စာလုံးအရွယ်အစား ပြောင်းရန်...

Save Pangolins!

Monday, February 22, 2016
ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က တရုတ်နိုင်ငံတောင်ပိုင်း၊ Guangdong ခရိုင်မှာ ငါးဖမ်းလှေ တစ်စီးပေါ်ကနေ တရားမ၀င် တင်ဆောင်လာတဲ့ သင်းခွေချပ်(Pangolin) အရေအတွက် ၂,၆၇၄ ကောင်ကို အကောက်ခွန် အရာရှိတွေက သိမ်းဆည်း ရမိ ခဲ့ပါတယ်… အဆိုပါ သင်းခွေချပ် အသေတွေကို အအေးခံ သေတ္တာ ၄၁၄ လုံးထဲမှာ ထည့်ထားပြီး… စုစုပေါင်း အလေးချိန် ၁၁.၅ တန်ခန့် ရှိတယ်လို့ သိရပါတယ်… ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း တရုတ်တောင်ပိုင်းမှာ တရားမ၀င် တောရိုင်း တိရစ္ဆာန်တွေကို ကူးသန်းရောင်းဝယ် ဖောက်ကားတဲ့ ဖြစ်စဉ်တွေထဲမှာ အကြီးမား ဆုံးသော ဖြစ်စဉ် တခု ဖြစ်ပါတယ်…

တောရိုင်း သတ္တ၀ါတွေထဲမှာ သင်းခွေချပ် (Pangolins) တွေဟာ တရုတ်နိုင်ငံရဲ့ ကာကွယ် စောင့်ရှောက်မှု ပေးတဲ့အဆင့် ဒုတိယနေရာမှာ ရှိနေပါတယ်… တရုတ်နိုင်ငံရဲ့ ဥပဒေအရ… နိုင်ငံရဲ့ အဓိက ကာကွယ်စောင့်ရှောက်မှု ပေးထားတဲ့ စာရင်းထဲမှာ ပါဝင်တဲ့ မည်သည့် တောရိုင်း သတ္တ၀ါတွေကိုမဆို တရားမ၀င် ဖမ်းဆီး သတ်ဖြတ်၊ ရောင်းဝယ် ဖောက်ကားတဲ့ သူတွေဟာ ငွေဒဏ်အပါအ၀င် ထောင်ဒဏ် ၁၀ နှစ်ထက်မက ကျခံရနိုင်တယ်လို့ ဖော်ပြ ထားပါတယ်…

တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန် ပြည်နယ်မှာလည်း သင်းခွေချပ် အပါအ၀င် လူတွေကို အန္တရာယ်ပေးနိုင်တဲ့ တောရိုင်း တိရစ္ဆာန်တွေကို ရောင်းဝယ် ဖောက်ကား တာဟာ ရာဇ၀တ်မှု တခုဖြစ်တယ် ဆိုတာကို ဥပဒေတခု ပြဌာန်းပေးဖို့ အများရဲ့ သဘောထားကို ဆန္ဒမဲနဲ့ အတည်ပြုခဲ့ ပါတယ်… ဥပဒေချိုးဖောက်သူတွေဟာ အများဆုံး ထောင်ဒဏ် ၅ နှစ် ကျခံ ရမှာဖြစ်သလို ငွေဒဏ် $10,000 ကိုလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်…

သင်းခွေချပ်(Pangolin)ဟာ ဘယ်လို သတ္တ၀ါ မျိုးတွေလဲ ဆိုတာ လေ့လာ ကြည့်မယ် ဆိုရင်… သင်းခွေချပ်တွေဟာ အာဖရိကနဲ့ အာရှတိုက်ရှိ အပူပိုင်းဒေသတွေမှာ နေထိုင်ကြပြီး၊ ညဘက်တွေမှာသာ ကျက်စားလေ့ ရှိကြတဲ့ ခြေလေးချောင်း နို့တိုက် သတ္တ၀ါတွေ ဖြစ်ပါတယ်… သူတို့ကို “ပုရွှက်စားကောင်” လို့လည်း ခေါ်ဝေါ်ကြ ပါတယ်… သင်းခွေချပ်တွေရဲ့ (လူတွေရဲ့ လက်သည်း၊ ခြေသည်းနဲ့ အလားသဏ္ဍာန် တူတဲ့) အကြေးခွံ အနေအထားဟာ တခုပေါ်တခု ထပ်လျက်ရှိနေပြီး ရှေးခေတ် သူရဲကောင်းတွေ ၀တ်ဆင်တဲ့ ချပ်ဝတ် တန်ဆာ ပုံစံနဲ့ ဆင်တူနေတာကို တွေ့ရ ပါတယ်… သင်းခွေချပ်တွေဟာ တစုံတရာ (သို့မဟုတ်) တစုံတယောက်က သူတို့ကို အန္တရာယ် ပြုတော့မယ်လို့ ခံစားရရင် ဘောလုံးပုံစံ လှိမ့်ဝင်သွားပြီး သူတို့ရဲ့ ခန္တာကိုယ်ကို အကြေးခွံတွေနဲ့ ဖုံးအုပ် ကာကွယ် တတ်ကြပါတယ်…

