒီအစား အစိုးရပိုင် ဝါဒဖြန့် portal တစ်ခုသာ ရှိတယ်။

Ref: Metro

Trend Myanmar
http://www.trend.com.mm/2015/05/15/lifestyle-6614
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Heat Stroke အဖြစ်များနေ ကာကွယ်မနှေး အထူးသတိပေး

Friday, May 15, 2015
ယနေ့ မြန်မာနိုင်ငံ တွင်းရှိ တစ်ချို့ ကျေးလက်ဒေသနှင့် မြို့ ပြများတွင် အပူချိန် အလွန်ပြင်းထန်း လာနေခြင်းကြောင့် နောက်ဆက်တွဲအဖြစ် လူအများ အပြားတွင် အပူ ရှပ်ရှြော့ဖစ်သည့် Heat stroke များ အဖြစ်များနေ ပါသည် ။

သက်ကြီး ရွယ်အိုများ လူလတ်ပိုင်းများ ကလေး သူငယ်များ အရွယ် မရွေးဖြစ်ပေါ်နေပါသည် အခုလို့ ရာသီဥတုပူပြင်းသော အချိန်တွင် ကျန်းမာရေး အတွက် အရေးကြီးသော အချိန်အခါလို့ လည်း သတ်မှတ်လို့ ရနိုင်ပါသည် ။

အဝလွန်သောသူများ အရက်သောက်သုံးသူများ နေ့ ခင်းပိုင်း နေပူထဲတွင် အလုပ် လုပ်နေသော သူများ အထူးသတိ ထားကြပါ ။ သက်ကြီး ရွယ်အိုများကို အရိပ်ကောင်းပြိး အေးသောနေရာတွင် သွားရောက်နေထိုင်ပါ သည်လို အပူရှိန်ပြင်းထန်သည့် ဥတုရာသီတွင် အရေးကြီးပါသည် ။

Heat stroke သည် လူ့ ခန္ဓာကိုယ်တွင် အပူဒဏ်ခံရသော ဖြစ်စဉ်ခံစားမှု့ တွင် အဆိုးဝါးဆုံးဖြစ်ပြီး လူ့ အသက်ပင် အန္တရာယ်ပြု့ နိုင်ပါသည် ။

အပူရှိန်မြင့်မားသည့် အရှိန်ကြောင့် လူခန္ဓာကိုယ့်ရေဓာတ်များ ဆုံးရှုံးခြင်းများလာလို့  အာခေါင်တွေခြောက်ကပ်လာမယ် ချွေးများစွာ ထွက်ပေါ်လာခြင်းကြောင့် ထပ်မံပြီးတော့ ဓာတ်ဆားတွေပါ ဆုံးရှုံးလာသည့်အတွက် လူ့ ခန္ဓာကိုယ်သည် မလှုပ်ချင်ဖြစ်ပြီး အင်အားများချည်းနဲ့ လာပါသည် သည်လို့ အချိန်တွင် လူခန္ဓာကိုယ်အရေပြားတွေက ခြောက်သွေ့ လာကာ ကိုယ့်အပူရှိန်မြင့်တက်လာပြီး သတိမေ့ခြင်း အဖြစ်ရောက်ရှိ လာနိုင်ပါသည် အလွန်ပင် အရေးကြီးသည် အခြေအနေလည်းဖြစ်ပါသည် ။ အချိန်မီကုသဖို လိုအပ်ပါသည် ။ အချိန်မီကုသခြင်း မပြု့ လုပ်လျှင် အပူရှိန်မြင့်မား အပူရှပ်ခြင်းကြောင့် ကိုယ့်တွင်းအင်္ဂါအစိတ်အပိုင်းများဖြစ်သော နှလုံး ၊ အသည်း ၊ ကျောက်ကပ်များ ပျက်ဆီးလာသည့်အပြင် ကြွက်သားများ နှင့် ဦးနှောဏ်ကိုပါ ပျက်ဆီးပြီး အသက်ပင် ဆုံးရှုံးနိုင်ပါသည်။ အရေးပေါ် အခြေအနေတွင် အချိန်မီ ကုသခြင်း မခံယူနိုင်ပါ နာရီပိုင်းအတွင်းတွင် ကမ္ဘာ ကမ္ဘာဟာ အဝေးသို့ရောက်နိုင်သည့်အတွက် အရေးကြီးသော အပူရှပ် ရှော့ဖြစ်ခြင်း Heat stroke ဖြစ်လို့ ပေါ့ပေါ့ဆဆ မနေသင့်ပါ ။ နီးစပ်ရာဆေးရုံးသို့ အချိန်နဲ့ အညီအမြန်ဆုံးသွားရောက်ကုသပါလို့ ထပ်လောင်းပြောကြားလိုပါသည် ။

ကြိုတင်ကာကွယ်မှု့ အနေဖြင့် အလွန်ပုပြင်းသည့် ရာသီဥတု အချိန်တွင် ပုံမှန်ထက် အရည်များ ဆုံးရှုံးခြင်းကြောင်း အဓိကတော့ ရေများများသောက်ပေးပါ ။ သောက်လည်းသောက်သုံးသင့်ပါတယ် ။

အရည်ဆိုတဲ့နေရာမှာ အရက်ကိုလုံးဝမသောက်သင့်ပါဘူး။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်မှု ပိုဖြစ်စေလို့ပါ။

သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည်စတဲ့ အရည်တွေကိုတော့ သောက်နိုင်ပါတယ်။ ဓာတ်ဆားဖျော်ရည်ကို အချိုးကျ အထုပ်ကြီး တစ်ထုပ်ကို ရေတစ်လီတာ ပုလင်းနဲ့ ဖျော်ပြီး ရက်ခြားသောက်ပေးပါ ချွေးထွက်များခဲ့ရင် တစ်နေ့ တစ်ကြိမ်သောက်သင့်ပါသည် ။

ပူပြီး အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပါ။ ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးနဲ့ ဟင်းရွက်သုပ်တွေလို အစာတွေကို များများစားပေးပါလို့  အမျိုးသားကျန်းမာရေး အနေဖြင့် လေးလေးနက်နက် အသိပေး တင်ပြလိုက်ရပါသည် ။

အပူဒဏ်ဘေးမှ ကင်းဝေးပြီး အသက်ရာကျော် ရှည်ပါစေ ....

Mg Mandalay
https://www.facebook.com/mg.mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ပူပြင်းရာသီ အအေးကြိုက်က ဘေးတွေ့ တက်သည်

Friday, May 15, 2015
ယခုလို ရာသီဥတု ပူးပြင်လာမှု့ ကြောင့် အပူလျှပ်ခြင်း များဖြစ်တက်သဖြင့် အထူး သတိထားရန် အသိပေးပါသည် ။ အပူလျှပ်ခြင်းကြောင့် အသက်အန္တရာယ် ရှိနိုင်သဖြင့် အနေအထိုင် အစားအသောက် ဂရုစိုက်ဖို့  လည်း လိုအပ်ပါသည် ။

အလွန် ပူပြင်းသောနေ့ ခင်းပိုင်း အချိန်တွင် အပူသက်သာစေရန် ရေစိုနေသော အဝတ်များကို ခန္ဓာကိုယ်ကို ကပ်ထားခြင်း ၊ ဦခေါင်းပေါ်တွင် တင်ထားခြင်း ၊ ရေခဲရေကို သောက်ခြင်း ၊ အေးသော ရေဘူး နှင့် တာဝါ တို့ ဖြင့် ခန္ဓာကိုယ်အပေါ်တိုက်ခြင်း ကပ်ခြင်းမျိုးကို လုံးဝ မလုပ်ဆောင်သင့်ပါ ။

အပြင်မှရောက် လာပြီးပြီးချင် ရေလောင်းခြင်း ရေချိုးခြင်းကို ရှောင်သင့်ပါတယ် ။ ပူပြင်းနေသောကြောင့် ရေချိုးခြင်းကို မနက် ၁၁ နာရီ နှင့် ညနေခင်း ၄ နာရီအတွင်းရေချိုးခြင်း မပြု့ လုပ်ဘဲ လေးနာရီကျော်မှာသာလျှင် ရေချိုးသင့်ပါသည် ။ သည်လိုပူပြင်းသည့်ရာသီအချိန်အခါများတွင် သွေးတိုးရှိသူ အဝလွန်သူများ ရေချိုးခြင်းကို အထူးသတိထား သင့်ပါသည် ။

ပူပြင်းသောနေ့ ခင်းပိုင်းတွင် အဲယားကွန်း ဖွင့်ထားသော ကားအတွင်းနှင့် အခန်းများအတွင်းမှ အပြင်သို့ ရုတ်တရပ် ထွက်ခွာခြင်းမျိုး မလုပ်ဆောင်ရပါ သင့်အနေဖြင့်အပြင်သို့ ထွက်မိဆိုပါက ကားအတွင်းဖြစ်လျှင် မှန်များကို ခဏတာချထားပြီးမှသာ ထွက်ခွာသင့်သလို့  အေးသာအခန်းတွင်းမှ ထွက်ခွာခဲ့လျှင် အပြင်အထွက်နေရာတွင် ခေတ္တခဏရပ်နေပြီမှသာ ဆက်လက်ထွက်ခွာ သင့်ပါသည် ။ ထိုအတူ အပူဒဏ်ခံစားပြီးမှ အေးသော နေရာသို့ ဝင်ရောက်လျှင်လည်း ချက်ခြင်းဝင်ရောက်ခြင်းမျို မလုပ်ဆောင်သင့်ပါ ။ အေးနေသောအရှိန်ကြောင့် လူသွေးကြောများမှ ကျဉ်းနေပြီး အပူရှိန်ခံစားမိလျှင်သွေးကြောများကျယ်လာပါသည် ဒါကြောင့် အအေးမှ အပူသို့ ပြောင်းလဲသည့်အချိန်တွင် အထူးဂရုစိုက်ရပါလိမ့်မည် ။ အအေးမှ အပူသို့ ရုတ်တရပ်ပြောင်းလဲခြင်းကြောင့် ခေါင်းနောက်ခြင်း ခေါင်းမှုးခြင်း နှင့် သတိမေ့တက်ပြီး အပြင်းထန်ဆုံးအနေဖြင့် ဦးနှောက်သွေးကြောပြတ်တက်ပါသည် ။

အပူရှိန်မြင့်တက်လာခြင်းကြောင့် လူအများအပြားတွင် ချွေးထွက်များသောကြောင့် သွေးပေါင်ချိန်ကျခြင်း ၊ ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်များလျှော့နည်းခန်းခြောက်ခြင်းကြောင့် ခြေကပ်လက်ကပ် ဖြစ်နိုင်ပါသည် ။ အပူချိန်များနေသော ရာသီဥတုကြောင့် ရေကို မကြာခဏသောက်ပေးသင့်ပါသည် ။အပြင်မှ ပြန်လာပြီး ချက်ခြင်း ရေခဲရေ ရေခဲတုံးများ ထည့်ထားသည့် ရေကိုသောက်သုံးခြင်း လုံးဝ မပြု့ လုပ်ဘဲ အသက်ကို ဥာဏ်စောင့် အသိဝင်စေချင်ပါသည် ။

အသက်ရာကျော် ရှည်ပါစေ

Mg Mandalay
https://www.facebook.com/mg.mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

အွန်လိုင်းကို ဘယ်လို အကျိုးရှိအောင် အသုံးချမလဲ

Friday, May 15, 2015
ယနေ့ အချိန် ကာလဟာဖြင့် မြန်မာနိုင်ငံမှာ အင်တာနက်ဆိုတာ လူတိုင်းနီးပါး သုံးနိုင်တဲ့ အနေအထား တစ်ခုကို ရောက်ရှိလာပါပြီ။ ဈေးကြီးတယ်ပဲ ပြောပြော၊ လိုင်းမကောင်းဘူးပဲ ပြောပြော လူတိုင်း လက်ထဲမှာ ဖုန်းကိုယ်စီနဲ့ သုံးနေတတော့ အမှန်ပဲ။ နယ်ဘက်တော့ မသိပါ။ ရန်ကုန်မှာတော့ အင်မတန်ကို များနေပါပြီ။ ဒီတော့ အွန်လိုင်းကို ဘယ်လို အကျိုးရှိရှိ အသုံးပြုလို့ရတယ် ဆိုတာ အကြံပေး ပါရစေ။

နင် အင်တာနက် သုံးတတ်လားလို့ မေးရင်။ ဟင့်အင်း Facebook ပဲ သုံးတတ်တယ်လို့ ဖြေတဲ့သူက ဖြေပါတယ်။ အမှန်တကယ်က Facebook သုံးတယ် ဆိုတာ Internet အသုံးပြုခြင်းရဲ့ တစ်စိတ်တစ်ပိုင်း သော လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒါကို ကိုယ်က မသိပဲ စီးမျောနေတော့ မလွယ်ပါဘူး။

မှန်ကန်သော အရင်းအမြစ်များမှ သတင်း အချက်အလက် များကိုသာ စားသုံးစေလို

အရင်ဆုံး အရေးကြီးဆုံး အချက် အနေနဲ့ သတင်းအချက်အလက် ရယူခြင်းကနေ စတင်ချင်ပါတယ်။ Facebook ပေါ်မှာ သတင်း တက်လာတိုင်းလည်း မယုံပါနဲ့။ Facbebook ဆိုတာ သတင်းဖတ်စရာ နေရာလို့ မှတ်ယူထားလို့ မရပါဘူး။ သူက သတင်းများရှိရာကို ညွန်ပေးတဲ့ နေရာဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိ မြန်မာပြည်ရဲ့ အင်တာနက်လိုင်း အခြေအေနကြောင့် ဘယ် ဝဘ်ဆိုဒ်ကိုမှ မဖွင့်နိုင်ပဲ Facebook ပေါ်ကနေသာ သတင်းအချက်အလက်များကို စားသုံးနေရခြင်း ဖြစ်ပါတယ်။ ဒီတော့ ဒီလိုဖြစ်နေရင်တောင် ကိုယ့် အနေနဲ့ သတင်းမီဒီယာ တွေကို ဖတ်ရှုတဲ့အခါ စိတ်ချ ယုံကြည်ရတဲ့ အရင်းအမြစ်တွေကနေပဲ ယူစေချင်ပါတယ်။ ဥပမာ Eleven Media Group, 7 Days, YoYarLay အစရှိသဖြင့် အပြားပြား ရှိပါတယ်။ လက်ချိုးရေလို့ ရလောက်အောင် ဒေသတွင်းနဲ့ နိုင်ငံတကာ အသိအမှတ်ပြု သတင်းမီဒီယာဆိုတာ မြန်မာပြည်မှာ နည်းနေပါသေးတယ်။ ဒါကြောင့်မို့ ကိုယ်ပိုင် Facebook account များ Page များကို လူတိုင်း လိုက်လုပ်လာပြီး သတင်းများ ထပ်ဆင့် မျှဝေရာကနေ မဟုတ်သတင်းတွေ၊ ဝါဒဖြန့်မှုတွေပါ ပါဝင်လာခြင်း ဖြစ်ပါတယ်။ ကိုယ်က မယုံပေမယ့် ကိုယ့် Wall မှာ ဖတ်ရရင်တော့ ခေါင်းထဲ ဝင်သွားမှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီ သတင်းအချက်အလက်ဟာ မှန်ကန်မှု ရှိမရှိကို မိမိရဲ့ စဉ်းစားဆင်ခြင်ဥာဏ်နဲ့ သေချာ သုံးသပ်ရန် လိုအပ် ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း မဟုတ်မမှန်တဲ့ သတင်းဆိုရင် ထပ်ဆင့် မမျှဝေမိဖို့ အရေးကြီး ပါတယ်။

