တရုတ်တုပချုပ်သည့် ရှမ်းတိုင်းရင်းသားရိုးရာ ချည်ထည်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်

ရှမ်းတိုင်းရင်းသားရိုးရာ အမျိုးသမီးဝတ် ချည်ထည်ဈေးကွက် အတွင်းသို့ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင် ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တုပပြီး ချုပ်လုပ်ထားသည့် ဒီဇိုင်းတူ အထည်များ ဝင်ရောက်လာကြောင်း ရှမ်းတိုင်းရင်းသား ရိုးရာချည်ထည် ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။



“တရုတ်ကနေ ဝင်လာတာတော့ မကြာသေးဘူး။ လေးလလောက်တော့ ရှိပြီ။ ရိုးရာဒီဇိုင်းစုံတယ်။ တခြား တိုင်းရင်းသား ရိုးရာအထည် ဒီဇိုင်းတွေကိုတော့ မတွေ့ရသေးဘူး” ဟု တန့်ယန်းမြို့ စည်ပင်သာယာဈေး အတွင်း ရိုးရာအထည် ရောင်းချသူ ဒေါ်နန်းရွှေက ပြောကြားသည်။

ယင်းတရုတ်နိုင်ငံထုတ် ရှမ်းတိုင်းရင်းသားရိုးရာ အမျိုးသမီးဝတ်များမှာ ပေါ့ပါးပြီး ဆေးသား ကောင်း မွန်သော်လည်း ခိုင်ခံ့မှုအားနည်းပြီး ဈေးနှုန်း သင့်တင့်ကာ တစ်ထည်လျှင် ၂၅၀၀ ကျပ် ဝန်းကျင်သာ ရှိကြောင်း၊ ရိုးရာ ချည်ထည် အစစ်မှာ ဆေးသားကောင်းမွန် သကဲ့သို့ ရေရှည် ခိုင်ခန့်မှုရှိကာ တစ်ထည်လျှင် ၆၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ် စသည်ဖြင့် အရည်အသွေးပေါ် မူတည်ပြီး ဈေးနှုန်း အမျိုးမျိုး ရှိကြောင်း တန့်ယန်းမြို့ဒေသခံ ဒေါ်ခမ်းမွန်က ပြောကြားသည်။

တရုတ်နိုင်ငံမှ တုပချုပ်လုပ်ထားသော အထည်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည်မှာ မကြာသေး သဖြင့် ရောင်းချရမှုမှာ ထင်မှတ်ထားသလောက် မရရှိသေးကြောင်း တန့်ယန်းမြို့ဈေး ပြင်ပတွင် တွန်း လှည်းဖြင့် အဝတ်အထည် ရောင်းချနေသူတစ်ဦးက The Voice သို့ ပြောကြားသည်။

The Voice Weekly
မန္တလေး၊ မေ ၎

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...