CMV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတတ်သော ရာသက်ပန် မျက်စိကွယ်သွား နိုင်သည့် ရောဂါ

medcert.com
ရန်ကုန် ဇူလိုင် ၂၅ - နယ်စည်း မထား ဆရာဝန်များ အဖွဲ့(MSF)မှ Cytomegalovirus Retinitis ဟု ခေါ်သော အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီ အက်စ်ကြောင့် ခုခံအားကျ ဆင်းလာသော လူနာ များတွင် အခွင့်အရေးယူ ရောဂါတစ်မျိုး ဖြစ်သည့် CMV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွား တတ်သော ရာသက်ပန် မျက်စိ ကွယ်သွားနိုင်သည့် ရောဂါကို သောက်ဆေးဖြင့် မြန်မာနိုင်ငံ၌ ကုသမှု ပေးနေပြီ ဖြစ်ကြောင်း ဇူလိုင် ၂၃ ရက် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ကျင်းပသည့် အကြိမ် (၂ဝ) မြောက် အပြည်ပြည် ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံ၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။

အဆိုပါ သောက်ဆေးမှာ ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံ အသီးသီး၌ ၂ဝဝ၁ ခုနှစ်က စတင် အသုံးပြုခွင့် ရနေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ တစ်ပတ်လျှင် တစ်ကြိမ်နှုန်း မျက်စိအတွင်းသို့ တိုက်ရိုက် ဆေးထိုးသည့် ကုသနည်း ကိုသာ အသုံးပြုလျက် ရှိနေကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံ တောင်ပိုင်း ထားဝယ် မြို့ရှိ CMV လူနာများကို အများဆုံး ခြောက်လကြာ နေ့စဉ် ပုံမှန် သောက်သုံး ရမည့် Valganciclovir ဟုခေါ်သည့် သောက်ဆေးကို MSF မှ တိုက်ကျွေး နိုင်ပြီ ဖြစ်၍ မြန်မာနိုင်ငံ MSF စီမံကိန်းရှိ CMV မျက်စိ ဝေဒနာရှင် အားလုံးသည် အဆိုပါ သောက်ဆေး များကို ၂ဝ၁၅ ခုနှစ်အတွင်း သောက်သုံး နိုင်မည် ဖြစ်ကြောင်း သိရသည်။

MSF သည် ၂ဝဝဝ ပြည့်နှစ်မှ စတင်ကာ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့၌ ကျန်းမာရေး စောင့်ရှောက်မှု များကို ဆောင်ရွက် ပေးခဲ့ပြီး အိတ်ခ်ျအိုင်ဗွီ လူနာ ၃ဝဝဝ ကျော်အား ART ဆေး တိုက်ကျွေးမှု အပြင် တီဘီရောဂါကိုလည်း ကုသ ပေးလျက် ရှိသည်။ ထို့ပြင် MSF သည် ၂ဝဝ၆ ခုနှစ်မှ စ၍ မြန်မာနိုင်ငံရှိ CMV လူနာ ၁၁၃ဝ ကို မျက်စိအတွင်း တိုက်ရိုက် ထိုးဆေး (Intraocular Injections) ဖြင့် ကုသ ပေးခဲ့သည်။ MSF အဖွဲ့သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီး တို့၌ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် လူနာပေါင်း ၃ဝဝဝဝ ကျော်နှင့် တီဘီလူနာ ၃ဝဝဝ ကျော်အပြင် ဆေးယဉ်ပါး တီဘီရောဂါကိုပါ ကုသပေးလျက် ရှိကြောင်း သိရသည်။

နယ်စည်းမထား ဆရာဝန်များအ ဖွဲ့သည် ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ် ၄ဝ ကျော်ကို ရောဂါရှာဖွေ စမ်းသပ်မှုနှင့် ကုသမှု တို့တွင် ကောင်းစွာ လေ့ကျင့် သင်ကြား ပေးထားပြီး ယခုအခါ ထားဝယ် ဆေးခန်း၌ Valganciclovir သောက်ဆေးဖြင့် CMV လူနာ လေးဦးအား ကုသ ပေးနေပြီ ဖြစ်ကာ လာမည့် လများ အတွင်း နိုင်ငံတစ်ဝန်းရှိ လူနာဦးရေ ၅ဝ ကျော်ကိုလည်း ထပ်မံ ကုသပေးရန် ရည်ရွယ် ထားကြောင်း သိရသည်။


ref;မြ၀တီသတင်း
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...