အတ္တကင်းစွာ ... မိမိကိုယ်ကိုယ် တည်ဆောက်နိုင်ကြပါစေ

အမေရိကန်သမ္မတ အီဗရာဟင် လင်ကွန်း (Photo:www.thetrumpet.com)

တစ်နေ့က ကျွန်တော်ကို သားဖြစ်သူက မေးခွန်းတစ်ခုမေးသည်။ “အဖေသာ.. သမ္မတဖြစ်ရင် ဘာကို အရင်စလုပ်မှာလဲ” .. ဟူသတတ်။

အတော်ခေါင်းစားရသော မေးခွန်းဖြစ်သည်။ သည်အထဲမှာ အခက်ဆုံးက ကျွန် တော်သမ္မတ ဖြစ်ခဲ့လျှင် ဟူသောအပိုင်း ဖြစ်သည်။ လက်ရှိမှာ ကျွန်တော်က ပြည်သူထဲက ပြည်သူတစ်ယောက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်များနှင့် ထည့်သွင်းတွက်ချက်လျှင် ဖြစ်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းပင် မရှိသည်တော့ သမ္မတဖြစ်ဖို့အရေးကို ယောင်လိုမျှပင် မတွေးခဲ့ဘူး။

ခုတော့ သားကမေးနေပြီ၊ သူ့အရွယ်က ကလေးမကျ လူကြီးမဖြစ်တဖြစ်အရွယ်။ အရာရာကို စဉ်း စားတွေးခေါ်ပြီး၊ လက်ရှိသူ လေ့လာဆည်းပူးထားသလောက် အတိုင်းအတာနှင့် သူ့ဘ၀ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နေသောအချိန်၊ ကျွန်တော်ဖြစ်သလို အလွယ်အလွတ်ပြော၍ မဖြစ်နိုင်။ ကျွန်တော့်အယူ အဆ နှင့် သူ့အယူအဆ တစ်ထပ်တည်း မကျလျှင်တောင်မှ ဘာကြောင့်ဟု သဘာဝကျကျပြောပြနိုင်ဖို့ ဆိုလိုသည်။ ဒါက ဒီကနေ့ ကျွန်တော့်သားအရွယ် လူငယ်တွေကို ဆက်ဆံရာတွင် ကျွန်တော်သတိထား ဆက်ဆံနေသည့် အနေအထားဖြစ်သည်။

ထားတော့ သားဖြစ်သူ မေးသည့်ခဏပင် ကျွန်တော့်ကိုယ်ကျွန်တော် သမ္မတတစ်ယောက်အနေဖြင့် အလျင်ဆုံး ၀င်စားလိုက်ရသည်မှာကတော့ အမှန်။ ဒါဖြင့် ဘယ်သမ္မတနေရာက ၀င်စားလိုက်သည် ထင်ပါ သနည်း။ ဟုတ်ကဲ့၊ ရှက်ရှက်နှင့် ၀န်ခံလိုက်ရလျှင် မြန်မာသမ္မတအနေနှင့် မဟုတ်ဘဲ။ အမေရိကန်သမ္မတ အီဗရာဟင်လင်ကွန်းအနေဖြင့် ၀င်စားလိုက်မိခြင်းဖြစ်သည်။ ဒါကလည်း ကျွန်တော် စိတ်ကြီးဝင်၍ မဟုတ် ပါ။ မှန်တာပြောရလျှင် မြန်မာသမ္မတတွေအကြောင်း ကျွန်တော်ဘာမျှ ဟုတ်ဟုတ်ငြားငြားမသိတာလည်း ပါသည်။ မြန်မာသမ္မတတစ်ဦးဦး၏ ကောင်းကြောင်းဆိုးပြစ်ကို ကျမ်းတစ်စောင် စာတစ်အုပ်လုပ်၍ ရေးထား သည်ကို ကျွန်တော် မဖတ်ခဲ့ဖူးပါ။ ဗိုလ်ချုပ်ကြီး နေ၀င်းကို ဒေါက်တာမောင်မောင်ကရေးခဲ့သည့် စာအုပ်တစ် အုပ်ရှိသည်ဟု ကြားဖူးသော်လည်း ကျွန်တော်မဖတ်ခဲ့ဖူးပါ။

အမေရိကန်သမ္မတ ကိုရောတဲ့၊ သူအကြောင်းကို ကျွန်တော်ဖတ်ဖူးသည်။ သူ့ဘ၀.. သူကျင်လည် ရုန်းကန် ခဲ့ရသည့် အဖြစ်အပျက်အတော်များများကို အထင်ကြီးအားကျစွာ နှစ်သက်ခဲ့ရဖူးသည်။ ဆိုတော့ ကျွန်တော် သမ္မတဖြစ်ခွင့်ရသော ထိုခဏမှာ ကျွန်တော်သည် အမေရိကန်သမ္မတကြီး အီဗရာဟင်လင်ကွန်း ဖြစ်သွားခဲ့ တာ ဘာမျှထူးဆန်းသောကိစ္စ မဟုတ်တော့ပြီ။

ကျွန်တော်တို့တွေလည်း အဘယ်ကိစ္စကို ပင် စဉ်းစားဆုံးဖြတ်ကြသည် ဖြစ်စေ အတတ်နိုင်ဆုံး ငါ ဟူသော အတ္တကိုခွာ၍ ကိုယ်ချင်းစာတရားဖြင့် စဉ်းစားဆုံးဖြတ်ခြင်းသည်သာ အကောင်းဆုံးနှင့် အမှန်ဆုံး စဉ်းစား ဆုံးဖြတ်ခြင်း၊ ဖြစ်နိုင်ကြပေလိမ့်မည်ဟု . . . . .

ထိုခဏ၌ ကျွန်တော်သမ္မတဆိုသော်လည်း ၀ိညာဉ်က အီဗရာဟင်လင်ကွန်း ဖြစ်သွား၏။ ထိုအခါ ကျွန်တော်အတွက် စဉ်းစားဆုံးဖြတ်စရာကိစ္စ အတော်များများသည် အတော်ပင်ရှင်းလင်းသွား၏။ ဤနေရာ၌ စကားဖြတ်၍ ပြောစရာတစ်ခုရှိသည်မှာ ကျွန်တော်ကဲ့သို့ပင် အမည်မမှတ်မိတော့သော အမေရိကန်သမ္မတတစ်ဦးသည် အရေးကြီးခက်ခဲသည့် ကိစ္စရပ်များကို ဆုံးဖြတ်ရမည့်အခါတိုင်း နံရံမှာ ချိတ်ထားသော အမေရိကန်သမ္မတကြီး အီဗရာဟင်လင်ကွန်း၏ ဓာတ်ပုံကို ကြည့်၍ “ငါ့နေရာမှာ လင်ကွန်း သာဆိုလျှင် ဤကိစ္စကို ဘယ်ကဲ့သို့ဆုံးဖြတ်ပါမည်နည်း” ဟု ကိုယ်စားဝင်ပြီး စဉ်းစားဆုံးဖြတ်စေခဲ့သည်ဟု ဖတ်ဖူး၏။ အလွန်ကောင်းသောနည်းဖြစ်သည်ဟု သူကိုယ်တိုင်ပင် ၀န်ခံသွားခဲ့ဖူး၏။

မှန်ပါသည် လူဆိုသည်ကာ အတ္တကြီးကြသူတွေများသည် ထိုအထဲ အာဏာနှင့် အရှိန်အ၀ါကို ထည့်ပေါင်း လိုက်လျှင် အတ္တပိုကြီး လာတတ်သည်။ ငါမှငါ၊ ငါလုပ်တာမှ အဟုတ်၊ ငါပြောတာမှ အမှန်ဖြစ်၍ ပြဿနာ တစ်ခု ခုကို ဆုံးဖြတ်ရာတွင် လက်တွေ့နှင့် ကင်းကွာ၍ အကျိုးထက်၊ အဆိုးဘက်ကို ဦးတည်သွားကြတာများသည် လူ့သမိုင်းတွင် နိုင်ငံခေါင်းဆောင် လုပ်သွားကြသူ အတော်များများသည် နောက်လိုက်ဘ၀တွင် လူဆိုးများ မဟုတ်ကြ၊ လူဆိုးမဟုတ်ရုံမက လူကောင်းများတွင် ရှိတတ်သော စိတ်ကောင်းများပင်လျှင် အတော်ပြည့်ပြည့်စုံစုံ ရှိကြသူများသည်။ ဒါကြောင့်လည်း သူတို့ခေါင်းဆောင် ဖြစ်လာကြသည်။ သို့သော် ခေါင်းဆောင်ဖြစ်ပြီး နောက်ပိုင်းတွင်မှု ထိုစိတ်ကောင်းများ တစ်စ..တစ်စ..လျော့ပါး၍ နောက်ဆုံး လူဆိုးများ ဖြစ်သွားကြရုံမက သမိုင်းတရားခံများပင် ဖြစ်သွားကြသည်မှာ တကယ်တော့ ထို..ငါ..က သူတို့ကို ဖျက်ဆီးသွားကြခြင်းပင် ဖြစ်သည်။

သည်နေရာ၌ အများသိပြီးဖြစ်သော အီဗရာဟင်လင်ကွန်းအကြောင်းကို ပြန်ဆက်ရလျှင် လင်ကွန်းသည် ငါဆိုသောအတ္တကို အတတ်နိုင်ဆုံး ပယ်ချနိုင်သဖြင့် အောင်မြင်သော ခေါင်းဆောင် တစ်ယောက်ဖြစ်သွား ရသည်ဟု ကျွန်တော်ကတော့ သည်လိုပဲ ထင်မြင်ယူဆမိပါသည်။

