အေးအေးဆေးဆေး ထိုင်စဉ်းစား တတ်ဖို့ တော့ လိုမယ်
လူသားတွေရဲ့ ပြဿနာအားလုံးဟာ အခန်း တစ်ခန်းထဲမှာ တစ်ယောက်တည်း အေးအေးဆေးဆေး မထိုင်နိုင်တာ ကနေ မြစ်ဖျား ခံလာတယ်ဟု ပြင်သစ် အတွေးအခေါ် ပညာရှင် ဘလေ့စ်ပါစကယ်က ပြောဖူးပါတယ်။ အရင်တုန်းက တော့ ဒီစကားကို လူပေါင်းမြောက်များစွာက နုတ်တိုက် လက်ဆင့် ကမ်း သင်ယူခဲ့ကြပြီး တလေးတစား အာရုံထား ရွတ်ဆိုခဲ့ကြ ပါတယ်။ ဒီနေ့  စမတ်ဖုန်းနဲ့ ဖေ့စ်ဘွတ်ခေတ်မှာ တစ်ချက် ဖတ်ပြီး ရှယ်လိုက်ကြပုံများ ၁၆၀၀ ခုနှစ်တုန်း က ဘလေ့စ် ပြောလို့ ပြန့် နှံ့ ခဲ့တာထက် အပုံကြီး ပိုမြန်ပေမယ့် အဲဒီ လောက်တော့ အလေးအနက် မထားကြတာ သေချာပါတယ်။
တစ်ကယ်တော့ ၁၇ ရာစုနှစ် ပြင်သစ်နိုင်ငံမှာလည်း လူတွေဟာ တစ်ယောက်တည်းအထီးကျန် မနေချင်ခဲ့ကြပါဘူး။ တစ်ယောက်တည်း ထိုင်တွေးနေရတာကို အထီးကျန်တယ်လို့ သမုတ်ခဲ့ကြပါတယ်၊ ကြောက်ခဲ့ကြပါတယ်။ တစ် ယောက်တည်းအထီးကျန်မှာကိုကြောက်လို့  နည်းမျိုးစုံလျှောက်စမ်းလုပ်ကြည့်ရာကနေ ပြင်သစ်စပိန်စစ်ပွဲကြီး တောင် ဖြစ်ခဲ့ပါသေးတယ်။
တစ်ကယ်တော့ လူတစ်ယောက်ကို ဘာမှမရှိတဲ့အခန်းတစ်ခုထဲထည့်ထားပြီး ‘တစ်ယောက်တည်း ထိုင်တွေးနေ’ လို့  ခိုင်းလိုက်မယ်ဆိုရင် အနဲဆုံး ၆ မိနစ်၊ အများဆုံး ၁၅ မိနစ်ပဲ နေနိုင်ကြတာကို တွေ့ ရပါတယ်။
တစ်နေကုန်အိမ်မှာ နေနိုင်တယ်လို့  အပြောမစောပါနဲ့ ။ အိမ်နေရင်း ရုပ်သံကြည့်၊ သီချင်းနားထောင်၊ ဖုန်းပြော၊ အင်တာနက်သုံး၊ အိမ်မှု ကိစ္စတွေလုပ်တာကို ပြောတာမဟုတ်ပါဘူး။ ဘာမှမရှိတဲ့ အခန်းတစ်ခုထဲ တစ်ယောက် တည်းထိုင်တွေးတာကို ပြောတာပါ။ စမ်းလုပ်ကြည့်ပါလား။ အဲဒီလိုစမ်းလုပ်ကြည့်လို့  သင်လည်း ၁၅ မိနစ် အာဏာကုန်နေနိုင်တာဆိုရင် ဒီဆောင်းပါးကို ဆက်ဖတ်သင့်ပါတယ်။ မျက်မှောက်ခေတ် လူသားတွေဟာ အတွေးကို အတွင်းထဲ လှည့်ပေးဖို့  အချိန်မရကြသလို အချိန်လည်းမပေးကြပါဘူး။
ဒါဟာ သူတို့ အလုပ်သိပ်ရှုပ်၊ အလုပ်သိပ်လုပ်နေလို့ တော့ မဟုတ်ပါဘူး။ သင်ဘယ်လောက်အလုပ်များများပါ၊ မညာ တမ်းပြောမယ်ဆိုရင် ၂၄ နာရီမှာ သင့်အတွက်အားလပ်ချိန် ရှိကိုရှိပါတယ်။ ဒီလိုပြောလိုက်တော့လည်း ‘အားလပ်ချိန် ရှိတယ်ဆိုတာမှန်ပါတယ်’ လို့ အရွယ်ရောက်သူ ၉၅ ရာခိုင်နှူန်းက ပြန်ဖြေဖူးပါတယ်။ ဒါပေမယ့် အဲဒီ ၉၅ ရာခိုင်နှူန်း ထဲက ၈၃ ရာခိုင်နှူန်းဟာ ကိုယ့်အကြောင်းကိုယ်ပြန်တွေးဖို့ ပေးခဲ့တဲ့အချိန်က သုညပဲဖြစ်နေတာကို တွေ့ ရပါတယ်။
ဗာဂျီးနီးယားတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေကို ဘာမှမရှိတဲ့အခန်းထဲ တစ်ယောက်ထဲထိုင်ပြီး ကိုယ့် အကြောင်းကိုပဲတွေးနေဖို့  ခိုင်းကြည့်လိုက်တဲ့အခါ အများစုက အာရုံမစိုက်နိုင်ခဲ့ပါဘူး။ တစ်ဝက်လောက်ကတော့ အလွန်နေရခက်တယ်လို့ ပြောလာပြီး တစ်ချို့ ကလည်း ဘာမှသိပ်မထူးဘူးလို့ ဖြေခဲ့ပါတယ်။ သူတို့ ကိုပဲ ကိုယ့် အကြောင်းကိုယ်ပြန်တွေးတာမျိုးမဟုတ်ဘဲ မျက်စိရှေ့ ကအရာဝတ္ထုတစ်ခုအကြောင်းကို တွေးခိုင်းကြည့်တဲ့အချိန် မတော့ ပျော်ပျော်ရွှင်ရွှင်ပဲ တွေးနေကြတာကို တွေ့ ခဲ့ရတယ်လို့  သိရပါတယ်။
ဒီလိုကိုယ့်အကြောင်းကိုယ်ပြန်တွေးဖို့ ခက်တာကို စိတ်ပညာမှာ Humania လို့ ခေါ်ပါတယ်။ ပြင်ပ လူ၊ပုဂ္ဂိုလ်၊ အရာ ၀တ္ထုတွေကိုပဲ အာရုံစိုက်ချင်တဲ့စိတ်ကိုခေါ်တာပါ။ ဒါဟာ စိတ်ရောဂါတော့မဟုတ်ပါဘူး။ လူတိုင်းမှာလည်း ဒီပြဿ နာ မရှိပါဘူး။ ဒါပေမယ့် လူအတော်များများမှာတော့ ဒီ Humania ပြဿနာရှိနေပါတယ်။
အလုပ်ရှုပ်နေတဲ့ ဖခင်တစ်ယောက်ဟာ သားငယ်လေးအနားလာပြီဆိုရင် လေသံတင်းတင်းနဲ့  ‘စာသွားကျက်စမ်း’ ဆိုပြီး ပြောတတ်ကြပေမယ့် သူငယ်ချင်းတစ်ယောက်လာပြီဆိုရင်ကျတော့ ဘယ်လောက်အလုပ်ရှုပ်ရှုပ် ထိုင်ပြီး ဧည့်ခံနေတတ်တာကို စာရေးသူကိုယ်တိုင်လည်း ကြုံဖူးပါတယ်။ ကိုယ့်အကြောင်း၊ ကိုယ့်အနားမှာ အမြဲရှိနေတဲ့သူ တွေရဲ့ အကြောင်းကို စိတ်လည်းမ၀င်စား၊ အထင်လည်းမကြီးဘဲ တစ်ခြားလူပုဂ္ဂိုလ်တွေကိုပဲ ပိုဦးစားပေးတတ်တဲ့ အကျင့် လူသားတိုင်းနီးပါးမှာ ရှိနေတတ်ပါတယ်။ လူမှုရေးဆိုပြီး ဆင်ခြေပေးတတ်ကြပါတယ်။
တစ်ခါ အိမ်ကမိန်းမက သူငယ်ချင်းနဲ့ စကားပြောနေရင် ဆူတယ်၊ အလုပ်ကိုအာရုံစိုက်မရဘူး အစရှိသည်ဖြင့်ပြော ပြီး အနှောက်အယှက်ဖြစ်တယ်လို့  ပြောတဲ့လူတွေပဲ အလုပ်လုပ်နေရင်း ဖုန်းပွတ်လိုက်၊ အင်တာနက်ကြည့်လိုက် လုပ်ရတဲ့ အနှောက်အယှက်တွေကိုကျတော့ ပျော်ပျော်ကြီး လက်သင့်ခံ တတ်ကြပါသေးတယ်။
