မြန်မာ့ပညာရေး ဘယ်ကိုလဲ (မြန်မာ့ပညာရေး ဘယ်လိုလဲ)

Written by ကျော်လှဝင်း (ပညာရေး)

နိုင်ငံတကာ ပညာရေး စံနှုန်းများနှင့်အညီ ခေတ်မီဖွံ့ဖြိုး တိုးတက်စေရေးဟူသော အလွန်ကြီးကျယ် မြင့်မားသည့် ရည်မှန်းချက်များဖြင့် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု အခင်းအကျင်း တစ်ခုကို ဖော်ဆောင်လျက် ရှိပါသည်။ လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှု အမျိုးသားအဆင့် ဆွေးနွေးပွဲကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင်၂၀၁၄ ခုနှစ် မတ်လ ၅ ရက်၊ ၆ ရက်နေ့များ၌ နှစ်ရက်ကြာ ကျင်းပခဲ့ပါသည်။


အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်၊ ဗုဒ္ဓဘာသာ ပညာရေးစင်တာနှင့် ပရဟိတ ကျောင်းများမှ ဆရာတော်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပညာရေး မြှင့်တင်မှုလုပ်ငန်း ကော်မတီနှင့် ပညာရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူအခြေပြု အဖွဲ့အစည်းများ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများ၊ ပုဂ္ဂလိက ကျောင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားပါသည်။

ပညာရေး ပြုပြင်ပြောင်းလဲမှု အမျိုးသားအဆင့် ဆွေးနွေးပွဲဟု ဆိုသောကြောင့် အဓိကအားဖြင့် ပညာရေး လုပ်ငန်းများ ဖြစ်သည့်အတွက် ပညာရေး အရည်အသွေး ပြည့်ဝသော၊ ပညာရေးလုပ်ငန်း အတွေ့အကြုံ ရင့်ကျက်သော၊ ပညာရေးကို အမှန်တကယ် စိတ်ဝင်စားသော ပညာရေး ပညာရှင်များ ပါဝင်ဆွေးနွေးခွင့် ရသင့်ပါသည်။ သို့ရာတွင် အဆိုပါ ဆွေးနွေးပွဲ၌ ပညာရေး ပညာရှင်များ တက်ရောက်သည်ဟု ဖော်ပြထားခြင်းကို မတွေ့ရသည်မှာ များစွာဝမ်းနည်းဖွယ် ကောင်းလှပါသည်။ ပညာရေး ပညာရှင်များ အနေနှင့် အသိအမှတ်ပြု မခံရ၍လော၊ သို့တည်းမဟုတ် မည်သို့သော အကြောင်းများကြောင့် ဖြစ်မည်နည်း ဆိုသည်ကို စဉ်းစားဖွယ် ဖြစ်ပါသည်။ ဖော်ပြထားသည့် တက်ရောက်သူများ စာရင်းတွင် ရာထူးအရ၊ လုပ်ဆောင်မှု အခွင့်အာဏာအရ ဆောင်ရွက်ပိုင်ခွင့် ရှိသူများသာ တက်ရောက်နိုင်သည့် အခွင့်အရေးမျိုး ဖန်တီးစီစဉ် ဆောင်ရွက်ခြင်းကို မြန်မာ့ပညာရေး အမှန်တကယ် ဖွံ့ဖြိုးစေလိုသော ဆန္ဒရှိမည်ဆိုလျှင် သတိပြု ရှောင်ကြဉ်သင့်ပြီ ဖြစ်ပါသည်။ မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေး သက်သက်ဖြင့် ရှုမြင်ခြင်း မဟုတ်သော်လည်း အများစုသော ဌာနဆိုင်ရာ အကြီးအကဲများမှာ မြန်မာ့ပညာရေးကို စိတ်ဝင်စားမှု ရှိသည့်တိုင်အောင် ပညာရေး လုပ်ငန်းများတွင် ကျွမ်းကျင်သူ၊ အတွေ့အကြုံ ရင့်ကျက်ပြည့်ဝသူများ မဟုတ်ကြခြင်းဆိုသည့် အမှန်တရားကိုမူ လက်ခံကြရမည် ဖြစ်ပါသည်။