အင်တာနက်မှာ မိမိရဲ့ လုံခြုံရေး မြင့်တင်စေလို

မိမိရဲ့ Facebook account, Gmail အကောင့်များအပြင် အခြားသော အကောင့်များရဲ့ Password များကို ဘယ်သူနဲ့မှ မမျှဝေမိပါစေနဲ့။ ဖြစ်ပျက်နေတဲ့ သာဓကပေါင်း များစွာ ရှိပါတယ်။ အချို့ဆိုရင် မိမိရဲ့ ဓာတ်ပုံများကို Download ဆွဲပြီးတော့ မြန်မာ ပြည့်တန်ဆာမလေးများ၊ ဘာလေးများ၊ ညာလေများ ဆိုပြီးတော့ Page များ လုပ်လို့ အသရေ ဖျက်တဲ့ ဖြစ်ရပ်များစွာလည်း ရှိပါတယ်။ ဒါကြောင့်မို့ Facebook ပေါ်မှာ မိမိအနေနဲ့ မိတ်ဆွေ သူငယ်ချင်းများကို လက်ခံတဲ့အခါ သတိထားပြီးတော့ လက်ခံရပါမယ်။ မိမိ အနေနဲ့ အကြောင်းအရာ တစ်ခုခုကို ရေးမယ်၊ တင်မယ် ဆိုရင်လည်း ဒီ Post တွေကို ဘယ်သူတွေက မြင်မှာလဲ ဆိုတာကိုလည်း ချင့်ချိန်ရပါမယ်။ မိတ်ဆွေတွေချည်းကို မြင်စေချင်တယ်ဆိုရင် Share with Friends, ကိုယ့်မှာ သီးသန့် ရွေးချယ်ထားတဲ့ Friend တွေကိုပဲ မြင်စေချင်တယ်ဆိုရင် setting အမျိုးမျိုးကို Sharing setting မှာ ဝင်ပြင်လို့ ရပါတယ်။ ဒါတွေကို ကိုယ်ကိုယ်တိုင်ဟာ သိထား၊ လေ့လာထားရန် လိုအပ် ပါတယ်။ ဒါတွေ ဘယ်လိုလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်ဆိုရင် နီးစပ်ရာ မိတ်ဆွေ သူငယ်ချင်းတွေကို မေးပါ။ နောက်ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း Facebook မှာ ပါဝင်တဲ့ ရေးသားထားသမျှ စာတွေ အားလုံးကိုလည်း အချိန်ပေးပြီးတော့ ဖတ်ရှုလေ့လာပါ။ ကျနော်တို့ ကိုယ်တိုင်တောင် ဒါတွေကို ဘယ်သူမှ သင်ပေးလို့ မဟုတ်ပဲ ကိုယ်တိုင် လေ့လာရင်း ကလိရင်းနဲ့ သိလာခြင်း ဖြစ်ပါတယ်။ ဒီတော့ မိမိအနေနဲ့ အကောင့် လုံခြုံရေး အတွက် သေချာလုပ်ရန် လုပ်ရန် လိုသလို အွန်လိုင်းပေါ်မှာ အချက်အလက် တင်မယ်ဆိုရင် ငါဒါ တင်သင့်လား မတင်သင့်လား ဆိုတာကိုလည်း အထူးချင့်ချိန်ရန် လိုအပ် ပါတယ်။

အကယ်၍ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ ဓာတ်ပုံ၊ အကြောင်းအရာတွေကို ခွင့်မပြုပဲ ဖော်ပြနေပါပြီ။ စော်ကားမှု ပြုနေပြီဆိုရင်လည်း ဒါတွေကို ဖြေရှင်းရန် နည်းလမ်း ရှိပါတယ်။ အကယ်၍ Facebook ပေါ်မှာ တင်တယ်ဆိုရင် ယင်း တင်တဲ့ Account သို့မဟုတ် Page ကို report လုပ်လို့ရပါတယ်။ မိမိ အနေနဲ့ report ကို တစ်ယောက်တည်း ထိုင်လုပ်တာထက် အနည်းဆုံး မိတ်ဆွေ ငါးဦး လောက်နဲ့ ပြုလုပ်သင့်ပါတယ်။ report လုပ်တဲ့ လူအရေအတွက် များလေလေ ယင်း အကြောင်းအရာဟာ ဖျက်ပယ်ခြင်း ခံရရန် မြန်လေလေပဲ ဖြစ်ပါတယ်။ အန္တရာယ်ဆိုတာ မဖြစ်ခင် ကတည်းက ကြိုတင် ကာကွယ်တာ အကောင်းဆုံးပါ။ မိမိရဲ့ သူများ မပြဝံ့တဲ့ ဓာတ်ပုံမျိုးတွေ၊ ဗီဒီယိုမျိုးတွေ၊ စာမျိုးတွေ ရှိနေရင် မလုံခြုံတော့ ပါဘူး။ နည်းပညာ ပစ္စည်းများရဲ့ သားကောင်ဟာ မိမိကိုယ်တိုင် ဖြစ်လာ ပါလိမ့်မယ်။ ချစ်သူ ရည်းစားဖြစ်တိုင်း အယုံလွယ်ပြီး ဓာတ်ပုံ၊ ဗီဒီယိုများ လွတ်လပ်စွာ ရိုက်ခွင့် မပေးပါနဲ့။ ဒါတွေဟာ မိမိအတွက် တစ်ဘဝစာ ဆုံးရှုံး နစ်နာ သွားစေ ပါလိမ့်မယ်။ Privacy, Security ဆိုတာ ကိုယ့်အကောင့်မှာတင် လုပ်ရန် မဟုတ်ပဲ သွားလာတဲ့ အခါ သွားသတိ၊ စားသတိ၊ လာသတိ၊ မြင်သတိ များနဲ့ နေထိုင်ရမှာ ဖြစ်ပါတယ်။

မိမိ အနေနဲ့ Password များ ထားရှိတဲ့အခါ လူတိုင်း လွယ်တကူ ခန့်မှန်းလို့ရတဲ့ Password များ မထားရှိမိပါစေနဲ့။ Password တွေမှာ အရေးအကြီးဆုံးက Email Password ဖြစ်ပါလိမ့်မယ်။ အကယ်၍ မိမိရဲ့ Email Password လုံခြုံရေးသာ ပျက်သွားမယ်ဆိုရင် ယင်း အကောင့်နဲ ချိတ်ထားတဲ့ ဖွင့်ထားတဲ့ ရှိသမျှ အကောင့် အားလုံး ပျက်ဆီး ပါသွား ပါလိမ့်မယ်။ Password ထားမယ်ဆိုရင် မိမိရဲ့ စကားဝှက်တစ်ခုခုနဲ့ မှတ်ရခက်တဲ့ ဂဏန်းများကို ထားရှိသင့်ပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ဟာလည်း ဒါကို မှတ်ထားဖို့ လိုအပ် ပါတယ်။ အနည်းဆုံး ၈ လုံးပါတဲ့ Password ဖြစ်ရပါမယ်။

အကျိုးရှိရာ App လေးများ အသုံးပြုစေလို

အွန်လိုင်းသုံးတယ်ဆိုရင် ကွန်ပြူတာနဲ့ပဲ ဖြစ်ဖြစ်၊ မိုဘိုင်းဖုန်းနဲ့ပဲ ဖြစ်ဖြစ် အကျိုးရှိရာ သုံးရန် App တွေ အများကြီး ရှိပါတယ်။ တစ်ရက် တစ်ရက် Candy Crush, Pirate King, Farm Ville အစရှိသဖြင့် တို့နဲ့ ဆော့နေလို့ အကျိုးရှိတယ်လို့ မဆိုလိုပါဘူး။ သူဟာ Entertainment အဆင့်မှာပဲ ရှိပါသေးတယ်။ မိမိ အနေနဲ့ ပိုပြီးတော့ အကျိုးရှိချင်တယ် ဆိုရင် သတင်းလေးတွေ၊ အင်္ဂလိပ်စာ လေ့လာစရာလေးတွေ၊ ဗဟုသုတ ရှာမှီးစရာလေးတွေ များစွာ များစွာ ရှိပါတယ်။ စာရေးသူဆိုရင် Mashable, Linkedin, Bogger, WordPress, HTML အစရှိသဖြင့် App များ အနေနဲ့ကော ဝဘ်ဆိုဒ် အနေနဲ့ကော များစွာ ဖုန်းထဲကော၊ လပ်တော့မှာပဲ ကြည့်ဖြစ် သုံးဖြစ် ပါတယ်။ Facebook ပေါ်မှာ တစ်နေကုန် ရှိနေလို့ ဘဝအတွက် အကျိုးများစွာ ဖြစ်ထွန်းစေမှာ မဟုတ်ပါဘူး။ တစ်ရက်မှာ အနည်းဆုံး သိစရာ ဗဟုသုတ ဘယ်နှစ်ခုရှိရမယ်ဆိုတဲ့ မှတ်တိုင်မျိုး ထားလို့ လေ့လာ ရှာမှီးစေချင် ပါသေးတယ်။ အကယ်၍ အကျိုးရှိရာ သုံးတယ်ဆိုတာ ဘာကို သုံးတာမှန်းမသိရင် လွယ်ပါတယ်။ Google ထဲကနေ ပြီးတော့ မိမိသိချင်ရာ တစ်ခုခုကို ရိုက်လိုက်ပါ။ သူက နေပြီးတော့ မိမိသိသင့်တဲ့အရာ၊ နေရာကို ချက်ချင်း ညွန်ပြပေးပါလိမ့်မယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဘယ်ဟာလေးတော့ ကောင်းတယ် ဘယ်ဟာလေးတော့ မကောင်းဘူး အစရှိသဖြင့်တို့က Google ရဲ့ ညွန်ပြပေးမှုကြောင့် သိရှိလာရခြင်း ဖြစ်ပါတယ်။ အဲ့ဒီမှာ English လို ရိုက်ရှာခြင်းဖြင့် လွယ်တကူ သိရှိ နိုင်မှာ ဖြစ်ပါတယ်။

အွန်လိုင်း အခမဲ့ သင်တန်းများ တက်စေလို

Khan Academy, Coursera တို့အပြင် အခြားသော အွန်လိုင်းမှာ နာမည်ကြီးတဲ့ အခမဲ့ သင်တန်းများစွာ ရှိပါတယ်။ သူတို့ကနေ ပြီးတော့ မိမိကိုယ် သင်ပေးနိုင်တဲ့ ဘာသာရပ်က မနည်းပါဘူး။ အင်္ဂလိပ်စာကနေ စလို့၊ စီးပွားရေး ပညာ၊ အိုင်တီပညာ အပြင် အခြားသော အထူးပြုများစွာ ရှိပါတယ်။ IT အတွက်ဆိုရင် Microsoft, Java, Codecademy, Cisco, Juniper တို့ အပြင် အခြားသော အရင်းအမြစ် များစွာလည်း ရှိနေပါသေးတယ်။ ဒါတွေ အားလုံးဟာ အခမဲ့ပါ။ အင်တာနက် ဖုန်းဘေလ်ဖိုးကတော့ မိမိကိုယ်တိုင် ကျခံရန် လိုအပ်ပါတယ်။ ကျနော်တို့ ဆိုရင် ဖုန်းအင်တာနက်လည်း မတက်နိုင်တဲ့ အချိန်အခါတုန်းက ရုံးမှာ အလုပ်ကို ငါးနာရီ ပြီးရင် ရုံးမဆင်းသေးပဲ မိမိလေ့လာချင်တာ လေ့လာဖို့အတွက် အင်တာနက်ကို ဆက်ပြီးတော့ သုံးပါတယ်။ လိုလျှင် ကြံဆ နည်းလမ်းရ ဆိုသလို ပါပဲ မိမိမှာ တကယ် သင်ယူ တတ်မြောက်ချင်တဲ့ စိတ်ရှိရင် အလိုအလျောက်ကို ရှာဖွေ ဆည်းပူး သွားပါလိမ့်မယ်။ ဒီတော့ မိမိမှာ လေ့လာသင်ယူချင်စိတ် ရှိဖို့သာ အဓိကပါ။ ဒါပေမယ့် သိထားရမှာက သူတို့ အများစုဟာ အင်္ဂလိပ်လို ရေးထားခြင်း ဖြစ်တာကြောင့် အင်္ဂလိပ်စာ အရေးအသားများကိုတော့ ဖတ်တတ်ဖို့ လိုအပ် ပါသေးတယ်။

အွန်လိုင်းမှာ အလုပ်အကိုင် ရှာစေလို

အွန်လိုင်းကနေ အလုပ်အကိုင် ရှာလို့ရတဲ့ ဝဘ်ဆိုဒ်တွေ အများကြီး ရှိပါတယ်။ work.com.mm, Myjobs.com.mm တို့လို ဝဘ်ဆိုဒ်များ ရှိပြီး အခြားသော အလုပ်အကိုင်အတွက်တင်ပေးတဲ့ ဝဘ်ဆိုဒ်တွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲမှာက Linkedin (www.linkedin.com) ကို လမ်းညွန်ပါရစေ။ သူဟာလည်း ဆိုရှယ်မီဒီယာ တစ်ခုဖြစ်ပေမယ့် ထူးခြားတာက Profile အကောင့်ကို အချက်အလက် အစုံဖြည့်ထားပြီးရင် လုပ်ငန်းရှင်တွေက ကိုယ့်ကိုယ် ဆက်သွယ်လာပြီး အလုပ်အကိုင်နဲ့ ပက်သက်လို့ မေးမြန်းခြင်း၊ ခေါ်ယူခြင်း ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင် LinkedIn Profile ထားရှိခြင်းကြောင့် နိုင်ငံတကာနဲ့ ယဉ်ဘောင်တန်းတဲ့ ဒေသတွင်းက အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ရရှိပါတယ်။ ဒါကလည်း မိမိမှာ အတွေ့အကြုံ ဘယ်လောက်ရှိတယ်၊ အရည်အချင်း ဘယ်လောက် ရှိတယ် ဆိုတာကို ထည့်သွင်း ဖော်ပြထားဖို့ လိုအပ်ပါတယ်။ သူတို့က အဲ့အချက်တွေကို ကြည့်ပြီး သဘောကျလို့ ခေါ်ယူခြင်း ဖြစ်ပါတယ်။ မိမိ အနေနဲ့ ဒါကြောင့်မို့ ကိုယ်တိုင်လည်း အလုပ်လုပ်ဖူးထားတယ်။ အတွေ့အကြုံရှိတယ်။ တကယ်လည်း ဖော်ပြထားသလို တော်တယ် တတ်တယ် ဆိုရင် အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေ ရရှိမှာပါ။ ဒါကြောင့်မို့ Facebook သုံးနေတာတင် မကပဲ အွန်လိုင်းကနေလည်း အလုပ်ရှာတတ်အောင် လုပ်ယူသင့်ပါ သေးတယ်။

အွန်လိုင်းမှာ မိတ်ဆွေကောင်းများ ရှိစေလို

အွန်လိုင်းမှာ မိတ်ကောင်း၊ ဆွေကောင်းများလည်း ရှိသင့်ပါသေးတယ်။ Facebook မှာပဲ ဖြစ်ဖြစ် ဘယ် Social Media ပေါ်မှာပဲ ဖြစ်ဖြစ် မိတ်ဆွေကောင်း ရှာတတ် ထားတတ်ရင် ရှိနိုင်ပါတယ်။ အချို့ဆို ဖူးစာရှာတွေ့တတ်ပါတယ်။ အချို့ကျတော့လည်း လူလိမ်တွေနဲ့ တွေ့တတ်ပါတယ်။ အချို့ကျတော့လည်း ကိုယ့်ကို အန္တရာယ်ပေးတတ်သူများနဲ့ တွေ့ပါတယ်။ မိတ်ဆွေကောင်းကတော့ အပြင်က သိတဲ့သူတွေက ပိုပြီးတော့ စိတ်ချယုံကြည်ရပါတယ်။ အပြင်မှာ တစ်ခါမှ မတွေ့ဖူးတဲ့သူတွေနဲ့ ဖြစ်တယ်ဆိုရင်လည်း စကားပြောတဲ့အခါ ဆင်ခြင် ကြံဆပြီး ပြောရန် လိုအပ်ပါတယ်။ အပြင်မှာ တွေ့ဖို့ ခေါ်တိုင်း သတိ မကပ်ပဲ တစ်ကိုယ်တည်း မသွားမိပါစေနဲ့။ လူသားတွေဟာ အွန်လိုင်းပေါ်မှာ အချိန်ပေးမှု များလာတာကြောင့် ပိုပြီးတော့ အထီးကျန်လာကြ ပါတယ်။ အွန်လိုင်းမှာ မိတ်ဆွေကောင်း ရှိတော့ ကိုယ့်အတွက် အကျိုးရှိရာ link လေးများ၊ အချက်အလက်လေးများ၊ အကြောင်းအရာလေးများကို သူတို့က ရှာဖွေ ကူညီပေးသွား ပါလိမ့်မယ်။ ဒီတော့ ကိုယ့်ဘက်ကလည်း သူတစ်ဖက်သားအတွက် သိရန်၊ ရရန် ကောင်းသည်များကို ရှိတဲ့အခါ မျှဝေပေးသင့်ပါတယ်။

အီးမေးလ် ၂ ရက် တစ်ခါ စစ်ပါ

အမှန်တော့ အီးမေးလ်ကို တစ်ရက် တစ်ခါစစ်သင့်တာပါ။ ဒါပေမယ့် အင်တာနက် အခက်အခဲရှိတယ်ဆိုရင်တော့ ၂ ရက်တစ်ခါ စစ်လည်း အဆင်ပြေပါတယ်။ မင်းသမီး မရွှေဇင်ထိုက်ဟာ သူမရဲ့ ဘဝကို အီးမေလ် တစ်စောင်က ပြောင်းလဲပေးခဲ့ကြောင်းကို Connected Women Conference မှာ သူမ ပြောလို့ သိရှိ နားထောင်ခဲ့ဖူးပါတယ်။ သူမကို အမေရိကန် NGO အဖွဲ့အစည်း တစ်ခုမှ အီးမေလ်းပို့တာကို တွေ့ရှိခဲ့ပြီး နောက်တော့ အမေရိကန်အထိ သွားရတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခဲ့ပြီး ယနေ့တော့ လူတိုင်း သိတဲ့ လူမှုရေးလုပ်ငန်း ပြုလုပ်သူ အများလေးစားချစ်ခင်ရတဲ့ ဆရာမကြီး တစ်ဆူ ဖြစ်နေပါပြီ။ ဒါကြောင့်မို့ မိမိ အနေနဲ့ အင်တာနက်သုံးပြီဆိုရင် အီးမေးလ် လေးတော့ အသုံးပြုသင့်ပါသေးတယ်။ အီးမေလ်ကို လုံခြုံအောင် ထားပါ။ ဒီတိုင်းကြီးလည်း မသုံးပဲ မနေပါနဲ့။ လိပ်စာကဒ်တွေမှာ ထည့်သုံးပါ။ ဝဘ်ဆိုဒ်တွေမှာ အချက်အလက်ယူဖို့ Member ဝင်တဲ့အခါ သုံးပါ။ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ တက်ရင်လည်း စာရင်းသွင်းတဲ့အခါ ပေးခဲ့ပါ။ ဒီတော့ ကိုယ်ဟာ သတင်းအချက်အလက်များနဲ့ မပျက်တော့ပဲ အခွင့်အလမ်းသစ်များတောင် ပေါ်ပေါက်နိုင်ပါသေးတယ်။ အီးမေးလ်ကို ကွန်ပြူတာပေါ်မှာ mail.google.com မှာ သုံးလို့ရသလို ဖုန်းမှာဆိုရင် Gmail app တို့ကို အသုံးပြုလို့ သုံးနိုင် ပါသေးတယ်။

ဒါကြောင့်မို့ အနှစ်ချုပ်အားဖြင့် အင်တာနက်၊ အွန်လိုင်းကို အကျိုးရှိရှိ အသုံးချဖို့ဆိုရင်

မှန်ကန်သော အရင်းအမြစ်များမှ သတင်းအချက်အလက်များ ဖတ်ရှုခြင်း
အင်တာနက်မှာ မိမိရဲ့ လုံခြုံရေး မြင့်တင်ခြင်း
အကျိုးရှိရာ App လေးများ အသုံးပြုခြင်း
အွန်လိုင်း အခမဲ့ သင်တန်းများ တက်ခြင်း
အွန်လိုင်းမှာ အလုပ်အကိုင် ရှာခြင်း
အွန်လိုင်းမှာ မိတ်ဆွေကောင်းများ ရှိခြင်း
အီးမေးလ် ၂ ရက် တစ်ခါ စစ်ခြင်း

တို့ကို ပြုလုပ်ရမှာဖြစ်ပါတယ်။ အင်တာနက် အွန်လိုင်းဆိုတာ သမုဒ္ဒရာကြီး တစ်ခုသဖွယ် ဖြစ်လို့နေပါပြီ။ သတင်းအချက်အလက်ပေါင်း သိန်းပေါင်း၊ သန်းပေါင်း မြောက်များစွာ ရှိနေပြီ ဖြစ်ပြီး ဒါတွေကို သုံးတတ်ရင်ဆေးစွမ်းပဲ ဖြစ်ပါတယ်။ မိမိဘဝကို လက်ရှိ ရှိရင်းစွဲကနေ ပညာတတ်ကြီး တစ်ယောက် ဖြစ်သွားအောင်အထိ ထောက်ပံ့ပြုပေးသွားနိုင်မယ့် အချက်အလက်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စာရေးသူ ယခု ပြောတဲ့အချက်တွေမှာတင် မကျေနပ်ပဲ ထပ်ထပ်ပြီးတော့ ဆည်းပူးလေ့လာရန် လိုအပ်ပါကြောင်း တိုက်တွန်းလို့ နိဂုံးချုပ်အပ် ပါတယ်။

အောင်ခမ်း (MMAS)
#aungkham_mmas
http://www.myanmarmobileapp.com/2015/05/14/onlineusinggood/
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Fix Sensor Error For Samsung Galaxy Neo Plus I9060i

Friday, May 15, 2015

Samsung Galaxy I9060i ကို Root လုပ်ပြီး Sensor Error တက်လို့မေးထားတဲ့ သူတွေအတွက်

ပြန်လည်မျှဝေပေး လိုက်ပါတယ်။ အရင်ဆုံး လိုအပ်တာလေးကို Download ရယူ လိုက်ပါခင်ဗျာ။




Download ရယူပြီးရင်တော့ အောက်ကနည်းလေးအတိုင်း ပြုလုပ်လိုက်ပါ။


1) install super su
2) install flashfiy
3) move boot.img form fix sensor folder to device
4) open flashfiy apk then grant for root
5) choose boot image
6) then you have choose where you have put boot.img file
after reset phone
the sensor will be work again


Refer & Credit >>> hosam kashto( forum.gsm )


-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ပြန်ပြောမပြနိုင်သော အရာများ

Friday, May 15, 2015
ဟိုးရှေးရှေး တုန်းက ရွာကြီးတစ်ရွာ ရှိတယ်။ ရွာမြောက်ဘက်မှာ ထူးဆန်းတဲ့ တံတိုင်းကြီးတစ်ခု ရှိတယ်။ ဘယ်အချိန် ကတည်းက ဘယ်သူဆောက်ခဲ့တဲ့ တံတိုင်းလည်းတော့ မသိဘူး။ နှစ်ပေါင်း ဘယ်လောက် ကြာမှန်း မသိတဲ့ တံတိုင်းကြီးရဲ့ တစ်ဘက်မှာ ဘာတွေ ရှိသလဲဆိုတာ လူတိုင်း သိချင်ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မစူးစမ်းရဲကြဘူး။

တံတိုင်းပေါ်ကို သိချင်လို့ တက်သွားတဲ့ သူတိုင်းဟာ ပြန်ဆင်း လာလေ့ မရှိဘူး။ တံတိုင်းပေါ်ရောက်တာနဲ့ ပျော်ရွှင်စွာ လက်တွေကို ဆန့်တန်း၊ ရွှင်မြူးစွာအော်ပြီး တစ်ဘက်ကို ခုန်ဆင်း သွားကြတာ များတယ်။ အဲဒီ လူတွေ ဘယ်တော့မှ ရွာကို ပြန်ရောက် မလာကြတော့ဘူး။

သိချင်စိတ်တွေ ပြင်းထန်ပေမယ့် ပျောက်သွား တတ်တာကြောင့် မစူးစမ်းရဲတဲ့ သူတွေကို တစ်နေ့တော့ လူတစ်ယောက်က အကြံပြုတယ်။ ခြေထောက်ကို ကြိုးချည်ပြီး တံတိုင်းပေါ် တက်သွားမယ်။ တံတိုင်းပေါ် ရောက်ရင် ဟိုဘက်မှာ ဘာရှိတယ်ဆိုတာကိုကြည့်။ ကြည့်ပြီးရင် ဟိုဘက်ကို ခုန်းမဆင်းနိုင်အောင် သူ့ကို ကြိုးနဲ့ ပြန်ဆွဲချမယ်လို့ သူကပြောတယ်။

ဒီလိုနဲ့ တံတိုင်းပေါ်ကို ဘယ်သူတက်မလဲလို့ မေးလိုက်တော့ အမျိုးသမီး တစ်ယောက်က သူတက်ကြည့်ပါရ စေလို့ တောင်းဆိုတယ်။ ဒါကြောင့် သူမကို ခြေထောက်မှာ ကြိုးနဲ့ချည်လိုက်ပြီး တံတိုင်းအထက် တက်စေ လိုက်တယ်။

အဲဒီအမျိုးသမီးက တံတိုင်းပေါ်ရောက်တော့ ပျော်ရွှင်စွာအော်လိုက်တယ်။ နောက်ပြီး လက်နှစ်ဘက်ကို ဆန့်တန်းပြီး တစ်ဘက်ကို ခုန်ချဖို့ပြင်တယ်။ ရွာသားတွေလည်း သူ့ကို အတင်း ဒီဘက်ပြန်ဆွဲချ လိုက်ရတယ်။

အောက်ကိုရောက်လာတဲ့ သူ့ကို ရွာသားတွေက ဟိုဘက်မှာ ဘာတွေ့သလဲလို့ ၀ိုင်းမေးကြတယ်။ ထူးဆန်းတာက အဲဒီအမျိုးသမီးဟာ ဘာတစ်ခွန်းမှ ပြန်မပြောနိုင်တော့ဘဲ အ,အကြီး တစ်ယောက် လိုဖြစ်သွားတယ်။

လောကကြီးမှာ

- မြင်တာကို မပြောနိုင်တဲ့သူ
- မြင်တာကို မထုတ်ဖော်နိုင်တဲ့သူ
- မြင်တာကို သရုပ်မဖော်နိုင်တဲ့ သူတွေအများကြီး ရှိတယ်။

လောကမှာ ထုတ်ဖော်မပြောနိုင်တဲ့၊ သရုပ်ဖော်မပြနိုင်တဲ့ အရာတွေ အများကြီး ရှိနိုင်တယ်။

(Osho ၏ တရားတစ်ပုဒ်မှ ကောက်နုတ်ဖော်ပြပါသည်)

၁၂.၅.၂၀၁၅
https://www.facebook.com/tin.nyunt.338?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

နှစ်ခါသေမှာ စိုးရိမ်လို့

Friday, May 15, 2015
ဂျပန်ဧကရာဇ်ရဲ့ တပ်ကို တာဂျီးမားဟာ ဓားရေးနည်းပြဆရာ အနေနဲ့ ရောက်လာတယ်။ အဲဒီအချိန်မှာ ရှိုဂန်းရဲ့ သက်တော်စောင့် လုပ်နေသူ တစ်ယောက်က သူ့ထံရောက်လာပြီး

"ဆရာ .. ကျွန်တော့်ကို ဓားရေး ကျွမ်းကျင်အောင် သင်ပေးပါ" လို့ ရိုသေစွာ လာပြောတယ်။ ဒီတော့ တာဂျီးမားက

"အေး မင်းရဲ့ အနေအထားကို ကြည့်ပြီးမှ သင်ပေးသင့်၊ မသင့် ငါဆုံးဖြတ်မယ်။ မင်းငါ့မေးခွန်း တစ်ခုဖြေရမယ်။ မင်း အရင်က ဘယ်ဆရာဆီမှာ ဓားရေးသင်ခဲ့သလဲ" လို့ မေးလိုက်တယ်။

သက်တော်စောင့်ကလည်း

"ကျွန်တော် ဘယ်ဆရာ့ထံမှာမှ ဓားရေးအတတ်ကို မသင်ခဲ့ဖူးပါဘူး" လို့ပြန်ဖြေလိုက်တယ်။

ဒီလိုဖြေလိုက်တော့ တာဂျီးမားလည်း စိတ်ဆိုးသွားတာပေါ့။ ရှိုဂန်းဆီမှာ သက်တော်စောင့်ရာထူး ရဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ တော်ရုံ အရည်အချင်းနဲ့လည်း ရနိုင်တာမဟုတ်ဘူး။

"မင်း .. ငါ့ကို နောက်နေတာလား။ ငါက လူတစ်ယောက်ကို မြင်တာနဲ့သိတယ်။ မင်းပုံစံက ဓားရေးမတတ်ဘူးလို့ တော့ ငါ့ကိုလာမပြောနဲ့" ဟုဆိုလိုက်သည်။

"ဆရာ .. ဆရာ့ကို ကျွန်တော် အငြင်းအခုံ မပြုချင်ပါ။ ကျွန်တော် ဘယ်ဆရာထံကမှ ဓားရေးအတတ်ကို မသင်ခဲ့ဖူးတာတော့ အမှန်ဖြစ်ပါတယ်"

"ကဲ … ဒါဆိုလည်း ဓားထုတ်၊ မင်းနဲ့ ငါ တစ်ပွဲတစ်လမ်းပေါ့"

တာဂျီးမားနဲ့ သက်တော်စောင့်လေးလည်း ဓားရေးယှဉ်ကြတယ်။ အံ့သြစရာကောင်းလှတဲ့ ဓားခုတ်ပွဲကြီးတစ်ခု ဖြစ်သွားခဲ့ရတယ်။ မိနစ်အနည်းငယ် ဓားရေး ယှဉ်ပြီးတော့ တာဂျီးမားက ရပ်လိုက်ပြီး

"မင်းပြောတော့ ဓားရေးကို ဘယ်မှာမှ မသင်ခဲ့ ဘူးပြောတယ်။ မင်းအခု ငါနဲ့ ဓားရေးယှဉ်တာ ငါ့ထက်တောင် သာနေတယ်။ မင်း မလိမ်နဲ့ ငါ့ကို အမှန်အတိုင်းပြော။ မင်းဆရာ ဘယ်သူလဲ"

"ကျွန်တော့်မှာ ဆရာမ ရှိတာတော့ အမှန်ပါ။ ကျွန်တော့်ဘာသာ ကြိုးစားလေ့ကျင့် ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ငယ်စဉ်ကတည်းက အဖေက သေမှာ မကြောက်နဲ့။ ကြောက်ရင် နှစ်ခါသေတယ်လို့ အမြဲသွန်သင်ပါတယ်။ နှစ်ခါသေမှာကြောက်လို့ ကျွန်တော် ဘယ်တော့မှ ကြောက်စိတ် မထားဘူး"

"ငါပြောချင်တာ အဲဒါဘဲ။ ဓားသမားတစ်ယောက်မှာ ကြောက်စိတ်မရှိရင် လွတ်မြောက်သွားပြီ။ ဒီမှာ မင်းကို ငါသင်စရာ မလိုတော့ဘူး။ မင်းဟာ မင်းဘ၀မှာဆရာ၊ သေမှာကို မကြောက်ရင် မင်းကိုဘယ်သူမှ နိုင်ဖို့မလွယ် တော့ဘူး" လို့ တာဂျီးမားက ပြောလိုက်တယ်။

(ဂျပန်ပုံပြင်တစ်ပုဒ်ကို ပြန်ရေးထားတာပါ)

၁၃.၅.၂၀၁၅
https://www.facebook.com/tin.nyunt.338?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ဦးကျည်ပွေ့ ဘရူတို

Friday, May 15, 2015
အနောက် ဗာဂျီးနီးယား တက္ကသိုလ် သမိုင်းမှာတော့ အသက်အကြီးဆုံး ဘွဲ့ရတစ်ဦး ပေါ်ထွက်ခဲ့ပါပြီ။ အသက် ၉၄ နှစ်အရွယ် အန်သိုနီ ဘရူတိုဆိုတဲ့ အဘိုး တစ်ယောက်ဟာ မေလ ၁၀ ရက်နေ့က ဒစ်ပလိုမာဘွဲ့ တစ်ခုကို ရအောင် ယူသွားနိုင်ခဲ့ပြီလို့ AP သတင်းမှာ ဖတ်လိုက်ရတယ်။

အဘိုး ဘရူတိုဟာ အသက် ၇၅ နှစ်ကတည်းက မဆုတ်မနစ်ဇွဲနဲ့ ပညာကြိုးစား လာခဲ့တာ။ သူ ယခု ရမယ့်ဘွဲ့က Regents Bachelor of Arts ဘွဲ့လို့ သိရတယ်။

ဘရူတို တက္ကသိုလ် စတက်ခဲ့တာ ၁၉၃၉ ခုနှစ်ကတည်းကပါ။ အဲဒီခေတ်က ကျောင်းလခက ဒေါ်လာ ၅၀ ပဲရှိသေးတယ်။ ၁၉၄၂ မှာ သူကျောင်းထွက်ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့အချိန်အထိ လေတပ်မှာ တာဝန် ထမ်းဆောင်နေရလို့ ကျောင်းထွက် လိုက်ရတာ။