ဒီတော့ လူအများစုဟာ ပြဿနာတစ်ခုကို အာရုံစိုက်ဖြေရှင်းတာမျိုး မလုပ်နိုင်ကြတော့ပါဘူး။ ပြဿနာကို ပွဲမီးပုံ အလား ၀ိုင်းပြီးလှည့်ပတ်ကခုန်နေတတ်ကြပါတယ်။ တစ်ချို့ ကလည်း ပြဿနာကို ပန်းချီကားတစ်ခုအလား မမှိတ် မသုန် ထိုင်ကြည့်နေတတ်ကြပါတယ်။ တစ်ချို့ ကလည်း ပြဿနာကို သော့ခတ်သိမ်းထားရင် အလိုလိုပြေလည် သွားတော့မှာ လိုပဲ မေ့မေ့ပျောက်ပျောက် ထားတတ်ကြပြီး အဲဒီပြဿနာကို ဆွေးနွေးရင်လည်း မကြိုက်တတ်ကြပါ ဘူး။
တစ်ကယ်တော့ ပြဿနာဆိုတာ မကိုင်တွယ်တတ်မှဘဲ ကြီးထွားလာတာပါ။
ကိုင်တွယ်တတ်မယ်ဆိုရင် ပြဿနာ ဆိုတာ အသေးစားဥာဏ်စမ်းကစားနည်းတစ်ခုပါပဲ။ အဲဒီအတွက် ကျွန်တော်တို့ က အေးအေးဆေးဆေးထိုင်ပြီး စနစ်တကျ တွေးတတ်ဖို့ ပဲ လိုပါတယ်။ အရင်ဆုံး တစ်ယောက်တည်းထိုင်တွေးပါ။ ပြီးရင် အပေါင်းအသင်းတွေနဲ့  စုပြီး တွေးလိုက်ပါအုံး။ ပြီးရင် တစ်ယောက်တည်း ထပ်ထိုင်ပြီးတွေးလိုက်ပါအုံး။ အဖြေပေါ်လာမှာပါ။
ပြန်စဉ်းစားကြည့်ပါ။ အခမ်းအနားတစ်ခု၊ ပွဲတစ်ခု၊ ခရီးစဉ်တစ်ခု ပြီးသွားတိုင်း နောက်ဆုံးမှာ တစ်ယောက်တည်း ထိုင်တွေးရတာ အရသာအရှိဆုံးပါ။ စိတ်ညစ်စရာကိစ္စတစ်ခုကိုလည်း တစ်ယောက်တည်းထိုင်တွေးရတာ အရသာ အရှိဆုံးပါ။ အောင်မြင်မှုကိုလည်း တစ်ယောက်တည်းထိုင်တွေးရတာ အရသာအရှိဆုံးပါ။ ကျွန်တော်တို့ က အပေါင်း အသင်းတွေနဲ့  မျှဝေခံစားမှ ကောင်းတယ်လို့ ထင်နေတာဟာ Humania ပါ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ အားနဲတဲ့ လက္ခ ဏာတစ်ခုပါ။
ဒီစိတ်ပိုင်းဆိုင်ရာအားနဲတဲ့လက္ခဏာကို မကုစားဘဲ မွေးမြူထားလို့  ကျွန်တော်တို့ ဟာ အပေါင်းအသင်းတွေမရှိရင် ဘာမှမလုပ်တတ် မကိုင်တတ် ဖြစ်လာပါတယ်။ ကိုယ့်မိသားစုထက် အပေါင်းအသင်းကိုပိုပြီး အချိန်ပေးလာတတ်ပါ တယ်။ အပေါင်းအသင်းတွေကဲ့ရဲ့ မှာကြောက်တာနဲ့ ပဲ မှန်တာကိုမလုပ်ဖြစ်သလို မှားတာတွေကိုလည်း လုပ်မိသွား တတ်ပါတယ်။ ဒီလိုနဲ့ ပဲ ဘ၀တစ်ခုလုံး လုံးပါးပါးသွားခဲ့ရသူတွေ ရှိပါတယ်။
ဒါကြောင့် ဒီလိုမဖြစ်အောင် ကျွန်တော်တို့ လုပ်ရမှာက ရိုးရိုးလေးပါ။ တစ်ယောက်တည်းထိုင်ပြီး အေးအေး ဆေးဆေး စဉ်းစားကြည့်ရုံပါပဲ။ အဲဒီအချိန်မှာ ကျွန်တော်တို့ ရဲ့ ဥာဏ်စွမ်းဥာဏ်စ၊ ကိုယ်စွမ်းကိုယ်စတွေကို အမှန်အတိုင်းပြန် တွေ့ လာမှာဖြစ်ပြီး ကိုယ့်အရည်အချင်းနဲ့ လုပ်လည်း ရပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိလာမှာပါလို့  လေ့လာ ရေးသား တင်ပြလိုက်ရပါတယ်။

သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook