စာလုံးအရွယ်အစား ပြောင်းရန်...

A Gift of Love...

Monday, February 22, 2016
ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး တစ်ဦး ဘတ်စ်ကားပေါ်ကို တက်လာတယ်... လက်ထဲမှာ ကိုင်ထားတဲ့ တုတ်ကောက် အဖြူတစ်ချောင်းနဲ့ သူမ သွားမယ့် လမ်းကြောင်းကို ဂရုတစိုက်နဲ့ စူးစမ်းနေတယ်... ကားပေါ်က ခရီးသည်တွေ အားလုံးကလည်း သူမကို သနား ဂရုဏာ အကြည့်တွေနဲ့ ကြည့်နေကြတယ်... ကားပေါ်မှာ ထိုင်ခုံတွေကို လက်နဲ့ လိုက်စမ်းနေတယ်... ဒီအချိန်မှာ ကားဒရိုင်ဘာ ရောက်လာပြီး ခရီးသည် မရှိတဲ့ ထိုင်ခုံလွတ် နေရာကို လိုက်ပို့ပေးလိုက်တယ်... ထိုင်ခုံမှာ ထိုင်ချလိုက်တယ်... ရုံးသုံးအိတ်ကို သူမရဲ့ ပေါင်ပေါ်မှာ တင်လိုက်ပြီး တုတ်ကောက်ကိုတော့ ခြေတောက်ဘေးမှာ မှီပြီး ထောင်ထား လိုက်တယ်...

သူမကတော့....

အသက် ၃၄ နှစ်အရွယ်ရှိ "စူဆန်" အမည်ရ အမျိုးသမီး တစ်ဦးပဲ ဖြစ်ပါတယ်... သူမ မျက်မမြင် ဒုက္ခိတဘ၀ ရောက်နေတာ ယခုဆိုရင် ၁ နှစ် ရှိနေပါပြီ... ဆေးမှားယွင်းမှုကြောင့် အခုလို အမြင်အာရုံတွေ ဆုံးရှုံးခဲ့ရတာပါ... ရုတ်တရက် ဆိုသလိုပဲ ဒီကြမ္မာဆိုးကြီးက သူမကို ဒေါသစိတ်၊ နာကျည်း စိတ်၊ ကိုယ့်ကိုကိုယ် သနားဂရုဏာ ဖြစ်တဲ့ စိတ်တွေနဲ့အတူ အမှောင်လောကထဲကို တွန်းပို့ခဲ့ တယ်... သူမရဲ့ဘ၀ အရာအားလုံးအတွက် အားကိုးရမယ့်သူ... တွယ်တာရမယ့် သူဟာ ခင်ပွန်းဖြစ်သူ "မက်ခ်" တစ်ဦးသာ ရှိခဲ့တယ်...

မက်ခ်ဟာ လေတပ်အရာရှိ စစ်သည် တစ်ဦး ဖြစ်ပါတယ်... ဇနီးဖြစ်သူ စူဆန်ကို သူ့နှလုံးသားနဲ့ ထပ်တူ ချစ်တယ်... ဇနီးဖြစ်သူ ပထမဦးဆုံး အမြင်အာရုံ ဆုံးရှုံးလိုက်လို့ စိတ်ပျက်လက်ပျက် ဖြစ်နေချိန်ကို မြင်တွေ့ခဲ့ရပြီး... သူမ လိုအပ်နေတဲ့ စိတ်ခွန်အားတွေ၊ ယုံကြည်မှုတွေ ပြန်လည်ရရှိလာအောင် ကူညီပံ့ပိုးပေး သွားမယ်လို့ သံဓိဌာန် ချခဲ့တယ်...

