ကင်ဆာရောဂါကို အနုပညာအလုပ်တွေ လုပ်ရင်း ရင်ဆိုင်နေတဲ့ ဒါရိုက်တာ ကြည်စိုးထွန်း (သို့) မောင်ကျောက်ခဲ

 
ဦးကြည်စိုးထွန်း။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

သစ်ပင်သစ်ရိပ်တွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်း ရှိလှတဲ့ ခြံဝင်းငယ်လေးထဲမှာ ခမ်းနားတဲ့ နှစ်ထပ် အဆောက် အအုံတစ်ခု ရှိနေပါတယ်။

အဆောက်အအုံ ပထမထပ်က အခန်းငယ်လေး ထဲမှာတော့ နိုင်ငံတကာရုပ်ရှင်စီဒီချပ်တွေ အပြည့်အသိပ် ထည့်ထားတဲ့ နံရံကပ်ဗီရိုကြီး တစ်လုံးနဲ့ အကယ်ဒမီရွှေစင်ရုပ်တုတွေကို ၀င့်ကြွားစွာပြသထားတဲ့ စင်ကြီး တစ်ခု ရှိပါတယ်။

ရုပ်ရှင်စာအုပ်တွေနဲ့ စာစောင်တွေ ဖရိုဖရဲစုပုံတင်ထားတဲ့ ပြတင်းပေါက်အနီးက သစ်သားစားပွဲကြီး တစ်လုံး ဘေးမှာတော့ ဒါရိုက်တာ ကြည်စိုးထွန်းဟာ မျိုးဆက်သစ်အနုပညာရှင်တွေကို နေ့လယ်ပိုင်းမှာ သူပို့ချပေးရမယ့် သင်ခန်းစာအတွက် စိတ်ဝင်တစားနဲ့ ပြင်ဆင်လျက်ရှိပါတယ်။

ဦးကြည်စိုးထွန်းဟာ ပုလဲကွန်ဒိုဝင်းအတွင်းတည်ရှိတဲ့ Laurel Art Academy အနုပညာသင် တန်း ကျောင်းမှာ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူပြီး သူလေ့လာဖူး၊ နှစ်ခြိုက်ဖူးတဲ့ ရုပ်ရှင်ပညာကို မျိုးဆက်သစ်တွေအတွက် လက်ဆင့်ကမ်း မျှဝေပေးနေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ခန့်ကစပြီး ကင်ဆာရောဂါကို ခံစားနေရသူဖြစ်ပေမယ့် နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ သင်တန်းကျောင်းက သူ့ရုံးခန်းလေးထဲမှာပဲ အချိန်ပြည့် အလုပ်လုပ်ကိုင်နေသူ လည်း ဖြစ်ပါ တယ်။

လွန်ခဲ့တဲ့ ငါးနှစ်ကစလို့ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို MRTV-4 မှာပြသတဲ့ Movie Talk အစီအစဉ်ကနေ အပတ်စဉ် မှတ်မှတ်ရရ ပြောပြနေလေ့ရှိတဲ့ ဦးကြည်စိုးထွန်းဟာ ၂၀၁၁ ခုနှစ်၊ ဇွန်လ လောက်မှာ အစာအိမ်ကင်ဆာရောဂါ ဖြစ်နေတယ်ဆိုတာကို စမ်းသပ်သိရှိခဲ့ရပါတယ်။

ဖြစ်ပြန်ပျက်ပြန်တဲ့ လောကဓံတရားကို သတိရှိတဲ့ သူဖြစ်တာကြောင့် ကြုံရတဲ့အခက်အခဲတွေကို ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ကျော်ဖြတ်ပြီး နေထိုင်လျက်ရှိပါတယ်။

