Zhuge Liang (Kongming)

နာမည်ကျော် Sun Tzu နဲ့တောင် နှိုင်းယှဉ်ခံရတဲ့ တရုတ်ပြည်ရဲ့ စစ်ပညာရှင် တစ်ဦး ဖြစ်သူ Kongming အကြောင်း ကို ဒီဆောင်းပါးမှာ တင်ဆက် ပေးလိုက်ပါတယ်။

နာမည်ရင်း Zhuge Liang လို့ခေါ်တဲ့ Kongming ဟာ တရုတ်ပြည် သမိုင်းမှာ နာမည်ကျော် Art of War စာအုပ်ကို ရေးခဲ့တဲ့ Sun Tzu နဲ့ တန်းတူ နှိုင်းယှဉ်ခံ ရလောက်အောင် အရည်အချင်းရှိတဲ့ စစ်ဖက် ပညာရှင် ဖြစ်ပါတယ်။ ၁၈၁ AD မှာ မွေးဖွားပြီး Deputy Governor of Tai shan ရဲ့ ဒုတိယမြောက် သား ဖြစ်ကာ မွေးချင်း အစ်ကို တစ်ယောက်၊ ညီတစ်ယောက်နဲ့ ညီမ တစ်ယောက် ရှိပါတယ်။ ၁၀ နှစ်အရွယ်မှာ မိဘ နှစ်ပါးလုံး မရှိတော့ဘဲ Yellow Scarves Rebellion ကြောင့် တောင်ဘက် Yuzhang က ဦးလေးဖြစ်သူဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။



ဦးလေးဖြစ်သူဟာ မကြာခင် မြို့စားဖြစ်လာတာကြောင့် အေးအေးဆေးဆေး ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ Han ဘုရင် အစိုးရရဲ့ ညံ့ဖျင်းမှုကြောင့် မြို့စား နှစ်ယောက်ဖြစ်ကာ အချင်းချင်း တိုက်ခိုက်ပြီး ဦးလေးဖြစ် သူလည်း ကွယ်လွန် သွားခဲ့ပါတယ်။ ဒါ့ကြောင့် ညီငယ်ဖြစ်သူနဲ့ အတူ Jingzhou မြို့ကို ပြောင်းရွှေ့ခဲ့ပါ တယ်။ အသက် ၁၇ နှစ်မှာ မြို့ တက္ကသိုလ်မှာ ပညာစတင် သင်ကြားပြီး အတန်းဖော် အားလုံးထက် ပညာအရာမှာ အ သာရကာ အသက် ၂၀ မှာပင် ဆက်လက် သင်စရာ မကျန်တော့အောင် တော်ခဲ့ ပါတယ်။ ငြင်းခုန်ခြင်းမှာ ၀ါသနာ ပါကြတဲ့ အတန်းဖော်တွေနဲ့ ကင်း ကင်း နေခဲ့တာကြောင့် သူ့မှာ ရင်းနှီးတဲ့ သူငယ်ချင်း နည်းခဲ့ပါတယ်။ သူ့ရဲ့ အတန်းဖော် သူငယ်ချင်းများဟာ မင်းနေပြည်တော် အသီးသီး မှာ ရာထူးတွေ ထမ်းဆောင်ကြပေမယ့် Kongming ကတော့ ကျေးလက်မှာပဲ နေထိုင်ပြီး အာဏာ စည်းစိမ်တွေကိုလည်း မမက်မော ခဲ့ပါဘူး။