အချိန်အနည်းငယ် ကြာပြီးတဲ့နောက်... စူဆန်ဟာ အလုပ်ပြန်ဆင်းဖို့ အဆင်သင့် ဖြစ်နေပြီလို့ သူမကိုယ်သူမ ယုံကြည်နေတယ်... ဒါပေမယ့် အလုပ်နေရာကို ဘယ်ပုံဘယ်နည်း သွားလာ မလဲ...? အရင်က ဘတ်စ်ကားစီးပြီး အလုပ်သွားနေကျ ဆိုပေမယ့် အခုဆိုရင် သူမ တစ်ယောက်တည်း ဒီလိုသွားလာဖို့ အရမ်းကြောက်လန့်နေတယ်... ခင်ပွန်းဖြစ်သူ မက်ခ်ရဲ့ အလုပ်နေရာနဲ့ ဇနီးသည် အလုပ်လုပ်တဲ့ နေရာတွေဟာ မြို့စွန်းနှစ်ဘက်မှာ တနေရာစီ ရှိနေကြတယ်... ဒါပေမယ့် မက်ခ်ဟာ ဇနီးသည် အလုပ်လုပ်တဲ့နေရာကို နေ့စဉ် ကားနဲ့လိုက်ပို့ ပေးခဲ့တယ်... ဒါဟာ အစပိုင်းမှာတော့ စူဆန်ကို ကျေနပ် နှစ်သိမ့်မှုတွေ ဖြစ်စေခဲ့သလို မျက်မမြင် ဇနီးသည်ကို ကာကွယ် စောင့်ရှောက်မှု ပေးဖို့ မက်ခ်ရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်း ပေးခဲ့တယ်...

သို့သော်... မကြာခင်မှာပဲ ဒီအစီအစဉ်ဟာ ရေရှည် အဆင်မပြေဘူးလို့ မက်ခ်က နားလည်လိုက်ပြီး ဇနီးသည်ကို အလုပ်ကို ဘတ်စ်ကားနဲ့ပဲ သွားခိုင်းဖို့ ဆုံးဖြတ် လိုက်တယ်... ဒီအစီအစဉ်ကို ဇနီးဖြစ်သူအနေနဲ့ လက်ခံနိုင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း သူ တွက်ဆထားတယ်... ထင်ထားတဲ့ အတိုင်းပါပဲ... ဇနီးသည်ဟာ မက်ခ်ရဲ့ ဘတ်စ်ကား စီးပြီး အလုပ်သွားရမယ် ဆိုတဲ့ အစီအစဉ်ကို စတင် ကန့်ကွက်ပါတော့တယ်...

"ကျမဟာ မျက်မမြင် ဒုက္ခိတ တစ်ယောက်ပါ" ဆိုပြီး ဇနီးသည်က ခါးခါးသီးသီး တုန့်ပြန်လိုက်တယ်.. "ကျမ သွားနေတဲ့ နေရာကို ကျမ ဘယ်လို သိနိုင်မလဲ... ရှင် ကျမကို စွန့်ပစ် ထားတယ်လို့ ကျမ ခံစားရတယ်..."

စူဆန်ပြောလိုက်တဲ့ စကားကြောင့် မက်ခ်ဟာ သူ့နှလုံးသားတွေ ကွဲကြေမတက် ခံစားလိုက်ရတယ်... ဒါပေမယ့် သူ့ရဲ့ အစီအစဉ်ကိုတော့ ရုတ်မသိမ်းခဲ့ဘူး... အဲဒီအစား ဇနီးသည် မနက်ပိုင်း အလုပ်သွားချိန်နဲ့ ညနေပိုင်း အလုပ်ဆင်းတဲ့ အချိန်တွေမှာ သူမ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာပြီး တကိုယ်တည်း သွားလာနိုင်တဲ့ အချိန်ထိ အချိန်ဘယ်လောက်ပဲ ကြာပါစေ သူမနဲ့အတူ ဘတ်စ်ကား လိုက်စီးမယ်လို့ ကတိပေးခဲ့တယ်... တကယ်လည်း အစီအစဉ်အတိုင်း လုပ်ခဲ့တယ်... ရက်သတ္တပတ် ၂ ပတ်လုံးလုံး ခင်ပွန်းဖြစ်သူ မက်ခ်ဟာ လေတပ် ၀တ်စုံအပြည့် ၀တ်ဆင်လျက် ဇနီးသည်ကို အလုပ်သွား အလုပ်ပြန် ဘတ်စ်ကား အတူတူစီးပြီး နေ့စဉ် အဖော်လုပ်ပေးခဲ့တယ်...