အလားတူပင် ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများအနေနှင့် မည်ကဲ့သို့သော အရည်အသွေး ရှိသူများ တက်ရောက် ပါဝင်ဆွေးနွေးခွင့် ရရှိနိုင်ကြောင်း စူးစမ်းဖွယ် ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလက ပညာရေးမြှင့်တင်မှု ဌာနတွင်း ဆွေးနွေးပွဲ နှစ်ကြိမ် တက်ခွင့်ရခဲ့ပါသည်။ ပညာရေးဌာနအတွင်း အဆင့်မြင့်ရာထူး ရယူပြီး ထိရောက်စွာ မဆောင်ရွက်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း အငြိမ်းစားယူခဲ့သော ပုဂ္ဂိုလ်ကြီးများ ဦးဆောင် ဆွေးနွေးခဲ့ပါသည်။ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးနိုင်သည်ဟု ဆိုသော်လည်း ၎င်း၏ အလိုကျ ရာထူးအလိုက် အမည်ခေါ်၍ ဆွေးနွေးစေခဲ့ပြီး အခြားသူများ၏ ဆွေးနွေးမှုများကိုမူ အချိန် အကန့်အသတ်ကြောင့်ဟု ဆိုပြီး ရပ်တန့် စေခဲ့သည်ကို ကိုယ်တွေ့ကြုံခဲ့ရဖူးပါသည်။ ပညာရေးဌာန အတွင်းဝယ် ပညာရေးကို အမှန်တကယ် စိတ်ဝင်စားသော အမှန်တကယ် လုပ်ငန်းကျွမ်းကျင်သော အမှန်တကယ် ဆောင်ရွက်လျက်ရှိသော ဆရာ၊ ဆရာမများ၊ ပညာရေး အရာရှိများမှာ ကန့်သတ် ဖိတ်ကြားမှုကြောင့် ပါဝင်ဆွေးနွေးခွင့်၊ တက်ရောက်ခွင့် မရခြင်းတို့မှာ ပကတိ အမှန်တရား ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီး၏ အလိုကျသူ များကိုသာ ပါဝင် ဆွေးနွေးခွင့်ပြုခြင်း၊ ပညာရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင် ကျွမ်းကျင်သူများ၊ ထိထိရောက်ရောက် ဆွေးနွေးမည့် ပညာရေး ပညာရှင်များကို ချန်လှပ်ခြင်း၊ ဟန်ပြ လုပ်ဆောင် လိုသူများနှင့်သာ ဆောင်ရွက်ပြီး ထောက်ခံမှုအင်အား ပြသခြင်းတည်းဟူသော ကောလာဟလ ဝေဖန်ချက်များမှာ သတိပြုစရာ ဖြစ်လာပါသည်။

တစ်ဖန် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့မှ ကိုယ်စားလှယ်များ တက်ရောက်သည်ဟု ဖော်ပြထားပါသည်။ လေ့လာသိရှိရသည်မှာ ပညာရေး မြှင့်တင်မှု ကော်မတီ တာဝန်ရှိသူတစ်ဦးက တစ်ပတ်ခန့် ကြိုတင်ပြီး ဆွေးနွေးပွဲ တက်ရောက်ပါရန် တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့ပါသည်။ ကိုယ်စားလှယ်များ တက်ရောက်ရန် သွားလာရေး၊ နေထိုင်ရေး၊ စားသောက်ရေးတို့ကို အစစ စီစဉ်ဆောင်ရွက်ပြီး ဖြစ်သော်လည်း နှစ်ရက်ခန့် အလိုတွင် ဆွေးနွေးပွဲ တက်ရောက်ခွင့် အစီအစဉ် ပျက်ပြယ်ကြောင်း ပညာရေး မြှင့်တင်မှု ကော်မတီဝင်တစ်ဦးက ဖုန်းဖြင့် ထပ်မံအကြောင်း ကြားခဲ့ပြန်ပါသည်။ သို့ရာတွင် ဆွေးနွေးပွဲ မကျင်းပမီ နာရီပိုင်းအလိုတွင် ဆွေးနွေးပွဲ တက်ရောက်ခွင့်ပြုကြောင်း ပြန်လည် အကြောင်းကြားခဲ့သော်လည်း ပြင်ဆင်ချိန် နည်းပါးသည့်အတွက် မတက်ရောက်နိုင်ကြောင်း ပညာရေးကွန်ရက်က အကြောင်းပြန်ခဲ့ပါသည်။ ပကတိဖြစ်ရပ် အခြေအနေများနှင့် ဖြစ်စဉ် ဖော်ပြချက်များ ကွဲလွဲနေခြင်းသည် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု ခရီးစဉ်အတွက် ရင်လေးစရာ ဖြစ်ပါသည်။ နိုင်ငံတော် ဒုတိယသမ္မတ တစ်ဦးကိုယ်တိုင် တက်ရောက်ချီးမြှင့်သော အဆိုပါ ဆွေးနွေးပွဲအတွက် ဖိတ်ကြားစာနှင့်တကွ ဖိတ်ကြား သင့်သော်လည်း တယ်လီဖုန်းဖြင့်သာ ဆက်သွယ် အကြောင်းကြားမှု ပြုခြင်းသည် နှိမ့်ချ ဆက်ဆံလိုသော သဘော၊ အသိအမှတ် မပြုလိုသောသဘော၊ ဝတ်ကျေ တန်းကျေ ဆောင်ရွက်လိုသော သဘော၊ ရိုးသားပွင့်လင်းမှု ကင်းမဲ့သော သဘောများ ထင်ဟပ် သက်ဝင်နေသည်ဟု ဆင်ခြင်စဉ်းစား တတ်သူတိုင်း လက်ခံကြလိမ့်မည် ဖြစ်ပါသည်။