ဒါပေမယ့် ဘယ်လိုပဲ တောမှာ နေနေ၊ သူ့ရဲ့ ပညာစွမ်းကြောင့် တဘောင်တွေတောင် ထွက်ခဲ့ပါတယ်။ သူနဲ့ သူ့ငယ်ချင်း ဖြစ်သူ Pang Tong နှစ်ယောက်ထဲက တစ်ယောက်ရဲ့ ခစားမှုကို ရရင် တရုတ်ပြည်ကို အုပ်စိုးနိုင်မယ်လို့ ကြော်ကြားခဲ့ပါတယ်။ ဒါ့ကြောင့် ထိုခေတ်က အာဏာ ရှင်များဟာ ပညာရှိ နှစ်ယောက် ကို ရှာဖွေခဲ့ကြရာမှာ Han နိုင်ငံ ဘုရင်ရဲ့ ဦးလေးဖြစ်သူ Liu Bei လဲ ပါဝင်ခဲ့ပါတယ်။ Liu Bei ဟာ Kongming ရဲ့ ပညာစွမ်းရည် အပေါ် လေးစားမြတ်နိုးပြီး စိတ်ဓာတ်လဲ ပြည့်ဝတာကြောင့် စည်းစိမ် မမက်မောတဲ့ Kongming ဟာ Liu Bei ကို ကူညီဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။ စစချင်းတော့ Liu Bei စစ်သူကြီးတွေ ဖြစ်တဲ့ Zhang Fei နဲ့ Guan Yu တို့ဟာ Liu Bei ရဲ့ Kongming အပေါ်ခင် တွယ်မှု အပေါ် မနာလို ၀န်တိုဖြစ်ခဲ့ပြီး Liu Bei ကို အပြစ်ပြောခဲ့ပေမယ့် Liu Bei ကတော့ သူဟာ ခုမှ ရေတွေ့တဲ့ ငါးတစ်ကောင်ပမာ ဖြစ်ပြီး Kong ming ရဲ့ အရည်အချင်းတွေကို ယုံကြည်ဖို့ ပြောခဲ့ပါတယ်။



Liu Bei ထံအသက် ၂၇ နှစ်အရွယ်မှာ စတင်ခစားပြီး မကြာခင်မှာပဲ Han တိုင်းပြည်အာဏာကို ချုပ်ကိုင် ထားသူ Cao Cao ရဲ့ သိန်းချီ အရေ အတွက်ရှိတဲ့ တပ်တွေ နှစ်ကြိမ်တိတိ လာတိုက်ခဲ့ပြီး သူ့ရဲ့ နည်းပရိယာယ်တွေကြောင့် Liu Bei ရဲ့ ထောင်ချီမျှ ရှိတဲ့ တပ်တွေဟာ Cao Cao ရဲ့သိန်းချီတဲ့ တပ်တွေ ကို တပ်ပျက်သွားအောင် မကြာခဏ တိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် Cao Cao ဟာ တိုင်းပြည်ရဲ့ သုံးပုံနှစ်ပုံထိ အာဏာ သက်ရောက် တာမို့ အင်အားပြန်လည် ဖြည့်တင်းပြီး စစ်သည်အင်အားဟာ ၁သန်း ကျော်လောက်တောင် ရှိခဲ့ပါတယ်။ မကြာမီပဲ Wu တိုင်းပြည် နားမှာ စခန်းချကာ Wu တိုင်းပြည် ဘုရင် Sun Quan ကို လက်နက်ချဖို့ အရေးဆိုခဲ့ပေမယ့် Sun Quan ဟာ Liu Bei နဲ့ ပူးပေါင်းကာ Cao Cao တပ်တွေကို တိုက်ခဲ့ရာ နာမည်ကျော် Red Cliffs တိုက်ပွဲ ဖြစ်လာခဲ့ပါတယ်။ Red Cliffs တိုက်ပွဲမှာ Kongming ဟာ Wu ရဲ့ Admiral Zhou Yu ကို စစ်ဘက် အကြံပေးအနေနဲ့ အကူအညီ ပေးခဲ့ပေမယ့် Zhou Yu ဟာ သူကြံသမျှ သိနေတဲ့ Kongming ကို မနာလိုတာက တစ် ကြောင်း၊ Wu တိုင်းပြည် အတွက် ရှေ့ရေးမှာ အတားအဆီး မဖြစ်စေဖို့ တစ်ကြောင်းကြောင့် အသက်ကို လုပ်ကြံဖို့ နည်းမျိုးစုံ ကြိုးစား ခဲ့ပါတယ်။