တချိန်တည်းမှာပဲ မက်ခ်ဟာ မျက်မမြင် ဇနီးသည်ကို သူမဘယ်နေရာမှာ ရောက်နေတယ်... ပတ်ဝန်းကျင် အသစ်မှာ ဘယ်လို လိုက်လျောညီထွေမှု ရှိအောင် နေထိုင်သွားလာ ရမယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အထူးသဖြင့် အကြားအာရုံပေါ်မှာ မှီခိုအားထားဖို့ လမ်းညွှန် သင်ကြား ပေးခဲ့တယ်... နောက်ပြီး သူမကို ဘတ်စ်ကားပေါ်မှာ ၀ိုင်းဝန်း ကူညီ စောင့်ရှောက်ပေးဖို့အတွက် ဘတ်စ်ကား ဒရိုင်ဘာတွေနဲ့ မိတ်ဆွေတွေ ဖြစ်လာအောင်လည်း ကူညီပေးခဲ့တယ်...

နောက်ဆုံးမှာတော့ စူဆန်ဟာ သူမကိုယ်သူမ ယုံကြည်မှု ရှိလာပြီး ခင်ပွန်းသည် မပါပဲ အလုပ်ကို တယောက်တည်း သွားဖို့ ဆုံးဖြတ်ခဲ့တယ်... ဒီလိုနဲ့ တနင်္လာနေ့ မနက်ပိုင်း အလုပ်မသွားခင်အချိန် သူမရဲ့ ယာယီ ဘတ်စ်ကား စီးဖော်လည်းဖြစ်... ခင်ပွန်းသည်လည်းဖြစ်... အကောင်းဆုံး မိတ်ဆွေလည်း ဖြစ်တဲ့ မက်ခ်ကို သူမရဲ့ လက်နှစ်ဖက်နဲ့ သိုင်းဖက်လိုက်တယ်... ခင်ပွန်းသည်ရဲ့ သူမအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာ... စိတ်ရှည်သည်းခံမှု... သစ္စာရှိမှုတွေအတွက် သူမရဲ့ မျက်ဝန်းအိမ်မှာ ကျေးဇူးတင်တဲ့ မျက်ရည်တွေနဲ့ ပြည့် နှက်နေတယ်... အဲဒီနောက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နှုတ်ဆက်ပြီး အလုပ်နေရာကို တစ်ယောက်တစ်လမ်းစီ ထွက်ခွာ သွားကြတယ်... မျက်မမြင် စူဆန်ဟာ တနင်္လာ၊ အဂါင်္၊ ဗုဒ္ဓဟူး၊ ကြာသပတေး... နေ့စဉ်နေ့တိုင်း အလုပ်ကို အခက်အခဲမရှိ အဆင်ပြေ ချောမွေ့စွာနဲ့ သွားလာ နေခဲ့တယ်... ဒီလို တယောက်တည်း သွားလာနေရတာကို သက်တောင့် သက်သာ ဖြစ်တယ်လို့တော့ သူမ ဘယ်တော့မှ မခံစားရဘူး... ဒါပေမယ့် သွားမြဲတိုင်း သွားနေခဲ့တယ်...

သောကြာနေ့ နံနက်မှာ စူဆန်ဟာ ထုံးစံအတိုင်း အလုပ်ကို ဘတ်စ်ကား စီးပြီး သွားခဲ့တယ်... ဘတ်စ်ကားပေါ်က ဆင်းဖို့ ကားခ ပေးနေစဉ်မှာ ကားဒရိုင်ဘာက "တကယ်ကို အားကျမိတယ်ဗျာ.." လို့ ပြောလိုက်တယ်... ကားသမားက သူမကို ပြောနေတာလား... တခြား တစ်ယောက်ယောက်ကို ပြောနေတာလားဆိုတာ စူဆန် ဇဝေဇဝါ ဖြစ်နေတယ်... နောက်မှ သူမကို ပြောနေတယ် ဆိုတာ သိလိုက်ရတယ်... 'တနှစ်လုံးလုံး မျက်မမြင် ဒုက္ခိတဘ၀ကို ကြံ့ကြံ့ခံနိုင်ဖို့ သတ္တိတွေမွေးပြီး အကြိတ်အနယ် ကြိုးစားနေရတဲ့ ဒီလို အမျိုးသမီး တစ်ဦးကို ဒီကမ္ဘာပေါ်မှာ အားကျတဲ့သူက ရှိသေးလား...?? လို့ စဉ်း စားလိုက်ပြီး သိချင်စိတ်နဲ့..."ရှင်က ကျမကို ဘာဖြစ်လို့ အားကျတယ်လို့ ပြောရတာလဲ" လို့ ဒရိုင်ဘာကို မေးလိုက်တယ်...