"အဲဒီအချိန်က အသက် ၆၆ နှစ်ကျော် လောက်ရှိပြီ။ အစားအသောက်စားရင် ဗိုက်ဝချင်လာတယ်။ သိပ်မစားချင်ဘူး။ နောက်တစ်ခု လေပြန်တယ်။ ဒါပုံမှန်မဟုတ်ဘူးဆိုတာ ဆရာ သတိထားမိ တယ်။ ဒါပေမဲ့ ဆရာအလုပ်မပျက်ဘူး။ ဂေါက်ရိုက်တယ်။ မေမြို့အထိတောင် အင်တာဗျူးတွေ သွားလုပ်တယ်။ ဒီလိုဖြစ်လိမ့်မယ်လို့ ဆရာရော၊ မိသားစုပါ လုံးဝထင်မထားဘူး။ အဲဒီလို အစား မစားချင်ဖြစ်လာတာ တစ်လခွဲ၊ နှစ်လလောက်ကြာလာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်လာပြီး နောက်ထပ် နှစ် လလောက်နေရင် ဘန်ကောက်သွားရင်း ဆေးစစ်ကြည့်ရင်ကောင်းမယ်လို့ ဆရာ့ အမျိုးသမီးနဲ့ ပြောဖြစ် တယ်။ ဒါပေမဲ့ သူက အဲဒီချိန်ထိအောင် စောင့်မနေဘဲ ရန်ကုန်မှာပဲ ချက်ချင်းစစ်ကြည့်ဖို့ တိုက်တွန်းတော့ ဒီမှာပဲ အစာအိမ်ကို စစ်ကြည့်မိလိုက်တယ်" လို့ ပြင်းထန်တဲ့ရောဂါကို လက်ခံထားတဲ့သူလို့ မထင်ရဘဲ ပကတိအေးချမ်းနေတဲ့ ဟန်ပန်နဲ့ ဆရာဦးကြည်စိုးထွန်းက ဆိုပါတယ်။

ရောဂါကို စမ်းသပ်သိရှိတဲ့အချိန်မှာ အရင်က သူရိုက်ကူးခဲ့တဲ့ မင်းကွန်းဆရာတော်ကြီးရဲ့  ထေရုပ္ပတ္တိ ကို ပြင်ဆင်မွမ်းမံနေချိန်လည်း ဖြစ်တဲ့အတွက် ပြီးစီးအောင်ရိုက်ကူးပြီး တာဝန်ကျေခဲ့သလို အပတ်စဉ် ထုတ်လွှင့်နေတဲ့ Movie Talk အစီအစဉ်မှာရော၊ MRTV မှာ ထုတ်လွှင့်နေတဲ့ 'မှတ်မှတ်ထင်ထင် မြန်မာ့ ရုပ်ရှင်အစီအစဉ်' မှာပါ အနားယူခြင်းမပြုဘဲ ပုံမှန်တင် ဆက်ခဲ့တယ်လို့ ဆရာဦးကြည်စိုးထွန်းက ဆိုပါတယ်။

"အစာအိမ်ကို စစ်ကြည့်လိုက်တဲ့အခါ အစာအိမ်ကနေ အူလမ်းကြောင်းကို သွားတဲ့နေရာမှာ ဆို့နေတာကို ပုံထဲမှာ တွေ့ရတယ်။ ဆရာ ကျန်းမာစဉ်က ဂေါက်ရိုက်တယ်၊ လမ်းလျှောက်တယ်၊ နောက်တစ်ခုက တရားစခန်းတွေသွားတယ်။ ဒါကြောင့် သိလိုက်ရတဲ့အချိန်မှာ ဖြစ်ချိန်တန်လို့  ဖြစ်လာတာပဲလို့သာ လက်ခံလိုက်တယ်။ သိပ်ပြီးတုန်လှုပ်သွားတာမျိုး မဖြစ်သလို ကြောက်သွား တာမျိုးလည်း မဖြစ်ဘူး။ သေရ မှာလည်း မကြောက်ခဲ့ဘူး။ အဲဒီနေရာမှာပဲ ဘာလုပ်ရမလဲဆိုတာ ခေါင်းအေးအေးနဲ့ စဉ်းစားတယ်" လို့ လက်ရှိမှာ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီးက အပြုံးလေးနဲ့ ဆိုပါတယ်။

ဆရာ ဦးကြည်စိုးထွန်းဟာ ရောဂါမဖြစ်ခင်မှာ ကိုယ်အလေးချိန်ပေါင် ၁၈၅ ပေါင်အထိ ရှိခဲ့ပါတယ်။ ငယ်ငယ်က ဆေးလိပ်သောက်တတ်ပေမယ့် ဆေးလိပ်ပြတ်ခဲ့တာလည်း ကြာပြီဖြစ်ပြီး အရက်ကိုလည်း တစ်ခါတစ်ရံ အပေါင်းအသင်းတွေစုံမှ အပျော်သဘောလောက်သာ သောက်တတ်သူဖြစ်ပါတယ်။