ထိုနည်းမျိုးစုံထဲမှာ ထင်ရှားတာ ပြောရရင် ၁၀ ရက်အတွင်း မြား အချောင်း တစ်သိန်း လုပ်ခိုင်းတာလဲ ပါဝင်ပါတယ်။ Kongming ကတော့ အ ချိန်သုံးရက်သာ ယူခဲ့ပြီး Cao Cao တပ်တွေကို မြူတွေနဲ့ စစ်သင်္ဘောတွေ ချီလာသလို လှည့်စားကာ မြားတွေ ပစ်ခိုင်းပြီး သင်္ဘောတွေ ပေါ်မှာ လာစိုက်တဲ့ မြား တစ်သိန်းကျော်ကို Zhou Yu ဆီပေးခဲ့ပါတယ်။ Zhou Yu ဟာ Kongming ကို မလှည့်စားနိုင် ခဲ့ပေမယ့် Cao Cao ကိုတော့ Pang Tong ရဲ့ အကူအညီနဲ့ လှည့်စားနိုင် ခဲ့ပေမယ့် နောက်ဆုံး လိုအပ်ချက် အနေနဲ့ မီးသုံးပြီး တိုက်နိုင်အောင် လေတိုက်ဖို့ လိုခဲ့ပါတယ်။ Kongming ဟာ Zhou Yu အတွက် လေတိုက်ဖို့ ဆုတောင်းပေး သယောင်ယောင်နဲ့ သူတို့လိုတဲ့ လေတိုက်မယ့် အချိန်ကို ခန့်မှန်းပြီး Liu Bei ဆီ ပြန်ပြေးခဲ့ ပါတယ်။ Zhou Yu ဟာ လေ စတိုက်တာနဲ့ Kongming ကို သတ်ဖို့ လုပ်ခဲ့ပေမယ့် မမီခဲ့ပြီးနောက် Cao Cao ကို ဦးစားပေးပြီး Red Cliffs တိုက်ပွဲကို စခဲ့ပါတယ်။ Red Cliffs တိုက်ပွဲဟာ အကြီးအကျယ် အောင်မြင်ခဲ့ပြီး Zhou Yu ရဲ့ စဦး တိုက်စစ်ကြောင့် လည်းကောင်း၊ ထွက်ပြေးလာတဲ့ Cao Cao စစ်သည်တွေကို Kongming ရဲ့ ပွဲသိမ်း လိုက်တိုက်မှုကြောင့် လည်းကောင်း Cao Cao ဟာ နောက်ဆုံး စစ်သည် ၃၀၀ လောက်နဲ့ ပြည်တော် ပြန်ခဲ့ရပါတယ်။