သူ ၁၉၄၆ ခုနှစ်မှာ တက္ကသိုလ်ပြန်တက်တယ်။ ဒါပေမဲ့ ကျောင်းပြီးအောင် မတက်လိုက်ရပါဘူး။ ဇနီးသည် နေမကောင်းတာနဲ့ ပြုစုပေးနေရလို့ ကျောင်းထွက် ခဲ့ရပြန်တယ်။

သူဟာ စက်ပြင်အလုပ်နဲ့ အသက်မွေးရင်းက ဘွဲ့တစ်ခုကို မရ,ရအောင်ယူမယ်ဆိုပြီးဆုံးဖြတ်ခဲ့တာ။ သူ့ဘ၀မှာ ဘွဲ့တစ်ခုယူဖို့ပဲ အရေးကြီးတယ်လို့ သတ်မှတ်ပြီး အသက် ၇၅ နှစ်ကတည်းက ကြိုးစားလာလိုက်တာ ခုတော့ ဆန္ဒပြည့်ဝခဲ့ပါပြီ။ သူက ခေတ္တနားလိုက်ဦးမယ်၊ မာစတာဘွဲ့ယူဖို့ အားမွေးလိုက်ဦးမယ်လို့ ပြောသေးတယ်။

သူတို့နိုင်ငံမှာ ပညာရေးကို ဘယ်အချိန်ရောက်ရောက်၊ ဘယ်အရွယ်ဖြစ်ဖြစ် အဲဒီလိုအားပေးတယ်။ ဒီမှာကတော့ ကျောင်းထုတ်ခံလိုက်ရတဲ့ကျောင်းသားတစ်ယောက် ကျောင်းပြန်တက်ခွင့်ရဖို့ဆိုတာ ပါချုပ်ကို ခြေသလုံးဖက်ရ တော့မလိုဖြစ်နေတာနဲ့တော့ ကွာပါ့ဗျာ။

၁၃.၅.၂၀၁၅

https://www.facebook.com/tin.nyunt.338?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ကျောင်းကောင်းဆိုတာ

Friday, May 15, 2015
- ကျောင်းကောင်းဆိုတာ ကိုယ့်ကျောင်း သားတွေကို ဂရုစိုက်တဲ့ ကျောင်းမျိုးဖြစ် ရမယ်။ ကျောင်းမှာ ရှိတဲ့ ကျောင်းသားတွေ ဘာတွေလိုအပ်နေသလဲ၊ ဘာတွေ သင်ပေးဖို့ လိုမလဲဆိုတာ သိရမယ်။ ကိုယ့် ကျောင်းကို လာတက်တဲ့ ကျောင်းသားတွေကို သင်ယူမှုမှာ စိတ်ဝင်စားအောင်၊ အားထုတ်မှုမှာ မြင့်မား လာအောင် လှုံ့ဆော်အားပေးနိုင်တဲ့နေရာ မျိုးဖြစ်ရမယ်။

- ကျောင်းကောင်း ဆိုတာ အရေး၊ အဖတ်၊ အတွက်၊ အတွေး၊ အလုပ်၊ အကျင့်၊ အပြော အားလုံးကောင်း အောင် နည်းပေးလမ်းပြ လုပ်ဆောင်ပေးနိုင်တဲ့ နေရာတစ်နေရာဖြစ်ရမယ်။

- ကျောင်းကောင်း ဆိုတာ ကျောင်းသားတိုင်းကို အကောင်းမြင်စိတ်ထား ပွားများနိုင်အောင် လေ့ကျင့်ပျိုး ထောင်ပေးနိုင်တဲ့ နေရာတစ်နေရာဖြစ်ရမယ်။ ပညာရေးဆိုတာ အတန်းတစ်တန်း တက်သွားတိုင်း ကျန်ခဲ့တဲ့အတန်းဟာ လမ်းဆုံးဖြစ်သွားပြီဆိုတဲ့ အယူအဆ အတွေးမျိုးတွေ ဖျောက်ပေးနိုင်ရမယ်။ ဘ၀တစ်သက်တာ ပညာရှာဖို့လိုတယ်။ ပညာသင်ကြားခြင်း၊ သင်ယူခြင်းဆိုတာ မပြီးဆုံးနိုင်တဲ့ ခရီးရှည် ကြီးကို စိတ်ရှည်စွာ လျှောက်လှမ်းခြင်းဖြစ်ကြောင်း နားလည်အောင် လုပ်ပေးနိုင်ရမယ်။

- ကျောင်းကောင်းဆိုတာ ဆရာတွေက အမြဲနိုးကြားတက်ကြွပြီး ပြိုင်ဆိုင်မှုတွေကို ထက်သန်၊ စိန်ခေါ်မှု တွေကို လက်ကမ်းနေတဲ့ နေရာမျိုးဖြစ်ရမယ်။ ကိုယ့်ပညာနဲ့ ကိုယ့်အလုပ်ကို တန်ဖိုးထားပြီး မဖောက်ပြန်တဲ့ တည်ကြည်လေးမြတ် လေးစားအပ်သူတွေ ရှိနေတဲ့နေရာဖြစ်ရမယ်။

- ကျောင်းကောင်းဆိုတာ မိဘ၊ ဆရာ၊ ကျောင်းသားပူးပေါင်း လက်တွဲပြီး ကလေးတွေကို အကောင်းဆုံး ဖြစ်အောင် ပို့ဆောင်ပေးနိုင်တဲ့ နေရာတစ်နေရာဖြစ်ရမယ်။

- ကျောင်းကောင်းဆိုတာ မိဘက ဘယ်လိုအဆင့်အတန်း၊ အခြေအနေ၊ အသားအရောင်၊ ကိုးကွယ်သည့် ဘာသာ၊ လူမျိုး ကွဲပြားနေသည်ဖြစ်စေ တစ်သွေးတည်း၊ တစ်သားတည်း အားလုံးကို ကိုယ့် ရင်နှစ်သည်းချာ အဖိုးတန်ရတနာများလို့ မှတ်ယူ ထွေးပွေ့ ဘ၀တွေကို မြှင့်တင်ပေးနိုင်တဲ့နေရာ တစ်နေရာဖြစ်ရမယ်။

(စင်ကာပူနိုင်ငံက ကျောင်းကောင်းဆိုတာ ဘယ်လိုကျောင်းမျိုးဖြစ်ရမယ်ဆိုပြီး ခံယူထားချက်တွေဖြစ်ပါတယ်။)

၁၄.၅.၂၀၁၅

https://www.facebook.com/tin.nyunt.338?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

အောင်မြင်ချင်းအတူတူ

Friday, May 15, 2015
မိုက်ကယ် ဆွင်းဆန်းသည် ရေကူးနှစ်သက် သူဖြစ်သည်။ ညနေကျောင်းဆင် ချိန်တိုင်းတွင် ရေကူးကန်သို့သွား သည်။ တစ်ပတ်ပြီး တစ်ပတ် မနားတမ်း ကူးတတ် သူလည်းဖြစ်သည်။ ရေကူးမှုနှစ် အတန်ကြာလာသည့် အခါတွင် သူမည်မျှစွမ်းဆောင်နိုင်ကြောင်း မှတ်ကျောက် အတင်ခံကြည့် လိုစိတ်တွေပေါ် လာသည်။ ငါဘယ်လောက် စွမ်းဆောင်နိုင်ကြောင်း ငါကိုယ်တိုင် သတ်မှတ်၍ မရပေ။

မိုက်ကယ်သည် တစ်နေ့တွင် ရေကူးပြိုင်ပွဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။ ဒေသဆိုင် ရာရေကူးပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ယမန်နေ့က သတင်းစာများတွင် သူတွေ့လိုက်ရသည်။ မိုက်ကယ်သည် စာရင်း သွင်းလိုက်ပြီး ဆက်လက်လေ့ကျင့်နေသည်။ ပြိုင်ပွဲသည် ကန်ဖြတ် ၁၀ မိုင် ရေကူးပြိုင်ပွဲဖြစ်သည်။ လေးပတ်ခန့် မနားမနေလေ့ကျင့် အပြီးတွင် မိုက်ကယ်သည် ပြိုင်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။

နောက်ဆုံးတွင် ပြိုင်ပွဲနေ့သို့ရောက် လာပြီဖြစ်သည်။ ပြိုင်ပွဲဝင်သူပေါင်း ရာနှင့်ချီပြီးရှိနေကြောင်း သူအံ့ဩစွာတွေ့ လိုက်ရသည်။ ကန်ပတ်လည်တွင်လည်း အားပေးသူထောင်နှင့် ချီပြီးရှိနေသည်။

ညွှန်ကြားချက်များဖတ်ပြပြီးနောက် ရေကူးပြိုင်ပွဲဝင်မည့်သူများ တန်းစီလိုက်ကြသည်။ သေနတ်ဖောက်လိုက် သည်နှင့် ပြိုင်ပွဲစတင်တော့သည်။ မိုက်ကယ်သည် သူလေ့ကျင့်ထားသည့်အတိုင်း အားထုတ်ပြီး မဆုတ်မနစ် ကြိုးပမ်းသည်။ ငါးမိုင်ဟူ၍ပြထားသည့် အမှတ်အသားအထိ မိုက်ကယ်ကဦးဆောင်နေသည်။ ထိုအချိန်တွင် အနည်းငယ် မောပန်းနွမ်းနယ်မှုဖြစ်လာသည်။ ပင်ပန်းခြင်းသည် ကျွန်တော်တို့ကို သူရဲဘောကြောင်စေသည်။ မဖြစ်နိုင်တော့ဘူးဆိုသည့် လက်လျှော့ချင်စိတ်တွေ မိုက်ကယ်စိတ်ထဲသို့ဝင်လာသည်။ ငါဘာကြောင့် ဒီလို လုပ်ရတာလဲ။ မတတ်နိုင်တော့ဘူး။ ဒီတစ်ကြိမ်တော့နေပါစေ။ နောက်တစ်ကြိမ်မှ ကြိုးစားတော့မယ်ဆိုသည့် လက်လျှော့လိုစိတ်တွေဝင်လာသည်။

မိုက်ကယ့်စိတ်တွင် သံသယတွေဝင်ပြီး တွေဝေနေချိန်တွင် သူ့နောက်က ဒုတိယနေရာမှလိုက်နေသည့်သူက ၈ မိုင်ဟုပြထားသည့် အမှတ်အသားနေရာသို့ရောက်ရန် ကိုက် ၁၀၀ ခန့်သာကွာတော့သည်။ မိုက်ကယ်သည် မခံချင်စိတ်ပေါ်သွားပြီး အပြင်းအထန် ကူးတော့သည်။ ချက်ချင်းအောင်ပွဲခံချင်သည့်စိတ်တွေဝင်လာပြီး ကြိုးစား အားထုတ်လိုက်သည်။ ၉ မိုင်ဟု အမှတ်အသားပြထားသည့်နေရာတွင် သူ့နောက်မှ လိုက်နေသူနှင့် ကိုက် ၃၀ ခန့်သာကွာတော့သည်။ သူအတော်လေးကြိုးစားမှဖြစ်တော့မည်။

ပန်းတိုင်သို့ ၅ ကိုက်အကွာတွင် နောက်မှလိုက်လာသူက သူ့ကိုကျော်တက်ပြီး ပန်းဝင်သွားသည်။ ပန်းဝင်လာသူ နှစ်ဦးစလုံး သဲပြင်ပေါ်တွင် ပက်လက်လှန်ပြီး မောဟိုက်နေကြသည်။ ထိုအချိန်တွင် ထူးထူး ဆန်းဆန်းအဖြစ်အပျက်တစ်ခုပေါ်လာ သည်။ စောင့်ကြည့်အားပေးနေသူ များသည် ပထမပန်းဝင်သူကို သာမန် လောက်ချီးကျူးနှုတ်ဆက်ပြီး မိုက်ကယ့်ထံသို့ပြေးလာကြ သည်။ ဘာကြောင့်သူ့ထံသို့လာနေကြကြောင်း သူ သဘော မပေါက်။ သူက နိုင်သူမဟုတ်။

ထိုအချိန်တွင် လူအုပ်ထဲမှ မိန်းမအသံတစ်သံထွက်လာသည်။ "ဒီလူကနိုင်သူလည်းမဟုတ်ဘဲ ဘာဖြစ်လို့ အားပေးဂုဏ်ပြုနေကြတာလဲ" ဟူ၍ဖြစ်သည်။

လူတစ်ယောက်ကနောက်လှည့်ပြီး ပြန်ပြောလိုက်သည်မှာ

"တကယ်လို့ မိုက်ကယ်မှာ လက်နှစ်ဖက်စလုံးသာရှိရင် ဒီပွဲကို အသာလေးနိုင်မှာ" ဟူ၍ဖြစ်သည်။

(Why You Win and Why You Lose)

၁၅.၅.၂၀၁၅

https://www.facebook.com/tin.nyunt.338?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

အမှားကြောက်ရောဂါ

Friday, May 15, 2015
မျိုးဆက် တစ်ဆက်ရဲ့ စာသင်ခန်း ဆိုတာကို နောက်မျိုးဆက်တစ်ဆက်ရဲ့ အစိုးရအဖွဲ့အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိရ မယ်တဲ့။

အဲဒီစကားက အမေရိကန် သမ္မတကြီး အေဘရာဟင် လင်ကွန်းပြောသွားတယ်။ တန်ဖိုး ရှိလိုက်တဲ့ စကား။ ကျွန်တော်ဟာ လူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားတယ်ဆိုရင် အရမ်းသဘောကျ တတ်သူဆိုတော့ သူ့စကားကို ပြန်ဆင်ခြင်မိပြီးတော့ ကိုယ့်တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်မိတယ်။

ကျွန်တော်တို့မှာ မျိုးဆက်တစ်ဆက် မကပါဘူး။ မျိုးဆက်ပေါင်းများစွာ ဘယ်ကိုရောက်သွား ကြသလဲ။ နိုင်ငံခြားကို ကျွန်ခံဖို့ ထွက်သွားရသူတွေ၊ နိုင်ငံရေးလုပ်လို့ ထောင်ထဲရောက်နေတဲ့သူတွေ၊ လမ်းပေါ်မှာ၊ ပန်းခြံထဲမှာ၊ ဘီယာဆိုင်ထဲတွေမှာ၊ ဂိမ်းဆိုင်တွေထဲမှာ၊ အနာဂတ်ပျောက်နေတဲ့ မျိုးဆက်ပေါင်းများစွာဟာ စာသင်ခန်းထဲက ထွက်လာပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေကြတယ်။

ကျွန်တော်တို့ကျောင်းတွေနဲ့ ကျွန်တော်တို့ ပညာရေးစနစ်က မှားမှာကို ကြောက်စေတဲ့ ပညာရေးစနစ်ပါ။ ဒါကြောင့် မှားရင် မအောင်ဘူး၊ အမှတ်မရဘူး၊ ရှုံးမယ်လို့ သွန်သင်ထားခြင်းခံရတယ်။ ဆရာတွေနဲ့ မိဘတွေက လည်း အမှားကို ခွင့်မလွှတ်ဘူး။ ဒါကြောင့် မှားရင် အပြစ်ပေးတယ်။ ပြုပြင်ပေးဖို့ သတိမရဘူး။ မှားတာနဲ့ အပြစ် ပေးကြတော့ ကလေးတွေ မလုပ်ဝံ့ မကိုင်ဝံ့ မပြောဝံ့တော့ဘူးပေါ့။ အစိုးရကပိုဆိုးသေးတယ်။ မှားရင်ထောင်ချ မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်။

လူဆိုတာ မှားတတ်တာပဲ။ မှားပါစေ။ ဘာကြောင့်မှားရတာလဲ၊ ဒီအမှားဟာ မှားသင့်သလား၊ မမှားသင့်ဘူးလား၊ မမှားအောင် ဘယ်လို လုပ်နိုင်သလဲ။ မှားသွားလည်း ကိစ္စမရှိဘူး အမှန်ရောက်အောင် ဒီလို ပြင်နိုင်တယ်၊ အမှား ဆိုတာ အမှန်ရလာဖို့ လမ်းကြောင်းတစ်ခုပဲလို့ သွန်သင်ခြင်းမခံရတဲ့ လူ့ဘောင်အသိုင်းအ၀ိုင်းမှာ ကျွန်တော်တို့ ကလေးတွေကို ကြီးပြင်းစေရင် သူတို့မှာ အမှားကြောက်ရောဂါ စွဲကပ်သွားနိုင်တယ်။

ကလေးတစ်ယောက်ဟာ လမ်းလျှောက်တာ လဲမကျဘဲ မတတ်ဘူး။ လဲကျမှာ ကြောက်နေရင် လမ်းမလျှောက် တတ်တော့ဘူး။ လဲကျပါစေ၊ လျှောက်ပါစေ။ လဲကျတဲ့ကလေးကို သွားပြေးပြီး ထူပေးမယ့်အစား

"လာ .. ဒီရောက်အောင်လာခဲ့ .. ဖေဖေ ထူပေးမယ်" ဆိုတာများ ပြောဖူးကြရဲ့လား။

၁၅.၅.၂၀၁၅

https://www.facebook.com/tin.nyunt.338?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

သရက်သီး အစိမ်းသနပ် စပ်စပ်လေး

Friday, May 15, 2015

***... သရက်သီး အစိမ်းသနပ် စပ်စပ်လေး အတွက် လိုအပ်တာလေးတွေ…

1. သရက်သီး အကြီး – ၁ လုံး (600 g ခန်.)
2. ကြက်သွန်ဖြု – ၅ တက်ခန်. (၄ ပိုင်းခန့်ဖြတ်ပြီး လှီးထားပါ။)
3. 1 clove (လေးညှင်း)
4. 3 black peppercorns (ငရုတ်ကောင်း)
5. 1/4″ cinnamon stick (သစ်ဂျပိုး)
6. 14 methi seeds (fenugreek seeds) (ပဲနံ့သာစေ့)
7. ဆား – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
8. ဆီ (Vegi oil) – 1/2 cup (125 ml)
9. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
10. hing – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံ
11. chilli powder – ထမင်းစားဇွန်း ၁ ဇွန်းခွဲ (ငရုတ်သီးအကြမ်းမှုန်. မဟုတ်ပါ။)
12. အရောင်တင်မှုန်. – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
13. yellow crushed mustard seeds (အဝါရောင် မှုန်ညင်းစေ့) – ထမင်းစားဇွန်း ၁ ဇွန်း (ကျွန်မကတော့ crushedလုပ်ထားတာ ဝယ်မရလို. ငရုတ်ကျဉ်ပွေ့ဖြင့် ဖိကြိတ်ပြီး လုပ်လိုက်ပါတယ်။)

#. ရေဆေးထားသော သရက်သီးကို မခွံမခွာပဲ လက်မတစ်ဆစ်ခန်. အတုံးလေးများ လှီးထားပါ။ (၁၅ နာရီခန်.ကြိုလှီးထားပြီး ပန်းကန်ပြားလေးထဲ ထည့်ကာ အနည်းငယ်နွမ်းအောင် ထားပါ။ နေပူမလှမ်းရန် မလိုပါ။)

#. clove, cinnamon stick, black peppercorns နှင့် fenugreek seeds ကို ဒယ်အိုးထဲထည့်ပြီး အရောင်ပြောင်းလာသည်အထိ လှော်ပေးပါ။

#. အရောင်ပြောင်းလာလျှင် အမှုန်.ဖြစ်အောင်ထောင်းထားပါ။ (မာဆလာ လုပ်တာပါ။)

#. ဆီများကို အိုးတစ်အိုးထဲထည့်ပြီး အပူပေးထားပါ။ အငွေ.ထွက်လာလျှင် မီးဖိုမှဖယ်ထားပါ။

#. ဆားကို လှော်ပေးပါ။ ရွှေဝါညိုရောင်ဖြစ်လာလျှင် ပန်းကန်တစ်ခြပ်ထဲပြောင်းထည့်ကာ အအေးခံထားပါ။

#. မီးဖိုမှ ဖယ်ထားသောဆီ အတော်နွေးနွေးဖြစ်လျှင် နနွင်းမှုန်. နှင့် hingကို ထည့်မွှေကာ ဆက်ပြီး အအေးခံထားပါ။(ဆီအရမ်းအေးမှ မထဲ့ပါနှင့်။)

#. chilli powder, အရောင်တင်မှုန်.၊ ထောင်းထားသော မာဆလာ၊ လှော်ထားသောဆား (အေးနေဖို.လိုပါတယ်)၊ yellow crushed mustard seeds တို.ကို ဇလုံတစ်လုံးထဲ ထည့်ပြီး ရောထားပါ။

#. ပြီးလျှင် အေးသွားသောဆီကို ထည့်ပြီး ထပ်ရောမွှေပေးပါ။

#. ကြက်သွန်ဖြူ နှင့် သရက်သီးများထည့်ကာ အားလုံးနှံ့သွားအောင် မွှေရောပေးပါ။

#. glad wrap နှင့် လေလုံအောင် ၂ ထပ်ဖုံးပေးပါ။

#. အိုးအဖုံးတစ်ခုနှင့် ထပ်ဖုံးကာ မှောင်နေသောနေရာတစ်ခုမှာ ၂ ရက်ထားပါ။

#. ၂ ရက်ကြာလျှင် အားလုံးနှံ.သွားအောင် ဇွန်းလေးနှင့် ပြန်မွှေပြီး သန်.သော လေလုံပုလင်းထဲ ထည့်ပါ။

#. ကြာကြာသိမ်းမည့်ဗူးကို glad wrapနှစ်ထပ်ခံပြီး ဖုံးပါ။

#. ဗူးများကို မှောင်သောနေရာမှာ ၃ ရက်ခန်. ထပ်ထားပြီးလျှင် စပြီး စားလို့ရပြီဖြစ်သလို၊ ရေခဲသေတ္တာထဲထည့်ပြီး သိမ်းနိုင်ပါပြီ။

(ခပ်နွမ်းနွမ်းကြိုက်လျှင် အပြင်မှောင်သောနေရာမှာ ၄ ရက်ထားပါ။)

#. ကျွန်မကတော့ ကြွပ်တာကို ပိုကြိုက်တာမို. ၄ ရက်ပြည့်တာနဲ. စပြီး စားပါတယ်။

#. ရာသီဥတုအပူရှိန် မတူနိုင်ကြတာကြောင့် ထားရမယ့်ရက် အနည်းငယ် ကွာခြားနိုင်ပါတယ်။

Credit;https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ထူးဆန်းသော ကင်ဆာ ကုထုံးသစ်

Friday, May 15, 2015
နွေနေ့လယ် ခင်းဖြစ်၍ ရာသီဥတုက ပူပြင်းလှ၏။

ဒေါက်တာ ကျော်ဆွေသိန်းသည် Robera စားသောက်ဆိုင်အတွင်းတွင် ရောက်ရှိနေပြီး လေအေးစက် အရှိန်ကြောင့် အပူဒဏ် သက်သာနေ၏။

Robera စားသောက်ဆိုင် သည် ကမာရွတ်မြို့နယ် လှည်း တန်း (၈)ရပ်ကွက်၊ ခေမာလမ်းတွင် တည်ရှိ၏။

ထိုဆိုင်တွင် မြန်မာ၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ အစားအစာ မျိုးစုံ ရရှိနိုင်၏။

ထိုစဉ် ဒေါက်တာတင် မောင်ဆွေ ဦးဆောင်၍ ခေါ်လာ သော မန္တလေးမှ ဧည့်သည်များ ရောက်ရှိလာ၏။

မုံရွာသား ဒေါက်တာလင်း နိုင်ထွန်း၊ ဒေါက်တာ ဝင်းဝင်းမြ၊ ဒေါက်တာ သီတာမိုးကြည်၊ ဒေါက်တာ မိုးမိုးခင်နှင့် ဒေါက်တာဝင်းနီလာတို့အား ရန်ကုန် အလည်လာခိုက် ဧည့်ခံရန် ခေါ်ဆောင်လာ ခြင်းဖြစ်၏။

''ဆရာလင်းတို့ ကြွကြပါ၊ ကြိုတင်မှာပြီးပါပြီ၊ သုံးဆောင်ဖို့ အဆင်သင့်ပါပဲ''

''ကျေးဇူးပါပဲ ဆရာကျော် ရေ၊ ဘာတွေရသလဲဗျ''

''ဟင်းမယ် ၆၇မျိုးရတယ်၊ ဖျော်ရည်က ၁၂ မျိုးရတယ်၊ ခုကျွန်တော် မှာထားတာက ဝက်စွတ်ပြုတ်ရယ်၊ ငါးပေါင်းရယ်၊ ကြက်ကုန်းဘောင်ရယ်၊ ကြက် တောင်ပံဟင်းရယ် မှာထားတယ်၊ ဆရာဆွေ ဘာမှာချင်သေးလဲ''

''တုန်ယမ်းဟင်းချို ထပ် မှာပေးပါဗျ''

''ရပါတယ် ဆရာဆွေ။ မှာ ပေးပါမယ်''

''ဆရာကျော်ကတယ် လည်း ဧည့်ဝတ်ကျေတာပဲဗျာ''

''ကျွန်တော်မန္တလေးလာ တုန်းကလည်း ဆရာလင်းတို့ ဧည့် ဝတ်ကျေတယ်လေ၊ ဒီရောက်တော့ ကျွန်တော့်တာဝန်ပေါ့ဗျာ''

''ဆရာကျော်ပေးတဲ့ ဆေး ပညာဆောင်းပါးက အတော်စိတ် ဝင်စားစရာ ကောင်းတယ်၊ ညက ကျွန်တော်ဖတ်ပြီးပြီ''

''အဲဒါနိုင်ငံခြားရောက် နေတဲ့ ရောဂါဗေဒပါမောက္ခကြီး ပို့လိုက်တာ၊ ကျွန်တော်တောင် မဖတ်ရသေးဘူး။ ဆရာလင်းဖတ် ထားတာ ပြန်ပြောပါဦး''

''ဒီလိုဗျ။ ဂျပန်ပါမောက္ခ ကြီး တစ်ယောက်က လုပ်ခဲ့တဲ့ သုတေသနဗျ၊ ပါမောက္ခကြီးနာ မည်က Dr Kenichiro Hasumi တဲ့၊ သူက ကင်ဆာရောဂါကုထုံးသစ် ကို စမ်းသပ်နေတာ၊ သူက သုတေသန အဖွဲ့အစည်း တစ်ခုကို တည် ထောင်ထားတယ်။ Hasumi International Research Foundation လို့ခေါ်တယ်၊ သူ့နည်းကို Hasum Immuno Therapeutic Vaccine သုံးပြီးကုတဲ့နည်းလို့ သိရ တယ်''

''ဟုတ်ကဲ့ ဆရာလင်း''

''သူတီထွင်တော့ သူ့နာ မည်ပါတာပေါ့ဗျာ၊ဒီ Vaccine ကို HITV လို့ အတိုကောက်ခေါ်တယ်၊ HITV ကို သုံးပြီး အဆင့်လေး ကင်ဆာရောဂါ ရှင်တွေရယ် ကင်ဆာ ကုပြီးမှ ပြန်ဖြစ်တဲ့ ဝေဒနာရှင်တွေ ရယ်ကို စမ်းသပ်ပြီး ကုခဲ့တယ်''

''ရလဒ်က လယ်လိုနေလဲ''

''ပါမောက္ခကြီး အဆိုအရ HITV Protocol နဲ့ ကုတာ ၈ဝ % Compete Regression ရတယ်တဲ့၊ အောင်မြင်တယ်လို့ဆိုရမယ်''

''၈ဝ% ဆိုတော့ ရလဒ် ကောင်းတာပဲ''

''ဟုတ်တယ် ၊ကောင်းတယ်၊ ဒီနည်းမှာ လူနာဆီက Dendritic Cell တွေကိုသုံးတယ်၊ Dendritic Cell ဆိုတာက ကိုယ်ခံအင်အား စနစ်က ဆဲလ်တစ်မျိုးပါပဲ၊ ဒီ ဆဲလ်က ပတ်တရောင်လှည့်တဲ့ ရဲလိုပဲ၊ တစ်ကိုယ်လုံးမှာ လှည့်ပတ် ပြီးရန်သူကိုရှာနေတာ၊ ရန်သူတွေ့ ရင်ဖမ်းပြီး အစိတ်အပိုင်း အသေ ကလေးတွေ လုပ်ပစ်တယ်၊ ပြီးရင် အဲဒါတွေကို ကိုယ်ခံစွမ်းအားစနစ် ကို ပို့တယ်၊ ကိုယ်ခံစွမ်းအား စနစ်က ရန်သူကို ချေမှုန်းတယ်''

''ရန်သူစာရင်းထဲမှာ အ ပြင်ကဝင်လာတဲ့ ရောဂါပိုးတွေ ရော၊ အတွင်းကဖြစ်ပေါ်လာတဲ့ ကင်ဆာ ဆဲလ်ရောပါမှာပဲ''

''ဟုတ်တယ် ပါတယ်၊ ဒီ သုတေသနမှာတော့ ကင်ဆာ ဆဲလ်က အဓိကပေါ့ဗျာ၊ Dendritic Cell ကို တင်စားပြီး ခေါ်ထား တာက Conductox of the Immune Orehestra တဲ့ဗျ''

''ကိုယ်ခံ စွမ်းအားဆိုင်ရာ တီးဝိုင်းကြီးက တီးဝိုင်းခေါင်း ဆောင်လို့ တင်စားလိုက်တာပဲ၊ Dendritic Cell က အချက်ပြမှ ကျန်တဲ့ ဆဲလ်တွေက အလုပ်လုပ်တာကိုး၊ ဒီတင်စားချက်က လှတယ်ဗျာ''

''ဟုတ်တယ်ဗျ HITV သုတေသနမှာ Dendritic Cell ကို သုံးတယ်၊ Dendritic Cell ကို စမ်းသပ်ခံ လူနာဆီက ယူတယ်၊ ပြီးတော့ ပြုပြင်တယ်။ ပြီးတော့ စမ်း သပ်ခံလူနာမှာ ရှိနေတဲ့ ကင်ဆာ ကျိတ်ထဲကို ထိုးသွင်းတယ်၊ ခုလို Direct Injection လုပ်တာ ကို Vaccination Process လို့ ခေါ်တယ်တဲ့ဗျ''

''ဟုတ်ကဲ့ ဆရာလင်း''

''ခုလို လုပ်ပြီးရင် ဓာတ် ရောင်ခြည်ကုထုံးရယ်၊ ကိုယ်ခံစွမ်းအား ကုထုံးရယ် နှစ်ခုပေါင်းပြီး ကင်ဆာရောဂါကို ကုတယ်၊ ခုလို Dendritic Cell ကို ကင်ဆာဆဲလ် ထဲ တိုက်ရိုက်ထိုးသွင်းရလို့ ဒီနည်း က Solid Tumour တွေမှာပဲ အသုံးဝင်တယ်လို့ ဆိုတယ်''

''ဟုတ်ကဲ့ ဆရာလင်း''

''ဓာတ်ရောင်ခြည် ကုထုံး အတွက် Image Guided Intensity Modulated Radiotherapy ကို သုံးတယ်''

''Image Guided ဆိုတော့ ကင်ဆာကျိတ်နေရာကိုပဲ ဓာတ် ရောင်ခြည် တိတိကျကျ ရောက် တာပေါ့နော်''

''ဟုတ်တယ၊် ဘေးကဆဲလ် ကောင်းတွေ မထိဘူး၊ လွတ်တယ်၊ ပြီးတော့ Intensity Modulated ဆိုတော့ ရောင်ခြည်ရဲ့ ပြင်းအား ကို လိုသလောက်ပဲ သုံးထားတယ်၊ရောင်ခြည်ကြောင့် လူနာမှာ ဘေး မဖြစ်ဘူး''

''ဟုတ်ကဲ့ ဆရာလင်း''

''ကိုယ်ခံစွမ်းအား ကုထုံးအတွက် Cytotoxic T-lymphocyte တွေဆုံးတယ်။ ဒီ Cytotoxic T-lymphocyte တွေက ကင်ဆာ ဆဲလ်တွေ ကို ချေမှုန်းပစ်တယ်''

''အတော်ထူးဆန်းတဲ့ ကုထုံးပဲဗျ''

''ဟုတ်တယ် ထူးဆန်းတယ်၊ Dr Hasumi နဲ့ သူရဲ့ သုတေ သနပါရ ဂူတွေက စာတမ်းတစ် စောင်ရေး ပြီး Oncoimmunoloay ဆိုတဲ့ ဆေး ပညာဂျာနယ်မှာ ဖော်ပြပြီးပြီ၊ ဒါ ကြောင့် HITV နည်းကို ကမ္ဘာက သိသွားပြီ''

''HITV နည်းကို တခြားပါ ရဂူတွေလည်း လေ့လာနိုင်ကြပြီ ပေါ့''

''ဟုတ်တယ်၊ လေ့လာနိုင် ကြပြီ၊ HITV နည်းကိုသုံးပြီး နောက် ထပ် သုတေသနတွေ ထပ်လုပ်နိုင် ပြီ''

''Dr Hasumi က ရလဒ် တွေကို စာရင်းဇယားနဲ့ တင်ပြ သေးလား''

''တင်ပြပါတယ်၊ HITV ကုထုံးနဲ့ ကုပြီး တစ်နှစ် အကြာမှာ ရတဲ့ ရလဒ်ကို တင်ပြခဲ့ပါတယ်။ အဆင့် လေး လူနာတွေမှာ တွေ့ရ တဲ့ ရလဒ်ပါ။ အဆင့် လေး ဆိုတာ ရောဂါ အတော်ကြီးတဲ့ လူနာတွေပေါ့။ သူက လူနာ ၃၇ ဦးကို ကုသခဲ့တယ်။ ၃၇ ဦးထဲ ကျန် သုံး ဦးက Complete Response ရတယ်''

''ဒါဆို ၂၃ ဦးက လုံးဝ ပျောက်ကင်းတာပေါ့''

''ဟုတ်တယ်၊ ငါး ဦးက Partial Response ရတယ်၊ လုံးဝ မပျောက်ပေမယ့် တိုးတက်မှုရှိ တယ်''

''ဟုတ်ကဲ့ ဆရာလင်း''

''ဒီနည်းမှာကောင်းတဲ့ အချက်က ကိုယ်ခံစွမ်းအား စနစ်က ထုတ်လုပ် လိုက်တဲ့ ပဋိပစ္စည်းတွေရယ်၊ Cytotoxic T-lymphocyte တွေ ရယ်က ကင်ဆာဆဲလ်တွေ ဘယ်မှာ ပုန်းနေပုန်းနေ ရှာဖွေပြီး ဖျက်ဆီးတယ်၊ တစ်ကိုယ်လုံးမှာ ကင်ဆာဆဲလ် ပုန်းစရာနေရာ မရှိဘူး။ နောက်တစ်ချက်က လူနာရဲ့ ကိုယ်ခံစွမ်းအား စနစ်က ကင်ဆာ ဆဲလ်ကို မှတ်မိသွားပြီး နောက်တစ် ကြိမ် ကင်ဆာဆဲလ်ပြန်ပေါ် လာ ရင် ချေမှုန်းဖို့ အဆင့်ဆင့်ပဲတဲ့''

''ဒါဆို Prevention of Future Recurrence ပေါ့ နော်''

''ဟုတ်တယ်ဗျ၊ ကင်ဆာ ရောဂါကုရာမှာ ဓာတုဗေဒနဲ့ ဖော်စပ်ထားတဲ့ ကင်ဆာ ဆဲလ်သတ်တဲ့ ဆေးဝါးတွေသုံးရတယ်၊ Chemotherapy ခေါ်တာပေါ့၊ Chemotherapy သုံးရင် ပြင်းထန်တဲ့ သေထွက်ဆိုးကျိုးတွေ ရတတ်တယ်၊ HITV မှာ အဲသလို ဘေး ထွက် ဆိုး ကျိုးမတွေ့ရဘူးတဲ့ဗျ''

''ဘေးထွက် ဆိုးကျိုးမရှိ တာ ကောင်းတာပေါ့ဗျာ''

''Dr Hasum က ပြောပါတယ်။ သူတို့ ရည်ရွယ်ချက်က လက်ရှိ ကင်ဆာကုထုံးတွေနဲ့ ယှဉ်ပြိုင်ဖို့ မဟုတ်ပါဘူးတဲ့၊ ပူးတွဲ ဆောင်ရွ က်ဖို့ပါတဲ့၊ ကင်ဆာ လူနာအတွက် အကောင်းဆုံး ကုထုံးရှာ ဖွေဖို့ပါပဲတဲ့၊ သူတို့အဖွဲ့က ဂျပန် မှာရယ်၊ မလေးရှားမှာရယ်၊ အမေ ရိကန် မှာရယ်၊ သုတေသနတွေ လုပ်နေတယ်တဲ့''

''ကောင်းတယ်ဗျာ၊ သုတေ သနတွေက ရလဒ်ကောင်းတွေရ လာမှာပါ''

''ခုလောလောဆယ် University Kebangsaan Malaysia Medical Centreမှာ ကင်ဆာနှစ် မျိုးကို သုတေသန လုပ်နေတယ် တဲ့''

''ဘာကင်ဆာတွေတဲ့လဲ''

''Brast Cancer ရယ်၊ Lymphoma ရယ်ဗျ၊ သုတေသန တွေ ပြီးရင် စာတမ်းတွေ ထွက်လာ ဦးမှာပဲ၊ စောင့်ဖတ်ပေါ့ဗျာ''

''ကောင်းတယ်ဗျာ၊ ရောဂါ ဗေဒပါမောက္ခကြီးကလည်း ပို့ပေး ဦးမှာပါ''

''ဟုတ်ပြီဆရာ၊ ကျွန်တော် ဆီလဲ ဆက်ပို့ပေးပါ''

''စိတ်ချပို့မယ်ဆရာ ၊ဟော- ဟင်းတွေရောက်လာပြီ၊ သုံးဆောင် ကြပါ။ ဟင်းအမယ်စုံပဲ၊ အရသာလည်းကောင်းပါတယ်''

ထိုစဉ် 'ဆရာကျော်' ဟု ခပ်တိုးတိုး ခေါ်သံကြား၍ လှည့် ကြည့်လိုက်၏။

''ဟာ-ပွင့်ပါလား၊ သူငယ် ချင်းတွေလည်းပါသကိုး။ ထိုင်ကြ ပါ၊ ဘာစားကြမလဲ၊ ဘာမှာပေးရမ လဲ''

ဒေါက်တာကျော်ဆွေသိန်း က ဟန်ကိုယ့်ဖို့ဟူသော စကားအတိုင်း ပြောလိုက် ရသော်လည်း ပါလာသည့် ငွေကနည်းနေ၍ ရင်ခုန် နေ ၏။

''ဘုရား၊ ဘုရား၊ ဟိုတစ်ခါလို ရာဟုမောင်မောင် မလာရင် ဒုက္ခပဲ''

တစ်ကြိမ်က ရာဟုမောင် မောင်ကယ်၍ အကျပ်အတည်းမှ လွတ်ကင်းခဲ့ဖူး၏။ ယခုတစ်ကြိမ် တွင် မသေချာပေ။

ဒေါက်တာကျော်ဆွေသိန်း သည် စားစရာများကို ပါးစပ်ထဲ ထည့်နေရသော်လည်း အရသာ မတွေ့။ စိုးရိမ်ပူပန်စိတ်များနေ၏။

''ဆရာကျော်ကျွေးတာ များနေပြီ။ ခုကျွန်တော်ရှင်းလိုက် ပြီ''

''ဟာ-အားနာစရာကြီး။ ဆရာလင်းနေပါ၊ ကျွန်တော်ရှင်း မှာပါ''

ဟန်ဆောင်၍ပြောလိုက် ရသော်လည်း ရင်ထဲက အလုံးကြီး ခုမှကျသွား၏။ ခုမှစားစရာများက အရသာရှိလာရာ ပန်းကန်အ လွတ်များ ကျန်သည်အထိအား ပေးလိုက်လေတော့၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။ ။ မလေး ရှားနိုင်ငံထုတ် Star သတင်းစာမှ Clinical Trials Using HITV ဆေး ပညာဆောင်းပါးကို မှီငြမ်းကိုးကား ပါသည်။

ဈေးကွက်ဂျာနယ်
http://www.zaygwet.com/healthy.php?id=295
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ဓါတ်ပုံတစ်ပုံ၏ ဖွဲ့စည်းပုံ နှင့်ပတ်သက်၍ သုံးသပ်ခြင်း

Thursday, May 14, 2015
(Rules of photo compositions and why they work )

စကားဦး

ဓါတ်ပုံတစ်ပုံ၏ ဖွဲ့စည်းမှု ( Composition ) နှင့်ပတ်သက်၍ မှတ်စု (၅) ခု လောက်ကို ဘာသာပြန် ကာ ရေးခဲ့ပါသည်။ အဆိုပါ မှတ်စုများ မှာ ဓါတ်ပုံ တစ်ပုံ၏ ဖွဲ့စည်းပုံ နှင့် ပတ်သက်သည့် နည်းနာ နိသယ ( Rules ) များ သာ ဖြစ်ပါသည်။ ဥပမာ အားဖြင့် Rule of Thirds မှ အစ Leading Lines များအဆုံး ဓါတ်ပုံ တစ်ပုံ၏ ဖွဲ့စည်း မှု ဆိုင်ရာ နည်း များသာ ဖြစ်ပါသည်။

ကျွန်တော်လည်း Composition နှင့်ပတ်သက်၍ ဆက်လည်း မဖတ် ဖြစ်သည်နှင့် Composition မှတ်စုများသည် အပိုင်း(၅) တွင် ရပ်သွားပါသည်။

သို့ရာတွင် ယခု တစ်လော တွေ့ လိုက်ရသည့် ဆောင်းပါးရှင် Jeff Meyer ၏ Rules of photo composition and why they work ဆောင်းပါး မှာမူ ပုံ တစ်ပုံ အလိုက် Composition ဆိုင်ရာ နှင့် Subject များ၏ အထားအသိုလ် များကို အသေးစိတ် ရှင်းပြ ထားသည် ကိုတွေ့ ရပါသည်။ အဘယ်ကြောင့် ပုံ တစ်ပုံ သည် ကောင်းမွန် အောင်မြင်သည့် ပုံ တစ်ပုံ ဖြစ် ရသည့် အကြောင်း တစ်ပုံ ခြင်း အလိုက် ရှင်း ပြထားသည် ကိုတွေ့ လိုက်ရပါသည်။

ထို့ ကြောင့် Composition ဆိုင်ရာ စိတ်ဝင်စားသည့် မိတ်ဆွေ များ လေ့ လာလိုပါက လေ့ လာ နိုင်ကြစေရန် အဆိုပါ ဆောင်းပါးကို ဆီလျှော် သကဲ့ သို့ မြန်မာ ဘာသာ သို့ ပြန် ကာ မျှဝေ လိုက်ပါသည်။

နမူနာ ပုံများမှာ ဆောင်းပါး တွင် ဖေါ် ပြထားသည့် ပုံ များကို ပြန် လည် ကူးယူ ဖေါ် ပြ ထားခြင်း ဖြစ် ပါသည်။ အချို့ ပုံ များ ကိုမူ ဖြည့်စွက် ရှင်းလင်း သည့်အနေ နှင့် ဆောင်းပါး ပြင်ပ မှ ထည့် ထားခြင်း ဖြစ်ကြောင်း ဖေါ် ပြ အပ်ပါသည်။

Rules of photo compositions and why they work.

ဓါတ်ပုံ တစ်ပုံကို ရိုက် လိုက်သည်က အရေး မကြီးလှပါ။ မည်ကဲ့သို့ ရိုက် လိုက်သည် ဆိုသည် က အဓိက ကျ သည့်ေ နရာ တွင် ရှိနေပါသည်။

အလွန် ကောင်းမွန်သည့် အကြောင်းအရာ ( Subject ) တစ်ခု ကို အထားအသိုလ် ဖွဲ့ စည်း မှု မကောင်းသည့် Composition မျိုး ဖြင့် တင်ပြပါက မည်သို့ မျှ ကြည့် ခြင် စဘွယ် မရှိဘဲ ငြီးငွေ့ ဘွယ်ရာ ဖြစ်သွားပါမည်။

တစ်ချိန် ထည်း မှာပင် သာမန် အခြေအနေလေး တစ်ခု ကိုပင် Composition ကောင်းမွန်စွာဖြင့် တင်ပြ လိုက်ပါလျှင် သာမန် ပုံလေး သည်ပင် ကြည့် လို ဘွယ်ရာ အံ့မခန်း ပုံကောင်း တစ်ပုံ ဖြစ်လာပါသည်။

ထို့ ကြောင့် အောင်မြင်သည့် ဓါတ်ပုံ အချို့ ကို ကောက် နှုတ်ကာ အဘယ်ကြောင့် အဆိုပါ ပုံ များ အောင်မြင်သည့် ပုံ ကောင်း များ ဖြစ် ရ သည်ကို သုံးသပ် ရေးသား လိုက် ခြင်း ဖြစ်ပါသည်။

Composition Rules များကို တရားသေ လိုက်နာ ရမည် ဟု မဆိုလိုပါ။

ပုံ တိုင်း ကို Composition ဆိုင်ရာ နည်းနာ ( Rules ) များ ၏ ဘောင်အတွင်း ဇွတ် အတင်း ဆွဲ သွင်းကာ တရားသေ လုပ်နေရ မည်ဟု မဆိုလိုပါ။ အထားအသိုလ် များကို အချိန် ပေးကာ လေ့ကျင့်ပါ။ အပြောင်းအလဲ များ လုပ်ကြည့် ပါ။ ကြာလာ လျှင် အလေ့ အကျင့် ( Second Nature ) ဖြစ်လာပါ လိမ့် မည်။ ထို သောအခါ တွင် သင်သည် မည်သို့ အပြောင်းအပြောင်း အလှယ်လှယ် သော နည်း ( Rules ) များကို မည်သို့ သုံး လျှင် မည် သို့ ထိရောက် ထူးခြား လာမည် ဆိုသည်ကို သိလာ ပါ လိမ့် မည်။

Composition သည် များစွာ ရှုပ်ထွေး မှု မရှိလှပါ။ ဓါတ်ပုံ ဆိုင်ရာ အားလုံးသော Composition များသည် Rule of Thirds နှင့် ၄င်း အပြင် ယင်းထက် အတန် ငယ် ရှုပ်ထွေးလာသည့် Golden Mean တို့ နှင့် ချိတ်ဆက်နေသည် ချဉ်း ဖြစ်ပါသည်။

သို့ ရာ တွင် သင်သည် ဓါတ်ပုံ ရိုက်ရာ တွင် Composition ဆိုင်ရာ တင်းကျပ် သည့် ဖေါ်နည်းကာ ( Strict Formulae ) များနှင့်သာ ဇွတ် အတင်းဘောင် ခတ်နေမည် ဆိုပါက သင်၏ ပုံ သည် မည်သို့မျှ ထူးခြား စွာ ပေါက် ထွက် လာ သည့် ပုံ တစ်ပုံ ဖြစ်မလာဘဲ လှေကြီးထိုး ရိုးရိုး သာမန် ပုံ မျှသာ ဖြစ်သွား နိုင်သည်ကို လည်း သတိပြု ရန် လိုပါသည်။

လက်တွေ့ လောက တွင် မြောက် များစွာသော အရာ (Subject ) များ မြင်ကွင်း ( Scene ) များ ရှိပါသည်။ ယင်း တို့ ကို ရှုမြင်ရာ တွင် ဘောင်ခတ် ကာ ရှု မြင် ခြင်း မျိုး မဟုတ်ဘဲ စိတ်ကို လွှတ်ကာ ( Open-minded ) ဖြင့် ရှု မြင်တတ် ရန် လိုပါသည်။

ပုံ တစ်ပုံ အတွက် ကောင်းမွန် အဆင်ပြေ သည့် နည်း နာ တစ်ရပ် သည် အခြား ပုံ တစ်ပုံ အတွက် အဆင်ပြေ ခြင် မှ ပြေ မည် ဆိုသည် ကို လည်း သတိ ထားရန် လိုပါသည်။

Composition နှင့် ပတ်သက် ၍ အဓိက နားလည် ထားရမည့် အချက်မှာ သင် ရိုက်သည့် ပုံ ၏ Coposition သည် ကြည့်သူ များကို မည်သို့ ဖမ်း စား နိုင်သည် ဆိုသည့် အချက် ပင် ဖြစ်ပါသည်။

ပုံ တစ်ပုံ ရိုက်ရာ တွင် မည်သို့ Frame လုပ်သည်၊ Focal Length မည်မျှ ယူသည် ၊ Subject ကို မည်သို့ ထားသည် စသည် တို့ အပြင် နည်း ပညာ ပိုင်း ဆိုင်ရာ တတ်ကျွမ်း နားလည် မှု လည်း လိုအပ် ပါသည်။

အောက်ပါ ပုံ များ ၏ ထိရောက် သည့် Composition များ ကို သုံးသပ်ခြင်း။

ပုံ - (၁)

ရိုးရိုးလေးသာ တင်ပြပါ (Simplify the scene )



ပုံ ကို အရိုးရှင်း ဆုံး ရိုက်ခြင်း သည် အထိရောက် ဆုံး ဖြစ်ပါသည်။ The Simpler the shot the bigger the impact ဟု ဆိုရပါမည်။

သင်သည် မြင်ကွင်း တစ်ခု ကို သာမန် ကြည့်လိုက်လျှင် သင်၏ ဥနှောက် သည် စိတ်ဝင်သားသည့် အရာ ကို တန်း ကာ အဓိက ကြည့် လိုက် မည် ဖြစ်ပါသည်။ သို့ ရာ တွင် ကင်မရာ မှာ မူ ထို သို့ မဟုတ် ဘဲ အားလုံး ကို ခြုံ ၍ ပုံ ဖေါ် ပါလိမ့် မည်။

ကင်မရာ သည့် သူ့ ရှေ့ တွင်ရှိသည့် ရှုပ်ထွေး နေသည်များ ၊ မလှ မပ ဖြစ်နေသည် များ၊ ရှု ခြင့် စဘွယ် ရှိသည် များ စသည် ဖြင့် အရာ အားလုံး ကို မည်သည့် ကိုမျှ ခွဲခြား ခြင်း မရှိ ဘဲ အားလုံးကို ပုံဖေါ် ပါ လိမ့်မည်။

ထို့ ကြောင့် ရိုက် သူက Subject ကိုရွေး ရပါမည်၊ Focal Length ကို ရွေး ရပါမည်၊ Frame မည် သို့ လုပ် မည်ကို ရွေးရပါမည်။ မလိုသော အရာ များကို တတ် နိုင်သမျှ မပါရ လေအောင်လုပ်ရပါမည်။ ဤ သို့ လုပ်စေကာမူ အားလုံးကို တော့ ဖယ်၍မရပါ။ ထို့ ကြောင့် ထိုထိုသော အရာ များကို နောက်ခံ တွင် ထားကာ မိမိ တင်ပြ လိုသည့် ပုံ ပြင်တစ်ပုဒ်၏ ဇာတ်ဖြည့် ( Part of the Story ) အဖြစ် နေရာချ ရန် လိုပါသည်။

သာမန် Composition တွင် Silhouettes, textures and patterns စသည့် အရာများသည် အလွန် အရေးပါသည့် အရာ များ ဖြစ်ပါသည်။

အထက်ပါ ပုံ (၁) ၏ အားကောင်းသည့် အချက်များ။



(၀၁) အထက်ပုံ တွင် တတ် နိုင်သမျှ အတွင်း သို့ တိုးဝင်ကာ ရိုက်ခြင်း ဖြင့် မိမိ မပြ လိုသော တစ်နည်း အား ဖြင့် မလိုအပ် သော အရာ များကို ဖယ် ထုတ် လိုက်ခြင်း ဖြစ်ပါ သည်။

(၀၂) ပုံ ၏အလယ် လောက်တွင် ရှိ Silhouette and Shapes များသည် ပုံ၏ Strong Subject များ ဖြစ်နေပါသည်။

(၀၃) မီးပုံး ပျံ၏ Radial Lines များသည် ကြည့် သူကို ပုံ အတွင်း သို့ ဆွဲခေါ် သွားပါသည်။

ပုံ - (၂ )

ပုံကို နေရာ ပြည့် နိုင်သမျှ ယူပါ ( Fill the frame )



သင့် အနေ နဲ့ အတော်ကြီးကြီး ရှုခင်း တစ်ခု ကို ရိုက်တော့ မည် ဆိုလျှင် မိမိ ပြ လိုသော Subject ကို မည် မျှ အထိ ကြီးကြီး ယူ မည် ၊ မည် ကဲ့ သို့ Frame လုပ်မည် ဆိုသည် ကို အတော် ဆုံးဖြတ် ရ ခက်တတ် ပါသည်။

အမှန်အား ဖြင့် ပုံ အတွင်း မည် သို့ မျှ Subject ကို ပံ့ ပိုး မှု မပြု သည့် Empty Space များ အတော် များများ ပါနေလျှင်မူ ပုံ ၏ ဖွဲ့ စည်းမှု အမှားတစ်ရပ် ( Compositional mistake ) ဟု ဆိုရပါမည်။ ဤ သို့ ဖြင့် မိမိ ပြ လိုသော Subject သည် သေး နေပြီး ကြည့် သူ က မည် သည့် အရာ ကို ကြည့် ရ မည် ကို မသိဘဲ ဖြစ်နေတတ် သည်။

ထို အမှား မျိုး မဖြစ်စေရန် မိမိ ပြ လိုသော Subject ကို Zoom ဆွဲကာ Frame ထဲ သို့ ဖြည့် ပါ။ သို့ မဟုတ် က အနားကို လို အပ် သလောက် တိုးကာ ရိုက်ပါ။

ပထမ ရှင်းပြ ထားသည့် Zoom လုပ် သည့် နည်း ဖြင့် ရိုက်ပါက နောက်ခံ Subject သည် ရှေ့ ကို တိုးလာကာ Main Subject နှင့် ကပ် လာ သဖြင့် ပုံ သည် ကြွတက် မလာစေဘဲ Flat ဖြစ်သွား စေတတ် ပါသည်။ Background သည် Subject နှင့် အတော် ဝေးနေပါမူ မလို အပ်သော Subjects များကို တော့ ကြည့် သူ၏ အာရုံ မှ ဖယ် ရှားနိုင်ပါသည်။ အကောင်းဆုံး နည်း မှာ ရှေ့ သို့ မိမိ လို အပ် သလောက် တိုး ကာ ရိုက် သည့် နည်း သည် အကောင်း ဆုံး ဖြစ်ပါသည်။ ပို ၍ လည်း စိတ် ၀င်စား ဘွယ်ရာ ပုံ ဖြစ်လာ စေပါသည်။

အထက်ပါ ပုံ (၂ ) ၏ အားကောင်းသည့် အချက်များ။



(၀၁) ပြ လိုသသော Subject ကို Frame အတွင်း တတ် နိုင်သမျှ ဖြည့် ထားသည့် အတွက် အခြား မလိုသော အရာ များကို ပုံ အတွင်း မှ ဖယ် ထုတ် လိုက်ပြီး သား ဖြစ်သွားသည်။

(၀၂ ) အမြင့် နေရာကို ပုံ ၏ အလယ် တွင် မထားသည့် အတွက် Subject ကို ကြည့် သူက ပို၍ စိတ်ဝင်စား လာစေရန် ဖန်တည်း လိုက်ခြင်း ဖြစ်သည်။

(၀၃) တောင်တန်း ကလေး ၏ ကုန်း ထိပ် ကလေး များသည် “ S “ ပုံ ကလေး များ ဖြစ်သည့်အတွက် ထို Shape ကလေး များက ကြည့်သူ၏ အာရုံကို Frame အတွင်း သို့ ဆွဲခေါ် သွားသည်။

ပုံ - (၃ )

ပုံ ၏ အလျှား နှင့် အမြင့် တို့၏ အချိုး ( Aspect Ratio )



သာမန် အားဖြင့် ကင်မရာ ကို ရေပြင်ညီ သာ အစဉ် ကိုင်ပြီး ရိုက်သည့် နည်း ထဲ တွင် နစ်နေ တတ် သည်။ အခြေအနေ ကိုလိုက်၍ ဒေါင် လိုက် ကိုင်ကာ Focal Length အမျိုးမျိုး နှင့် စမ်း ရိုက်ကြည့် သင့်ပါသည်။ အနေအထားအမျိုး မျိုး ကိုတွေ့ ရ ပါ လိမ့် မည်။ ဤသို့ ဖြင့် မည်သည့် အခြေအနေ မျိုး တွင် မည် သို့ ရိုက်သင့် သည်ကို ဆုံးဖြတ် နိုင်ပါမည်။ ရေပြင် ညီပုံ နှင့် ဒေါင်လိုက် ပုံ များကို အဖြစ်လည်း ပုံထွက် လာသည့် အချိန် တွင်လို အပ် သကဲ့ သို့ ပြန် ၍ Crop လုပ် နိုင်ပါသည်။

လက်တွေ့ လောကရှိ အရာ အားလုံးသည် မိမိ ၏ ကင်မရာ Sensor နှင့် အစဉ် အံ ၀င်ခွင်ကျ ဖြစ်နိုင်ခြေ ရှိ နိုင်မည် မဟုတ် ဆိုသည် ကို သတိပြု ရပါမည်။ ထို့ ကြောင့် ပုံ ထွက် လာမှ အောက်ပါ ပုံ ကဲ့ သို့ Widescreen Effect ကို 16:9 အချိုး အဖြစ် Crop လုပ်သင့်ပါသည်။







သို့ မဟုတ်ဘဲ ကင်မရာသည် Medium Format ဆိုပါလျှင် Square Shape အဖြစ် Crop လုပ်ကြည့် သင့်ပါသည်။

ပုံ ကို လျှေား လိုက် သို့ မဟုတ် ဒေါင် လိုက် မည်သို့ Crop လုပ် လျှင် ကောင်း မည်ကို ဝေခွဲ မရ ပါလျှင် နှစ်မျိုး စလုံး လုပ်ကြည့်ပါ။ ယင်ဒနောက် ကြိုက်ရာ ကို ယူပါ။

အထက်ပါ ပုံ (၃ ) ၏ အားကောင်းသည့် အချက် များ။



(၀၁) မိမိ ရိုက်သည့် Subject သည် အလွန် ရှည်လျှား မြင့် မားနေလျှင် ပုံ ထွက် လာသည့် အချိန် တွင် လို သလို ပြန် ၍ Crop လုပ်နိုင်ပါသည်။

(၀၂) သို့ မဟုတ် ကင်မရာ ကို ဒေါင် လိုက် ထောင်ရိုက်ပါ။ တစ်ခါ တစ်ရံ တွင် အလွန် အဆင်ပြေ အချိုးကျ သည့် ပုံ ရ တတ်ပါသည်။

(၀၃) သင် ၏ ကင်မရာ Aspect Ratio သည် သင် ကူး မည့် ဓါတ်ပုံ စက္ကူ ၏ အချိုး နှင့် တစ်ညီတည်း မဖြစ် နိုင်သည်ကို လည်း သတိပြုရန် လိုပါမည်။

ပုံ (၄ )

Main Subject ကို ပုံ၏ အလယ် တွင်ထားခြင်း မှ ရှောင်ပါ ( Avoid the Middle )



စ ရိုက် ခါစ လူများအနေနှင့် Subject ကို Frame ၏ အလယ် တွင် ထားကာ ရိုက် လေ့ ရှိကြပါသည်။ ဤသို့ ဖြင့် ပုံ သည် အသက်ဝင် ခြင်း မရှိ ဘဲ (Still) ငြိမ်နေ သည့် အတွက် ကြည့် သူများ ငြီးငွေ့ ဘွယ်ရာ ဖြစ် တတ် ပါသည်။

အထို အချက် ကို ကုစား ရန် အတွက် အလျှား လိုက် ရိုက်သည် ဖြစ်စေ ၊ ဒေါင် လိုက် ရိုက်သည် ဖြစ်စေ Rule of Thirds အရ Subject ကို နေရာ ချ ထားရပါမည်။ အလွန် ရိုးစင်းသည့် နည်းဖြစ်စေကာမူ ထိရောက်မှု ရှိသည့် နည်း ဖြစ်ပါသည်။

ထိုသို့ နေရာ ချ ရန် အဆင်မ ပြေ ပါမူ Subject ကို ပုံ၏ အလယ် မှ ဆွဲထုတ်ကာ မိမိ အနေ နှင့် အဆင် အပြေဆုံးဟု ယူဆသည့် နေရာတွင် နေရာ ချနိုင်ပါသည်။ အဆိုပါနေရာ သည် ပုံ အတွင်း ရှိ အခြားသော အရာ များ နှင့် အချိုးညီ ( Balance ) ဖြစ်နေပြီး ပုံ အတွင်းရှိ အလင်း ၊ အရောင်တို့ နှင့် လည်း Contrast ဖြစ်နေသော နေရာ ဖြစ်ရန်လိုပါသည်။

အမြင်တွင် အချိုးညီ နေစေ ရေး အတွက် မည်သို့ သော သဲကွဲ တိကျ သည့် ( Hard and Fast Rule ) နည်းဥပဒေသ မျှ မရှိပါ။ ခံစား ယူ ရသော ရဿ သာ ဖြစ်ပါသည်။ အမျိုးမျိုး စမ်း ကြည့် ပါ မိမိ ဘ၀င်ကျ သည် ကိုယူပါ ဟု သာ ဆိုရပါမည်။ သို့ သော် အဆိုပါ ဆောင်ရွက် ချက် ကို ရုတ်ချဉ်း လုပ်၍ ရမည် မဟုတ်ပါ။ လုပ်ရင်း ကိုင်ရင်း အတွေ့ အကြုံ များလာကာ မုဆိုး စိုင် သင် ဆိုသလို ဖြစ်လာပါမည်။

အထက်ပါ ပုံ (၄ ) ၏ အားကောင်းသည့် အချက် များ။



(၀၁) Rule of Thairds ၏ ကျေးကျွန် အဖြစ် အစဉ် ဖြစ်နေ ရန်မလို။ Subject ကို ပုံ၏ အလယ် နေရာ မှ သင့် သည့် နေရာ သို့သာ ရွှေ့ ထား သည်။

(၀၂) ပုံ အတွင်းရှိ Subject နှင့် Balance ဖြစ်သည့် နေရာကို ကြည့် လျှင် လှိုင်ဂူ အ၀င် ၀ ၏ တောက်ပနေသည့် နေရာ ကို တွေ့ ရပါမည်။

(၀၃) ပုံ တွင် တောင်တက်သမား ရှေ့ ရှု ဦးတည် နေသည့် ပုံ၏ ညာ ဘက် နေရာ ကို မည်သည့် ရှုပ်ထွေး နေသည့် အရာ မှ မထားဘဲ ရိုးရှင်း စွာ ပင် ပြထား သည် ကို တွေ့ နိုင်ပါသည်။

ပုံ - (၅)

Leading Lines.



ဖွဲ့ စည်းပုံ ( Composition ) အား နည်း သည့် ပုံ မှာ ကြည့် သူ အနေ နှင့် ပုံ တွင် မည်သည်ကို အဓိကထား ကြည့်ရမည်ကို မသိဘဲ ဦးတည်ရာမဲ့ မြော နေတတ်သည်။ ဤ ကဲ့သို့ အနေ အထားကို ထိရောက်စွာ ကုစား နိုင်သည်မှာ Lines များ ဖြစ်သည်။ အဆိုပါ လိုင်း (Lines ) များက ကြည့်သူ အား မိမိ ပြ လိုသည့် နေရာ များ ဆီသို့ အရောက် ဆွဲ ခေါ် သွားပါလိမ့်မည်။

လိုင်း များ ဆိုရာ တွင် လည်း အဆိုပါ လိုင်းများ ဆုံ နေ သည့် Converging Point သည် အလွန် အား ကောင်းသော သုံးဘက် မြင် Three Dimensional Perspective ကိုပေးနိုင်စွမ်း ရှိသည်။ မျဉ်းကွေး များသည် ကြည့် သူအား Frame တစ်ခု လုံးအတွင်း လှည့် ပတ် ခေါ် သွား ပြီး မိမိ ပြ လိုသော Main Subject ထံ သို့ ပို့ ဆောင်ပေး နိုင် စွမ်း ရှိသည်။

လိုင်း ( Line )ဆိုသည် မှာ နေရာ တိုင်း တွင် ရှိသည်။ ဥပမာ အားဖြင့် နံရံ ၊ ခြံစည်းရိုး ၊ အဆောက် အဦး ၊ တယ်လီဖုံး လိုင်း စသည် များ သည် ဖြစ်ကြသည်။

အထက်ပါ ပုံ (၆) ၏ အားကောင်းသည့် အချက် များ။



(၀၁) အထက်ပါ ပုံတွင်ပါရှိနေသည့် ခြံစည်း ရိုး လိုင်းသည် အလွန် အားကောင်း သည့် လိုင်း များ ဖြစ်သည်။ အဆိုပါ လိုင်း များသည် ကြည့်သူ အာရုံ ကို Main Subject ထံ မရောက်ဘဲ မနေ နိုင် အောင် ဆွဲ ခေါ် သွားသည်။

(၀၂) အဆိုပါ လိုင်း များသည် ဝေး သွားသည် နှင့်အမျှ Main Subject နှင့် သွား ဆုံ သော ဆုံမှတ်ဖြစ်သည့် Converging ပုံစံ ဖြစ်နေသည်။ အဆိုပါ Converging Point သည် ကြည့် သူ ကို ဆွဲခေါ် သွားသည့် အရာ ဖြစ်သည်။

(၀၃) ခြံစည်း ရိုး အဖြောင့် တန်းသည် ကြည့်သူအား အဝေးရှိ သေးငယ် သည့် လူ ပုံ ထံ သို့ တိုက်ရိုက် ပို့ ပေးသည်။

ပုံ - ( ၆)

ဒေါင့် ဖြတ် လိုင်းများ ကို သုံးပါ (Use diagonals )



လိုင်း များ၏ သဘော ကို ယေဘူယျ အားဖြင့် ပြော ရပါလျှင် ရေပြင်ညီ လိုင်း (Horizontal lines ) သည် ငြိမ် သက် ခြင်း ၊ အေးချမ်း ခြင်း သရုပ် ကိုဆောင်သည်။ ဒေါင်လိုက် လိုင်း ( Vertical Line ) သည် ခိုင်မြဲ ခြင်း ၊ အစဉ် တည်တန့် ခြင်း စသည့် သဘော ကို ဆောင်သည်။

သို့ ရာ တွင် Drama ဆန်သည့် အနေအထား၊ လှုပ်ရှား မှု သဘော ၊ မတည်ငြိမ် သော အနေ အထား များကို ပြလိုလျှင်မူ ဒေါင့်ဖြတ် မျဉ်း ( Diagonal Lines ) များကို သုံးကြသည်။

ဒေါင့်ဖြတ် မျဉ်း ( Diagonal Lines ) အနေ အထား ဆိုသည်မှာ လည်း ရိုက်သည့် အနေ အထား နှင့် Focal Length ပြောင်း လိုက် ရုံမျှ နှင့် ရ နိုင်ပါသည်။ Wide Angle Lens ဖြင့် ရိုက်သော ပုံများသည် မြင်ကွင်းကို ပို၍ ကျယ်ကျယ် မြင်နိုင် စေသည့် Increased Perspective ဖြစ်သည့်အပြင် ကင်မရာကို အတန်ငယ်မျှ စောင်းပေးခြင်း ၊ ကင်မရာ Angle ၏ အနိမ့် အမြင့် တို့ ကို ချိန် ပေး ခြင်း တို့ ဖြင့် ဒေါင့်ဖြတ် မျဉ်း ( Diagonal Lines ) ပုံ ကို ရ စေနိုင်ပါသည်။

ဒေါင့်ဖြတ် မျဉ်း ( Diagonal Lines ) ရ ရန်အတွက် ကင်မရာ ကို တမင် တစ်စောင်း ကာ ရိုက် သည့် Dutch Tilt နည်း ဖြင့် လည်း ဖန်တည်း ယူ ၍ လည်း ရပါသည်။

Dutch Tilt နည်း ဖြင့် ရိုက် ထားသည့် နမူ နာ ပုံများ။







အထက်တွင် နမူ နာ ပြထား သော Dutch Tilt နည်း ဖြင့် ဖန်တည်း ထားသည့် ပုံ များမှာ ကြည့်သူ အား ထိရောက်စွာ ဆွဲဆောင် နိုင်စွမ်းရှိပါသည်။

အထက်ပါ ပုံ (၆ ) ၏ အားကောင်းသည့် အချက် များ။




(၀၁) အထက်ပါ ပုံ (၆) ကို Wide Angle ဖြင့် ရိုက်ထားသည့် အတွက် အလို အလျှောက် ဒေါင့်ဖြတ် မျဉ်း ( Diagonal Lines ) ကို ဖန်တည်း ပြီးသား ဖြစ်သည်။

(၀၂) ကင်မရာကို အောက်မှ ပင့်ကာ ရိုက်သည့်အတွက် အလွန် အားကောင်း သည့် ဒေါင့်ဖြတ် မျဉ်း ( Diagonal Lines ) ကို ဖြစ်စေသည်။

(၀၃) ဓါတ်ပုံ ရိုက်သူက ပုံ ကို ကြည့်သူ၏ ဘယ် ဘက် နေရာ တွင် နေရာ ချန် ထားခြင်းမှာ ပြေးနေသည့် မြင်း ၏ အရှိန် နှင့် တိုးဝင် စေရန် အတွက် နေရာ ချန် ထား ခြင်း ဖြစ်သည်။

ပုံ - (၇)

ရွှေ့ လျှားမည့် နေရာ အတွက် နေရာ ပေးထားပါ ။



အချို့သော ပုံများမှာ အငြိမ်( Still) ပုံများ ဖြစ်စေကာမူ ရွေ့ လျှားမှု သဘော ဆောင်သော ပုံ များလည်း ရှိပါသည်။ ပုံ တစ်ပုံ ကို ကြည့် လိုက်ပါက ရှေ့ ဆက် ကြည့် လျှင် ဘာများ ရှိနေပါလိမ့် ဟူသော အတွေး ပေးသည့် ပုံ သည် အငြိမ် ပုံ ဖြစ်စေကာမူ ရွေ့ လျှားမှု ကို ဦးတည် သည့် သဘော ဆောင် သော ပုံ ဟု ဆိုရ မည် ဖြစ်ပါသည်။

အထက်ပါ ပုံ ရှိ မော်တော်ကား ၏ ဦးတည် ရာ အရပ်တွင် နေရာ လွတ် မရှိဘဲ ပုံ အပြင် ဘက် သို့ ဖေါက်ထွက် သွားမည့် သဘော သာရှိပါက ပုံသည် Balance မဖြစ်ဘဲ ကြည့်သူအနေနှင့် လည်း ကြည့်ရ သည်မှာ ဘ၀င်မကျ ဖြစ်တတ်ပါသည်။ ကား ၏ ရှေ့ တွင် ကား ပြေးလာ မည့်သဘောကို ဖေါ် ဆောင် ရန်အတွက် နေရာ ပေးထားသည် ကို တွေ့ နိုင်ပါသည်။

ဥပမာ အားဖြင့် လူပုံ (Portrait ) ပုံ တစ်ပုံ တွင် Subject သည် တစ်နေရာ ကို ကြည့်နေ သည် ဆိုပါစို့ ၊ ကြည့်နေသည့် အတွက် အရာ ၀တ္တု တစ်ခု သို့ မဟုတ် နေရာ ပေးထားရမည်။ ကြည့် နေသည့် နေရာသည် Frame အတွင်း နေရာ မရှိဘဲ ပုံ အပြင် သို့ ဖေါက် ထွက် သွားမည့် သဘော မျိုး မဖြစ်စေရပါ။ အဆိုပါ နေရာ သည် Subject ၏ နောက် နေရာ မဟုတ်ဘဲ ရှေ့ တွင် ဖြစ်ရပါမည်။ Crop လုပ် လျှင် သတိ ထားရမည့် အချက် ဖြစ်ပါသည်။

အထက်ပါ ပုံ (ရ ) ၏ အားကောင်းသည့် အချက် များ။



(၀၁) အရှိန် နှင့် ပြေးနေသည့် ကား အတွက် တိုးဝင် လာရန် ရှေ့ တွင် နေရာ ပေးထားသည်။ အကယ်၍ အဆိုပါနေရာ မရှိပါက ဖွဲ့ စည်းပုံ အမှားဟု ဆိုရ ပါမည်။

(၀၂) ပုံ တွင် ပါသည့် လမ်းပေါ်ရှိ အဖြူ လိုင်း ( Line ) သည် ကား အရှိန် နှင့်ပြေး မည့် သဘော ကို များစွာ အားဖြည့် ပေးသည့် လိုင်း ဖြစ်သည်။

(၀၃) ဓါတ်ပုံ ရိုက်သူသည် ကင်မရာ ကို အနည်း ငယ် စောင်းကာ အားကောင်း သည့် ဒေါင့်ဖြတ် လိုင်း အနေအထား ရ အောင်ရိုက် ထားသည်။

ပုံ - (၈)

နောက် ခံ ( Background )။



မိမိ ရိုက်မည့် Subject ကိုသာ အာရုံ စိုက်မနေဘဲ နောက်ခံ ကိုလည်း သတိပြု ရန် လိုပါသည်။ မိမိ ပုံ၏ နောက်ခံ တွင် အနှောက် အယှက် များနေလျှင် ရှေ့ တွင် ရှိ Subject အပေါ် အာရုံ လျှော့ စေပါလိမ့်မည်။

နောက် ခံ ကို လုံးဝ ဖယ်ထုတ်၍တော့ မရ ပါ။ သို့ သော် ထိန်း ချုပ် နိုင်ပါသည်။ Subject ကို တတ်နိုင် သမျှ Frame အတွင်း ဖြည့် လိုက်ခြင်း ၊ နောက် ခံ ကို ၀ါး သွားစေ ခြင်း တို့ ဖြင့် ထိန်း ချုပ် နိုင်ပါသည်။

တစ်ခါ တစ်ရံ ကင်မရာ နေရာ ပြောင်း လိုက်ခြင်း ဖြင့် လည်း နောက်ခံ ပြသနာ ကို ဖြေရှင်း တန်သရွေ့ ဖြေ ရှင်း နိုင်ပါသည်။ Aperture ကို ကျယ်ကျယ် ဖွင့် ခြင်း ၊ Focal Length ကို ရှည် ရှည် ဆွဲ လိုက်ခြင်း ဖြင်လည်း နောက်ခံ ကို ၀ါး သွား စေနိုင်ပါသည်။

သို့ ရာ တွင် Background သည် မိမိ တင်ပြ မည့် ပုံ၏ Part of the story ဖြစ်နေပါလျှင်မူ Background ကို ဖေါ် ပြရန် လိုပါလိမ့် မည်။

အထက်ပါ ပုံ (၈ ) ၏ အားကောင်းသည့် အချက် များ။



(၀၁) ဤ ပုံ ကို ရိုက်ရာ တွင် Long Focal Length ၊ Wide Aperture တို့ ဖြင့် ရိုက် ထားသည့် အတွက် မလိုလား အပ်သော နောက်ခံ အနှောက် အယှက် များ မရှိဘဲ ၀ါး နေသည်။

(၀၂) ပုံ ကို လည်း Frame အတွင်း ဖြည့် နိုင်သမျှ ဖြည့် ထားသည့် သည့် အတွက် မလို အပ်သည့် အရာ များ ဖယ် ထုတ် လိုက်ပြီး ဖြစ်နေသည်။

(၀၃) နောက်ခံ တွင် မလိုအပ် သည်များ မပါ ရလေအောင် ကင်မရာ အနေ အထား ( Position ) ကို သေခြာ စွာ စစ် ဆေး ကာ နေရာ ချ ထားသည်။

ပုံ -(၉)

အရောင်ဖြင့် ချယ်မှုန်းပါ ။



တောက်ပ သည့် အခြေခံ အရောင်သည် မျက်စေ့ ကို ဆွဲ ဆောင်သည်။ အထူးသဖြင့် တစ်ရောင် နှင့် တစ်ရောင် အထောက်အပံ့ ဖြစ်စေကာ Contrast ဖြစ် နေပါက ဆွဲဆောင်မှု ရှိလာသည်။ ဥပမာ အားဖြင့် တစ်ရောင် ထည်းသော နောက်ခံ ပေါ် တွင် တောက်ပ သည့် အရောင်များ ဖြန်းထားသည့် ပုံ မျိုး ကို ဆိုလိုသည်။ ထင်းကနဲ ဖြစ်စေသည့် ပုံ တစ်ပုံ ရ လာစေရေး အတွက် ပြင်းပြ သော အရောင် Contrast များသုံး ရမည် ဟု ဆိုလို ခြင်း မဟုတ်ပါ။

Single Hue တစ်ခု ထည်းသော ပုံ မျိုး၊ Soft Lit Landscape ကဲ့သို့ Limited Harmonious shade တို့သည်လည်း ပုံ ကောင်း တစ်ပုံ ဖြစ်လာစေနိုင်သည်။ အဓိက အားဖြင့် မလိုသော အရောင်များကို မပါစေဘဲ လိုသော အရောင်များကို ရွေးချယ် ဖွဲ့စည်းရန် ဖြစ်ပါသည်။

အထက်ပါ ပုံ (၉) ၏ အားကောင်းသည့် အချက် များ။



(၀၁) အပြာရောင် ၊ လိမ်မော်ရောင် နှင့် အ၀ါ ရောင်တို့ သည် အခြင်းခြင်း အထောက် အပံ့ ဖြစ်စေသော Complementary Colour များ ဖြစ်ကြသည်။ သို့ ဖြင့် ပေါ်လွင် သည် Contrast ကို ရလာသည်။

(၀၂) ပုံ တစ်ပုံ အတွင်း ရောင်များကို ထိမ်းချုပ် ရာ တွင် Framing သည် အလွန် အရေး ကြီးသည်။

(၀၃) ပုံ ၏ Composition တွင် လိမ်မော်ရောင် ကို အလယ် တွင် မထားသည့် အတွက် လိမ်မော်ရောင် သည် ပေါ်လွင် လွမ်းမိုးသည့် အရောင် ဖြစ်လာ သည်။

ပုံ - (၁၀ )

ဥပဒေသ များကို ချိုးဖေါက်ခြင်း ( Breaking the Rules )။



Photo composition သည် အမြင် ဆိုင်ရာ ဘာသာ စကား ဟု ဆိုရပါမည်။ သင် ၏ ပုံ နှင့် သင် ပြော လိုသော Message ကို ပြော နိုင်ပါသည်။ တစ်ခါ တစ်ရံ စာ ရေးရာ တွင် သဒ္ဒါ မ မှန် ဘဲ အဆင်ပြေ သလို ရေးသကဲ့ သို့ ဓါတ်ပံ့ ဖွဲ့ စည်း မှု တွင်လည်း သမားရိုးကျ Composition ဆိုင်ရာ နည်း စနစ် များကို ချိုးဖေါက် ရသည် များလည်း ရှိ ပါသည်။

သို့ ရာ တွင် လုပ်ခြင်ရာ လုပ် ၍လည်း မဖြစ် ၊ မတော် တဆ ဖြစ်လာ သည့် နည်း မျိုး လည်း မဟုတ် ပါ။ Composotion ဆိုင်ရာ နည်း စနစ် များကို ချိုးဖေါက် မည့်သူ သည် အဆိုပါ နည်း စနစ်များကို ကြေညက် စွာ နာလည်နေရန် လို ပါသည်။ Composotion ဆိုင်ရာ နည်း စနစ် များကို သေခြာစွာ တွက်ဆပြီးမှ ချိုးဖေါက် ထားသည့် ပုံ သည် များစွာစိတ်ဝင်စား ဘွယ်ရာ ကောင်းသည်ကိုတွေ့ နိုင်ပါသည်။

အထက်ပါ ပုံ (၁၀) ၏ အားကောင်းသည့် အချက် များ။




(၀၁) ပုံအတွင်း ရှိအမျိုးသမီး ကြီး ကြည့်နေသည်မှာ ပုံ အပြင်ဘက်သို့ ဖြစ်နေ သည်။ သာမန် Composition အနေ အားဖြင့် သူ ကြည့်နေသည့် နေရာ အတွက် နေရာ ပေးထားရန် လိုသည်။ ယခု ပုံ တွင် နေရာ မရှိ။ ဤ သည်မှာ သာမန် ဖွဲ့ စည်မှု ဆိုင်ရာ နည်း မှ ဖေါက် ထွက် လိုက်ခြင်း ဖြစ်သည်။

(၀၂) သို့ ရာ တွင် နောက်မှ အမျိုး သာ တစ်ဦးက အဆိုပါ အမျိုး သမီး ကြီးကို ကြည့်နေသည်မှာ အဆိုပါ Subject နှစ်ခုကို ခိုင်မာစွာစည်း နှောက် လိုက်ခြင်း ဖြစ်သည်။

(၀၃) အမျိုး သမီး ကြီး ၏ အလယ်တွင် မဟုတ်သော Off Center အနေအထား သည် များစွာ ကောင်းမွန်ကာ နောက်ရှိ အမျိုးသားပုံ နှင့် Balance ဖြစ်နေ စေသည်။

အထင်ပါ ဖေါ်ပြ ချက် များသည် ဆောင်းပါးရှင် Jeff Meyer က ပုံ အလိုက် Composition ဆိုင်ရာ များကို ထောက်ပြ သုံးသပ် ထားခြင်း ဖြစ်ပါသည်။ Photo Clinic မဟုတ်စေကာမူ အဆိုပါ သဘော ဆောင်သည့် ဆောင်းပါးဖြစ် အဖြင့် ဓါတ်ပုံ Composition ဆိုင်ရာဆောင်းပါးများတွင် တစ်မူ ထူးခြားသည့်အတွက် ဘာသာပြန် ကာ ပြန် လည် မျှဝေ ခြင်း ဖြစ်ကြောင်း ဖေါ်ပြ အပ်ပါသည်။

Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...