ပမာအားဖြင့် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်လောက်သည့် စစ်ပွဲတစ်ပွဲကို တိုက်ရန် အခြေအနေအား လုံး ပြည့်စုံနေပြီဖြစ်ပါလျက် ဘယ်လိုအမိန့်ပေး၍မှ မတိုက်ခဲ့သော သူ၏စစ်ဗိုလ်ချုပ်ကြီးကို လင်ကွန်းသည် အလွန်ပင် စိတ်ဆိုးခဲ့ဖူးလေသည်။ စိတ်ဆိုးသည့်အားလျော်စွာလည်း ထိုနေ့က သမ္မတရုံးတော်တွင် လင်ကွန်းသည် ဆောက်တည်ရာမရလောက်အောင်ပင် အမျိုးမျိုးရေရွတ်ပြောဆိုလျက် ထိုစစ်ဗိုလ်ချုပ်အား ရစရာမရှိအောင် ချိုးချိုးဖဲ့ဖဲ့ စကားရပ်တွေပါသော စာရှည်ကြီးတစ်စောင်ကို ပျစ်ပျစ်နှစ်နှစ် အားရပါးရရေးခဲ့ ဖူးပါသည်။ သို့သော် ထိုစာကို ဗိုလ်ချုပ်ကြီးရှိရာသို့ ပို့ခါနီးတွင်မှ လင်ကွန်းသည် သူ၏ ငါ...ကို ပြန်၍ ရှာတွေ့သွား၏။ ဘယ်ပုံတွေ့ခဲ့ပါသနည်း။ လင်ကွန်းသည် ထိုစာကိုကိုင်၍ သူ၏သမ္မတထိုင်ခုံတွင် ပြန်ထိုင် ရင်း ဤသို့ စဉ်းစားခဲ့သည်ဟု ဖတ်ခဲ့ရဖူးပါသည်။

အင် ငါကတော့ သမ္မတရုံးခန်းထဲမှာနေပြီး ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလားနဲ့ ပြောသာပြောနေရတာ တကယ် စစ်တိုက်နေရတဲ့ ဟိုဗိုလ်ချုပ်ကြီးမှာတော့ နေ့စဉ်နဲ့အမျှ သွေးသံရဲရဲသေကြကျေကြတဲ့ စစ်ပွဲကြီး ထဲမှာ ဘာပဲပြောပြော ဒါတွေကို အမြဲတမ်းတွေ့နေရတဲ့ သူစိတ်ထဲမှာ ဒီဖြစ်ရပ်တွေအပေါ် တော်တော် စိတ်ပျက်သွားရှာမှာပဲ။ ငါဒီစာကိုသာ သူဆီပို့လိုက်ရင် သူတော်တော် စိတ်ပျက်သွားရှာမှာပဲ။ သူလည်း အကောင်းဆုံးလို့ထင်တာကို လုပ်ချင်ရှာလိမ့်မယ်။ ဒါပေမဲ့ နေ့စဉ်ကြုံ တွေ့နေရတဲ့ အနိဋ္ဌာရုံတွေ သူ့လောက်တော့ ငါကဘယ်လိုသိနိုင်မှာလဲ။ ဒီစာကို ငါပို့လိုက်ရင် ငါ့လောက် ကိုယ်ချင်းစာတရားမရှိတဲ့လူ ဒီလောကမှာ ရှိနိုင်တော့မှာ မဟုတ်ဘူး”ဟု တွေးကာ ထိုစာကို အံဆွဲထဲသို့ထည့်ပြီး မေ့ထားခဲ့ရာ လင်ကွန်းသေကာမှ ပြန်ရှာတွေ့ခဲ့ကြလေသည်။

ဤနေရာတွင်လည်း လင်ကွန်းသည် သူ၏သမ္မတနေရာမှ မဟုတ်ဘဲ စစ်ဗိုလ်ချုပ်ကြီးနေရာက ၀င်၍ စဉ်းစားမိလိုက်သဖြင့်သာ အမှန်တရားကို ရှာတွေ့ခဲ့ခြင်းဖြစ်ရာ အတ္တ နှင့် မကင်းကြသော လူထဲမှ လူများ သာဖြစ်ကြသည့် ကျွန်တော်တို့တွေလည်း အဘယ်ကိစ္စကိုပင် စဉ်းစားဆုံးဖြတ်ကြသည်ဖြစ်စေ အတတ်နိုင် ဆုံး ငါ ဟူသောအတ္တကိုခွာ၍ ကိုယ်ချင်းစာတရားဖြင့် စဉ်းစားဆုံးဖြတ်ခြင်းသည်သာ အကောင်းဆုံးနှင့် အမှန်ဆုံး စဉ်းစားဆုံးဖြတ်ခြင်း၊ ဖြစ်နိုင်ကြပေလိမ့်မည်ဟု ပြောရင်းဤ စာစုကို နိဂုံးချုပ်လိုက်ရပါသည်။ လူမှန်သမျှ အတ္တကင်းနိုင်ကြပါစေ။

Eleven Daily News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...