Red Cliffs တိုက်ပွဲ နောက်ပိုင်းမှာ Wu တိုင်းပြည်နဲ့ နယ်မြေကိစ္စ အချင်းများရာမှလည်း Kongming ဟာ နည်းပရိယာယ် အမျိုးမျိုးသုံးပြီး အ ချိန်ဆွဲခဲ့ပါတယ်။ Zhou Yu ဟာ Kongming ကို ဆက်လက် လုပ်ကြံဖို့ မသေခင်အထိ အားထုတ်ခဲ့ပါတယ်။ တစ်ခါတော့ Liu Bei ရဲ့ မြို့တစ် မြို့ကို ဖြတ်သန်း သလိုနဲ့ သိမ်းဖို့ လုပ်ခဲ့ပေမယ့် Kongming ဟာ ကြိုတင်မြင်ခဲ့တာကြောင့် Zhou Yu ဟာ အသည်းအသန် ထွက်ပြေး ခဲ့ရပြီး စစ်သင်္ဘောပေါ် အရောက် Kongming လူကြုံ ကမ်းလိုက်တဲ့ စာကို ဖတ်ပြီး သွေးအန်ပြီး သေခဲ့ပါ တယ်။ ဒါပေမယ့် Zhou Yu ဟာ မသေခင် နောက်ဆုံးအချိန်မှာ Sun Quan ကို ညီမဖြစ်သူနဲ့ မျှားပြီး Liu Bei ကို သတ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီအကြံဟာလည်း Kongming ကြောင့် ဘာမျှ မလုပ်လိုက်ရဘဲ Sun Quan လည်း ညီမကို Liu Bei နဲ့သာ ထိမ်းမြားပေးလိုက်ရပါတယ်။ Kongming ဟာ Liu Bei အတွက် နယ်မြေအပိုင် ရစဖို့ တစ်ကြောင်း၊ Cao Cao ကို ယှဉ်နိုင်ဖို့တစ်ကြောင်း သယံဇာတ ပေါကြွယ်တဲ့ Shu နယ်မြေတွေကို ဦးဆောင် သိမ်းပေး ခဲ့ပါတယ်။ Liu Bei ဟာလည်း Kongming ရဲ့ အရည်အချင်းကို များစွာသော ဂုဏ်ပုဒ်တွေနဲ့ ချီးမြှင့်ခဲ့ပါတယ်။ အချိန်တွေဟာ ကုန်ဆုံးမြန် တဲ့အတူ Liu Bei ဟာလည်း ဇရာထောင်းပြီး လွန်စွာ မကျန်းမမာ ဖြစ်ခဲ့ပြီး ၂၂၂ AD မှာ ကွယ်လွန်ခဲ့ပါ တယ်။ မကွယ်လွန်ခင် နောက်ဆုံး အချိန်များမှာ သူခင်တွယ်တဲ့ Kongming ကို သူ့သားဖြစ်သူ Liu Shan ဟာ အရိုက်အရာ ဆက်ခံဖို့ အရည်အချင်း မရှိရင် Kongming ကို ဘုရင် နေရာ ဆက်ခံဖို့ ဒါမှမဟုတ် Liu Shan ကို ဆက်ခံစေပြီး ဆက်လက် အကူအညီ ပေးဖို့ မှာခဲ့ပါတယ်။ Kongming ကလည်း Liu Bei ကို သေတဲ့ အထိ တိုင်းပြည်အတွက် သစ္စာရှိသွားမှာ ဖြစ်ကြောင်း မျက်ရည်တွေနဲ့ ပြန်ဖြေခဲ့ပါတယ်။



Liu Shan ဘုရင်ဖြစ်တဲ့အခါ Kongming ကို Marquis of Wu ဘွဲ့ပေးပြီး တိုင်းပြည်ရဲ့ ကိစ္စ အ၀၀ကို စီမံစေခဲ့ပါတယ်။ Liu Shan လက်ထက်မှာ Kongming ဟာ Shu နယ်မြေကို ချဲ့နိုင်သမျှ ချဲ့ခဲ့ပြီး တိုင်းပြည် အင်အားကို ခိုင်မာအောင် လုပ်ခဲ့ပါတယ်။ ဆက်ဆံရေး အဖုအထစ်တွေ ရှိခဲ့တဲ့ Wu တိုင်းပြည်နဲ့လည်း ပြန်လည် မဟာမိတ်ဖွဲ့ခဲ့ပါတယ်။ ထကြွနေတဲ့ တောင်ဘက် Shu နယ်မြေတွေကို နှိမ်နင်းပြီး နောက်ပိုင်း မှာ မြောက် ဘက် Cao Cao ရဲ့ ဆက်ခံသူတွေ ဖြစ်တဲ့ Wei တိုင်းပြည်ကို ကျူးကျော်ဖို့ စီမံခဲ့ပါတယ်။ ၂၂၈ AD က စလို့ Wei တိုင်းပြည်ကို ကျူးကျော်မှု အကြီးစား ငါးကြိမ် လုပ်ခဲ့ပြီး လေးကြိမ် အောင်မြင်ခဲ့ပါတယ်။ Kongming ဟာ ၂၃၁ AD မတိုင်ခင်အထိ ပြိုင်ဘက်မရှိ ခဲ့ပါဘူး။ စစ်သည် အ ကျအဆုံး နည်းနည်းနဲ့ အောင်မြင်မှု ကြီးကြီးကို ရအောင် ယူခဲ့တာချည်း ပါပဲ။ Liu Bei လက်ထက်က ထောင်ချီ အရေအတွက် မျှသာ ရှိတဲ့တပ် တွေဟာ သူ့ကြောင့် ၂ သိန်းအထိ အင်အား တောင့်တင်း ခဲ့ပါတယ်။ ၂၃၁ AD မှာ Kongming ဟာ သူနဲ့ ညဏ်ရည်တူ ပြိုင်ဘက် Sima Yi နဲ့ စတင် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ပြီး Mount Qi တိုက်ပွဲဟာ သူ့ရဲ့ ငါးကြိမ် ကျူးကျော်စစ် ထဲကနေ ပထမဆုံး အကြိမ်အဖြစ် အရှုံး ဖြစ်ခဲ့ပါတယ်။ ၂၃၄ AD နှောင်းပိုင်း Wuzhang Plains တိုက်ပွဲမှာ Kongming ဟာ Sima Yi နဲ့ ထပ်မံ တိုက်ခဲ့ရပြီး တစ်ဖက်နဲ့ တစ်ဖက် အသာမရခဲ့ပါဘူး။ Kongming ဟာ သူ့ရဲ့ ဘယ်ကိစ္စမဆို အသေးစိတ် စီမံတတ်တဲ့ ညဉ်ကြောင့် ကျန်းမာရေး ချို့ယွင်းပြီး အသက် ၅၄ နှစ် အရွယ် သူ့ရဲ့ တပ်တဲ အတွင်းမှာပဲ ကွယ်လွန် ခဲ့ပါတယ်။ သူ မသေခင် မှာတော့ တိုင်းပြည် နောင်ရေး စိတ်ချရအောင် Jiang Wan နဲ့ Fei Yi ကို သူ့နေရာ ဆက်ခံဖို့ မှာကြားခဲ့ သေးပါတယ်။ Kongming ကွယ်လွန်ချိန်မှာ Liu Shan ဟာ Marquis Zhongwu ဘွဲ့ ချီးမြှင့်ခဲ့ပြီး နောက်ဆုံး ဆန္ဒအရ Mount Dingjun မှာ ရုပ်အလောင်းကို မြုပ်နှံခဲ့ ပါတယ်။