သင်းခွေချပ် တစ်ကောင်ရဲ့ အရွယ်အစားဟာ အရှည် ၃၀ စင်တီမီတာကနေ ၁၀၀ စင်တီမီတာ အထိ (၁၂ လက်မကနေ ၃၉ လက်မထိ) ရှိနိုင်ပါတယ်… ခြကောင်နဲ့ ပုရွှက်ဆိတ်တွေဟာ သူတို့ရဲ့ စားနေကျ အစား အစာတွေဖြစ်ပါတယ်… အစာတွေကို သူတို့ရဲ့ စေးကပ်တဲ့ လျှာတွေနဲ့ တို့ထိဖမ်းယူ စားသောက်ကြတာပါ… လျှာတွေဟာ အဆမတန် ရှည်လျားပြီး ဇောက်နက်တဲ့ တွင်း အခေါင်းပေါက်ထဲရှိ သားကောင်တွေနဲ့ သစ်ပင် အမြင့်တွေပေါ်ရှိတဲ့ သားကောင်တွေ ကို ဖမ်းယူ စားသောက်ရာမှာ အတော်လေး အသုံးဝင်ပါတယ်…

သင်းခွေချပ်တွေမှာ သွားတွေ မပါရှိပါဘူး… အစားအစာတွေကို ခြေဖျက်ဖို့အတွက် သူတို့ရဲ့ ကျောရိုးနဲ့ အစာအိမ်အတွင်းရှိ ကျောက်အငယ်စားလေးတွေကို အသုံးပြု တယ်လို့ လေ့လာ သိရှိရပါတယ်… လမ်းလျှောက်တဲ့ အခါမှာလည်း ဒယီးဒယိုင် လျှောက်လေ့ရှိပါတယ်…

International Union for Conservation of Nature (IUCN) ရဲ့အဆိုအရ… သင်းခွေချပ် တွေဟာ ကမ္ဘာပေါ်မှာ တရားမ၀င် ရောင်းဝယ် ဖောက်ကားမှု အများဆုံး ခံရတဲ့ နို့တိုက် သတ္တ၀ါတွေ ဖြစ်တယ်လို့ ဆိုပါတယ်… ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း သင်းခွေချပ် အကောင်ရေ ၁ သန်းကျော်ကို တရားမ၀င် ဖမ်းဆီး သတ်ဖြတ်၊ ရောင်းဝယ်ဖောက်ကား ခဲ့တယ်လို့ ယူဆ ထားပါတယ်…

သင်းခွေချပ် မျိုးစိတ် (၈)မျိုးကတော့…

1.Manis pentadactyla (Chinese Pangolin) – Critically Endangered
2.Manis javanica (Sunda or Malayan Pangolin) – Critically Endangered
3.Manis culionensis (Philippine Pangolin) – Endangered
4.Manis crassicaudata (Indian or Thick-tailed Pangolin) – Endangered
5.Smutsia temminckii (Cape or Temminck’s ground Pangolin) – Vulnerable
6.Smutsia gigantea (Giant ground Pangolin) – Vulnerable
7.Phataginus tricuspis (Tree or African White-bellied Pangolin) – Vulnerable
8.Uromanis tetradactyla (Long-tailed or Black-bellied Pangolin) – Vulnerable