ဆက်စပ် စဉ်းစားနိုင်ပါရန် ဖြစ်ရပ် အခြေအနေမှန် တစ်ခုကို ဖော်ပြလိုပါသည်။ နိုင်ငံတစ်နိုင်ငံအတွက် အသက်တမျှ အရေးကြီးသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲများသို့ ရာထူး သတ်မှတ်ချက်အရ တက်ရောက်ခွင့် ရခဲ့သော ဆရာကြီးများ ပြောကြားခဲ့သည့် “သူတို့ပြောတာကို နားထောင်တယ်၊ သဘောတူကြောင်း လက်မှတ်ထိုးတယ်၊ ပေးတာယူတယ်၊ အပြန်ခိုင်းတော့ ပြန်လာခဲ့တယ်” ဆိုသော စကားများကို ပြန်လည် ကြားယောင်မိပါသည်။ အလားတူပင် ၂၀၀၈ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၉၂ ဒသမ ၄ ရာခိုင်နှုန်း ထောက်ခံသည်ဟု ဆိုပြီး အတည်ပြုခဲ့ပါသည်။ ထောက်ခံသည်ဟု ဆိုသူများအနက် အများစုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်းအရာများကို အသာထား၊ စာအုပ်ကိုပင် မတွေ့ဖူး မမြင်ဖူးသူများ ဖြစ်နေကြသည်မှာ အများအသိပင် ဖြစ်ပါသည်။ အထူးသဖြင့် မိမိနှင့် လက်လှမ်းမီသလောက် ပညာရေးဌာန အဆင့်မြင့် အရာရှိကြီးများ ဖတ်ဖူးသည်၊ မဖတ်ဖူးသည်ကို တတ်အပ်သေချာစွာ မသိနိုင်သော်လည်း ဦးစီးဌာနတစ်ခု၏ ရုံးစာကြည့်တိုက်တွင် အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်အား ရှာမတွေ့ခဲ့ရသည်ကို ကိုယ်တွေ့ကြုံခဲ့ရပါသည်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သာဓကတစ်ခု အနေနှင့် ဖော်ပြခြင်းသာ ဖြစ်ပါသည်။ မိမိပြောလိုသည်မှာ အမျိုးသားပညာရေး ဥပဒေနှင့် လုပ်ငန်းစဉ်များအတွက် အလားတူဖြစ်ရပ် အခြေအနေမျိုး ထပ်မံ မဖြစ်စေလိုသော ဆန္ဒသာလျှင် ဖြစ်ပါသည်။ သနားစရာကောင်းသော မျိုးဆက်သစ် ကလေးများမှာ အစမ်းသပ်ခံ ပညာရေး၏ သားကောင်များ ဖြစ်မည်ကို အထူးပင် စိုးရိမ်မိပါသည်။

၂၀၁၄ ခုနှစ် မတ်လ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ ၆ ဆောင်းပါး ‘ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမည်’ တွင် ‘အမျိုးသား ပညာရေးအတွက် တစ်မျိုးသားလုံး ပါဝင်ဆွေးနွေးမှုများ၊ ပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ ဆွေးနွေးမှုများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲများမှ ရရှိလာသော Stakeholder များ၏ ထောက်ခံ အကြံပြုချက်များမှ သဘောတူညီသည့် အချက်များ၊ ဆက်လက်ညှိနှိုင်း ဆွေးနွေးရမည့် အချက်များကို စုစည်းလျက် အမျိုးသားအဆင့် ဆွေးနွေးပွဲသို့ တင်သွင်းမည့် အစီရင်ခံ စာမူကြမ်းကို ပြုစုပြီးဖြစ်ရာ ၂၀၁၄ ခုနှစ် မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ကျင်းပမည့် အမျိုးသားအဆင့် ဆွေးနွေးပွဲသို့ တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း’ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက ရေးသားထားပါသည်။ ထူးခြားသည်မှာ အလုပ်ရုံ ဆွေးနွေးပွဲဟု ဆိုထားလင့်ကစား မည်သူတို့ကို ဖိတ်ကြားမည်၊ မည်သူတို့ တက်ရောက်နိုင်သည်၊ စိတ်ဝင်စားသူများ မည်သို့ ဆက်သွယ် စုံစမ်းနိုင်သည် ဆိုခြင်းကို ထည့်သွင်း ဖော်ပြမှု မပြုခြင်းမှာ ရိုးသားပွင့်လင်းမှု မရှိခြင်း၏ လက္ခဏာတစ်ရပ်ဟု ဆိုနိုင်ပါသည်။ ဆက်လက် ညှိနှိုင်းဆွေးနွေးရမည့် အချက်များဟု ထည့်သွင်းထားသဖြင့် အကြံပြုစာ ပေးပို့တင်ပြထားသည့် ပညာရှင်များကို မလွဲမသွေ ဖိတ်ကြားရမည် ဖြစ်ပါသည်။