"ဆရာ့အမျိုးသမီးက စင်ကာပူမှာနေတဲ့ သမီးဆီကို ဖုန်းလှမ်းဆက်တယ်။ သမီးကလည်းချက်ချင်းပဲ စင်ကာပူအထွေထွေဆေးရုံကြီးက ဆရာဝန်နဲ့ ဆက်သွယ်ပြီး ဆရာ့ကို စက်တင်ဘာ လကုန်မှာ ဆေးရုံ တင်ပြီး တစ်ပတ်အတွင်း ချက်ချင်း ခွဲစိတ်ပါတယ်။ ခွဲပြီးတဲ့အချိန်မှာ အဖျားတက်တယ်၊ ၀မ်းလည်း ပျက်ပါတယ်။ ကိုယ်အလေးချိန်ဆိုလည်း ပေါင် ၁၄၀ အထိကျသွားခဲ့ပါတယ်" လို့ ဆရာကြီးကပြောပါတယ်။

"ဆရာ့ကို ပစ်လိုက်ရပြီလို့ မိသားစုက ထင်ကြတယ်။ ဆရာ့ရှေ့မှာသာ အေးအေးဆေးဆေးနေပြ ပေမယ့် ကွယ်ရာမှာ အမျိုးသမီးရော၊ သမီးပါ ငိုကြတယ်။ ခွဲတဲ့အနာကလည်း မကျက်ဘူး။ ဒါပေမဲ့ စိတ်ဓာတ်က အသင့်အတင့် နှလုံးသွင်းနိုင်တဲ့ အတွက်ကြောင့် ခံနိုင်သွားတယ်။ နောက်ပြီး ဖြေသာတာက ငါဘယ်သူ့ ကိုမှ ဒုက္ခမပေးခဲ့ဖူးဘူး၊ ဘယ်သူ့အကျိုးစီးပွားကိုမှလည်း ပျက်စီးအောင် မလုပ်ခဲ့တဲ့အတွက် သေရင်လည်း ငါ့ကို ဘယ်သူကမှ အပြစ်ပြောမှာ မဟုတ်ဘူးလို့ စိတ်သန့်သွားတယ်။ ဒီလိုဖြစ်တဲ့ အချိန်မှာ မိသားစု ရဲ့ နွေးထွေးမှုကလည်း အရေးကြီးသလို အကင်းပါးဖို့လည်း လိုပါတယ်" လို့ ရုပ်ရှင်ဇာတ်ကားပေါင်းများ စွာကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ကြည်စိုးထွန်းကပြောပါတယ်။

ဆရာဦးကြည်စိုးထွန်းဟာ စင်ကာပူကနေ ဆေးကုသပြီး ပြန်ရောက်တာနဲ့ ချက်ချင်းဆိုသလို Laurel အနုပညာသင်တန်းကျောင်းမှာ သူမြတ်နိုးတဲ့ အနုပညာအမွေတွေ ဖြန့်ဝေပေးရင်း သူ့အချိန်တွေကို ဆက်လက်မြှုပ်နှံခဲ့ပါတယ်။

"ဆရာ လုပ်စရာရှိတာတွေကို ဆက်လုပ်ခဲ့တယ်။ ယနေ့အထိလည်း လုပ်စရာရှိတာတွေကို ဆက်လုပ်ခဲ့ တာပဲ။ ရောဂါဖြစ်ပြီးနောက်ပိုင်းမှ ငါ့မှာလုပ်စရာတွေ အများကြီးကျန်သေးတယ်ဆိုပြီးအလုပ်တွေတော့ အများကြီးလုပ်ဖြစ်တယ်။ ဒါပေမဲ့ အရင်က လုပ်ချင်နေခဲ့တဲ့ အလုပ်တချို့ ကတော့ ဖြစ်မလာဘူး။ ဒါကလည်း ငွေကြေးကြောင့် မလုပ်ဖြစ်တာပါ။ ဒါပေမဲ့ ဒါတွေကိုတော့ ဆရာ တမ်းတမနေတော့ဘူး။ မသေခင်ဒါလေးတော့ လုပ်သွားရမယ်ဆိုပြီး မဖြစ်ဖြစ်အောင်တော့ မလုပ်ဘူး။ ဒါပေမဲ့ ဖြစ်နိုင်တဲ့ အလုပ်တွေကိုတော့ ဖြစ်အောင်လုပ်နေပါတယ်"လို့ သူ့လုပ်ဆောင်မှု တွေကို ပြောပြပါတယ်။

အခုဆို ဆရာဦးကြည်စိုးထွန်းဟာ အရင်က သူနှစ်ခြိုက်ခဲ့တဲ့ ဇာတ်လမ်းပမာတွေကို မျိုးဆက်သစ် လူငယ်အနုပညာရှင်တွေနဲ့ ပြန်လည် ရိုက်ကူးရင်း ဘ၀ကိုအေးဆေးစွာ ဖြတ်သန်းသလို အပတ်စဉ် Movie Talk အစီအစဉ်နဲ့ 'မှတ်မှတ်ထင်ထင် မြန်မာ့ရုပ်ရှင်အစီအစဉ်' တွေအတွက်လည်း အချိန်ပေးနေဆဲပါပဲ။

"အခုဆို နားရတယ်လို့တောင် မရှိဘူး။ ရုံးခန်းရောက်တာနဲ့ အလုပ်တွေ လုပ်တော့တာပဲ။ ရောဂါသာဖြစ် တာ ဩလငနွှေူု အစီအစဉ်ဆို တစ်ပတ်မှမပျက်ဘူး။ ဆေးကုပြီး ပြန်ရောက်လာတာ နဲ့ ရုပ်သံမှာ ပြန်ပြော တာပဲ။ ငါ နှစ်ဘ၀ နေခဲ့ရတာပဲဆိုတဲ့ စိတ်နဲ့ လူတွေအတွက် အလုပ် ပိုလုပ် ပေးရမယ်လို့ ခံယူမိတယ်"လို့ ဆိုပါတယ်။

စင်ကာပူမှာ ဆေးကုသနေစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို Movie Talk အစီအစဉ်မှာ ပြန်လည် ပြောပြ ရင်း ပြသခဲ့တာမို့ စိတ်ပူနေတဲ့ ပရိသတ်တချို့ဆို မျက်ရည်တောင် ကျခဲ့ကြတယ်လို့လည်း ဆရာက ဆိုပါ တယ်။

"ဆရာက ရုပ်သံလိုင်းတွေမှာ အမြဲတမ်း စကားပြောနေတော့ ပရိသတ်တွေက ဆရာ ပိန်ရင် ပိန်သွားပြန်ပြီ၊ ၀ရင် ၀လာပြန်ပြီဆိုပြီး အမြဲအကဲခတ်နေတယ်။ ပိန်သွားရင် စိတ်မကောင်းဖြစ်ကြတယ်။ တချို့သိပ် အသက်ကြီးတဲ့ လူကြီးတွေဆို မျက်ရည်တောင်ကျကြတယ်"လို့ ပြောပါတယ်။

ကိုယ်တိုင်ဇာတ်ညွှန်းတွေရေးပြီး ဇာတ်ကားရိုက်တာမို့ ဇာတ်ညွှန်းဆုတစ်ဆုနဲ့ အကောင်းဆုံး ဒါရိုက်တာ ဆုရှင်အဖြစ် လေးကြိမ် စုစုပေါင်း အကယ်ဒမီဆု ငါးဆု ရရှိထားတဲ့ ဆရာဦးကြည်စိုးထွန်းဟာ သူ့ပရိသတ် အတွက် တစ်စုံတစ်ရာအကျိုးဖြစ်စေမယ့် ရည်ရွယ်ချက်ပါတဲ့ ဇာတ်ကားကောင်းတွေကိုသာ စေတနာ နဲ့ ရွေးချယ် ရိုက်ကူးခဲ့သလို သူကြုံတွေ့ကျော်လွှားခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း နမူနာယူစေဖို့ မခြွင်းမချန် ပြောပြတတ်သူလည်း ဖြစ်နေပါတယ်။

"သေရမှာကို သတိရရနေတော့ မကောင်းမှုကတော့ မလုပ်ဖြစ်ဘူး။ လောကကြီးမှာ ဖြစ်ပျက်ကြီးပါပဲ။ ဆရာ ကင်ဆာရောဂါစရတော့ ဒီဖြစ်ပျက်ကိုပဲ သတိရနေမိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လူသားဆန်အောင်နေ တယ်။ နေတဲ့အခါမှာ လောကကြီးကို ဘယ်လိုအကျိုးပြုနိုင်မလဲ၊ လူတွေကို စိတ်ချမ်းသာအောင် ဘာလုပ်ပေးနိုင်မလဲ၊ တချို့ကင်ဆာဖြစ်တဲ့ လူတွေ ညည်းတွားကြတယ်။ ဆရာ နားထောင်ပေးတယ်။ ဆရာ နားထောင်ပေးတဲ့အတွက် သူ ပြောချင်တာလေး ပြောလိုက်ရလို့ ကျေနပ်သွားတယ်"လို့ဆိုသလို "ကျွန်တော် တစ်ခါတစ်ရံမှာ တွေးကြည့်မိတယ်။ လူရယ်လို့ ဖြစ်လာပြီးရင် ကြီးပြင်းလာရတယ်၊ ပြီးရင်သေရမယ်။ သို့သော် မသေခင်မှာ ကောင်းအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ဟာ သူများအတွက် လူပိုကြီး မဖြစ်စေနဲ့ပေါ့"လို့လည်း သူ့ခံယူချက်ကိုပြောပြပါတယ်။

သူ့အနေနဲ့ အခက်အခဲတွေကို ဘယ်လောက်ပဲ စိတ်အေးအေးနဲ့ လက်ခံနိုင်တဲ့သူဖြစ်ပါစေ၊ ပုထုဇဉ် တစ်ဦးဖြစ်တာမို့ သူတွယ်တာတဲ့ အရာတွေကိုတော့ စိတ်မှာ ကပ်ငြိနေဆဲဖြစ်ပါတယ်။ ဆရာဦး ကြည်စိုးထွန်းရဲ့ တွယ်တာမှုတစ်ခုက သူနဲ့နှစ်ပေါင်း ၄၀ ကျော်ကြာ ဆိုးတူကောင်းဖက် ပေါင်းဖက်ခဲ့တဲ့ သူ့ရဲ့ ဇနီးသည်ပဲ ဖြစ်ပါတယ်။

"သေရမှာ မကြောက်ပေမယ့် လူတစ်ယောက်မှာတော့ တွယ်တာမှု ဆိုတာကတော့ ရှိတာပေါ့။ ဒါကလည်း မမြဲပါဘူး။ ဥပမာ - ကျွန်တော့် ဇနီးနဲ့ ကျွန်တော်ပဲ ဆိုကြပါစို့။ အနီးစပ်ဆုံးနဲ့ အကြာဆုံးနေလာတဲ့ လူဆိုလို့ ဒီနှစ်ယောက်ပဲ ရှိတယ်။ အနှစ် ၄၀ ကျော်ပေါင်းဖက်လာတဲ့ ဒီလူသား နှစ်ယောက်ရဲ့ တွယ်တာမှုကို စဉ်းစားကြည့်။ သို့သော်လည်း သူလည်းမမြဲ၊ ကိုယ်လည်းမမြဲပါဘူး။ ဒါကိုတော့ ကျွန်တော် တို့ နှစ်ယောက် ပြောဖြစ်တယ်။ တစ်ယောက်သွားရင် ကျန်တစ်ယောက်က နေတတ်ဖို့တော့ လိုတာပေါ့" လို့ သူက ပြောပါတယ်။

အနုပညာဖန်တီးမှုတွေထဲမှာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ၀တ္ထုကို ရိုက်ကူးခဲ့တဲ့ 'သူ့ကျွန်မခံပြီ' ဇာတ်ကားဟာ သူ့ရဲ့ လက်ရာကောင်းများထဲက လူတွေအမှတ်ရနေဆဲ ဖန်တီးမှု တစ်ခုဖြစ်သလို စာပေနယ်ပယ်မှာလည်း ကြည်စိုးထွန်း နာမည်နဲ့ပဲ ရေးသားခဲ့တဲ့ 'တောကြောင်မောင်ကျောက်ခဲ' ၀တ္ထုတိုပေါင်းချုပ်ဟာ စာဖတ်သူတွေ မှတ်မှတ်ရရပြောစမှတ်ပြုကြတဲ့ ဆရာ့ရဲ့စာပေဖန်တီးမှုတစ်ခုဖြစ်ခဲ့ပါတယ်။

ဆရာက သူ့ကိုယ်သူ မောင်ကျောက်ခဲ ဇာတ်ကောင်အဖြစ် ဖန်တီးကာ သူနေ့စဉ်ကြုံတွေ့ရတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အနုပညာလောကက ကိစ္စတွေကို သရော်စာဆန်ဆန် ရေးသားထားတာဖြစ်ပါတယ်။

"ဆရာ မနက်တိုင်း လမ်းမှန်မှန်လျှောက်တယ်။ အစားမှန်မှန် စားတယ်။ ၀မ်းမှန်အောင်နေတယ်။ အသီးအနှံလည်း များများစားတယ်။ ဆရာ့မှာ မကောင်းတာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက အလုပ်တွေ ကို လောဘတကြီး လုပ်မိနေတာပဲ"လို့ အားပါးတရ ရယ်မောရင်း ဆရာဦးကြည်စိုးထွန်းက ဆိုလိုက်ပါတယ်။

Myanmar Times
ဇွန်ပန်းပွင့်   |   Wednesday, 14 May 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...