ဒီအချိန်မှာ ကားဒရိုင်ဘာက... "ခင်ဗျားလိုပဲ ဂရုစိုက်ပေးတဲ့သူတွေ ကာကွယ် စောင့်ရှောက်ပေးတဲ့ သူတွေ ရှိရင် ကောင်းမယ်ဗျာ..." လို့ ပြန်ပြောလိုက်တယ်... ကားဒရိုင်ဘာ ပြောနေတာကို နားမလည် ဖြစ်နေတဲ့ စူဆန်က..."ရှင် ဘာကို ဆိုလိုတာလဲ" လို့ ပြန်မေးလိုက်တယ်...

ကားဒရိုင်ဘာက... "ခင်ဗျားလည်း သိတာပဲဗျာ... ပြီးခဲ့တဲ့ နှစ်ပတ်လုံးလုံး နေ့စဉ်နေ့တိုင်း လေတပ်ယူနီဖောင်း ၀တ်စုံအပြည့်နဲ့ ရုပ်ရည်သန့်သန့် လူကြီးလူကောင်း တစ်ယောက်က ခင်ဗျား ကားပေါ်က ဆင်းတဲ့အခါတိုင်း ထောင့်တစ်နေရာကနေ ဂရုတစိုက်နဲ့ စောင့်ကြည့်ပေးနေတယ်... ပြီးတော့ ခင်ဗျား လမ်းဖြတ်ကူးတဲ့ အခါမှာလည်း ဘေးအန္တရာယ် ကင်းအောင် ကူညီပေးတယ်... ခင်ဗျား ရုံးအဆောက်အဦထဲကို ၀င်သွားတဲ့ အခါမှာလည်း ဂရုတစိုက်နဲ့ စောင့်ကြည့်နေတယ်... နောက်ပြီး ခင်ဗျားကို အဝေးကနေ လှမ်းပြီး အာဘွား ပေးတယ်... ပြီးတော့ အလေးပြုပြီး ထွက်သွားတာပါပဲ... ခင်ဗျားဟာ အတော်လေး ကံကောင်းတဲ့ အမျိုးသမီး တစ်ဦးပါပဲ..." လို့ ရှင်းပြလိုက်တယ်...

ဘတ်စ်ကားဒရိုင်ဘာ ရှင်းပြလိုက်တဲ့ စကားလုံးတွေကြောင့် စူဆန်ဟာ အရမ်းပျှော်သွားပြီး သူမရဲ့ ပါးပြင်နှစ်ဘက်ကနေ ၀မ်းသာမျက်ရည်တွေ စီးကျလာတယ်... ခင်ပွန်းဖြစ်သူရဲ့ ရုပ်ပိုင်း ဆိုင်ရာကို မမြင်ရပေမဲ့ သူမရဲ့ မျက်စိ ရှေ့မှောက်မှာ သူဟာ အမြဲတမ်း ရှိနေတယ်... အမြဲတမ်း မြင်တွေ့ နေရတယ်လို့ ခံစားရတယ်... သူမဟာ အရမ်း ကံကောင်းတယ်... ခင်ပွန်းဖြစ်သူ မက်ခ်ဟာ သူမကို အမြင်အာရုံထက် ပိုပြီး စွမ်းအားပြင်းတဲ့ လက်ဆောင်တစ်ခု ပေးခဲ့လို့ပဲ ဖြစ်တယ်... သူမအနေနဲ့ ယုံကြည်အောင် ကြည့်ဖို့ မြင်ဖို့ မလိုအပ်တဲ့ လက်ဆောင် တစ်ခု... အဲဒါကတော့... အမှောင်ထု ရှိတဲ့နေရာကို အလင်းရောင်တွေ ဆောင်ကျဉ်းပေးလာတဲ့ 'အချစ်လက်ဆောင်' တစ်ခုပါပဲ....။

ကိုမျိုး
©Sharon Wajda
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
comments powered by Disqus

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...