“၃၁-၁-၂၀၁၄ ရက်နေ့အထိ တောင်းခံ စုစည်းရရှိသော အကြံပြုချက်များ အားလုံးတို့ကို ပေါင်းစပ်ပြီး လုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက်မှုနှင့်အတူ မူဝါဒနှင့် လုပ်ငန်းစဉ်များ ညှိနှိုင်းရရှိမှု အခြေအနေ တင်ပြချက် အစီရင်ခံစာကိုလည်း ပြုစုပြီး ဖြစ်ပါသည်” ဟု ဆောင်းပါးတွင် ဖော်ပြထားပါသည်။ လုပ်ငန်းအဖွဲ့လိုက် ဆောင်ရွက်မှုနှင့် အကြံပြုချက်များကို မည်သူတို့က ပေါင်းစပ်ကြသနည်း။ ကွဲလွဲချက်များကို မည်သို့ ဆောင်ရွက်သနည်း၊ မည်မျှအထိ ကိုးစားနိုင်မှု ရှိပါသနည်း၊ အကြံပြုစာများကို မည်မျှအထိ အသိအမှတ် ပြုပါသနည်းဆိုသော စောဒကတက်ဖွယ် မေးခွန်းများ အစီအရီ ပေါ်ပေါက် လာနိုင်ပါသည်။

အကြံပြုစာများအနက် အချို့ကို တင်ပြလိုပါသည်။ ပညာရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်များသည် ပညာရေး ဝန်ကြီးဌာန တစ်ခုတည်းအတွက်သာ မဟုတ်ပါ။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၊ လူတိုင်းအတွက် အရေးပါသော လုပ်ငန်းရပ်များ ဖြစ်သဖြင့် ပွင့်လင်းမြင်သာမှု ရှိစေရေး၊ ထိရောက် မှန်ကန်မှု ရှိစေရေးအတွက် ပညာရေး မြှင့်တင်မှုလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီများ၏ ဆွေးနွေးမှုများမှ လျာထား အစီအစဉ်များကို နိုင်ငံပိုင် သတင်းစာများတွင် အပြည့်အစုံ ဖော်ပြပေးပါရန် ဆွေးနွေး အကြံပြုစာ ပေးပို့နိုင်ရေး အချိန်ကာလကို လုံလောက်စွာ ရနိုင်ရေး စဉ်းစားပေးပါရန်၊ ဆွေးနွေးအကြံပြုစာ များကိုလည်း စိန်ရတုခန်းမတွင် ဆွေးနွေးလျက်ရှိသော လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီဝင်များ မပါဝင်သော သီးခြားအဖွဲ့ဖြင့် လက်ခံပေးပါရန် ကြိုတင်လျာထား သတ်မှတ် အစီအစဉ်နှင့် အကြံပြုစာများကို ပေါင်းစပ်ညှိနှိုင်းပြီး သီးခြားပညာရှင်များက မူဝါဒ သတ်မှတ်ပေးပါရန်၊ အတည်ပြု သတ်မှတ်ချက်များကို ထပ်မံဖော်ပြပေးပါရန် အကြံပြုစာ တစ်စောင်ကို ၂.၁.၂၀၁၄ က တင်ပြခဲ့ပါသည်။ ၁၀.၁.၂၀၁၄ တွင် တစ်ကြိမ်၊ ၃၁.၁.၂၀၁၄ တွင် တစ်ကြိမ် အကြံပြုစာ ၂ စောင်ကို ထပ်မံတင်ပြခဲ့ပါသည်။ ပေးပို့သော အကြံပြုချက်များကို မည်ကဲ့သို့ ဆောင်ရွက်သည်ကို မသိရသော်လည်း နိုင်ငံပိုင် သတင်းစာ များတွင်လည်း လုပ်ငန်းစသည် တစ်ခုချင်းအလိုက် မတွေ့ရသေးပါ။ အကြံပြု စာတမ်းရှင် ထံသို့လည်း မည်သို့မျှ အကြောင်းမပြန်ပါ။ အခြေခံအဆင့်တွင် အကြေအလည် ညှိနှိုင်းဆွေးနွေး အဖြေမထွက်သေးဘဲ အမျိုးသားအဆင့်သို့ တင်ပြချက် အစီရင်ခံစာ တင်သွင်းခြင်းသည် မြန်မာ့ပညာရေး ပြုပြင် ပြောင်းလဲမှုအတွက် ခိုင်လုံမှု၊ ကိုးစားနိုင်မှု အားပျော့စေနိုင်သည်ကို သတိပြုရပါ မည်။ ဆွေးနွေးပွဲသို့လည်း ဖိတ်ကြားမှု မပြုခဲ့ပါ။

နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းသည့် ပညာရေး စီမံကိန်းတို့တွင် အကြံပေးရန်၊ အကောင်အထည်ပေါ်ရန် ကိုယ်ထိလက်ရောက် လှုံ့ဆော် ဆောင်ရွက်ပေးရန်၊ ဆရာများ၏ အဆင့်အတန်းကို မြှင့်တင်ပေးရန်၊ နိုင်ငံ၏ ပညာရေး အဆင့်အတန်း မြင့်မားအောင် ပူးပေါင်း ဆောင်ရွက်ရန်၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေ (၂၀၁၁)၊ နည်းဥပဒေများနှင့်အညီ တက္ကသိုလ်များဆရာ၊ ဆရာမအသင်းများကို ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။ အခြေခံဆရာ၊ ဆရာမများနှင့် ပေါင်းစပ်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းဆရာများ အသင်းချုပ်ကို ဖွဲ့စည်းရန် ဆက်သွယ်စည်းရုံး ဆောင်ရွက်လျက် ရှိပါသည်။ မည်သို့ပင်ဖြစ်စေ၊ အခြားသော အစိုးရ မဟုတ်သော ပညာရေး အဖွဲ့အစည်းများ အနေနှင့် တက်ရောက်ခွင့် ရခဲ့သည် ဆိုလျှင် တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းများကိုလည်း ပညာရေး ဆွေးနွေးပွဲများသို့ တက်ရောက်ခွင့် ပြုသင့်ပါသည်။

ပညာရေး ဝန်ကြီးဌာန၊ ဦးစီးဌာနများသည် ပညာရေးလုပ်ငန်း အသီးသီးကို အကျွမ်းတဝင် နားလည် သိရှိထားရန် လိုအပ်သောကြောင့် ပညာရေး ဆွေးနွေးပွဲများသို့ ဦးစီးဌာနမှ ပညာရေးဆရာ၊ ဆရာမများ အား တက်ရောက်ခွင့် ပြုနိုင်ပါရန်၊ ရာထူးခွဲခြားမှု မပြုဘဲ ပညာရေး လုပ်ငန်းများ ဆောင်ရွက်မှုကို အသိအမှတ် ပြုနိုင်ပါရန် တင်ပြအကြံပြုချက် များမှာလည်း မည်သို့မျှ တုံ့ပြန်မှုပြုခြင်း မခံရပါ။ အကြံပြု တင်ပြချက်များအနက်မှ သိသာထင်ရှားသည့် အချက်များကို ကောက်နုတ် ဖော်ပြခြင်းသာ ဖြစ်ပါသည်။

လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းရန် အခွင့်အလမ်း ဖွင့်ပေးပြီး အမျိုးသား ပညာရေးတွင် တစ်မျိုးသားလုံး ပါဝင် ဆွေးနွေးခွင့်ရအောင် စီစဉ်ဆောင်ရွက် ခဲ့ပါသည်ဟု ဆိုသော်ငြားလည်း လက်တွေ့တွင်မူ အကန့်အသတ်များ ရှိနေသေးခြင်းသည် မြန်မာ့ ပညာရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအတွက် မှုန်ရီဝေဝါးနေစေမည်သာ ဖြစ်သဖြင့် ပညာရှင်များပီပီ ဆင်ခြင်တုံတရား ပြည့်ဝစွာဖြင့် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းနိုင်ပါစေရန် ဆန္ဒပြုအပ် ပါသည်။

The Voice Journal
Wednesday, 14 May 2014 08:46 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...