အာရှမှာ သင်းခွေချပ်တွေကို တောတွေထဲမှာ ဖမ်းဆီး သတ်ဖြတ်နေတာကို တားဆီး ဟန့်တား နေစဉ်မှာ ပုံစံအမျိုးမျိုးနဲ့ တရားမ၀င် ရောင်းဝယ် ဖောက်ကားမှုတွေကတော့ ဆက်ပြီး ရှင်သန်နေပါတယ်…

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း တရုတ်နိုင်ငံ မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ဆိုရင်လည်း… လှေပေါ်မှာ အဖမ်းခံရတဲ့ သံသယဖြစ်သူ ၂ ဦး ဟာ အအေးသေတ္တာတွေထဲမှာ အလုံးပိတ် ထည့်ထားတဲ့ သင်းခွေချပ်အသေ ၂,၆၇၄ ကောင်ကို အခကြေးငွေ ယူပြီး နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ငါးဖမ်းလှေနဲ့ တရားမ၀င် သယ်ဆောင်လာတာ ဖြစ်ပါတယ်… ပို့ဆောင် ပေးရမဲ့ နေရာကို အောင်မြင်စွာနဲ့ ရောက်ခဲ့ရင် ၄င်းတို့တစ်ဦးလျှင် 10,000 yuan (US$1,580) ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်…

အချို့ဒေသတွေက လူအတော် များများဟာ သင်းခွေချပ် တွေရဲ့ အသားဟာ နူးညံ့ ပျော့ပြောင်းမှု ရှိတယ်လို့ ဆိုပြီး စားသုံးနေ ကြပါတယ်… ဗီယက်နမ်နိုင်ငံရှိ စားသောက်ဆိုင် တစ်ဆိုင်မှာ ၄ ပေါင်(၁ ပေါင် = ၀.၄၅၄ ကီလိုဂရမ်) အလေးချိန်ရှိတဲ့ သင်းခွေချပ်သားဟင်း တပွဲကို ဒေါ်လာ ၇၀၀ ပေးရတယ်လို့ Care2 က ဆိုပါတယ်… ဒါ့ပြင် သူ့ရဲ့ အကြေး ခွံတွေဟာ ဆေးဘက်ဝင် တယ်လို့ ယုံကြည်ထားပြီး တရုတ် တိုင်းရင်း ဆေးတွေမှာ ထည့်သွင်း သုံးစွဲနေကြပါတယ်… Psoriasis ခေါ် အရေပြားရောဂါနဲ့ သွေး လည်ပတ်မှု ဆိုင်ရာ ရောဂါတွေကိုလည်း ကုသပျောက်ကင်းတယ်လို့ ယူဆ ထားကြောင်း IUCN အစီရင်ခံစာ ကလည်း ဆိုထားပါတယ်…

ဒီအချက်တွေဟာ သင်းခွေချပ်တွေကို ဆက်ပြီး ဖမ်းဆီး သတ်ဖြတ်ဖို့ ရောင်းဝယ် ဖောက် ကားဖို့အတွက် လူတစ်စုကို တွန်းအား ပေးသလို ဖြစ်နေပါတယ်…

ဒါ့ကြောင့်လည်း တရုတ်နိုင်ငံအပါအ၀င် နိုင်ငံအချို့က အာဏာပိုင်တွေဟာ တရားမ၀င် သင်းခွေချပ် မှောင်ခိုဂိုဏ်းတွေကို မျက်ခြေမပျက် ဆက်လက် စောင့်ကြည့်နေကြ ပါတယ်...

တိရိစ္ဆာန်အခွင့်အရေး သမားတွေ ကလည်း World Pangolin Day တွေကို နှစ်စဉ် ဖေဖော်ဝါရီလ ဒုတိယပတ် စနေနေ့တွေမှာ ပုံမှန်ကျင်းပပြီး အတိ ဒုက္ခရောက်နေတဲ့ သင်းခွေချပ်တွေကို ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးကြဖို့ အသိပညာ ပေးမှုတွေ လုပ်ဆောင်နေကြပါတယ်....။

ကမ္ဘာမြေကြီး အဓွန့်ရှည်ဖို့အတွက် အကျိုးပြုနေတဲ့ တောရိုင်း တိရိစ္ဆာန်တွေကို ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြပါစို့…..

Save Pangolins! Save Wildlife! Save Environment!



ကိုမျိုး
ref:cctv-america/Xinhua/google
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
comments powered by Disqus

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...