Kongming ဟာ စစ်ပညာမှာ တင်မက တီထွင်မှုနဲ့ စာပေ ရေးသားမှု တွေမှာလည်း နှံ့စပ်ခဲ့ပါတယ်။ သူ့ရဲ့ အထင်ရှားဆုံး တီထွင်မှုကို ပြရရင် Zhuge Crossbow လို့ ခေါ်တဲ့ အဆက်မပြတ် ပစ်လို့ရတဲ့ ဒူးလေးကို ဖော်ပြရမှာ ဖြစ်ပြီး သူရေးခဲ့တဲ့ စာပေထဲမှာတော့ Thirty-six Strate gems နဲ့ Mastering the Art of War ဟာ ထင်ရှားပါတယ်။ Kongming ကွယ်လွန်တာ ကြာပြီဖြစ်ပေမယ့် အခုထိ တရုတ်ပြည်မှာ သူ့ကို ရှိ ခိုးဖို့ ကျောင်းဆောင်တွေ၊ သူ့ကို ပူဇော်ကြတဲ့ သူတွေ ရှိတုန်း ဖြစ်ပါတယ်။ လူသေပေမယ့် နာမည် မသေတဲ့ Kongming ရဲ့ အကြောင်းကို ဖတ်ရှုလို့ စာဖတ်သူများ ကျေနပ်နိုင် ကြလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ သူ့အကြောင်းကို ရေးသားထားတဲ့ မူကွဲတွေ များစွာရှိတာမို့ စာရေးသူ ရေးတဲ့ တချို့အကြောင်း အရာ တွေဟာ မှားယွင်းခဲ့မယ်ဆိုရင် သည်းခံကြဖို့ ပြောလိုပါတယ်။ နောက်နောင်လည်း MYMHOT မှာ သူ့လို ထင် ပေါ်ကျာ်ကြားတဲ့ ရှေးခေတ် ပညာရှင် လူတော်တွေအကြောင်းကို တင်ဆက်ပေးသွား ဦးမှာလို့ စောင့်မျှော်ဖတ်ရှု ကြပါလို့ တိုက်တွန်းရင်း နိဂုံး ချုပ်အပ်ပါတယ်။

Images from glogster, kongming, cam111,ibiblio, deviantart, washtimes. Source: wiki

Author
Paing Hmu Ko
Myanmar Youth Media Club
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...